စာလေး တစ်စောင်
ဝင်းဦး
“တစ်ဦးတစ်ယောက်ကို သူ့အကြောင်း အတွင်းကျကျ မသိဘဲနဲ့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက် ချတတ်တာဟာ သူသတ်သမား စိတ်မျိုးပါပဲ။ တစ်ပါးသူကို မိမိရဲ့ စွပ်စွဲမှုကြောင့် ရှင်ရက်နဲ့ သေစေသလို အချိန်တန်လို့ အမြင်မှန် ရလာတဲ့ အခါမှာလည်း မိမိကိုယ်တိုင် နောင်တကြောင့် ရှင်ရက်နဲ့ သေကြရတတ်တယ်” တဲ့။
သူငယ်ချင်းဝင်းဦး
သီတင်းကျွတ် ပွဲတော်ရက် တစ်ညက ပန်းဆိုးတန်း ကမ်းနားဆိပ်မှာ မင်းနဲ့ငါ တွေ့ဆုံကြပြီးတဲ့နောက် ဒီစာကို ငါရေးချင်တဲ့ စိတ်ပေါက်ခဲ့တာပဲ။ ပြီးတော့ မင်းပြောတဲ့ စကားတစ်ခွန်းကိုလည်း ငါ့ခေါင်းထဲမှာ
ခုထက်ထိ သံမှိုနှက်သလို စွဲစွဲမြဲမြဲ ကိန်းအောင်းနေတော့ ကိုယ့်အကြောင်း မကောင်းခဲ့တာကို မင်းလို စာရေးဆရာ တစ်ယောက်ဆီ ရေးပါတော့မယ်လို့ စိတ်သွားရာ လက်ပါမိတော့တာပဲကွာ။ မင်းကတော့ စကား တစ်ခွန်း ပြောပြီးရင် မေ့မေ့ပျောက်ပျောက် ထားတတ်တဲ့သူမို့ ဟိုတစ်နေ့ည ကမ်းနားဆိပ်က ဗန်ဒါပင်ကလေး အောက်မှာ ရှောင်တခင် ပြောခဲ့တဲ့ မင်းရဲ့ စကားလှလှကလေးကို ပြန်မှတ်မိချင်မှ မှတ်မိတော့မယ်။ ဘာတဲ့။
“လူတစ်ဦး တစ်ယောက်ကို သူ့အကြောင်း အတွင်းကျကျ မသိဘဲနဲ့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက် ချတတ်တာဟာ သူသတ်သမား စိတ်မျိုးပါပဲ။ တစ်ပါးသူကို မိမိရဲ့ စွပ်စွဲမှုကြောင့် ရှင်ရက်နဲ့ သေစေသလို အချိန်တန်လို့ အမြင်မှန် ရလာတဲ့အခါမှာလည်း မိမိကိုယ်တိုင် နောင်တကြောင့် ရှင်ရက်နဲ့ သေကြရတတ်တယ်” တဲ့။
ဟုတ်ပလား ၀င်းဦး။ မှတ်မိပလား။ မင်းစကားဟာ ရုတ်တရက်တော့ ဝေ့လည်ကြောင်ပတ် ကတ်သီးကတ်သတ်ကြီးလို့ ထင်စရာ ရှိတယ်။ ပတ်ဝန်းကျင် လှိုင်းတံပိုးဒဏ် မခံနိုင်လို့ ငိုကြွေးခြင်းလို့လည်း တယူသန်သမားတွေအတွက် ထင်စရာ အကြောင်း ရှိတယ်။ မင်းဘ၀ကို ငါ သိပါတယ် ၀င်းဦး။ မင်းရဲ့ အတွင်းစိတ်ကိုလည်း ငါသိတာပဲ။ မင်းဟာ ပတ်ဝန်းကျင်ကို ကြောက်တဲ့ ကောင်စားမျိုး မဟုတ်ပါဘူး။ လက်ညှိုး ထိုးခံရမှာကို ကြောက်တဲ့ ကောင်စားမျိုး မဟုတ်ပါဘူး။ ကိုယ်လုပ်ချင်ရာ လုပ်နေရရင် တစ်လောကလုံးက မင်းကို ပြစ်တင်ကဲ့ရဲ့ ပြောကြဦး။ ပြုံးပြုံး နေတတ်တဲ့ ကောင်ဆိုတာ ငါသိတယ်။ မင်း အဲသလို နေတတ်လွန်းလို့လည်း မင်းနဲ့ငါ စစ်ထဲမှာ အတူတူ နေကြတုန်းက ဘ၀ကို