ဒုတိယထပ် (ယာ) ၌ အာဖရိကမြင်းကျား မြက်စားခြင်း
မောင်သာချို
မောင်သာချို
(တစ်)
မကြာခဏ အကြောင်းတိုက်ဆိုင်၊ အကြောင်းတိုက်ဆိုင်တိုင်းမှာ သတိရ၊ သတိရတိုင်းမှာလည်း လွမ်းလွမ်းသွားရသည့် ကျနော့်မိတ် ဆွေတွေထဲမှာ ကဗျာဆရာဇော် (ပျဉ်းမနား) ကတော့ ထိပ်တန်းက တယောက်ပဲဖြစ်ပါသည်။ အကိုကြီး ဇော် (ပျဉ်းမနား) က စကား ပြောကောင်းလှသူတယောက်တော့မဟုတ်။ ဒါပေမယ့် တချက်တချက် စကားကိုတင်စားပြီး ပြောလိုက်ပုံက လက်ဖြောင့်တပ်သား တ ယောက်လို ထိချက်က သေချာလွန်းလှသည်။
အာဖရိကမြင်းကျားတွေနဲ့ သွားတူနေတာဗျ။ အာဖရိကမြင်းကျားတွေဟုဆိုကာ သူခပ်ယဲ့ယဲ့ပြုံးနေပုံက ဗော်လ်တဲယားဆန်လွန်းလှပါ သည်။ သူက မကြာမကြာဆိုသလို မြင်းကျားကို ဋီကာချဲ့ချင်ချဲ့တတ်သူလည်း ဖြစ်ပါသည်။
“မြင်းကျားတွေ စားကျက်ထဲ မြက်စားနေတာကို ခင်ဗျားတွေ့ဖူးရဲ့ မဟုတ်လား … လည်ဆံမွှေးတဖွားဖွားနဲ့လေ … သိပ်လှပေါ့ … မြက် ခင်းအစိမ်းထူပိန်းပိန်းကြီးထဲမှာ ကျားတို့ ခြင်္သေ့တို့က ဝင်ဆွဲသွားတာပဲဗျ … ထွက်လည်း မပြေးကြဘူး … ပြန်လည်းမတိုက်ခိုက်ဘူး … တချက်တော့ တန့်သွားပြီး လှည့်ကြည့်မယ်ပေါ့ နောက်တော့ ဆက်စားနေတာပါပဲ … ကိုယ်ကျားပါးစပ်ထဲ မပါသွားသေးသမျှ လောက ကြီးက စိမ်းလန်းလှပဆဲပေါ့ဗျာ”
ကဗျာဆရာဇော် (ပျဉ်းမနား) ၏ ရယ်သံကသွေ့ပြီးခြောက်ပါသည်။ ဒါပေမယ့် ကျနော့်ရင်ထဲမှာစူးနေသည်။ လောကကဓံ လက်ကြမ်း ကြီး ကိုယ့်ကျောပြင်ပေါ် မကျလာသေးသမျှ ဘာမှအလှမပျက်ပါဘူးဆိုတာ ဒဿနကို ကဗျာဆရာက ရယ်သွမ်းသွေးလိုပုံ ရပါသည်။
(နှစ်)
လူကို ကိုယ်သန်ရာသန်ရာ ရှုထောင့်မှ တန်ဖိုးဖြတ်အမျိုးအစားခွဲကြရာ အတ္တဟိတ ပရဟိတ ရှုထောင့်မှနေ၍ အမျိုးအစား ခွဲခြင်းသည် လည်း တခုဟု ကျနော်ထင်ပါသည်။ အချို့လူတွေက အတ္တအခြေစိုက်။ ငါ၊ ငါ့မိသားစု၊ ငါ့ဝန်းကျင် လှပဝေစည်ဖို့ဆိုသည်က သူ့အမြင့် ဆုံးစိတ်ကူး။ အချို့လူတွေကျတော့ ပရအခြေစိုက်။ ငါ့လူမျိုး ငါ့နိုင်ငံ ငါ့အဖွဲ့အစည်း လှပဝေစည်ရမည်ဆိုသော စိတ်ဓာတ်။ ငါ တယောက်တည်း လှရုံမျှနှင့် လောကကြီးမလှ၊ ငါတယောက်တည်း လုံရုံမျှနှင့် လောကကြီးမလုံ၊ ငါတယောက်တည်း စိမ်းလန်းရုံမျှနှင့် လောကကြီး မစိမ်းလန်းသော စိတ်ဓာတ်။
