ကျေးဇူးတော်ရှင် ၀ိသုဒ္ဓါရုံ စံကင်းဆရာတော်ကြီး၏ သြ၀ါဒတော်များ
အင်ကြင်းသန့်
ရွှေကျင် သာသနာပိုင် သက်တော်ရှည် စံကင်း ဆရာတော် ဘုရားကြီးသည် သီလစင်ကြယ်၏၊ ၀ိနည်း လေးစား၏။ ဘုရားရှင် အဆုံးအမ အတိုင်း နေထိုင် ကျင့်ကြံ၏။ ဘုရားရှင်၏ သာသနာတော်နှင့် ပတ်သက်လျှင် စကားလုံး တစ်လုံးကိုမျှ အတိမ်းအစောင်း မခံလိုပေ။ သာသနာတော် သန့်ရှင်းရေး ဟူသော စကားကို တွင်တွင် ကျယ်ကျယ် သုံးကြခြင်းကို နှစ်သက်တော် မမူပေ။
“သာသနာ သန့်ရှင်းအောင် ယခု သာသနာ သန့်ရှင်းရေးတဲ့၊ သာသနာက ရှုပ်ထွေးနေ၊ ညစ်ပတ်နေ၊ သာသနာ သန့်ရှင်းအောင် စယ်ကြယ်အောင် လုပ်ကြစို့ရဲ့ ဘာလေး ညာလေးနဲ့ ပေါ်လာတယ်။ စိတ်က အောက့်မေ့တယ်။ မြန်မာစကား သုံးထားတာက သာသနာ သန့်ရှင်ေးရး သုံးထားတယ်၊ ဒီစကား သိပ်ပြီး မှားနေတယ်။ သာသနာက သူ့ဟာသူ သန့်ရှင်းနေတာ၊ ဘာမျှဖြစ်တာ မဟုတ်ဘူး။ လူတွေက မကောင်းလို့၊ လူတွေညစ်ပတ်လို့၊၊ လူမသန့်ရှင်းဘူး၊ ရဟန်းညစ်ပတ်တယ်၊ ရဟန်းမသန့်ရှင်းဘူး၊ သာသမဏေညစ်ပတ်တယ်၊ သာမဏေ မသန့်ရှင်းဘူး၊ ရဟန်းသန့်ရှင်း အောင်၊ သာသမဏေသန့်ရှင်းအောင်၊ လူသန့်ရှင်းအောင်၊ ပုဂ္ဂိုလ်တွေ သန့်ရှင်းအောင် လုပ်ဖို့ ကောင်းတယ်။ သာသနာ သန့်ရှင်းအောင် လုပ်ဖို့မလိုဘူး။
ဘုရားရှင် လက်ထက်ကလည်း ဒီသာသနာပဲ၊ ခုလည်း ဒီသာသနာပဲ၊ သာသနာဝင်တဲ့ ပုဂ္ဂိုလ် တွေက သာသနာကို မုန်းတဲ့ ပုဂ္ဂိုလ်တွေက၊ သာသနာကို စိုးရိမ်နေပေမဲ့ ဒီသာသနာဟာ ဘာမျှဖြစ်မသွားပါဘူး။ သူ့ဟာသူ သာသနာပဲ။ သာသနာမှီပြီးတော့ သာသနာ့ နည်းလမ်းအတိုင်း မလိုက်နာတဲ့ ပုဂ္ဂိုလ်တွေက ညစ်နွမ်းပြီး နေတယ်။ မသန့်ရှင်းဘဲ ဖြစ်ပြီးတော့ နေတယ်။ သူတို့ကိုသာ သန့်ရှင်းအောင်၊ စင်ကြယ်အောင် လုပ်ဖို့ဆိုတာပဲ အောက်မေ့ တယ်” ဟု မိန့်ကြားတော်မူခဲ့လေသည်။ဆရာတော်ကြီးသည် မေတ္တာတရား ကြီးမားသူလည်း ဖြစ်၏။ သြဒိဿ မေတ္တာ၊ အနောဒိဿ မေတ္တာ တို့ဖြင့် တစ်စုံ တစ်ယောက်မျှ မကျန်အောင် မေတ္တာပို့လေ့ရှိ၏။ မေတ္တာပို့ခြင်းနှင့် ပတ်သက်၍ ဆရာတော်ကြီး၏ မိန့်ကြားချက်များ၊ ဆရာတော်ကြီး၏ မေတ္တာပို့နည်းတို့မှာလည်း ကြည်ညိုမှတ်သားဖွယ်ရာ ဖြစ်လေသည်။