ရေစီးကြောင်းအတိုင်း တစ်ခါတလေ မျှောလိုက်ရတယ်လို့ ငါ မကြာမကြာ ဆုံးမခဲ့တာကို မင်းမှတ်မိမှာပေါ့။ အေးလေ... လူတစ်ဦးနဲ့ တစ်ဦး စရိုက်ချင်း တူနိုင်တာမှ မဟုတ်ဘဲ။ တဇွတ်ထိုးသမား မင်းကို ငါ ဘယ်တော့မှ တရားချလို့ ရမှာ မဟုတ်ပါဘူး။ အဲ... မင်းကတော့ တဇွတ်ထိုးသမား။ ငါကတော့ မင်းသိတဲ့အတိုင်း အရာရာမှာ ဇယားချပြီး တိတိကျကျ စည်းစနစ်ကောင်းကောင်းနဲ့ နေလာခဲ့တဲ့လူ။ ဘ၀မှာ ငါလိုချင်တာက တော်တဲ့ခြင်း၊ မှန်ကန်ခြင်း၊ သစ္စာရှိခြင်း၊ သမာသမတ်ဖြစ်ခြင်း၊ တရားမျှတခြင်း... အို... စုံလို့ပေါ့ကွာ။ လောကနီတိထဲက ကောင်းသမျှ အကုန်ဖြစ်ရမယ်ဆိုပြီး ပညာရှိကြီးများ ဆုံးမကြသမျှ မဖြစ်ဖြစ်အောင် လိုက်နာ ကျင့်သုံးဖို့ ရည်သန်ထားတဲ့လူ။
အေး... အဲသလို ဆီနဲ့ ရေလို ကွာခြားတဲ့ မင်းနဲ့ငါ နှစ်ယောက် ညီရင်း အစ်ကိုလို ခင်ခဲ့ကြတာလည်း တော်တော်ဆန်းသား။ တနည်းအားဖြင့်တော့ ငြိမ်းချမ်းစွာ အတူ နေနိုင်ကြဖို့ ဆိုပါတော့ကွာ။ မင်းကြိုက်တာကို ငါမကန့်ကွက်၊ ငါကြိုက်တာကိုလည်း မင်းက မကန့်ကွက်ဘဲ ကိုယ့်စရိုက်နဲ့ကိုယ် နေနိုင်လာခဲ့ကြလို့ပဲ ကိုး။ ဒါကြောင့်မို့လည်း မင်း စစ်ထဲက ထွက်တာကိုလည်း ငါ ဘာမှ မပြော၊ မထင်ဘဲ ဗြုန်းဒိုင်းနဲ့ စာရေးဆရာ လုပ်တော့လည်း ငါဘာမှ မဝေဖန်ဘဲ နေခဲ့တာပေါ့။ ဒီနောက်တော့ မင်းနဲ့ငါ အဆက်ပြတ်သွားခဲ့ကြတယ်လေ။ ဟော... ကြာကြီးကြာမှ ပြီးခဲ့တဲ့ သီတင်းကျွတ် လပြည့်ညက တစ်ခါ ပြန်ဆုံကြရတယ်။ တစ်ကိုယ်တည်းသမား မင်းကို တစ်ကိုယ်တည်းပဲ ငါတွေ့ရတယ်။ “လူတွေကို ကျွန်တော် ရှောင်ချင်တယ်။ သူတို့ကို မုန်းလို့လည်း မဟုတ်ဘူး။ လူဟာ လူကို မုန်းစရာ မရှိပါဘူး။ ကျွန်တော်ဟာ စိတ်ကူးသမားတစ်ယောက် မဟုတ်လား။ အားရင် ၀တ္ထုကြောင်း ကလေးဖြစ်ဖြစ်တော့ စိတ်ကူးနေချင်တယ် မဟုတ်လား။ ဒါကြောင့်မို့ လူတွေနဲ့ ဝေးရာကို ထွက်ပြေးနေတတ်တာပါ”လို့ မင်းက ပြောတယ်။
မင်းအသက်ကြီးလာပြီပဲ ၀င်းဦး။ ပြီးတော့ မင်းက ငါ့ကို “နေပါဦး။ ကိုမြတ်နိုင်ကြီး၊ ခင်ဗျားကော ကျွန်တော့်လို ကြိုက်မယ့်သူ မရှိတဲ့ လူပျိုကြီးပဲလား”လို့ မေးတယ်။ တို့တစ်တွေ စစ်ထဲတုန်းက “ချိန်ပါ”အဖွဲ့ ဖွဲ့ထားခဲ့ဖူးတာကို ငါ့မှာ တွေးပြီး ပြုံးခဲ့ရတယ်။ မင်းတို့ ငါတို့ ချိန်လိုက်တဲ့ အမျိုးသမီးတွေ မှန်သမျှ သူများနောက် ပါပါ သွားလွန်းလို့လေကွာ။
