ရဟန်းနှင့် ၀ိနည်းဆိုင်ရာ ဗဟုသုတများ။
နေလင်း
(၁) ရဟန်း ဟူသည်-
ရဟန်းရဲ့  မူရင်း ပထမအကျဆုံး အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ဒီဃနိကာယ် ၊မဟာဝဂ် ၊ မဟာပဒါနသုတ် မှာ ကိုယ်တိုင် ဖတ်ကြည့်နိုင်ပါတယ်။ ထေရ၀ါဒ ပါဠိတော်မှာ ဘုရားလောင်းကို သူအို၊သူနာ၊သူသေ၊ ရဟန်း နိမိတ် (၄)ပါးပြခန်းမှာ ၀ိပဿီ ဘုရားလောင်း ရဲ့ ကာလက ဇာတ်တော်တွေကို သာ ဂေါတမ ဘုရားရှင်က ပြန်ပြီး ဟောပြထားပါတယ်။ ရဟန်းဟူသည် - တရားကို ကောင်းစွာကျင့်ခြင်း ၊ မှန်စွာကျင့်ခြင်း ၊ ကုသိုလ်ပြုခြင်းသည် ကောင်း၏၊ကောင်းမှုပြုခြင်းသည် ကောင်း၏၊ မညှင်းဆဲခြင်းသည်ကောင်း၏၊ သတ္တ၀ါတို့ကို သနားခြင်းသည် ကောင်း၏ ဟု နှလုံးသွင်း ကျင့်နေသူ ဖြစ်ပါတယ်။
သာမဏေရ ပဗ္ဗဇ္ဖ လို့ အခေါ်နည်းနည်းပြောင်းလိုက်ရင်တော့-လွတ်မြောက်အောင်ကျင့်နေသူ ၊ အနှောင်အဖွဲ့ကင်းသူ၊ (တဏှာကင်းအောင် ကြိုးစားနေသူ ) ဖိအားကင်းအောင်နေသူ၊ ငြိမ်းချမ်းအောင်နေသူ လို့ အဓိပ္ပါယ်တွေ ထွက်လာပါတယ် ။
ဘီစီ (၆၀၀)ကျော် လာတဲ့ ဂေါတမဘုရား မပွင့်ခင် အနီးဆုံးသာ ကာလမှာတော့ ဗြာဟ္မဏတို့က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် အဘက်ဘက်က အသာစီးယူနေကြသည်ကိုလည်းမကျေမနပ် ဖြစ်လာကြတဲ့ ဘ၀လွတ်မြောက်ရေးကို အလိုရှိကြသူတွေဟာ အိမ်ရာတည်ထောင် လူတို့ဘောင်ကိုစွန့်ခွာပြီး ဆိတ်ငြိမ်ရာတောအရပ်သို့ ချဉ်းကပ်ကာ အားထုတ်ကျင့်ကြံ ကြိုးပမ်းကြရာမှ တရားဘာဝနာပွားများမှုသဘောပေါ်ပေါက်လာတယ်။ တောထဲတွင် သစ်ပင်အောက်၌ တစ်ကိုယ်တည်း ထိုင်နေရင်း စိတ်မှန်းဖြင့် ယဇ်ပူဇော်မှုပြုခြင်း၊ဗြဟ္မာကို အာရုံပြုခြင်းများ ပြုလုပ်ရာမှ ကသိုဏ်းကျင့်စဉ်များ ပေါက်ကာ ဈာန်လမ်းစဉ်ကို တွေ့ရှိကြသည်။ အ၇ူပဈာန် (၄)ပါးအထိ အောင်မြင်ခဲ့ကြပါတယ်။ ထို့ကြောင့် အာရညကခေတ်ခေါ် တောမှီရသေ့ခေတ်ဦးတွင် ဝေဒလမ်းစဉ် မှေးမှိန်ခဲ့ရပါတယ်။
အရညဟူသည် ကတော့ တောမှီရသေ့တို့ကို ခေါ်ဆိုသောအမည်ဖြစ်ပြီး ထိုရသေ့သည် သညာသီ၊ပရဗိုဇ်နှင့် ဘိက္ခုဟု သုံးမျိုးရှိသည်။ သညာသီနှင့် ပရဗိုဇ်တို့မှာ အ၀တ်ဖြူဝတ်၊ ၀တ်လစ်စလစ် စသည်ဖြင့် အမျိုးမျိုးသောဂိုဏ်းများကို ဆိုလိုသည်။ ဘိက္ခုဆိုသည်မှာ ထမင်းကို အလှူခံစားသောက်သောကြောင့် ခေါ်သောအမည်ဖြစ်ပြီး ၊ နောင်အခါ ဗုဒ္ဓသည် မိမိတပည့်ရဟန်းများကို ဘိက္ခုဟု ခေါ်ဆိုလေသည်။ ဘိက္ခု ကိုလဲ ဗုဒ္ဓဘာသာဝင် ရဟန်းလို့ နားလည်ကြရပါမယ်။
အခုနောက်ပိုင်းတော့ ကမ္ဘာပေါ်မှာ ဘိက္ခု ဆိုတဲ့ အသုံးနဲ့ မြန်မာတွေရဲ့  ဆရာတော် ဆိုတဲ့ အခေါ် ကို တွင်တွင်ကျယ်ကျယ်သုံးနေတာ တွေ့ရပါတယ်။ ထိုင်းက နိုင်ငံခြားသာသနာပြု ရဟန်းတော်တွေကလဲ မြန်မာတွေရဲ့  ဆရာတော် ဆိုတဲ့အသုံးကို သူတို့ ကျောင်းတွေမှာ သုံးနေကြောင်း ၀မ်းသာဖွယ် တွေ့ရပါတယ်။
(၂) ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်သလဲ
ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်တယ် ဆိုတာကို ဗုဒ္ဓက မုနိ သုတ်တော် မှာ ဒီလို အသိပေး ဆုံးမခဲ့ပါတယ်။
ကိုယ့်ဟာကို တရားကျင့်ပြီး အနာဂါမ်ဖြစ်နေတဲ့ အရိယာ လူပုဂ္ဂိုလ် ကတောင် ဒီကနေ့မှာ သင်္ဃန်းဝတ်ထားတဲ့ ပုထုဇဉ် ကိုရင်လေးကို ရှိခိုးရမယ် လို့ ဆိုပါတယ်။
တရားသိမှု၊ ကျင့်ကြံပေါက်မြောက်မှုမှာ ကိုယ်က သာနေပေမယ့် သာသနာဝန်ထမ်းရှင်သာမဏေလေးကို ရှိခိုးထိုက်တယ်။ဘာကြောင့်ဆိုရင် ရှိခိုးထိုက်သော အသွင်အပြင်အားဖြင့် (၂)မျိုးရှိတယ်။ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀) တိတိရှိနေတယ်။
အသွင်အပြင်အားဖြင့် (၂)မျိုးကတော့ -
(၁) ဖန်ရည်ဆိုးသော သင်္ဃန်းကို ၀တ်ရုံခြင်း ၊(လှပတင့်တယ်သော အရောင်အဆင်းရှိတဲ့ အ၀တ်အစား ကို ရှောင်ကြဉ်လိုက်ခြင်း၊ကာမဂုဏ်ကို အသွင်ဖြင့် သတ်ခြင်း ၊
(၂) ဦးခေါင်းကို ရိတ်တုံးထားခြင်း ။ ( ဦးခေါင်းတန်ဆာဆင်ခြင်း ကို ရှောင်ကြဉ်ခြင်း၊နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးအလှအပထားခြင်း များကို ရှောင်ကြဉ်ခြင်း ၊ အိန္ဒိယမှာတော့ ဒါတော်တော်ကို စွန်ပတာတဲပ အစဉ်အလာလုပ်ရပ်လို့ဆိုပါတယ်။ သူတို့က ဆံပင်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးကို အရမ်းအလှဆင်တဲ့ တိုင်းပြည်ဖြစ်နေလို့တဲ့)