“မေတ္တာပို့တာဟာ အလွန်ကောင်းတဲ့ အလုပ်ပါပဲ။ ပို့တဲ့သူဟာ ချက်ချင်းပဲ ကုသိုလ်ရပြီး ဖြစ်နေတယ်။ အပို့ခံရတဲ့ သူမှာတော့ ဒီက ပို့တဲ့အတိုင်း ဖြစ်ချင်မှ ဖြစ်မှာပေါ့၊ မေတ္တာအာနိသင် ဆိုတာကလည်း ရောက်ချင် ရောက်သွားနိုင်တာပဲ။ ကံကရှိသေးတာကိုး။ သူ့ကံဟောင်းအကျိုးပေးနိုင်တာလည်း ရှိမှာပေါ့။ တချို့တချို့ ပုဂ္ဂိုလ်က ကံညံ့နေလို့ မေတ္တာပို့လို့ မရနိုင်ဘူး။ အင်း.. မေတ္တာပို့တာနဲ့စပ်ပြီး အထူးမေတ္တာပို့တဲ့အထဲက အခုမှ သတိရလာလို့ စစ်ကိုင်းတောင်ရိုး မေတ္တာပို့မယ်ဆိုရင် မေတ္တာမပို့ခင် စစ်ကိုင်း တစ်တောင်လုံးကို ဂုဏ်တော် ရွက်ပြီး၊ ပုတီးတစ်ပတ်လောက် တောင်ရိုးပေါ် လွှမ်းထားတာ၊ ပြီးတော့မှ မေတ္တာပို့တယ်။ ဒီလို အကျင့်လုပ် ထားတယ်။ ဂုဏ်တော်အောက်ခိုလှုံတဲ့ ပုဂ္ဂိုလ်တွေ ဖြစ် အောင်လို့ ဂုဏ်တော် ရေဖျန်းသလိုပေါ့လေ” ဟု မိန့်ကြားတော်မူခဲ့လေသည်။
ဆရာတော်ကြီးသည် ရဟန်း သာမဏေများအား မေတ္တာ၊ စေတနာကြီးမားစွာဖြင့် သွန်သင်ညွန်ပြလေ့ ရှိ၏။ “ဓမ္မ၊ အဓမ္မ တရားနှစ်မျိုးကို သိလို့၊ အဓမ္မကို ကြဉ်ရှောင်ပြီးတော့ ဓမ္မဆိုတဲ့ ကုသိုလ်ဓမ္မ၊ ဓမ္မများများကို ရအောင် ယူကြမယ်ဆိုရင် တပည့်တော်တို့ ဘုန်းကြီးများလောက် များများ ယူနိုင်တဲ့သူ ဒီလူပြည့်မှာ မရှိပါဘူး။ ဘုန်းကြီးက အရယူနိုင်ဆုံးပါပဲ။ ဓမ္မလွှတ်ပြီးတော့ အဓမ္မကို ကျင့်ကြမယ်ဆိုရင် ဘုန်းကြီးတွေက အောက်ဆုံးက နေရမှာပဲ။ ဒေ၀ဒတ်တို့ စတဲ့ အပါယ်ကျတဲ့ ဘုန်းကြီးတွေရှိတယ်။ မကောင်းမှု လုပ်ကြမယ် ဆိုရင် လူထက် ဆိုးသေး”။