ငါက “ဒါပေါ့ကွာ။ ကံမပေးတုန်းဆိုတော့ အထန်ကျီး၊ အထီးကျန်ပေါ့” လို့ ပြောခဲ့တယ်လေ။ ထူးထူးဆန်းဆန်း၊ မင်းက ဘာမှ ဒီအကြောင်းနဲ့ ပတ်သက်လို့ ရှေ့မဆက်တော့ဘဲ ငြိမ်သွားခဲ့တာ ငါ သတိထားမိလိုက်တယ်။ ငါ့စိတ်ထဲကတောင် ဒီကောင်ကြီး ချစ်ဝေဒနာ ခံစားနေရပြန်ပါလားလို့ ဇဝေဇ၀ါ ဖြစ်လိုက်သေးတယ်။ ဒါပေမယ့် မင်းရုပ် ကြည့်ရတော့လည်း လန်းလန်းဆန်းဆန်းပဲမို့ မဟုတ်တဲ့ အတွေးကလေးကို ဖျောက်ပစ်လိုက်ရတယ်။ ပြီးတော့ တစ်ခါမင်းက “ဟိုမှာ ကြည့်စမ်း ကိုမြတ်နိုင်၊ ငနဲကလေးတစ်ယောက်၊ တံတားလက်ရမ်းပေါ်မှာ ထိုင်နေတာ အကြာကြီးပဲ။ ဆံပင်ကလေး စုတ်ဖွားနဲ့ ပုံပန်းကလည်း မှိုင်တိမှိုင်တိုင်ရယ်။ ရေထဲခုန်ချသေမလားလို့ ထင်ရတယ်။ ခင်ဗျားအနေနဲ့ ဘယ်လို ယူဆသလဲ” လို့ ရယ်စရာ ဖြတ်ပြောလိုက်တယ်။ ငါလည်း မင်းညွှန်ပြရာကို ကြည့်လိုက်ပြီး “ကြံကြံဖန်ဖန်ကွာ။ လူပုံပန်းကို ကြည့်ပြီး သူ့မှာ ဘာဖြစ်နေတယ်ဆိုတာကို ဘယ်သိနိုင်ပါ့မလဲ။ သူ့မှာ ဘယ်လို စိတ်မျိုး ရှိတယ်ဆိုတာကို မသိဘဲနဲ့လည်း ငါ သူ ဘာလုပ်တော့မယ် ဆိုတာကို ပြောလို့ ဘယ်ရမလဲ”လို့ ပြောလိုက်မိတယ်။
မင်းက ငါ့စကားကြောင့် ငါ့ကို တော်တော် အံ့သြသွားပုံရတယ်။ အရင်တုန်းကဆိုရင် ငါ ဟိုကောင်လေးပုံ ကြည့်ပြီး “အလကားကလေးပါကွာ။ လမ်းသရဲကလေးနဲ့ တူပါရဲ့” လို့ ပြောလိုက်မိမှာပဲ။ အဲသလို ပြောလေ့ ရှိတာကို မင်းသိတယ်လေ။ လူတစ်ရာမှာ ၇၅ ယောက်လောက်ကတော့ ဒီလိုပဲ တစ်ဖက်သားကို လွယ်လွယ်ကူကူ ဆုံးဖြတ်ချက်ချတတ်တာပဲ မဟုတ်လား။ ခုတော့ ငါ ဒီလို မဟုတ်တော့ဘူး ၀င်းဦး။ ဒီလိုလည်း လူတစ်ဖက်သားကို လျှပ်တစ်ပြက်အတွင်းမှာ မကဲ့ရဲ့ဝံ့တော့ဘူး။ အထင်မသေးဝံ့တော့ဘူး။ ကိုယ်တွေ့ကြုံခဲ့ပြီကော ၀င်းဦးရေ။ ကိုယ်တွေ့ကြုံခဲ့ပြီကော။
ဒါကြောင့် မင်းကတောင် “ကိုမြတ်နိုင်ကြီး အရင်နဲ့ မတူတော့ဘူး။ အေးလေဗျာ... ဘယ်အရာမျိုးမဆို တသမတ်တည်း တည်တံ့နေတာမှ မရှိဘဲ။ ပြောင်းလဲတာကလည်း ရှိမှာပေါ့”လို့ သံဝေဂသံနဲ့ ပြောသေးတယ်လေ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူးလို့ ပွဲထဲက လူပြက် ပြောသလို ဖြစ်နေပါတယ်ကွာ။ ဟိုနေ့က မင်းရဲ့ အမူအရာ အနေအကျင့်ကို အကဲခတ်ရတော့ မင်းလည်း ဘ၀ဆိုတာ ဒီလိုပါလားလို့ မြင်လာတဲ့ အရိပ်အယောင်တွေ တွေ့ရတယ်။ ငါပြောတာ မဟုတ်ရင်လည်း ငါ့ကို ခွင့်လွှတ်ပါ။