ဒီနှစ်ချက်မှာတင် သူ၏ ခြိုးခြံမှု ၊ အလိုနည်းမှု ၊ လူ့အသွင်အပြင်သဘာဝကို ရှောင်ခွာကာ မြင့်မြတ်သော အသွင်ကို ယူမှုတွေဟာ သာမာန်လူထက်သာလွန်နေလို့ ရှိခိုးခံထိုက်နေပြီ လို့ ဟောတော်မူပါတယ်။ဒီနေရာမှာ သီလ သမာဓိ ပညာရှိခြင်းတွေကို ဘုရားရှင်က ဘာမှ မဆိုလိုသေးပါ။မိလိန္ဒ ပညာ မှာလဲ ဒီအတိုင်းပါပါတယ် ။
အရှင်နာဂသိန်ကတော့ ဒီအသွင်(၂)ပါးယူပြီးတာနဲ့ကို ဘုရား၏ အလိုကျ အသွင်အပြင် စဖြစ်နေပြီ..တဲ့။ဒါကြောင့်လဲ ရှိခိုးခံထိုက်တယ် လို့ ဆိုပါတယ်။
ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀)။
(၁) သေက္ခ ပုဂ္ဂိုလ် အသွင်ရှိခြင်း
(၂)ရဟန္တာအသွင် ရှိခြင်း
(၃) အရီယာနှင့်တူသော အကျင့်ရှိနေခြင်း
(၄)တူသောနေထိုင်ခြင်းရှိကြခြင်း
(၅)တူသောဣနြေ္ဒ ရှိကြခြင်း
(၆)တူသောဆင်းရဲခြင်းရှိခြင်း၊
(၇)တူသောသည်းခံခြင်းရှိခြင်း
(၈ )တစ်ကိုယ်ထီးတည်းကျင့်ကြံအားထုတ်နိုင်ခြင်း
(၉) တစ်ကိုယ်ထီးတည်းမွေ့လျှော်ခြင်း
(၁၀) တစ်ကိုယ်ထီးတည်းကျိန်းအောင်ခြင်း
(၁၁)မကောင်းမှုမှရှက်ခြင်း
(၁၂)မကောင်းမှုမှ လန့်ခြင်း
(၁၃)သ ဓမ္မ အကျင့်ကို အားထုတ်ခြင်း
(၁၄)ကုလိုလ်ကို မမေ့လျော့ခြင်း၊
(၁၅)သုတ်လွှတ်ခြင်းကဲ့သို့သော ကာမဂုဏ်ကို ဖယ်ကြဉ်ခြင်း၊
(၁၆)ပါဠိသင်ယူခြင်း
(၁၇) အဋ္ဌကထာ ခေါ်အကျယ်အနက် သင်ယူခြင်း
(၁၈ ) သီလ၊သမိာပညာဂုဏ်တို့တွင်မွေ့လျော်ခြင်း၊
(၁၉)ကင်းသောတပ်မက်မှုရှိခြင်း၊
(၂၀) ဘုရားရှင်သတ်မှတ်သော သိက္ခာပုဒ်များကို ဖြည့်ကျင့်ခြင်း
ဒီအချက်တွေကြောင့်လဲ ရှိခိုးခံထိုက်နေပါတယ်။
အပေါ်က အချက်တွေနဲ့ တစ်ချက် ခြင်းအကျယ်ကို သီတဂူဆရာတော်၏ ရာဟုလာသုတ္တန် နဲ့ ရဟန်းတစ်ပါးတန်ဖိုးတရားတော်မှာ နာယူမှတ်သားနိုင်ပါတယ်။ဓမ္မစေတီဆရာတော် ပဗ္ဗဇ္ဖဟူသည် (ရဟန်းခံခြင်းဆိုင်ရာ တရား ) (အကယ်ဒမီဦးညွန့်ဝင်း အိမ်မှာဟောတဲ့ တရား )နဲ့ သာမညဖလသုတ်အကျယ် ၊ မဟာပဒါနသုတ်နှင့် မိလိန္ဒ ပညာတို့မှာလဲ ပါပါတယ်။ သုခမှတ်စုမှာလဲ လေ့လာနိုင်ပါတယ်။
ဝိနည်းတော်များပညတ်ခြင်းအကြောင်း (၁၀) ချက်
၁။ သံဃာတော်၏ ကောင်းပါပြီဟု ၀န်ခံကျင့်သုံးရန်။
၂။ သံဃာတော်များ ချမ်းသာစေရန်။
၃။ အကျင့်သီလဖောက်ဖျက်သူတို့ကို နှိမ်နင်းရန်။
၎။ အကျင့်သီလကို ချစ်မြတ်နိုးသော ရဟန်းတို့ ချမ်းသာစွာနေနိုင်ရန်။
၅။ မျက်မှောက်၌ဖြစ်ကုန်သော ဆင်းရဲအထူးတို့ကိုပယ်ရှားရန်။
၆။ နောင်ဖြစ်လတ္တံ့ကုန်သော ဆင်းရဲအထူးတို့ကိုပယ်ရှားရန်။
၇။ မကြည်ညိုသေးသော သူတို့ကိုကြည်ညိုစေရန်။
၈။ ကြည်ညိုပြီးသောသူတို့ကို တိုး၍ကြည်ညိုစေရန်။
၉။ သူတော်ကောင်းတရား( သာသနာသုံးရပ် ) တည်တံ့စေရန်။
၁၀။ ၀ိနည်း(စည်းမျဉ်းဥပဒေ)ကို ချီးမြောက်ရန်။
ဝိနည်းပိဋက ၊ ပါစိတ်ပါဠိတော် (ဘိက္ခူနီ ၀ိဘင်၊ပါရာဇိက အခန်း)
ပါတိမောက် ပြတော်မူခြင်း ။
အရှင်သာရိပုတ္တရာ မြတ်စွာဘုရားရှင် အား ဤ သာသနာတော် ကြာမြင့်စွာ တည်စေရန် မြတ်စွာဘုရားသည် တပည့်တို့အား အကြင် သိက္ခာပုဒ်ကို ပညတ်တော်မူရာ၏၊ အကြင်ပါတိမောက်ကို ပြတော်မူရာ၏ ၊ ယခု အချိန်တန်နေပါပြီ ဘုရား လို့ လျှောက်ထားတယ်။
သာရိပုတြာ သင်ဆိုင်းငံ့ဦးလော့ ။ဘုရားရှင်တို့သာ သိက္ခာပုဒ်ပညတ်၇န် အချိန် ၊ ပါတိမောက်ပြရန် အချိန်ကို သိပေမည်။သာသနာတော်အတွင်းမှာ အာသဝေါတရားတည်စေမည့် လွန်ကျူးသောတရားတွေကို သံဃာတော်တွေ မလွန်ကျူးသမျှ ဘုရားရှင်တို့မည်သည် သိက္ခာပုဒ်ပညတ်တော်မမူ ၊ ၊ ပါတိမောက်ပြတော်မမူ လို့ မိန့်ကြားတော်မူပါတယ်။
ယခု ၀ါနုနေကြသေးလို့ ရဟန်းတွေမှာ လွန်ကျူးမှု တရားတွေ မပေါ်သေးပါ။ဝါရင့် လာလျှင် (ရဟန်းများလာလျှင် ) ထိုတရားတို့ ထင်ရှားပေါ်လာပါလိမ့်မည်။ ထိုအခါမှ အကြင် သိက္ခာပုဒ်ကို ပညတ်တော်မူရာ၏၊ အကြင်ပါတိမောက်ကို ပြတော်မူရာ၏ ၊
ယခု ရဟန်းတွေမှာ လာဘ်လာဘ မများသေးလို့ လွန်ကျူးမှု တရားတွေ မပေါ်သေးပါ။ လာဘ်လာဘများလာလျှင် ) ထိုတရားတို့ ထင်ရှားပေါ်လာပါလိမ့်မည်။ ထိုအခါမှ အကြင် သိက္ခာပုဒ်ကို ပညတ်တော်မူရာ၏၊ အကြင်ပါတိမောက်ကို ပြတော်မူရာ၏ ၊
ယခု ရဟန်းတွေမှာ အကြားအမြင် ဗဟုသုတ မများသေးလို့ လွန်ကျူးမှု တရားတွေ မပေါ်သေးပါ။ အကြားအမြင် ဗဟုသုတများလာလျှင် ) ထိုတရားတို့ ထင်ရှားပေါ်လာပါလိမ့်မည်။ ထိုအခါမှ အကြင် သိက္ခာပုဒ်ကို ပညတ်တော်မူရာ၏၊ အကြင်ပါတိမောက်ကို ပြတော်မူရာ၏ ၊