သည်လို အတ္တကိုကျော်၍ လှမ်းမျှော်ကာ ကြည့်တတ်ကြသူတွေကိုကြည့်လျှင် အေးအေးဆေးဆေး ကိုယ့်ထမင်းကိုယ်စား၍ နားအေး ပါးအေး နေနိုင်ကြသူတွေချည်းဖြစ်သည်ကို တွေ့နိုင်ပါသည်။ ဆိုကြပါစို့ ဗိုလ်ချုပ်အောင်ဆန်း၊ မဟတ္တမဂန္ဓီ၊ မာသာထရီဆာ၊ ချေဂွေဗား ရား၊ ဟိုချီမင်း၊ နယ်လ်ဆင်မင်ဒဲလား၊ နော်မန်ဗက်သွန်း၊ စသည်၊ စသည် စသည်။ သည်ပုဂ္ဂိုလ်တွေက ခေတ်ကြီးရဲ့ဒုက္ခထဲကနေ ငါလွတ်နေရင်ပြီးတာပဲဟု စိတ်မထားနိုင်ကြသော ပုဂ္ဂိုလ်မျိုးတွေ ဖြစ်ပါသည်။ ငါနဲ့တကွ လောကကြီးလှပဖို့၊ ငါနဲ့တကွ လောကကြီးစိမ်း လန်းဖို့၊ ငါနဲ့တကွ လောကကြီးလွတ်မြောက်ဖို့၊ ငါနဲ့တကွ လောကကကြီး အိပ်ရေးဝဖို့၊ ငါနဲ့တကွ အစချီသည့် အိပ်မက်များ။
(သုံး)
အာဖရိမြင်းကျားဆန်လှသည့် လိပ်ပြာကို ဖျတ်ခနဲဆိုသလို လှမ်းပြီးမှတ်တမ်းတင် ရေးခြစ်ထားလိုက်သည့် ကဗျာကလေးတပုဒ်ကို သည် ရက်တွေထဲမှာ ကျနော်စွဲငြိနေမိသည်။
ကဗျာဆရာက ကျနော့်ကို စကားလုံးနှင့် ဖမ်းစားထားတာမဟုတ်။ အသံနဲ့လည်း မဖမ်းစား။ အတွေးနှင့်သာ ဖမ်းစားထားခြင်းဖြစ်ပါ သည်။ ထို့ကြောင့် သူ့ကဗျာထဲမှာ အထူးပြုလုပ်ထားသည့် ရှုပ်ပွနေသည့် စကားလုံးတွေမပါ။ အသံနိမ့်မြင့် အဖြတ်အတောက်တွေကို သူမကစားထား။
၂၀၀၉ ဧပြီ idea မဂ္ဂဇင်းထဲတွင် ဖော်ပြထားသည့် သုခမိန်လှိုင်၏ ကဗျာ။
တကယ့်ကဗျာ
ပြိုတော့မယ့် တိုက်အိုကြီးပေါ်မှာ
မပြိုပါဘူး တွေးပြီးနေတာ
ငါတို့အရည်အသွေးပါ။
ဘုရားပန်းလဲတယ်
သောက်တော်ရေကပ်ကပ်
ဆွမ်းတော်တင်တင်
စိတ်ကိုချမ်းသာနေတာပဲ။
သည်ကမ္ဘာပေါ်မှာ ကဗျာဆရာမဖွဲ့နိုင်တာ ဘာမှမရှိဟုဆိုသော အက်ခမာတိုဗာ၏ စကားကို သတိရဖို့ကောင်းလှပါသည်။ ဘယ်နေရာ က ကြည့်ကြည့်ရှင်းနေသည့် မြို့ပြလူနေမှုပုံစံကို ဘယ်လိုဖတ်ဖတ်လင်းနေသည့် ကဗျာဟန်ဖြင့် ကဗျာဆရာက ဖွဲ့ဆိုလိုက်ခြင်းလည်း ဖြစ်ပါသည်။
ကျနော်တို့ နေ့စဉ်ဘဝတွေထဲမှာ အလွယ်တကူမြင်တွေ့လေ့ရှိသည့် ပုံရိပ်ကို ကဗျာလုပ်ထားခြင်းပင် ဖြစ်ပါသည်။ တိုက်အိုအိုကြီးတွေကို မကြာခဏဆိုသလို ကျနော်တို့ တွေ့ဖူးပါသည်။ နံရံကဆေးတွေက ဘာရောင်မှမရှိတော့။ အတွင်းရောအပြင်ပါ မွဲခြောက်ခြောက်။ မိုးရွာ လျှင် ဟိုအမိုးသည်အမိုး နေရာတော်တော်များများမှာ ရေတွေစိမ့်လို့၊ လှေကားအောက်သိုးသိုးနှင့်။ ပြတင်းပေါက်သံပန်းတံခါးတွေက သံချေးအထပ်ထပ် အဖတ်ဖတ်။ ရေစိုအဝတ်တွေက ဟိုနားတန်းလန်း သည်နားတန်းလန်း။ လှေကားအကွေးတွေ စင်္ကြံအချိုးတွေမှာက အမှိုက်သရိုက်တွေ ကျင်ငယ်နံ့တွေ။ သုံးထပ် ဒါမှမဟုတ် လေးထပ်။ အခန်းအများစုက မှောင်မှောင်ပိန်းပိန်း။