မင်း အမှတ်မထင် ပြောလိုက်တဲ့ စကားကြောင့် ဒီစာကို ရေးတာ။ ဘာလိုလိုနဲ့ မင်းနဲ့ငါ ဟိမ၀န္တာ ချီးမွမ်းခန်း ဖွင့်နေသလို ဖြစ်နေပြီ။ အဲ... မင်းဆီက ငါပြန်ခဲ့ပြီးတော့ ငါနေတဲ့ တပ်ကို အခါပြီးတဲ့ နေ့မှာပဲ ရောက်ခဲ့တယ်။ ရောက်တော့ ငါ့ဘ၀ဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲပြန်ပြီလို့ တွေ့ရပြန်တယ်။ မင်းကတော့ အတော် နားရှုပ်မှာပဲ ၀င်းဦး။ ငါကလည်း မင်းလို စာရေးဆရာ မဟုတ်တော့ ကပေါက်တိကပေါက်ချာ ဖြစ်မှာပဲ။ သည်းခံပြီးသာ ကြည့် ရှု ဖတ်ပါတော့ သူငယ်ချင်းရာ။
ဒါနဲ့ အချို့လူတွေက မင်းစာရေးရင် ကိုယ့်ကိုယ်ကိုယ် တည်ပြီး ဇာတ်လိုက်နေရာ မှာထားပြီး ဇာတ်အိမ်ဖွဲ့တယ်လို့ ပြောတယ်။ ရှင်းရှင်းပြောရရင် တယ်ပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ဖော်တယ်ပေါ့ကွာ။ ထားတော့... မင်းကပဲ ဟုတ်သည်ထားတော့။ ဒီတစ်ပတ်တော့ မင်း ဇာတ်လိုက် မဖြစ်ပါနဲ့ဦး။ ငါ့ကို ဇာတ်လိုက်ထားပြီး မင်း ရေးပေးဦး။ တကယ် ပြောနေတာပါကွ။ တစ်ခုတော့ ရှိတယ်။ မင်းရေးနေကျလို အသည်းကွဲ သံသရာထဲက ဇာတ်လိုက်မင်းသားတော့ မဟုတ်ဘူး သူငယ်ချင်း။ မြတ်နိုင်ဆိုတဲ့ ဇာတ်လိုက်အမျိုးအစားဟာ ဘယ် အဆင့်အတန်းမှာ ပါတယ်ဆိုတာကိုတော့ မင်းပဲ ဆုံးဖြတ်ပေါ့ကွာ။
ဒီလို သူငယ်ချင်း ဒီလို။
မင်းတို့ ငါတို့ နေရတဲ့ တပ်ရင်း (...) မှာ ငါ အခုထက်ထိ မြဲနေခဲ့ တယ်ဆိုတာတော့ မင်းသိမှာပေါ့။ မင်းနဲ့ ကွဲသွားကြတာ ၆ နှစ်လောက် ရှိလိမ့်မယ် ထင်တယ်။ ငါ အခု တပ်မှာ လူပျိုများ နေတဲ့ ရိပ်သာမှာ မနေဘဲ အိမ်ထောင်သည်တန်းလျားက အခန်းမှာ နေတယ်။ ဒီလိုဆိုတော့ မင်းက “အို့ဟို... နို့... မိန်းမ မရသေးဘူးလည်း ပြောသေးရဲ့။ ဘယ့်နှာလဲ”လို့ မေးချင်မှာပဲ မဟုတ်လား။ အေး... ဒါကြောင့်လည်း ငါက မင်းမေးချင်အောင်၊ သိချင်လာအောင် အပျိုးကလေးတွေ အချီးကလေးတွေနဲ့ ရေးရတာပဲ ၀င်းဦး။
တပ်မှာ ငါ အသက်ဘေးနဲ့ ကင်းဝေးတဲ့ ဌာနမှာ အမှုထမ်း နေတယ်ဆိုရင် မင်းအံ့သြဦးမှာပဲ။ ငါ့လောက် တိုက်ချင် ခိုက်ချင် စွန့်စားချင်တဲ့သူ မရှိဘူးဆိုတာ မင်းသိလေတော့၊ အငြိမ်းစား နေရတဲ့ နေရာမှာ ငါဘယ်တော့မှ မနေဘူး ဆိုတာကို မင်းသိနေတော့ ငါ ဘယ်လိုဖြစ်နေသလဲလို့ မင်း စိတ်ဝင်စားသထက် ၀င်စားလာတော့မှာပဲဆိုတာ ငါ သိပြီးသားပါ။ မင်းက ငါ့ကို နွားရှေ့ ထွန်ကျူးတဲ့ကောင်၊ စာရေးဆရာကို နိဒါန်းတွေ ဘာတွေနဲ့ အဆာချဲ့ပြောတတ်တဲ့ ကောင်လို့ ထင်မှာကိုတော့ ငါစိုးသား၊ အမှန်တော့ ငါ့မှာ ပြောချင်စရာတွေ များလွန်းလို့ ဘယ်က စရမှန်း၊ ဘယ်ဟာကို ဦးစားပေးရမှန်း မသိဖြစ်နေလို့ပါကွာ။ သည်းခံဖတ်ပါ။