ပါတိမောက်ပြခြင်း ဆိုတာ ရဟန်းတွေ ဥပုသ် ပြုခြင်းပါပဲ ။ ရဟန်းတွေ ဟုနေရာမှာ ရဟန်းတစ်ပါးက ဒီလို ပါတိမောက်ပြရပါတယ်။
အရှင်ဘုရားတို့ သံဃာသည် ကျွန်ုပ်၏ စကားကို နာတော်မူလော့ ။ အကယ်၍ သံဃာအား သင့်တင့် လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့ ၊ သံဃာသည် ဥပုသ်ပြုရာ၏ ၊ ပါတိမောက်ပြရာ၏။
သံဃာသည် ရှေးဦးစွာ ပုဗ္ဗကိစ္စ ကိုးပါးကို ပြုပြီးပြီလော ၊ အရှင်ဘုရားတို့ အာပတ်မှ စင်ကြယ်ကြောင်း ပြောကုန်လော့ ၊ ပါတိမောက်ပြပေအံ့ ။ အကြင် ရဟန်းသည် အာပတ်ရှိက ထင်ရှားစွာ ပြောရာ၏။ အာပတ်မရှိမူ ဆိတ်ဆိတ်နေရာ၏။ ဆိတ်ဆိတ်နေသဖြင့် လဲ အာပတ်ကင်းစင်သည်ဟု သိရာ၏။
အာပတ်ရှိရဲ့သားနဲ့ အာပတ်မရှိသလို နေငြားအံ့ ။ ထိုရဟန်းသည် မုသားဝါဒ ဖြစ်မည်။မုသားဆိုခြင်းမည်သဖြင့် ဈာန်၊မဂ်၊ဖိုလ် တရားများ ကို မရရှိအောင် အန္တရာယ် ပြုရာ၏ ဟု မြတ်စွာဘုရားဟောတော်မူထားသည်။ အာပတ်ရှိသောရဟန်းသည် အာပတ်ကို သတိရပြီး စင်ကြယ်ခြင်းကို အလိုရှိသဖြင့် အာပတ်ကို ထင်ရှားစွာ ဖွင့်ဟ လျှောက်ကြားပြီး ချမ်းသာအောင် ပြုရာ၏။
(နည်းနည်းတော့ ၀ါကျ ပုံစံလေးတွေ ပြောင်းလိုက်တယ်။ ရှေးစာတွေလို ဖြစ်နေလို့ )။
ချမ်းသာကြပါစေ
နေလင်း
သိက္ခာတင်ခြင်း (ရဟန်းခံခြင်း ) ။
သိက္ခာတင်ခြင်းဆိုသည်မှာ ရဟန်းတော်များက သိမ်အတွင်း ရဟန်းလောင်းကို ဥတ္တိစတုတ္ထကမ္မ၀ါစာဖတ်၍ ရဟန်းခံပေးခြင်းပင်ဖြစ်သည်။ သိက္ခာတင်ရာ အောက်ပါ အချက် (၅) ချက်နှင့် ပြည့်စုံရမည်၊ မပြည့်စုံပါက ရဟန်းမဖြစ်နိုင်ချေ။
၁.ရဟန်းလောင်းသည် လူသား ယောက်ျားစင်စစ် ဖြစ်ခြင်း၊ (နဂါး၊ ဂဠုံတို့က လူယောင်ဆောင်ထားသူ မဖြစ်စေရ)၊ (နပုံး ပဏ္ဍုက်နှင့် မိန်းမ မဖြစ်စေရ။)
၂.သန့်ရှင်းစင်ကြယ်သော သိမ်အတွင်း ရှိခြင်း၊
၃.သီလစင်ကြယ်သော ရဟန်းကောင်း အနည်းဆုံး (၅) ပါး ရှိခြင်း၊
၎.ဿတ်ဖတ်ကြားရာ ဋ္ဌာန်ကရိုဏ်း တိကျ မှန်ကန်ခြင်း၊
၅.ကမ္မ၀ါစာ (၃) ကြိမ်ကို မှန်ကန်စွာ ဖတ်ရွတ်ပေးခြင်း။
သိက္ခာချခြင်း
သိက္ခာချခြင်းဆိုသည်မှာ မိမိသည် ရဟန်းသီလကို ကျင့်သုံးနိုင်ခြင်းမရှိတော့ပါ ကြောင်း ဖွင့်ဟပြောကြားခြင်းပင် ဖြစ်သည်၊ သိက္ခာချပြီးနောက်ပါရာဇိကအမှုများကို ကျူးလွန်ပါက ရဟန်းမဟုတ်တော့ပြီဖြစ်၍ ပါရာဇိကအာပတ်မသင့်တော့ပါ၊ ပါရာဇိကကျ ပြီးသော ရဟန်းမှာလည်း သီလသိက္ခာမရှိတော့ပြီဖြစ်၍ သိက္ခာချရန် မလိုတော့ပါ၊ သိက္ခာ ချရာ အောက်ပါအချက် (၆)ချက်နှင့် ပြည့်စုံရမည်။
၁။ အမှန်တကယ် ရဟန်းအဖြစ်ဖြင့် မနေလိုခြင်း(သိက္ခာချလိုစိတ်ရှိခြင်း )၊
၂။ သတ်မှတ်ထားသည့် သိက္ခာချ စကားလုံး မှန်ကန်ခြင်း၊
၃။ ပစ္စုပ္ပန်ကာလဖြင့် ပြောဆိုခြင်း၊
၎။ နှုတ်ဖြင့် ပီသစွာဆိုခြင်း၊ (လက်ဟန်ပြခြင်း၊ စာရေးခြင်းဖြင့် သိက္ခာချ လျှင် သိက္ခာမကျချေ၊)
၅။ ထိုပြောဆိုသောစကားကို နားထောင်သူ (သိက္ခာချပေးသူ) မှာ လူသား စင်စစ်ဖြစ်ခြင်း၊
၆။ နားထောင်သူက ချက်ခြင်း နားလည်ခြင်း။
သိက္ခာချ စကားလုံး ၂၆-လုံး
၁. ဘုရားကို စွန့်ပါ၏။ (ဗုဒ္ဓံ ပစ္စက္ခာမိ)
၂.တရားတော်ကို စွန့်ပါ၏။ (ဓမ္မံ ပစ္စက္ခာမိ)
၃.သံဃာတော်ကို စွန့်ပါ၏။ (သံဃံ ပစ္စက္ခာမိ)
၎.ရဟန်းသိက္ခာကို စွန့်ပါ၏။ (သိက္ခံ ပစ္စက္ခာမိ)
၅.၀ိနည်းတော်ကို စွန့်ပါ၏။ (၀ိနယံ ပစ္စက္ခာမိ)
၆.ပါတိမောက် (၀ိနည်းသိက္ခာပုဒ် မာတိကာ) ကို စွန့်ပါ၏။ (ပါတိမောက္ခံ ပစ္စက္ခာမိ)
၇.၀ိနည်းသိက္ခာပုဒ် အကျဉ်းချုပ်ကို စွန့်ပါ၏။ (ဥဒ္ဒေသံ ပစ္စက္ခာမိ)
၈.ဥပဇ္ဈာယ်ဆရာကို စွန့်ပါ၏။ (ဥပဇ္ဈာယံ ပစ္စက္ခာမိ)
၉.ဆရာကို စွန့်ပါ၏။ (အာစရိယံ ပစ္စက္ခာမိ)
၁၀.အတူနေတပည့်ကို စွန့်ပါ၏။ (သဒ္ဓိဝိဟာရိကံ ပစ္စက္ခာမိ)
၁၁.အနီးနေ တပည့်ကို စွန့်ပါ၏။ (အန္တေ၀ါသိကံ ပစ္စက္ခာမိ)
၁၂.ဥပဇ္ဈာယ်တူ ရဟန်းကို စွန့်ပါ၏။ (သမာနုပဇ္ဈာယကံ ပစ္စက္ခာမိ)
၁၃.ဆရာတူတပည့်ကို စွန့်ပါ၏။ (သမာနာစရိယံ ပစ္စက္ခာမိ)
၁၄.အတူနေ သီတင်းသုံးဖော်ကို စွန့်ပါ၏။ (သဗြဟ္မစာရိံ ပစ္စက္ခာမိ)
၁၅.အကျွန်ုပ်ကို လူဝတ်ကြောင်ဟူ၍ မှတ်ပါလော့။ (ဂိဟီတိ မံ ဓာရေဟိ)
၁၆.အကျွန်ုပ်ကို ဥပါသကာဟူ၍ မှတ်ပါလော့။ (ဥပါသကောတိ မံ ဓာရေဟိ)
၁၇.အကျွန်ုပ်ကို အရာမ်စောင့်၊ ကျောင်းစောင့်ဟူ၍ မှတ်ပါလော့။ (အာရာမိကောတိ မံ ဓာရေဟိ)