သစ်ပင်မြင့်တက်တဲ့သူဟာ နိမ့်နိမ့်ကကျရင် သိပ်မနာဘူး။ အမြင့်ကကျပြီဆိုရင် သေရော၊ မသေဘူး ဆိုရင် သေမယ့် နီးနီးဖြစ်သွားတာ။ ဘုန်းကြီးတွေ အထက်တန်းက၊ ကိုရင်တွေ အထက်တန်းက နေတော့ကို သစ်ပင်တတ်တဲ့အခါ အထက်တန်းရောက်တဲ့သူဟာ အထက်တန်းက အသီးအပွင့်တွေ လိုချင်တာတွေ သူများထက် ပိုရတယ်၊ ကောင်းကောင်းနှလုံး မသွင်းရင် အထက်တန်းက ကျသေ၊ သူများထက်နာ၊ သေအောင်နာ၊ အဲဒါဖြစ်လေတော့ကို အထက်တန်းစားဖြစ်တဲ့ စာချပုဂ္ဂိုလ်၊ အထက်တန်းစားဖြစ်တဲ့ ငါ တိုက်အုပ်၊ တိုက်ကြပ်၊အကြီးအကဲ သူများထက်ပိုပြီး ဓမ္မသိပြီးတော့ ထိုဓမ္မဆိုတဲ့ ကုသိုလ် သူများထက် ပိုရ အောင် အားထုတ်ရမယ်။ တောတောင်ထဲ အရိယာလုပ်ပြီး ကျင့်မယ်ဆိုရင် ကောင်းတော့ ကောင်းပါရဲ့၊ လူတွေကို ငဲ့ညှာတဲ့ မေတ္တာစိတ် ဖြတ်ရလိမ့်မယ်။ လူတွေကို ငဲ့ညှာတဲ့ မေတ္တာစိတ်နဲ့ စာပေကျမ်းဂန်ချပို့ နေမယ်ဆိုရင် အောက်တန်းတော့ မကျပါဘူး။ ဒါ ဖြစ်လေတော့ ကိုယ်ဉာဏ်မှီသလောက် ဓမ္မ၊ အဓမ္မ နှစ်မျိုးကိုသိပြီး ဓမ္မဆိုတဲ့ ကုသိုလ်တရား ရှေးကထက်ပိုပြီး များများရအောင် နေ့စဉ်သတိထားပြီးတော့ ကုသိုလ်ပါရမီ အားထုတ်ရမယ်လို့ ကိုယ်စီ၊ ကိုယ်စီ နှလုံးသွင်းပြီးတော့ သူတော်ကောင်း တရားကို ပွားများ အားထုတ် နိုင်ကြပါစေ”ဟု ဆုံးမစကား ပြောကြားတော်မူခဲ့လေသည်။
တရားဟောခြင်း၊ တရားနာခြင်းနှင့် ပတ်သက်၍လည်း “ တရားဟောပြီး သူတစ်ပါး နားမလည်ပါက တရားနာသူမှာ ကျေးဇူးမများဘူး။ တရားဟောတတ်ဖို့ရာ ခဲယဉ်သလို တ၇ားနာတတ်ဖို့လည်း ခဲယဉ်းပါတယ်။ ဘုရားရှင်တွေ ပွင့်တိုင်း တရားတွေကို ဟောတော်မူကြတယ်။ ဘုရားရှင်တို့ရဲ့ တရားဟော မကောင်းလို့ မဟုတ်၊ ကိုယ်က တရားမနာတတ်ကြလို့ တရားမရကြ၊ နိဗ္ဗာန်မရခဲ့ ကြတာဖြစ်တယ်။ တ၇ားပွဲ တစ်ပွဲမှာ တရားဟောသူထက် တရားနာသူက ပိုခက်တယ်။ တရားဟောသူက သုတ္တန်ဖြစ်စေ၊ ရုပ်နာမ်ဖြစ်စေ၊ ဇာတ်ဝတ္ထုဖြစ်စေ ဟောပြကြရာ တရားနာသူက အားလုံး အစအဆုံး