မင်း ငါတို့တပ်က ပြောင်းသွားပြီးတဲ့နောက် မင်းနေရာကို တပ်ကြပ်အသစ်တစ်ယောက် ရောက်လာတယ်။ လူငယ်လူရွယ် သန်သန်မာမာ ဖြတ်ဖြတ်လတ်လတ်လည်းဖြစ်၊ ကြံ့ကြံ့ခိုင်ခိုင် ရည်ရည်မွန်မွန်လည်းဖြစ်တော့ ငါ့အဖို့ အားကိုးရာ လက်ရုံးကောင်း ရပြီလို့ ငါထင်ခဲ့တယ်။ ဒါပေမယ့် ငါ့အထင်ဟာ ပါစင်အောင် လွဲတယ် သူငယ်ချင်းရဲ့။ ထွေးကိုဟာ... အဲ... သူ့နာမည် ထွေးကိုလို့ ခေါ်တယ်။ ထွေးကိုဟာ ခိုင်းတဲ့ တာဝန်ကို ကျေကျေပွန်ပွန် လုပ်တော့ လုပ်ပါတယ်။ စည်းကမ်းလည်း အရှိသား။ သူ့မှာ လူပျိုလူရွယ်ဖြစ်ပေမယ့် သောက်သောက်စားစား၊ ဟော့ဟော့ရမ်းရမ်းလည်း မရှိဘူး။
အကျင့်စာရိတ္တ ယိုယွင်းတာရယ်လို့ မတွေ့ရသလောက်ဘဲ။ အပေါင်းအသင်း ရဲဘော်ရဲဘက်များနဲ့လည်း မတည့်မပြု မရှိဘူး။ ဒါပေမယ့် သူငယ်ချင်းရယ် မင်းလည်း ငါ့စိတ်ဓာတ်ကို အသိသား မဟုတ်လား။ ငါဟာ တပ်ကြပ်ကြီး ရာထူးကို စစ်တိုက်လို့ ရလာတာ။ တိုက်ပွဲကို ရဲရဲဝံ့ဝံ့ ထွက်ပြီး ရွပ်ရွပ်ချွံချွံ လုပ်လို့ ရလာတာ။ စစ်မတိုက်တဲ့ စစ်သားကို ငါ အထင်မကြီးနိုင်ဘူး။ အဲဒီတော့ ထွေးကိုလည်း ငါ အထင်မကြီးနိုင်ဘူး။ ဒီလောက်နဲ့ဆို တော်သေးရဲ့။ ငါလေ့လာရသလောက် ထွေးကိုဟာ တိုက်ပွဲခိုက်ပွဲ ထွက်ဖို့ တာဝန်ကျလာတိုင်း အလိမ္မာနဲ့ ရှောင်ပြေးနေတာချည်း တွေ့ရတယ်။ အဲဒီတင် ငါသူ့ကို အလွန်အမင်း ရွံရှာသွားတော့ တာပဲ။ ငါ့တပ်စုမှာလည်း သူ့ကို မထားချင်တာနဲ့ အထက်အရာရှိကို ပြောပြပြီး တခြား တပ်စုကို ပြောင်းခိုင်းလိုက်တယ်။ ထူးဆန်းတာက ထွေးကိုဟာ ငါ သူ့ကို အထင်သေးမှန်း သိတယ်။ ရွံရှာမှန်းလည်း သိတယ်။ ဒါပေမယ် ငါ့ကိုတော့ သူခင်ရှာတယ်။ ရိုလည်း ရိုသေတယ်။ ငါ့ကို ဘုရားလို ကိုးကွယ်တယ် ဆိုပါတော့ကွာ။ ငါ့မှာ အတော် အံ့သြရတယ်။ ဒါပေမယ့် ငါ သူ့ကို သဘောမကျနိုင်တာကတော့ လျော့မသွားခဲ့ဘူး ၀င်းဦး။ငါ သူ့ကို အထင်မှ မကြီးဘဲကိုးကွ။