၁၈.အကျွန်ုပ်ကို ရှင်သာမဏေဟူ၍ မှတ်တော်မူပါလော့။ (သာမဏေရောတိ မံ ဓာရေဟိ)
၁၉.အကျွန်ုပ်ကို တိတ္ထိ (မိစ္ဆာဒိဋ္ဌိဆရာကြီး ) ဟူ၍ မှတ်ပါလော့။ (တိတ္ထိယောတိ မံ ဓာရေဟိ)
၂၀.အကျွန်ုပ်ကို တိတ္ထိတပည့်ဟူ၍ မှတ်ပါလော့။ (တိတ္ထိယသာဝကောတိ မံ ဓာရေဟိ)
၂၁.အကျွန်ုပ်ကို ရဟန်းမဟုတ်တော့ဟူ၍ မှတ်ပါလော့။ (အသမဏေတိ မံ ဓာရေဟိ)
၂၂.အကျွန်ုပ်ကို သာကီဝင်မင်းသား ဘုရားသားတော်မဟုတ်ဟူ၍ မှတ်ပါလော့၊ (အသကျပုတ္တိယောတိ မံ ဓာရေဟိ)
၂၃.ဘုရားသည် ငါ့အတွက် အကျိုးမရှိ၊ တော်ပြီ၊ တန်ပြီ၊ (အလံ မေ ဗုဒ္ဓေန)
၂၄.ဘုရားသည် ငါ့အတွက် ဘာလုပ်ဖို့လဲ၊ (ကိံ နု မေ ဗုဒ္ဓေန)
၂၅.ငါသည် ဘုရားကို အလိုမရှိပြီ၊ ဘုရားသည် ငါ့အတွက်မလိုတော့ပြီ၊ (နအတ္ထော မေ ဗုဒ္ဓေန)
၂၆.ငါသည် ဘုရားလက်အောက်မှ လွတ်မြောက်ပြီ၊ (သုမုတ္တော ဟံ ဗုဒ္ဓေန)
အထက်ဖော်ပြပါ သတ်မှတ်ထားသော သိက္ခာချ စကားလုံး ၂၆-လုံး တို့အနက် တစ်လုံးလုံးကို ပါဠိဘာသာဖြင့် ဖြစ်စေ၊ မိမိနားလည်ရာအခြားဘာသာ စကားဖြင့်ဖြစ်စေ ရွတ်ဆိုခွင့်ရှသည်။ ဘုရားကို စွန့်ခဲ့ပြီဟု အတိတ်ကာလဖြင့် လည်းကောင်း၊ ဘုရားကို စွန့်တော့မည်ဟု အနာဂတ်ကာလဖြင့် လည်းကောင်း ပြောဆိုလျှင် သိက္ခာမကျချေ၊ စွန့်ပါ၏ဟု ပစ္စုပ္ပန်ကာလဖြင့် ပြောဆိုမှသာ သိက္ခာကျသည်။ သိက္ခာချရာ ယောက်ျား မိန်းမ မည်သူ့ထံ မဆိုသိက္ခာချနိုင်၏။ နားထောင်သူ အနေဖြင့် ဤရဟန်းသည် သိက္ခာ ချသည်ဟု ချက်ချင်းနားလည်ရမည်။ ဖြေးဖြေးစဉ်းစားပြီးမှ (သူတပါးရှင်းပြမှ) နားလည် လျှင် သိက္ခာမကျချေ။
ထို့ကြောင့် ၀ိနည်း နားလည်သူအထံ တွင်သာသိက္ခာချသင့်၏။ ၀ိနည်းနားမလည်သူ ထံ သိက္ခာချလိုပါက သိက္ခာချခြင်း၏ အဓိပ္ပာယ်ကို ကြိုတင်ရှင်းလင်း ပြောပြပြီး နောက်မှသာ သိက္ခာချသင့်သည်။ (ဒါကြောင့် ၀ိနည်းကို နားလည်သင့်တယ် ဆိုတာ ဒါလို အချက်တွေ ကြောင့် အရှေ့မှာ ရေးခဲ့တာပါ ) ထို့ပြင်မြန်မာစကား မတတ်သူထံ မြန်မာဘာသာဖြင့် သိက္ခာချလျှင် ပါဠိစကားမတတ်သူထံ ပါဠိဘာသာဖြင့် သိက္ခာချလျှင်၊ သိက္ခာမကျချေ။ ရုပ်ပွားဆင်းတုတော်ရှေ့္ပ လည်းကောင်း၊ သစ်ပင် လည်းကောင်း၊ တိရစ္ဆာန်ထံ လည်းကောင်း သိက္ခာချလျှင် သိက္ခာမကျချေ။
ဤခေတ်္ပ ဒုလ ’ဘရဟန်းခံသူတို့သည် သိက္ခာကျအောင် သိက္ခာချဖို့ အရေးကြီး၏။ သိက္ခာမကျဘဲ လူဝတ်လဲ၍ မိမိအိမ်ပြန်လာပါက သင်္ကန်းဝတ်စဉ်က ပါရာဇိကမကျဘဲ ပုဆိုးဝတ်ပြီးမှ ပါရာဇိကကျမည်ကို သတိပြုသင့်ကြသည်။
အပါယ်ကျမည့်သူ (၃) ဦး။
ရဟန်းတွေကို စွပ်စွဲပြောဆိုရာမှာ ကိုယ်တွေကလဲ သေချာတိကျဖို့ လိုပါတယ်။ ဒီလိုမဟုတ်ဘဲ မသေမချာနဲ့ စွပ်စွဲရင် အောက်ကအချက်တွေထဲက ဒုတိယအချက်နဲ့ ငြိပြီး အငယ်ကျနိုင်ကြောင်း ဘုရားရှင် ဟောထားတဲ့ သုတ်တော်ကို ဖော်ပြလိုက်ပါတယ်။
ရဟန်းတို့၊ ဤအယုတ်တရားတို့ကို မစွန့်ပယ်ခြင်းကြောင့် အပါယ်သို့လား ရမည့်သူ၊ ငရဲသို့ ရောက်ရမည့်သူတို့သည် ဤသုံးမျိုးတို့တည်း -
(၁) မမြတ်သောအကျင့်ကို ကျင့်သူဖြစ်ပါလျက် မြတ်သောအကျင့်ကို ကျင့်၏ဟု ၀န်ခံသူသည် လည်းကောင်း၊ (ရဟန်းမဟုတ်ဘဲလျက် ရဟန်းဟု ၀န်ခံသူ။)
(၂) မြတ်သောအကျင့်ကိုကျင့်သော စင်ကြယ်သော ပုဂ္ဂိုလ်ကို အခြေအမြစ် မရှိသော မမြတ်သောအကျင့်ဖြင့် စွပ်စွဲသူသည် လညးကောင်း၊ (ရဟန်းကောင်းကို ပါရာဇိကအာပတ်ဖြင့် စွပ်စွဲဖျက်ဆီးသူ။)
(၃) ကာမဂုဏ်ခံစားမှ္ပု အပြစ်မရှိဟု ယူဆ၍ ကာမဂုဏ်ကို သုံးဆောင် ခံစားသူသည် လည်းကောင်း၊
ရဟန်းတို့၊ ဤသူသုံးမျိုးတို့သည် ဤအယုတ်တရားသုံးပါးကို မစွန့်ပယ်ခြင်း ကြောင့် အပါယ်သို့ လားရောက်ရမည့်သူ၊ ငရဲသို့ ကျရောက်ရမည့်သူများ ဖြစ်ကုန်၏။
(အင်္ဂုတ္တိုရ်ပါဠိတော်၊ ပထမတွဲ စာမျက်နှာ-၂၆၉၊ အာပါယိကသုတ်။)
အနာမာသ၀တ္တုများ (ရဟန်းများမထိမကိုင်ကောင်းသောအရာဝတ္တုများ )
၁. မာတုဂါမ = ယနေ့မွေးစ သူငယ်မကိုပင် မကိုင်ရ၊ သာယာစိတ် ရှိလျှင် သံဃာဒိသိသ်အာပတ် သင့်၏။ သာယာစိတ်မရှိသော်လည်း တမင်သက်သက်ကိုင်လျှင် ဒုက္ကဋ်အာပတ် သင့်၏။ မတော်တဆ ထိမိတိုးမိလျှင် အာပတ်မသင့်။ မိခင်, နှမ စသော ဆွေမျိုးတော် စပ်သူကို မိသားစုချစ်ခင်စိတ်ဖြင့် ကိုင်လျှင် ဒုက္ကဋ်အာပတ် သင့်သည်။ ရေနှစ်သောမိခင်, ရေတွင်းထဲကျသော မိခင်ကိုပင် လက်ဖြင့် မဆွဲမကိုင်ရ၊ ၀ါးလုံး, ကြိုး စသည်ကို လှမ်းပေး၍ ဆွဲတင်ကယ်ဆယ်ရမည်။ လက်ကိုလှမ်းဆွဲပါဟုမပြောရ၊ ကြောက် အား လန့်အားဖြင့် လာရောက်ဆွဲကိုင်ဖက်ထားပါမူကမ်းစပ်ရောက် အောင် ကူးခပ်လာရမည်။ အာပတ်မသင့်ချေ။ မိမိ၏ ကာယပယောဂ,၀စီပယောဂ မပါစေရ။