သို့သော် တခန်းစ နှစ်ခန်းစ လင်းနေတာမျိုးတွေကလည်း ရှိတတ်ပါသည်။ ကိုယ့်အခန်းကလေးကို ကိုယ်ကမ်းခြေဟိုတယ်ဆန်အောင် လုပ်ထားတာ။ ဆေးကို အရောင်နုနုကလေးသုတ်လို့။ ဆတ်တီအကောင်းစားနဲ့။ လေအေးပေးစက်နဲ့။ မီးအားမြှင့်စက်နဲ့။ ငါးမွေးကန်က လေးနဲ့။ ကြွေပြားကပ်အိမ်သာ ရေချိုးခန်းနဲ့။ ကျွန်းသားပါကေးခင်း ဧည့်ခန်းနဲ့။ ရုပ်မြင်သံကြားစက် အကြီးကြီးနဲ့။ ကွန်ပြူတာကလေး တ လုံးနဲ့။ ရှုမျှော်ခင်းပုံပန်းချီကား တချပ်နဲ့။ မွှေးနေတဲ့လေနဲ့။ ပြိုတော့မယ့် တိုက်အိုကြီးကို သတိမရအောင် လုပ်ထားသည့်အခန်း။
အိမ်ရှင်မက မီးပန်းပဒေသာတွေ စိမ်းတခါ ဝါတလှည့် လင်းနေသည့် အလူမီနီယံ ဘုရားကျောင်းဆောင်ကလေးဆီမှာ ဘုရားပန်းလဲ လိုက် သောက်တော်ရေကပ်လိုက် ဆွမ်းတော်တင်လိုက် တတွတ်တွတ်ရွတ်လိုက်နှင့် တိုက်အိုကြီးထဲကနေ ကွက်ပြီး စိမ်းလန်း ကွက်ပြီး ငြိမ်းချမ်းနေပုံကို ကျနော်တို့ နေ့စဉ်ဘဝတွေထဲ မမြင်ချင်အဆုံးပဲဖြစ်ပါသည်။ ဒါကိုပဲ ကဗျာဆရာ သုခမိန်လှိုင်က ကဗျာဖြစ်အောင် ပေါ့ ပေါ့ပါးပါးကလေး လုပ်ထားခြင်းဖြစ်ပါသည်။
(လေး)
အတ္တကို အခြေစိုက်သူတို့၏ လိပ်ပြာက ကိုယ်လွတ်ရုန်းသည့် လိပ်ပြာဖြစ်ပါသည်။ ကိုယ့်အခန်းကလေး လင်းနေဖို့သည်သာ ကိုယ့်ကိစ္စ။ ကိုယ့်အခန်းကလေးကို ကိုယ်လုံပြီဟု ယုံကြည်နေဖို့။ တတိုက်လုံး ပြိုတာတွေ သူထည့်မစဉ်းစား။ ပရိတ်ကြီးသူတို့ကတော့ တခန်းတည်း လင်းရုံ နှစ်ခန်းတည်းလင်းရုံနှင့် တိုက်အိုကြီးကို လှသည်ဟုမခံယူ။
ကဗျာဆရာက ကျောခိုင်းပြီး နေတတ်ရင် ကျေနပ်စရာအလှအပ ကလေးတွေပါဟုဆိုပြီး သရော်သံငွေ့ငွေ့ဖြင့် သူ့ကဗျာကို ဖွဲ့ထားခဲ့ပါ သည်။
ကျားရဲပါးစပ်ထဲမှာ ကိုယ်မပါသွားသေးသမျှ မြက်ခင်းတွေကစိမ်းမြလို့ပါဟုဆိုသော အာဖရိကမြင်းကျားတို့အကြောင်း ပြောတတ်သည့် ကဗျာဆရာဇော် (ပျဉ်းမနား) က သတိရစရာဖြစ်ပါသည်။ ကိုယ့်အသိုက် ကျဉ်းကျဉ်းကလေးထဲ ကိုယ်ဝပ်ကာ ဝီစကီကလေးသောက် လိုက်၊ ကာရာအိုကေကလေး ဟစ်လိုက်နှင့် တိုက်အိုကြီးကနေ လွတ်နေသူတွေကို အာဖရိကမြင်းကျားလို့များ ဇော် (ပျဉ်းမနား) တံဆိပ် ကပ်လေဦးမလားမသိ။
ကဗျာဆရာ သုခမိန်လှိုင်ကတော့ သည်လိုတွေးပြီး နေတတ်တာကိုက တကယ့်ကဗျာတဲ့။ မပြိုပါဘူး တွေးပြီးနေစွမ်းတာက အရည်အ သွေးတရပ်ပါတဲ့။ ပြုံးရင်းက ချစ်ခင်မြတ်နိုးမိရတဲ့ ကဗျာကလေး။
မောင်သာချို
(ပိတောက်ပွင့်သစ် စာပေအနုပညာ မဂ္ဂဇင်း အမှတ် ၂၆၊ စက်တင်ဘာလ၊ ၂၀၀၉)