ဒီမှာ ၀င်းဦး။ ငါဝတ္ထု ရေးတတ်တဲ့သူ မဟုတ်ဘူးနော်။ ငါ ဖွဲ့ဖွဲ့နွဲ့နွဲ့လည်း မရေးတတ်ဘူး။ မင်းလက်ထဲ ရောက်မှ ဖွဲ့ နွဲ့ ရေးပေတော့။ ငါကတော့ တကယ်ဖြစ်ခဲ့တဲ့ အကြောင်းတွေကို ဇယ်ဆက်သလို ရေးသွား ပြောသွားမှာ။ ထွေးကိုဟာ ငါ့လက်အောက်မှာ မဟုတ်ဘဲ တခြားတပ်စုမှာမို့ ငါနဲ့ဟာ အလုပ်ချင်း တိုက်ရိုက် မလုပ်ရတော့ ငါလည်း သိပ်ပြီး စိတ်မညစ်ရတော့ဘူးပေါ့။ စိတ်ညစ်ရတယ်ဆိုတာက ဒီလိုပါ။ ငါက တိုက်ပွဲ ထွက်ခိုင်းမယ်။ သူက ဟို ရမယ်ရှာ ဒီ ရမယ်ရှာ လုပ်ပြီး နောက်ချန်နေရစ်မယ်။ ငါ ဒေါပွမိမယ်။ ပြောမိ ဆိုမိမယ်။ ကြာတော့ ငါပဲ စိတ်ညစ်ရမှာမို့ပါ။
ဒါပေမယ့် ၀င်းဦး... မပတ်သက်ချင်မှ စပ်ဆက်လာရတတ်တယ်။ မတွေ့ချင်မှ တွေ့မြင်နေရတယ် ဆိုသလိုပဲ။ တစ်နေ့တော့ ထွေးကိုနဲ့ ငါ ဆုံစည်းဖို့ ဖြစ်လာတော့တယ်။ အဖြစ်ကတော့ မဆန်းပါဘူးကွာ။ သူ့တပ်စုက တပ်ကြပ်ကြီး ဗိုက်အူအတက်ပေါက်လို့ ဆိုပြီး ဆေးရုံ တက်ရတယ်။ အဲဒီတော့ ငါလည်း သူ့တပ်စုပါ ရောပြီး ကိုင်ရတော့တယ်။ ထွေးကိုဟာလည်း ငါ့လက်အောက် ပြန်ရောက်ပြန်တော့တယ်။ ငါက ထွေးကိုကို ထန်ထန် ဆက်ဆံပေမယ့် ထွေးကိုကတော့ ငါ့ကို မှန်မှန်ပါပဲ။ သူ့ဓလေ့အတိုင်း ရိုရိုသေသေ လေးလေးစားစား ဆက်ဆံတယ်။ တခြား ရဲဘော်တွေကတောင် ငါ ထွေးကိုကို မလိုလား ခါးသီးနေတာကို စိတ်မကောင်းဖြစ်ကြသေးတယ်။ ဒါပေမယ့် ငါကတော့ ငါ့မူနဲ့ငါဆိုတော့ စစ်မတိုက်ရဲတဲ့ ထွေးကိုကို မျက်နှာသာ မပေးချင်ဘူးပေါ့ကွာ။
တိုတိုပဲ ပြောကြပါစို့ရဲ့။
အဲသလို တပ်စုနှစ်စုစလုံးကို ခွကိုင်နေရတဲ့ အခါမှာမှ ရိုးမတောင်က သောင်းကျန်းသူတွေကို ရှင်းဖို့ တာဝန်ဟာ မမျှော်လင့်ဘဲ ကျရောက်လာတော့တယ်။ တို့တစ်တွေလည်း ထုံးစံအတိုင်း ခရီးထွက်ဖို့ ပြင်ဆင်ကြရတော့တာပေါ့ကွာ။ ငါလည်း လူစားမရဘဲ ဖြစ်နေတော့ အလုပ်နှစ်ဆတိုးပြီး ဂျင်ဂျင်ကို လည်နေတော့တာပေါ့”
“ဆရာကြီး ကိုထွေးကို နေမကောင်းလို့ ဆေးရုံတက်ချင်တယ်လို့ ပြောတယ်”
အလုပ်များတုန်း အဲဒီစကားကို ကြား ရတော့ ငါ့စိတ်ဟာ ထောင်းကနဲ ဖြစ်သွားတော့တယ်။ ဒါကြောင့် ချက်ချင်းပဲ ငါ့တပ်စုနှစ်စုက လူအားလုံးကို တန်းစီစေပြီး ဆုံးမစကားကို လေရှည်ကြီး ပြောပစ်လိုက်မိတယ်။ ဆုံးမစကားသာ ဆိုပါတယ်ကွာ။ ဆူပူကြိမ်းမောင်းတာပဲပေါ့။ ဒါကတော့ ငါ့ဝသီပါ။ စစ်သားဟာ စစ်မတိုက်ဝံ့ဘူးဆိုရင် အတော် ရှက်ဖို့ ကောင်းတဲ့အကြောင်း ငါ ပစ်ပစ်နှစ်နှစ်ကြီး ပြောလိုက်မိတယ်။ ငါ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောတယ်ဆိုတာ အားလုံး သိကြပါတယ်။ ကာယကံရှင် “ထွေးကို”က ပိုပြီး သိသပေါ့ကွာ။