၂. မာတုဂါမ၏ အသုံးအဆောင်၊
၃. မာတုဂါမ၏ ရုပ်ပုံ, ဓာတ်ပုံ, ရုပ်ထု၊
၎. စပါးအမျိုးမျိုး၊
၅. ပဲအမျိုးမျိုး၊
၆. ထန်းသီး, အုန်းသီး, ငှက်ပျောသီး စသော အသီးအမျိုးမျိုး၊
၇. ပုလဲ, ပတ္တမြား, ရွှေ, ငွေ စသော ရတနာအမျိုးမျိုး၊
၈. ငွေစက္ကူ, ငွေအင်္ဂါး အသပြာ အမျိုးမျိုး၊
၉. လက်နက် အမျိုးမျိုး၊
၁၀. တူရိယာ အမျိုးမျိုး။
အထက်ပါ ပစ္စည်းဝတ္တုတို့ကို ကိုင်တွယ်သုံးသပ်ပါက ဒုက္ကဋ်အာပတ် သင့်သည်။
ပရိတ်ရေနှင့် ပရိတ်ချည်ပြုလုပ်ပေးခြင်း
ပရိတ်ဖြင့် အရံအတားပြုတော်မူပါ၊ ပရိတ်ရွတ်၍ စောင့်ရှောက် ပေးတော်မူပါဘုရားဟု တောင်းပန် လျှောက်ထားရ္ပာ ပရိတ်မရွတ်အပ်။ ]]ပရိတ်တရားတော် ချီးမြှင့်တော်မူပါဘုရား၊ သို့မဟုတ် ပရိတ်ရွတ်တော်မူပါဘုရား}}ဟု လျှောက်ထားပါက ပရိတ်ရွတ်ခွင့်ရှိ၏၊ မလိမ္မာသော ဒါယကာအား နားလည်အောင် ရှင်းလင်းပြောပြ၍ ၀ိနည်းနှင့်ညီအောင် ပြန်လည်လျှောက်ထားစေရမည်။ ပရိတ်ရေနှင့် ပရိတ်ချည်ကို ရဟန်း၏ ပစ္စည်ဖြင့် ပြုလုပ်မပေးရ၊ ဒါယကာတို့ပိုင်သော ရေနှင့် ချည်ခင်တို့ဖြင့် ပရိတ်ရေနှင့် ပရိတ်ချည်ပြုလုပ် ပေးရမည်၊ ရဟန်းသည် ပရိတ်ရွတ်နေစဉ် ရေကို လက်ဖြင့် မွှေနှောက်ပေးခြင်း၊ ချည်ကိုလက်ဖြင့် ကိုင်တွယ်သုံးသပ်ပေးခြင်းဖြင့် ပရိတ်ရေနှင့် ပရိတ်ချည်ကို ပြုလုပ်ပေးနိုင်၏။
ဂါထာမန္တန်ဖြင့် မန်းမှုတ်ခြင်း၊ ဓာတ်လုံးနှင့် လက်ဖွဲ့အဆောင်ပေးခြင်း
ဆေးကုသခြင်းဟု ဆိုရာ စားဆေး၊ ထိုးဆေး၊ လိမ်းဆေးတို့ဖြင့် ကုသခြင်းကိုသာ ဆိုလိုသည်မဟုတ်၊ ဂါထာမန္တန်ဖြင့် မန်းမှုတ်ပေးခြင်း၊ အထက်လမ်းနှင့်အောက်လမ်း ပယောဂနည်းများဖြင့် ဆေးကုသဖြင်းပျောက်စေနည်းဖြင့် ဆေးကုသခြင်းကိုလည်း ရဟန်းတော်များ ပြုလုပ်ခွင့်မရှိချေ။ အင်း၊ အိုင်၊ ခါးလှဲ့၊ လက်ဖွဲ့၊ ဂ၀ံရုပ်စသော အဆောင်များအဂ္ဂိရတ် ဓာတ်လုံးများကို ပေးခြင်းသည်လည်း ဒါယကာတို့၏ သဒ္ဓါတရားအစစ်အမှန်ကို ပျက်စီးစေသောကြောင့် ကုလဒ အမှု အကျုံးဝင်၏။ ဓာတ်ရိုက် ဓာတ်ဆင်၊ ဗေဒင်ဟောခြင်းကိုလည်း အလားတူ ကုလဒ အမှုဟု ဆိုအပ်၏။
ဆေးကုခြင်း
ရဟန်းတော်များသည် လူဒါယကာ ဒါယိကာမတို့အား ဆေးမကုအပ်၊ ဆေးမပေးအပ်၊ ဆေးပေးဆေးကုလျှင် ဒုက္ကဋ်အာပတ် သင့်၏။
ဆေးကုကောင်းသော ပုဂ္ဂိုလ်များ
ရဟန်းနှင့် သာမဏေများ၊ မိမိမယ်တော် ခမည်းတော်နှင့် မယ်တော် ခမည်းတော်တို့အား ပြုစုလုပ်ကျွေးသူ၊ မိမိအား ဝေယျာဝစ္စပြုလုပ်ပေးသူနှင့် ရှင်လောင်းတို့အား ဆေးကုပေးအပ်၏။ လူနာအား ဆေးနည်းကို ပြောပြခြင်း၊ ထိုလူနာ၏ ပစ္စည်းဖြင့် ဆေးဖော်စပ်ပေးခြင်း၊ သို့မဟုတ်မိမိပစ္စည်းဖြင့် ဆေးဖော်စပ်တိုက်ကျွေးကုသခြင်းပြုနိုင်၏။ အကယ်၍ မိမ္ပိ ဆေးပစ္စည်းမရှိပါက ဆွေးမျိုးများနှင့်ဖိတ်ကြားထားသော ဒါယကာများထံမှ အလှူခံ၍ လည်းကောင်း၊ မရပါက နေမွန်းလွဲအချိန်တွင် အိမ်စဉ်လှည့်လည်ရပ်၍ ဆွမ်းခံသကဲ့သို့ ဆေးပစ္စည်း အလှူခံ၍ လည်းကောင်း ဆေးပစ္စည်းရှာဖွေဖော်စပ် ကုသရမည်။
ထို့ပြင်ရဟန်းနှင့် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် တော်စပ်သူများအား ၎င်းင်းတို့၏ ဆေးပစ္စည်းဖြင့် ဆေးဖော်စပ်၍ ကုသခွင့်ရှိ၏၊ အကယ်၍ မိမိဆေးပစ္စည်းဖြင့် ကုသပေးရပါက နောင်တစ်ချိန်တွင် အစားပေးကြရန် ပြောဆို၍ ကုသရမည်၊ အလိုက်သိ၍ အစားပြန်ပေးက ယူရမည်၊ ပြန်မပေးက မတောင်းရ။
ဆေးပညာ တတ်ကျွမ်းသော ရဟန်းသည် မိမိအတူနေ ဆရာရဟန်း၊ တပည့်ရဟန်း၏ မိခင်ဖခင်တို့အား မလွဲမရှောင်သာ၍ ဆေးကုသပေးရပါက ထိုရဟန်းပိုင် ဆေးဝါးဖြင့် ကုသပေးရမည်၊ ထိုရဟန်း္ပ ဆေးမရှိပါက မိမိဆေးဝါးများကို ထိုရဟန်းပိုင် အဖြစ်ပေးအပ်ပြီးမှ ထိုဆေးဖြင့် ကုသပေးရမည်။
ထို့ပြင် အန္တရာယ်ပြုနိုင်သော ဥပဒေမဲ့ လက်နက်ကိုင်များ၊ စစ်ရှံးလာသော ဘုရားနှင့် မင်းမှုထမ်းများ၊ ခရီးသည်နှင့် ဆွေမရှိမျိုးမရှိအထီးကျန်သူတို့သည် မကျန်းမာသဖြင့် ဘုန်းကြီးကျောင်းသို့ ၀င်ရောက်ခိုလာပါက ဆေးကုသပေးနိုင်သည်။
သဒ္ဓါတရားနှင့် ပြည့်စုံ၍ ပစ္စည်းဥစ္စာကြွယ်ဝသော ဘုရားဒါယကာ ကျောင်းဒါယကာ အလှူဒါယကာတို့ကို ဆေးပေးခြင်း၊ ဆေးကုခြင်းမပြုရ။ ထိုပစ္စည်းလေးပါး ဒါယကာက တပည့်တော်၏ မိခင် နေမကောင်း၍ ဆေးနည်း ပြောပြပါဘုရား ဆေးကောင်း ညွှန်ပြပါဘုရားဟု လျှောက်ထားလျှင်၊ ဆေးပညာတတ်သော ရဟန်းသည် တိုက်ရိုက်ပြန်မပြောရ၊ အနီးရှိ ရဟန်းသာမဏေတစ်ပါးအား ]]မည်သည့်ရဟန်း မည်သည့်ရောဂါ ဖြစ်စဉ်က မည်သည့်ဆေးဖြင့် ကုသပျောက်ကင်းဖူး}} ကြောင်း ပြောကြားရမည်။ ဒါယကာဖြစ်သူက နံဘေးမှ ကြားနာမှတ်သား၍ သူ၏မိခင်အား ထိုဆေးနည်းအတိုင်း ကုသပါလျှင် ထိုရဟန်းမှာ ကုလဒ အမှု ပြုရာ မရောက်၊ အာပတ်မသင့်ချေ။
သို့မဟုတ် ဒါယကာဖြစ်သူ ၀ိနည်းနား လည်သဖြင့် မည်သူဖျားနာသည်၊ မည်သူအတွက်ဟူ၍ မရည်ညွှန်းဘဲ ]]ဤရောဂါကို မည်သည့်ဆေးဖြင့် ကုသရသနည်း}}ဟု ဆေးပညာသဘောသက်သက် ကိုသာ မေးရာ ထိုရောဂါ ပျောက်ကင်းစေနိုင်သည့် ဆေးနည်းများကို ပြောပြခွင့်ရှိ၏။
ဆွမ်းမခံအပ်သော (၆)ဌာန
ရဟန်းသံဃာတော်များသည် အောက်ဖော်ပြပါ (၆)ဌာနသို့ အကျွမ်းတ၀င် ပြု၍ အမြဲဆွမ်းမခံအပ် -
၁. ပြည့်တန်ဆာမအိမ်၊
၂. မုဆိုးမအိမ်၊
၃. အပျိုကြီးအိမ်၊
၎. ပဏ္ဍုက် (မိန်းမရှာ) အိမ်၊
၅. ဘိက္ခုနီမကျောင်း
၆. သေတင်းကုပ် (အရက်ဆိုင်)။
အမြဲတမ်း ဆွမ်းမခံအပ်သော်လည်း တစ်ခါတစ်ရံ ဆွမ်းရပ်ခွင့်ရှိ၏။ ၎င်းင်းတို့က လမ်းဆုံးလမ်းမသို့ ထွက်၍ ဆွမ်းလောင်းလျှင်လည်းကောင်း၊ ကျောင်းသို့ လာရောက် ဆွမ်းပို့လျှင် လည်းကောင်း ခံယူသုံးဆောင် ကောင်း၏။
ထိုနည်းအတူ တိတ္ထိဆရာကြီးများနှင့် ၎င်းင်းတို့၏ တပည့်သာဝကများ ရဟန်းသံဃာကို ဆဲရေး စော်ကားသော သူများ၏ အိမ် ဆွမ်းမခံ ကောင်းချေ။မသိဘဲ ဆွမ်းရပ်မိတာတွေတော့ ရှိမှာပေါ့လေ။ မလိုလားအပ်တဲ့ ပြဿနာတွေ ၊စွပ်စွဲမှုတွေ မတက်အောင် တားထားတာမို့ ကြီးမားတဲ့ အပြစ်တော့ မရှိဘူးထင်ပါတယ်။
သံဃာဒိသိသ်အာပတ် ကုစားခြင်း
အာပတ် ခုနစ်ပုံရှိရာတွင် ပါရာဇိက အာပတ်ပြီးလျှင် သံဃာဒိသိသ်အာပတ်သည် အပြစ်အကြီးလေးဆုံးဖြစ်သည်။ ပါရာဇိက အာပတ် သင့်သော ရဟန်းသည် ရဟန်းသိက္ခာဆုံးပါသွားပြီဖြစ်၍ လူသာမဏေဘ၀သို့ပြောင်းခြင်းမှတပါး အခြားနည်းဖြင့် ကုစားရန်မရှိဟု ဆိုရမည်ဖြစ်သည်။ သံဃာဒိသိသ်အာပတ် မှာမူ သင့်ရောက်သော အာပတ်ကို ပြန်လည်ကုစားခွင့်ရှိ၏။ သို့သော် ခက်ခဲစွာ ကုစားရသဖြင့် သံဃာဒိသိသ်အာပတ်ကို ရဟန်းတော်များ အလေးအနက်ထား၍ ထိန်းသိမ်းကြရပေ၏။
ဖုံးလွှမ်းထားသလောက် ၀တ်ဆောက်တည်ရ
သံဃာဒိသိသ်အာပတ် သင့်သော ရဟန်းသည် ထိုနေ့မှာပင် ရဟန်းတစ်ပါးအထံ မိမိတွင် သံဃာဒိသိသ်အာပတ် သင့်ရောက်ကြောင်းကို ဖွင့်ဟပြောကြားဝန်းခံရသည်။ ဖွင့်ဟပြောကြားခြင်း မပြုဘဲ ထိုနေ့ညကုန်ဆုံး၍ အရုဏ်တက်သွားပါက တစ်ရက်ဖုံးလွှမ်းရာ ရောက်ပြီး သံဃာဒိသိသ်အာပတ် ကုစားရာတွင် ဖုံးလွှမ်းသည့် ရက်၊ လ၊ နှစ်နှင့်အမျှ ပရိဝါသ်ဆောက်တည်ရသည်။
သံဃာဒိသိသ်အာပတ် သင့်ရောက်ပါလျက် ဖုံးလွှမ်းရာမရောက်သော ချွင်းချက် သုံးမျိုးရှိ၏။ ယင်းချွင်းချက်သုံးမျိုးနှင့် အမှန်အကန်ကြုံတွေ့နေရပါက ဖုံးလွှမ်းရာမရောက်ပေ။
၁. သံဃာဒိသိသ်အာပတ် သင့်သော်လည်း ထိုအာပတ်သင့်သည်ကို မသိခြင်း။
၂. သံဃာဒိသိသ်အာပတ် သင့်သည်ကို သိသော်လည်း ထိုညဥ့် မကုန်မီ ဖွင့်ဟပြောကြားရန် အနီးပတ်ဝန်းကျင် ရဟန်းတစ်ပါးမျှ မရှိခြင်း။
၃. သံဃာဒိသိသ်အာပတ် သင့်ရောက်သည်ကို ဖွင့်ဟပြောကြားရန် အနီး ရဟန်းတစ်ပါးရှိသော်လည်း ထိုရဟန်းထံ သွားရောက်ပြောကြားရန် လမ်းခရီးတွင် အမှန်တကယ် အန္တရာယ်ရှိနေခြင်း။
ဝတ်ဆောက်တည်ခြင်း
ဝတ်ဆောက်တည်ခြင်းမှာ သံဃာဒိသိသ်သင့်သည်ကို ဖွင့်ဟမပြောဘဲ ဖုံးထားမိသည်ကို သံဃာတော်များထံ ဖွင့်ဟပြောကြားပြီး သံဃာကပေးသော ကျင့်ဝတ်ကို ဆောက်တည်ခြင်းဟု ဆိုလိုသည်။ ပရိ=ထက်ဝန်းကျင်=၀သ=(၀သ်)ကျင့်သုံးခြင်း ထက်ဝန်းကျင် စင်ကြယ်အောင် ကျင့်သုံးခြင်းဖြစ်သည်။ ဖုံးကွယ်ထားသည့် ရက်နှင့်အမျှ ၀တ်ဆောက်တည်ရသည်။
ဝတ်ဆောက်တည်ရာတွင် အနည်းဆုံး သံဃာတော် လေးပါးဖြင့် သိမ်အတွင်း ၀င်ရောက်၍ ရှေးဦးစွာ ဉတ္တိစတုတ္ထ ကမ္မ၀ါစာ ရွတ်ဖတ်ကာ သံဃာဒိသိသ်အာပတ် သင့်သူရဟန်းအား ၀တ်ပေးရသည်။ ထို့နောက် မိမိသင့်ရောက်ခဲ့သည့် အာပတ်အမျိုးအမည်နှင့် ဖုံးလွှမ်းထားခဲ့သော ညဥ့်အရေအတွက်တို့ကို ထုတ်ဖော်လျှောက်ထားပြီး ၀တ်ဆောက်တည်ရသည်။ အကယ်၍ အမျိုးအမည်အရေအတွက် မမှတ်မိပါက ]]အမျိုးမျိုးသော သံဃာဒိသိသ်အာပတ် များ (သဗ္ဗဟုလာ နာနာဝတ္ထုကာ အာပတ္တိယော)}}ဟု ပြောဆိုဆောက်တည်ရသည်။
ဆွမ်းကပ်ပုံလေးသေချာသိအောင် ကူးရေးပေးလိုက်ပါတယ်။ဝိနည်းမှာတော့ ဒန္တပေါထ သိက္ခာပုဒ် (အကပ်မခံဘဲ စားမှု)ဖြစ်ပါတယ်။ ဒီအချက်မှာ ရဟန်း အာပတ်မသင့်အောင် ကျွန်တော်တို့ကလဲ စနစ်တကျ ကပ်လှူရပါမယ်။ဒါမှ ကိုယ့်ဒါနကလဲပီပြင်မယ်။
အကပ်ခံအင်္ဂါ (၅) ပါး
၁) ဆက်ကပ်လိုသည့် ပစ္စည်းကို အကပ်ခံမည့် ရဟန်းထံသို့ ရှေ့ရှုဆောင်ယူခြင်း (အနည်းငယ်မျှပင်ဖြစ်စေ ရှေ့ရှုညွတ်စေခြင်း )။
(၂) ပေးလှူသောလက်နှင့် ခံယူသောလက် မှတစ်ပါး အခြားသော ကိုယ်အင်္ဂါဖြင့် တစ်ဦးနှင့်တဦး နှစ်တောင့်ထွာ ဟတ္ထပါသ် အတွင်းသို့ရောက်ခြင်း။
(၃) ကပ်အပ်သောပစ္စည်းနှင့် ထည့်ရာ တင်ရာဖြစ်သော သပိတ်၊ ပန်းကန်၊ ခွက်၊ စားပွဲခုံ စသော ၀တ္ထုသည် အားအလယ်အလတ် ရှိသော ယောက်ျား မြှောက်ချီနိုင်သော ၀တ္ထုဖြစ်ခြင်း။
(၄) ဆက်ကပ်သော ပုဂ္ဂိုလ်၏ ကိုယ်အင်္ဂါဖြင့် ပေးလှူ ဆက်ကပ်ခြင်း။ ကိုယ်အင်္ဂါနှင့်ဆက်စပ်သော သပိတ်၊ ပန်းကန်၊ ခွက် စသည်ဖြင့် ပေးလှူဆက်ကပ်ခြင်း။ ခံယူသော ရဟန်း၏ လက်၊ သပိတ်၊ ခွက်စသည်တို့္ပ ကျရောက်အောင် ပစ်လွှင့်၍ ဆက်ကပ်ခြင်းအားဖြင့် သုံးမျိုးသော ဆက်ကပ်ခြင်းတို့တွင် တစ်မျိုးမျိုးဖြင့် ဆက်ကပ်ခြင်း။
(၅) အကပ်ခံသောရဟန်း၏ ကိုယ်အင်္ဂါ(လက်)ဖြင့် ခံယူခြင်း၊ ကိုယ်အင်္ဂါနှင့်ဆက်စပ်သော သပိတ်၊ ပန်းကန်၊ ခွက် စသည်ဖြင့် ခံယူခြင်း အားဖြင့် နှစ်မျိုးသော ခံယူခြင်းတို့တွင် တစ်မျိုးမျိုးဖြင့် ခံယူခြင်း၊
ဤအင်္ဂါ ငါးပါးနှင့်ညီအောင် ဆက်ကပ်ခံယူလျှင် အကပ်မြောက်သည်။
အကပ်မမြောက်။ ။မပြောင်းမရွှေ့နိုင်သော ပျဉ်ချပ် ကျောက်ဖျာစသည်ဖြစ်စေ၊ သစ်ငုတ် သစ်ပင်စသည်နှင့် တွဲချည်ထားသောညောင်စောင်း၊ အင်းပျဉ်စသည်္ပဖြစ်စေ ဆက်ကပ်ရန်ပစ္စည်းကို တင်၍ ကပ်လျှင် အကပ်မမြောက်။ သစ်ပင်ဖြစ် (ပေါက်) နေ၍ မခူး ရသေးသော ပဒုမ္မာကြာရွက်၊ ပေါက်ရွက်၊ အင်ဖက် စသည်္ပ ထည့်၍ ကပ်လျှင်လည်း အကပ်မမြောက်။ ဆက်ကပ်မည့် ပစ္စည်းကို ဆောင်ယူ၍ မရနိုင်လောက်အောင် သေးငယ်သော မန်ကျည်းရွက်၊ သျှားရွက် စသည် ထည့်၍ ကပ်လျှင် အကပ်မမြောက်။ အားအလယ် အလတ်ရှိသော ]]ထာမမဇ္ဈိမ}} ယောက်ျား မမြှောက်နိုင်လောက်အောင် ကြီးသောစားပွဲခုံကြီး ပေါ် ခဲဖွယ် ဘောဇဉ်တို့ကို တင်၍ ကပ်လျှင် အကပ်မမြောက်။ ထမင်း ဟင်း ပါသော ထမင်းအိုးကြီး၊ ဟင်းအိုးကြီးစသည်ကို လူအများ ၀ိုင်းမ၍ ကပ်လျှင် အကပ်မမြောက်။
အကပ်ပျက်ခြင်းအင်္ဂါ (၆) ပါး
အကပ်ခံပြီးသော ပစ္စည်းများသည်အောက်ပါ အကြောင်း တစ်ပါးပါးကြောင့် အကပ်ပျက်၏။ သုံးဆောင်လိုလျှင် ထပ်မံ အကပ်ခံရ၏။
၁။ သိက္ခာချ (လူထွက်) ခြင်း၊
၂။ သူခိုးဓားပြတို့ အနိုင်အထက် လုယူခြင်း၊
၃။ သေ (ပျံလွန်) ခြင်း၊
၎။ ရဟန်းယောက်ျားအဖြစ်မှ ရဟန်းမိန်မအဖြစ် ပြောင်းလဲ သွားခြင်း၊
၅။ (အစွန့်ခံ ပုဂ္ဂိုလ် ထင်ရှားမရှိဘဲ မိမိဘာသာ မစားတော့ပြီ၊ တော်ပြီတန်ပြီဟု ဆုံးဖြတ်ကာ) ကိုယ်အင်္ဂါ၊ စိတ် နှစ်ပါးလုံးဖြင့် ဖြစ်စေ၊ စိတ်သက်သက်ဖြင့်ဖြစ်စေ စွန့်လွှတ်ခြင်း။
၆။ လူ သာမဏေ စသည်တို့အား စိတ်အာလယပြတ် ပေးစွန့်ခြင်း
စသဖြင့် အကပ်ပျက်ခြင်းအင်္ဂါ ခြောက်ပါးရှိ၏။
မကပ်ဘဲအပ်သောဝတ္ထုများ
နွားလှည်း၊ မြင်းရထား၊ ကား စသည်တို့ သွားသောအခါ ထသောဖုန် မြူမှုန့်မပါ၊ စင်ကြယ်သော ရေကို အကပ်မခံဘဲ သောက်ကောင်း၏။
ဖျော်ရည်၊ သားငါးအရည်၊ ထမင်းရည် စသည်တို့နှင့် မရောမနှော စင်ကြယ်သန့်ရှင်းသော ရေကို မကပ်ဘဲ သောက်ကောင်း ၏။ ရွံ့၊ ညွန် စသည်တို့နှင့် ရောနေသော ရေဖြစ်လျှင် ဓမကရိုဏ် (ရေစစ်) ဖြင့် စစ်ပြီးမှ သောက်ရ၏။
သွားချေးသည် သွားနှင့်ကပ်ငြိနေစဉ် စားလိုက အကပ်မခံဘဲ စားကောင်း၏။ မတော်တဆ ၀မ်းတွင်းသို့ ရောက်သွားသော်လည်း အပြစ်မရှိ၊ သွားတိုက်တံ၊ ဒန်ပူစသည်တို့ဖြင့် ခြစ်မိ၍ သွားမှလွတ်လျှင် အကပ်ခံပြီးမှ စားကောင်း၏။
နှပ် (နှာရည်) သည် နှာခေါင်းအတွင်း ကပ်ငြိနေစဉ် နှာခေါင်းမှ တွဲလျားကျ၍ အောက်သို့ ပြတ်မကျသေးမီ စားလိုက အကပ်မခံဘဲ စားကောင်း၏။ နှာခေါင်းမှအောက်သို့ပြတ်ကျသွားလျှင် အကပ်ခံပြီးမှ စားကောင်း၏။ မျက်ချေး၊ နားချေး (နဖာချေ၊ ကိုယ်ပေါ်ချွေးထွက်၍ ပေါက်သော ဆား၊ မျက်ရည်၊ တံတွေး၊ သလိပ်၊ ကျင်ငယ်။ ကျင်ကြီးတို့လည်း အလားတူပင် ဖြစ်ကြသည်။ ကိုယ်အင်္ဂါ ကပ်ငြိနေစဉ် ကိုယ်အင်္ဂါမှ တွဲလျားကျသော်လည်း ဉပတ်ပြတ်မကျသေးမီဖြစ်လျှင် အကပ်မခံဘဲ သုံးစွဲကောင်း၏။