မှတ်မိဖို့ရာ ခဲယဉ်းတယ်။ ကိုယ်ကြိုက်သည့် အဓိပ္ပာယ် တစ်ပုဒ် နှစ်ပုဒ်လောက်ကိုသာ နာယူမှတ်သားကာ ပြန်ခဲ့ကြရတယ်။ တရားနာသူချင်း တူပေမဲ့ ကုသိုလ်ရတာချင်း မတူကြ၊ တရားနာတတ်သူက ပိုပြီး ကုသိုလ်ရပြီး တရားမနာ တတ်သူက ကုသိုလ်အရ နည်းတယ်။ တရားနာပြန်တော့လည်း နားလည်သည့်အတိုင်း ကျင့်ဖို့က ပိုခဲယဉ်းတယ်။ တရားဟော သူကလည်း သူတစ်ပါး နားလည်ဖို့ထက် နားထောင်ကောင်းဖို့ ဂရုစိုက်တတ်ကြတယ်။ ကိုယ်ဟောသည့် တရားကို ကိုယ်တိုင် ကျင့်ဖို့ သတိမရတတ်ကြဘူး”ဟု သတိပေး ပြောကြားတော် မူခဲ့လေသည်။
သံသရာတစ်ခွင် ကျင်လည်ကြရာ၌ လူအမျိုးမျိုး စရိုက်အမျိုးမျိုးနှင့် တွေ့ဆုံပေါင်းသင်းကြရ၏၊ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်း ဆက်ဆံရာတွင် ထားရှိရမည့် စိတ်သဘောထားကို “ဂုဏဒေါသေဟိ ကိဏ္ဏဿ” အစရှိသော ဂါထာတစ်ပုဒ်ဖြင့် ရှင်းလင်းပြောပြတော်မူလေသည်။
“တောလမ်းခရီးသွားတဲ့သူ၊ နွေလို ရေရှားတဲ့အခါ ရေငတ်လာရော၊ ရေရှားတဲ့ တောဆိုရင်တော့ ရေအိုးစင်လည်း ရှိတာ မဟုတ်ဘူး၊ ရေတွင်း ရေကန်နဲ့ ကောင်းကောင်း မွန်မွန်လည်း ရှိတာမဟုတ်ဘူး။ ရေကန်ငယ်လေး ဘာလေး၊ နွေအခါဖြစ်တော့ ရေကလည်း ခပ်နည်းနည်း အမှိုက်သရိုက် တွေများလို့ အမှိုက် သရိုက်တွေ ဖယ်ပြီးတော့ အမှိုက်ကြား ထဲက အောက်ကကြည်လင်တဲ့ ရေကိုယူပြီးတော့ သောက်ကြရတယ်။ ထိုနည်းအတိုင်းပါပဲ၊ ဘယ်ပုထုဇဉ်မြင်မြင်၊ ကိုယ့်ကိုယ်ကို ပြန်ကြည့်ကြည့် သူတစ်ပါးမြင်မြင်၊ ကိုယ်မြင်သမျှ ပုထုဇဉ် အပြစ်ကင်းနေတဲ့ ပုထုဇဉ် တစ်ယောက်မျှ မရှိဘူး။ အသင်္ချေ အနန္တ ဘယ်သွားရှာရှာ ဗြဟ္မာ့ပြည် တတ်ရှာရှာ၊ ရဟန္တာ မှ တစ်ပါး အပြစ်ကင်းတဲ့ ပုဂ္ဂိုလ်မရှိဘူး၊ သောတာပန် မကင်းသေးဘူး၊ သကဒါဂါမ် မကင်းသေးဘူး၊ အနာဂါမ်မကင်းသေးဘူး၊ ကိလေသာကျန်နေသေးတာ၊ နည်းတော့သိပ်နည်းနေပြီ၊ ရဟန္တာ နီးပါးပါပဲ။ အဲ… အခုလို အပြစ်တွေ များချင်တိုင်းများပစေ၊ အပြစ်နည်းနည်း ရှိချင်ရှိပစေ၊ ဒီအပြစ်ကို အစတုန်းက ပြောခဲ့သလို ကိုယ်က မြင်နေရင် သူတစ်ပါးကို မပြောပါနဲ့တဲ့။ အပြစ်ကို မကြည့်ဘဲ နှလုံးမသွင်းဘဲ ဂုဏ်ကိုသာ ရှာပြီးတော့ နှလုံးသွင်းပါ၊ ဆင်ခြင်ပါ၊ အာရုံပြုပါ၊ ကြည်ညိုပါတဲ့၊ ဒီဂါထာအတိုင်း လိုက်နာမယ်ဆိုရင် သိပ်ပြီးတော့ ကောင်းတာပဲ။ အပြစ်တွေ များနေခိုက် ပုထုဇဉ်တစ်ယောက်ဖြစ်လျှင် ဒီအပြစ်တွေကို ကြည့်မနေပါနဲ့၊ အကောင်းအဆိုး ရောနေတဲ့ သူတစ်ပါးကို ကြည်မနေပါနဲ့တဲ့။ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ ကြည့်ပါ၊ မိမိကိုယ်ကို ကောင်း မကောင်း ဆင်ခြင်၊ မကောင်းတာပယ်ရှား၊ ကောင်းအောင်နေ၊ သူတစ်ပါး အာရုံပြုတဲ့အခါ ဂုဏ်ကို ရနိုင်သမျှ ရှာပြီးတော့ ကြည်ညိုလို့၊ ၀မ်းမြောက်လို့၊ ၀မ်းသာလို့၊ အဇ္ဈတ္တမှာ ယောနိသော မနသိကာရဟု ဆိုအပ်သော စိတ်ကောင်း၊ ဗဟိဒ္ဓမှာ ကလျာဏမိတ္တဟု ဆိုအပ်သော မိတ်ကောင်း ပြည့်စုံကြသည်ဖြစ်၍ နိဗ္ဗာန်သို့ အမြန်ရောက်ကြောင်း၊ သူတော်ကောင်း တ၇ားကို ပွားများ အားထုတ် နိုင်ကြပါစေ”ဟု မိန့်ကြားတော်မူခဲ့လေသည်။
သာသနာကွယ်ခြင်းနှင့် ပတ်သက်၍လည်း မှတ်သားဖွယ်ရာ မိန့်ကြားတော်မူခဲ့လေသည်။ “သာသနာ ကွယ်တယ် ဆိုတာဟာလည်းပဲ အခြားမဟုတ်၊ သာသနာ နောက်ပိုင်းမှာ ရဟန်းတော်တွေ၊ လူတွေက ဘုရားရှင် စကား နားမထောင်၊ မလိုက်နာ၊ မကျင့်သုံးတော့တာကိုပဲ သာသနာ ကွယ်တယ်လို့ ဆိုရမယ်။
မကြာခင်က သတင်းထာထဲမှာ သောင်းကျန်းသူတွေ ဘုရားရုပ်ပွားတော်ကို ဖျက်ဆီးကြ၊ သာသနာတော်ကို စော်ကားကြတယ်လို့ ပါလာတယ်။ သောင်းကျန်းသူများက ဘုရားသာသနာ စော်ကားကြတဲ့အတွက် သာသနာ့ရန်သူတွေ များလာတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ သာသနာ့ရန်သူ အစစ်ဟာ ဘယ်သူလဲလို့ ရှာကြည့်ရင် သောင်းကျန်းသူတွေထက် ကြောက်စရာကောင်းတဲ့ သာသနာ့ရန်သူတွေ ရှိသေးတယ်၊ သောင်းကျန်းသူတွေက သာသနာဖျက်ဆီးတယ် ဆိုပေမယ့် မန္တလေးမြို့ ကြီးနဲ့ အဝေးကြီးရှိသေးတယ်။ ၀ိသုဒ္ဓါရုံတိုက်ကြီးနဲ့ အဝေးကြီး ရှိသေးတယ်။ သာသနာဖျက်ဆီးသူ သောင်းကျန်းသူတွေက ဘယ်လို ဖျက်စေကာမူ ကိုယ့်သန္တာန်မှာရှိတဲ့ ဘုရားရှင် အဆုံးအမအတိုင်း လိုက်နာ ကျင့်ကြံနေတဲ့ ကိုယ့်သာသနာကိုတော့ မဖျက်ဆီးနိုင်ကြပါဘူး။ ကိုယ့်သန္တာန်မှာရှိတဲ့ ကိုယ့်သာသနာကို ကိုယ်သာလျှင် ဖျက်နိုင်ကြ ပါတယ်။ အဝေးက ရန်သူတွေက ဘယ်လိုပင် နှောင့်ယှက်ဖျက်ဆီးစေကာမူ သာသနာ့စိတ်ဓာတ်၊ အာဇာနည်စိတ်ဓာတ် ရှိလျှင် ဘယ်သူမျှ မဖျက်နိုင်၊ မိစ္ဆာနတ်များကတောင် မဖျက်နိုင်၊ ကိုယ့်သန္တာန်မှာရှိတဲ့ ဘုရားရှင်သာသနာကို ဘယ်သူဖျက်မလဲဆိုရင် ကိုယ်သာလျှင် ဖျက်ဆီးနိုင်ကြတယ်။ ကိုယ့်သီလ၊ ကိုယ့်သာသနာကို ကိုယ်သာလျှင် ဖျက်ဆီးနိုင်ကြတယ်။ တောတွင်း သောင်းကျန်းသူတွေက မဖျက်နိုင်၊ ကိုယ့်ရန်သူဟာ ဘယ်သူလဲလို့ လိုက်ရှာရင် ကိုယ့်ကိုယ်ကိုပဲ တွေ့ရမယ်၊ သာသနာဖျက်မယ့်သူဟာ ကိုယ်ပါပဲ။ တောတွင်းက သာသနာဖျက်မှာ စိုးရိမ်တာထက် ကိုယ့်သာသနာ ကိုယ် ဖျက်မှာပိုပြီး စိုးရိမ်ရတယ်။ သောင်းကျန်းသူတွေက သာသနာဖျက်စေကာမူ မိမိကို အပါယ်လေးပါး ကျသွား အောင် ဆွဲပြီး မချနိုင်ဘူး။ ကိုယ့်သာသနာ၊ ကိုယ့်သီလ ကိုယ်ဖျက်မှသာ ကိုယ်တိုင် အပါယ်လေးပါး ကျရတယ်။ သာသနာ့ရန်သူ လိုက်ရှာတဲ့အခါမှာ ကိုယ့်ရဲ့ အဝေးမှာ ဘေးမှာမရှိပါဘဲ သာသနာ့ရန်သူဟာ ငါပဲ၊ သာသနာဖျက်ဆီးမှာ ငါပဲလို့ အမြင်မှန်ရပါမူ၊ သတိရပါမူ ကိုယ့်ကိုယ်ကို မဖျက်ဆီးမိအောင်၊ ကိုယ့်သာသနာ ကိုယ်မဖျက်မိအောင် သတိထားမိမယ်။ ပါမရီမပြည့်သေးလို့ အရိယာမဖြစ်စေကာမူ သီလလောက် လုံခြုံရင် စူဠသောတာပန်ဖြစ်ပြီး အပါယ် မလားနိုင်တော့ဘူး။