ထွေးကိုဟာ ငါ့ပြောစကားကြောင့် အတော်ရှက်သွားတယ် ထင်ပါရဲ့။ မျက်နှာကြီး နီနေတာကို တွေ့ရတယ်။ တော်တော်လည်း စိတ်ထိခိုက်သွားဟန်တူပါရဲ့။ အဲဒီနေ့ ညနေမှာ သူငါ့ဆီလာပြီး သူ ဆေးရုံ မတက်ချင်တော့ကြောင်း၊ သူ့ကို ဆရာဝန်က မတားမြစ်အောင် ဆောင်ရွက်ပေးဖို့ လာပြောတယ်။ ငါကလည်း ဒါ ငါ့ကိစ္စ မဟုတ်ဘူးလို့ ပြောလိုက်တယ်။
တို့လည်း တိုက်ပွဲ ထွက်ခဲ့ကြရော ဆိုပါတော့ကွာ။ ရိုးမတောင်ခြေစခန်း ရောက်လို့ နှစ်ရက်လောက်လည်း ကြာရော။ နောက်ပိုင်းက ထွေးကိုတစ်ယောက် လိုက်လာပြီး ငါ့ဆီ ရောက်ရှိကြောင်း သတင်းပို့တော့တယ်။
“မင်း ငါ့ကြောင့် စစ်မတိုက်ချင်ဘဲနဲ့ တိုက်ရတယ်လို့တော့ မဖြစ်စေနဲ့။ မင်း စိတ်က မပါရင်ပြန်”
ငါက စေတနာနဲ့ အဲသလို ပြောလိုက်ပါသေးတယ်။ ဒါပေမယ့် သူငယ်ချင်း။ အပြောမတတ်တော့ ငါ့စေတနာဟာ ဝေဒနာဖြစ်ရပေတယ်။
ထွေးကိုဟာ ငါ့စကားကြောင့် မျက်နှာအပျက်ပျက်ဖြစ်ရာက“ကျွန်တော် ဆုံးဖြတ်ပြီးသားပါဆရာ”လို့ ဖြေတယ်။
အင်း... သူ့ဆုံးဖြတ်ချက်ဟာ ငါ့ပယောဂနဲ့ သူ့ကို သေရွာ ပို့လိုက်တာပါပဲကွာ။ ထွေးကိုဟာ စစ်သားတစ်ယောက်အနေနဲ့ စစ်မြေပြင်မှာ သေသွားရှာပါတယ်။ ငါဆိုလိုတဲ့ အဓိပ္ပာယ်ကို မင်း ငုံမိပါလိမ့်မယ် ၀င်းဦး။ စစ်သားတစ်ယောက်အနေနဲ့ သေတယ်ဆိုတာက သတ္တိပြရင်း သေတာကို ပြောတာပါ။
ထွေးကိုဟာ ရန်သူ့စခန်းတစ်ခုကို တက်သိမ်းရင်း ကျည်သင့်လို့ သေရတယ်။ သေခါနီးမှာ ထွေးကိုဟာ ငါ့ကို တွေ့ခွင့်တောင်းပြီး မှာစရာရှိတာကလေး တွေကို မှာသွားတယ်။ လူတွေ သေတာကို ငါအမျိုးမျိုး ကြုံခဲ့ဖူးပါတယ် သူငယ်ချင်း။ များသောအားဖြင့်တော့ သနားစဖွယ် မျက်ရည်သွယ်သွယ်နဲ့ မှာသွားတတ်တာတွေ များတာပဲ။ ထွေးကိုကျတော့ ဒီလို မဟုတ်ဘူး။ ဘာမှ ထူးထူးထွေထွေ မမှာရှာပါဘူး။ ငါ့ကို တွေ့ပြီး သူ့မှာ ငွေဘယ်လောက် စုဆောင်းပြီး ရှိကြောင်း၊ အဲဒီငွေများနဲ့အတူ သူ့အတွက် တပ်မတော်က ပေးမယ့် သက်စွန့်ဆုကြေးပါ နှစ်ရပ်ပေါင်းပြီး သူ့မိခင်ကြီးကို ငါကိုယ်တိုင် သွားပေးဖို့ ရိုးရိုးပဲ မှာသွားတာပါပဲ။ ငါ့မှာ အတော် ထူးဆန်းမိတယ်။ ငါ့ကိုမှ ဒီတာဝန်ကို ဘာဖြစ်လို့ ပေးသွားရသလဲလို့ အံ့သြမိတယ်။ ဒါပေမယ့် ငါ သူသေခါနီးမှာ မှာသွားချက်အတိုင်း ဆောင်ရွက်လိုက်ပါတယ်။