ဟတ္ထပါသ်တိုင်းနည်း
ဤသိက္ခာပုဒ် အကပ်ခံခြင်းနှင့်စပ်၍ ]]ဟတ္ထပါသ်အတွင်း ရောက်ရမည်}}ဟု ပါရှိသဖြင့် ဟတ္ထပါသ်တိုင်းနည်းကို နားလည်ရန်လိုအပ်၏။ နှစ်တောင့်ထွာ ဟတ္ထပါသ်တိုင်းရာ ရှေ့ကလာ၍ကပ်ရာ ရဟန်းက ထိုင်နေလျှင် တင်ပါး၏ နောက်ဘက်အစွန်းဖြင့်၊
ရပ်နေလျှင် ဖနောင့်စွန်းဖြင့်၊
စောင်းလျက် လှဲနေလျှင် စောင်းသော နံပါးအပြင်ဘက် အစွန်းဖြင့်၊ ၀မ်းလျားမှောက်၍နေရာ ဦးခေါင်းနား လာ၍ ကပ်ရာ ဦးခေါင်းစွန်း၏ အဦးဆုံးဖြစ်သော လည်ပင်းဖြင့်
ဤသို့လျှင် လှမ်းယူသော လက်မှတစ်ပါး အဦးဆုံးကိုယ်အင်္ဂါ ၏နောက်ဘက်စွန်းဖြင့်တိုင်းရမည်။
ကပ်သူအတွက်တည်း လှမ်း၍ ပေးသောလက်မှတစ်ပါး အခြားသော အဦးဆုံးအင်္ဂါ၏ ဤဘက်အစွန်းဖြင့် တိုင်းတာရမည်။
အခုတိုတိုရှင်းရှင်း ဖြေသင့်တာက
သံသရာ ကနေ လွတ်ဖို့ အတွက် ဘာ့ကြောင့် ရဟန်း ၀တ်ဖို့ လိုအပ်ပါသလဲ
လူဝတ်အဖြစ်နဲ့လည်း သံသရာ က လွတ်ရာ လွတ်ကြောင်းကို ကျင့်ကြံနိုင်ပါသလား ဆိုတဲ့ မေးခွန်းပါ။
ဒါကိုတော့ မိလိန္ဒပညာကပဲ ကျမ်းကိုးချင်ပါတယ်။ ပိဋကတ်တော်တွေမှာ တွေ့ပေမယ့် သေသေချာချာမရှာနိုင်လို့ သွယ်ဝိုက်နေတာတွေပဲ တွေ့နေရပါတယ်။ ဒီမိလိန္ဒပညာမှာကတော့ ဒီမေးခွန်းကိုတိတိကျကျပါပဲ။
၃-ဂိဟိပဗ္ဗဇိတသမ္မာပဋိပတ္တိပဥှာ (လူနဲ့ ရဟန်းကောင်းစွာကျင့်ခြင်း ပြဿနာ)
ဒီမှာပြောကြမေးကြတာလဲ ဒီမေးခွန်းတွေပါပဲ ။
မင်းကြီး ။ အရှင်ဘုရားနာဂသေန ရဟန်းတို့ လူသော် ၄င်း၊ရဟန်းသော်၎င်း ကောင်းစွာကျင့်ခြင်းကိုငါဘုရားချီးမွမ်း၏။လူသော် ၄င်း၊ရဟန်းသော်၎င်း ကောင်းစွာကျင့်ခြင်းကြောင့် မဂ်ကုသိုလ်တရားကို ပြီးစီးစေနိုင်၏။ဤစကားကို မြတ်စွာဘုရားဟောတော်မူ၏။လူသည်အ၀တ်ဝတ်၊ပန်းနံ့သာ ဆောင်၊ေ၇ွှငွေသာယာ၊ ပတ္တမြားနားတောင်းစသည်တန်ဆာဆင် ကာမဂုဏ်ခံစား၊ သားမယားနဲ့ အိမ်မှာနေ ပေမယ့် ကောင်းစွာကျင့်ရင် မဂ်ကုသိုလ်ကို ပြီးစီးစေမယ် ဆိုရင်၊ ရဟန်းတွေမှာ ဖန်ရည်ဆိုးဝတ်၊ဦးခေါင်းတုံး ၊ သူတပါးဆီဆွမ်းခံစား၊ သီလ(၄)ပါး ၊ သိက္ခာပုဒ် ၂၂၇ သွယ်၊ဓူတင် (၁၃)ပါး စသည်တွေ ဆောက်တည်နေရတယ်။ လူနဲ့ ရဟန်း မဂ်ရနိုင်တာခြင်းတူတူ ဘာထူးလဲ ။ အကျင့်သီလတွေ ဆောက်တည်နေရတာ အလကားအကျိုးမရှိဖြစ်နေပြီ၊ သိက္ခာပုဒ် ၂၂၇ သွယ်ဆောက်တည်ရခြင်းကလဲ မြုံနေပြီ၊ဓူတင်ဆောက်တည်ခြင်းလဲ အချည်းနှီးဖြစ်ပြီနည်း ။ ရဟန်းအဖြစ် ဆင်းဆင်းရဲရဲ ကျင့်သုံးရခြင်း အကျိုးကား အဘယ်နည်း။ ကာမ(ချမ်းသာ)ဖြင့်သာလျှင် နိဗ္ဗာန်ရောက်နိုင်မည် မဟုတ်ပါလော။
အရှင်နာဂသေန၏အဖြေ။ မင်းကြီး ဘုရားရှင် ဟောတော်မူသည်မှာ ဒီအတိုင်းမှန်ပေ၏။ ကောင်းစွာကျင့်သောသူသည်သာမြတ်၏။ ရဟန်းပြုသူသည်လဲ ကောင်းစွာမကျင့်ပါက ရဟန်းအဖြစ်မှ ဝေးသည်သာတည်း။မြတ်သောအဖြစ်မှ ဝေးသည်သာတည်း။ လူဖြစ်ဖြစ်၊ ရဟန်းဖြစ်ဖြစ် ကောင်းစွာကျင့်မှသာ မဂ်ကုသိုလ်တရားကို ပြီးစေမည်။
မင်းကြီး ရဟန်းဖြစ်မှသာလျှင် ရဟန်းအဖြစ်ကို ကြီးမှူး၏၊အစိုးရ၏။ ရဟန်းအဖြစ်မှာ များသော ဂုဏ်ရှိ၏။မနှိုင်းယှဉ်နိုင်သောဂုဏ်ရှိ၏။ ဥပမာအားဖြင့် အလိုဆန္ဒဟူသမျှကို ပေးစေနိုင်သော ပတ္တမြားကို ဤပတ္တမြားရတနာ၏ တန်ဖိုးသည် ဤမျှလောက်တည်းဟု မနှိုင်းယှဉ်နိုင်။
မဟာသမုဒ္ဒရာ တွင် လှိုင်းတံပိုး ဒီလောက်ရှိတယ်လို့ ပြမရသလိုပင် များသော ဂုဏ်ရှိသေး၏။
ရဟန်းသည် ပြုဖွယ်ကိစ္စတစုံတရာ ရှိပါက လျှင်မြန်စွာ ပြီးပြည့်စုံ၏။ ရဟန်းဆိုတာ အလိုနည်းတယ်၊ရောင့်ရဲလွယ်တယ်။ကာမမှ ကင်းဆိတ်တယ်။ကာမနဲ့ မရောနှော ။မြဲမြံသော ၀ီ၇ိယ ရှိ၏။ငြိကပ်မှုမှ ကင်းလွတ်၏။တပ်မက်မှု တဏှာဟူသော အိမ်မရှိ ၊ ပြည့်စုံသော သီလ ရှိ၏။ခေါင်းပါးသော အကျင့်ရှိ၏။ ဓူတင်အကျင့်မှာ လိမ္မာ၏။ ထိုသို့သော အကြောင်းများကြောင့် ရဟန်းတွင် ပြုဖွယ်ကိစ္စတစုံတရာရှိငြားအံ့ ။ ပြုဖွယ်အားလုံးသည် လျှင်မြန်စွာ ပြီးစီး၏။ အဖုအထစ်ကင်းလျှက် ကောင်းစွာဖြောင့်မတ် အောင်ပွတ်တိုက်ထားသောမြားသည် ကောင်းစွာလိုရာရောက်သလိုတည်း။
ထို့ကြောင့် မဂ်တရားတွင်လည်းလူထက်ပိုပြီး လျှင်မြန်စွာ၇နိုင်သောကြောင့် ရဟန်းဝတ်ပြီး အားထုတ်ကြရသည်။
ချမ်းသာကြပါစေ
နေလင်း