သာသနာ့ရန်သူတွေ တားဆီးရင် ကိုယ်ကစပြီး တားဆီးနိုင်ရင် ကောင်းတယ်။ ကိုယ့်သာသနာကိုယ် မဖျက်မိ လေအောင် ကိုယ်နဲ့စပ်ပြီး အကုသိုလ်အပြစ် မဖြစ်ရလေအောင် စောင့်ထိန်းပြီး မိမိကိုယ်ကို မိမိ မိတ်ဆွေအဖြစ်နဲ့ နိဗ္ဗာန်ရောက်အောင် ခေါ်ဆောင်နိုင်ရမယ်။ ကိုယ့်သန္တာန်မှာ ကုသိုလ်နဲ့ အကုသိုလ် ဘယ်ဟာ များသလဲလို့ စဉ်းစားရမယ်။ တကယ်လို့ အကုသိုလ်က များနေမယ်ဆိုရင် ဆွေမျိုး မိဘတွေ မကယ်နိုင်ဘူး။ ငရဲရောက်ရမှာ အမှန်ပဲ။ ငရဲက ပြန်တက်လာရင်လည်း ရောက်ရာဘ၀မှာ အောက်တန်းစား ဖြစ်ရဦးမယ်။ မိမိကိုယ်ကို သာသနာ့ သာသနာ့ရန်သူ မဖြစ်ရလေအောင် ကိုယ့်သာသနာကို ကိုယ်တိုင် စောင့်ရှောက်နိုင်ကြပါစေကုန်သတည်း”ဟု သြ၀ါဒစကား မိန့်ကြား တော်မူခဲ့လေသည်။
သက်တော် တစ်၇ာပြည့်မွေးနေ့တွင် မိန့်ကြားရာ၌ “ ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုတဲ့ စကားလုံးနဲ့ တွဲပြီး ကိုယ့်ကိုယ်ကို အမုန်းဆုံးဆိုတဲ့ စကားလုံးတစ်လုံး ကနေ့ ဉာဏ်မှာထင်လာတယ်။ လောကမှာ ချစ်စရာလိုက်ရှာရင် ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုတာ တွေ့ရမယ်။ မုန်းစရာ လိုက်ရှာလို့ရှိရင် ကိုယ့်ကိုယ်ကို မုန်းစရာ အကောင်းဆုံးဆိုတဲ့သဘောကနေ့မှ မြင်တယ်။ အနှစ်တရာရှိပြီး ကြားကာလမှာ မမြင်ဘဲ ဖြစ်နေတယ်။ သတိမရဘူး။ ဘာကြောင့် ကနေ့ ဉာဏ်မှာ ပေါ်လာသလဲဆိုတော့ သက်တော်ရှည်ပွဲဆိုပြိး အများက ၀ိုင်းဝန်းပြီး ကာယကံ မေတ္တာ၊ ၀စီကံ မေတ္တာ၊ မနောကံမေတ္တာ.. သြော်… ဒီလိုများ ရှိကြသေးတယ်နော်။ ငါ့အပေါ် မေတ္တာရှိတဲ့ သူတွေ များကြပါသေးတယ်လို့ ၀မ်းမြောက်ဝမ်းသာတယ်။ ဒီအခြေ အနေမျိုးရောက်လာအောင် ကုသိုလ်ကောင်းမှုတွေ ပြုလာတဲ့ ငါ၊ ချစ်စရာ အလွန်ကောင်းတဲ့ ငါပါလား၊ ကိုယ်ကောင်းစားတော့ ကိုယ့်ကိုယ်ကို ချစ်ကြတာပဲ။ ဒီအထဲမှာ စကားပြောချင်ရက်နဲ့ မပြောရဘူး။ သူများနဲ့ သင့်လျော်မယ့် စကားပြောချင်ပေမယ့် မပြောရဘူး။ နေမကောင်းတာ တစ်မျိုး၊ အိပ်မပျော်တာက တစ်မျိုး၊ ရောဂါတွေ၊ ဘေးရန်တွေကများ၊ ဒီဘေးရန်တွေ ဘယ်သူကပေးသလဲ၊ ကိုယ်တိုင်ပြုလာခဲ့တဲ့ အကုသိုလ်တွေကြောင့် ကိုယ့်မှာ ဆင်းရဲ ပင်ပန်းရတယ်။ အကုသိုလ်တွေ ပြုလာတဲ့ ငါ မုန်းစရာ အကောင်းဆုံးပဲ။ ကုသိုလ်ကောင်းမှု ပြုလာလို့ ရောဂါကင်းတယ်၊ အနာကင်းတယ်၊ ကျန်းမာတယ်၊ ချမ်းသာ တယ်၊ အသက်ရှည်တယ်ဆိုတော့ ကုသိုလ်ပြုလာတဲ့ ငါဆိုပြီး ချစ်မယ်ဆို ချစ်သင့်ပါတယ်။ ဒါကြောင့် ချစ်သင့်တဲ့ အလုပ်ကို လုပ်ပြီး ကိုယ့်ကိုယ်ကို ချစ်ကြ၊ မုန်းကြတဲ့ အလုပ်ကို လုပ်မိရင်လည်း ကိုယ့်ကိုယ်ကို မုန်းကြ၊ ချစ်စရာအကောင်းဆုံး ကလည်း ငါပဲ၊ မုန်းစရာအကောင်းဆုံးကလည်း ငါပဲ ဆိုတဲ့ စကားနှစ်လုံးကို မြဲမြဲ မှတ်ပြီးတော့ မုန်းဖွယ်အမှုကို ရှောက်ကြဉ်ကြပါ။ ကိုယ့်ကိုယ်ကို ချစ်အောင်လုပ်မယ်၊ ကိုယ့်ကိုယ်ကို မုန်းအောင် မုန်းဖွယ် မလုပ်ဘဲနဲ့ နိဗ္ဗာန်ရောက် ကြောင်း သူတော်ကောင်းတရားကို ပွားများအားထုတ် နိုင်ကြပါစေကုန်သတည်း” ဟု မိန့်ကြားတော်မူခဲ့လေသည်။
ဘ၀အတွေ့အကြုံများဖြင့် ရင့်ကျက်သော၊ ဓမ္မအတွေ့အကြုံများနှင့် ပြည့်စုံသော ပညာရှိ သူတော်ကောင်းတို့၏ နှုတ်ထွက်စကားများသည် တန်ဖိုးမဖတ်နိုင်သော ရတနာများကို ကြဲချလိုက်သည်နှင့် တူပေသည်။ ကျွန်ုပ်တို့သည်လည်း ရတနာများကို မြတ်မြတ်နိုးနိုး ကောက်ယူပြီး ၊ ငါဟာ ငါ့အတွက် ချစ်စရာ ကောင်းတဲ့ မိတ်ဆွေလား၊ မုန်းစရာကောင်းတဲ့ ရန်သူလားဟု တွေးဆကာ ငါနှင့် ငါ မိတ်ဆွေ ဖွဲ့သင့်ပေတော့ သည်။
အင်ကြင်းသန့်
ကျမ်းကိုး-
- သာသနာပိုင် သက်တော်ရှည်ဆရာတော်ကြီး၏ သြ၀ါဒဓမ္မကထာ
- စံကင်းဆရာတော် တရားစာ၊ စာအုပ်။
- အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်းမှ ပြန်လည် ဓမ္မဒါနပြုလိုက်ပါသည်။
ကျေးဇူးတော်ရှင် ၀ိသုဒ္ဓါရုံ စံကင်းဆရာတော်ကြီး၏ သြ၀ါဒတော်များ
ကျေးဇူးတော်ရှင် ၀ိသုဒ္ဓါရုံ စံကင်းဆရာတော်ကြီး၏ သြ၀ါဒတော်များ