သူငယ်ချင်း ၀င်းဦး၊ ငါဟာ စာရေးကောင်းတဲ့သူတစ်ယောက် မဟုတ်ပါဘူး။ တခြားသူတွေ မျက်ရည်ကျလောက်အောင်လည်း ကရုဏာ ရသပေါ်အောင် မရေးနိုင်ပါဘူး။ ဒါပေမယ့် သူငယ်ချင်းရယ်၊ ငါလေ... ဒီစာကို ရေးရင်း မျက်ရည်လည်မိပါတယ်ကွာ။
ဆက်သာ ဖတ်တော့ သူငယ်ချင်းရေ။
ငါလေ... ထွေးကို ပေးခဲ့တဲ့ လိပ်စာ အတိုင်း လိပ်စာထဲက ရွာကို လိုက်သွားခဲ့တယ်။ ထူးထူးဆန်းဆန်း ထွေးကိုဟာ သူ့အမေရဲ့ လိပ်စာကို ရွာဦးဘုန်းကြီးကျောင်းက တစ်ဆင့် ပေးထားလို့ ငါလည်း ဘုန်းကြီးကျောင်းကို တိုက်ရိုက်ပဲ သွားရတယ်။
“တပ်ကြပ်ကလေး ထွေးကိုရဲ့ မိခင် ဒေါ်ဖွားရှင် ဒီမှာ ရှိပါသလား”
ငါက အဲဒီလိုမေးတော့ ကပ္ပိယကြီးက ငါ့ကို ကြောင်ကြည့်နေတယ်။ ပြီးမှ “တွေ့ချင်လို့လား” လို့ ပြူးကြောင်ကြောင်နဲ့မေးတော့ ငါ့မှာ စိတ်များတောင် တိုမိပါသေးတယ်။ ငါက တွေ့ချင်လို့လာတဲ့အကြောင်း ပြောမှ ကပ္ပိယကြီးဟာ ငါ့ကို သူနေတဲ့ ကျောင်းဘေးက တဲအိုကလေးကို ခေါ်သွားတယ်။ တွေ့ပါပြီ သူငယ်ချင်း၊ ငါ ထွေးကိုရဲ့ အမေကို တွေ့ပါပြီ။ ထွေးကိုရဲ့ အမေဟာ ငါ့ကို ၀မ်းပန်းတသာနဲ့ ကြိုဆိုရှာတယ်။ “လူကလေးဆီက လွှတ်လိုက်တာ မဟုတ်လား။ လူလေး အမေ့ကို ခေါ်တော့မယ်တဲ့လား”လို့ ပြောရှာတယ်။ ငါလေ... ဘယ်လို ပြောရမှန်း မသိပါဘူး။
“မောင်ထွေးကိုတို့ဟာ အမေတစ်ခု၊ သားတစ်ခုပါ ရဲဘော်ကြီး။ ဆွေမျိုး မရှိကြဘူး။ မောင်ထွေးကိုဟာ အမေ မျက်မမြင်ကြီးကို လုပ်ကျွေးဖို့ စစ်ထဲဝင်သွားတာပဲ။ အမေကြီးက အားကိုးစရာ ဒီသားတစ်ယောက်သာ ရှိတာမို့ သေဘေးက ဝေးအောင် တိုက်ပွဲခိုက်ပွဲတွေ မထွက်ဖို့ ကတိတောင်းလို့ မောင်ထွေးကို ကတိပေးရှာတယ်။ အမေကြီးလည်း စိတ်ချလက်ချ ဘုန်းကြီးကျောင်းမှာ မောင်ထွေးကို ထောက်ပံ့ပေးတဲ့ ငွေကလေးနဲ့ နေရရှာတာပါကွယ်” တဲ့။
ကပ္ပိယကြီး ရှင်းပြတော့ ငါ့မှာလေ မလည်စဖူး မျက်ရည်များ လည်မိပါတော့တယ်။ သြော်... ထွေးကို အမေ့ကြောင့် ကြိတ်မှိတ် အထင်သေးခံခဲ့ပေသကိုး။
ကိုင်း... သူငယ်ချင်း ငါပြောချင်တာကတော့ ဒါပဲ။ ငါ အဲဒီကတည်းက ကျွတ်သွားတယ် ဆိုပါတော့။ အဲဒီကတည်းက ဘယ်သူ့ကိုမှ အကြောင်းရင်း မသိဘဲနဲ့ ကဲ့ရဲ့ ပြစ်တင်ခြင်း၊ အထင်သေးခြင်းများ မလုပ်တော့ဘူး ဆိုပါတော့။
အခု ငါလေ... လူပျိုဆိုပေမယ့် တပ်ရင်းမှူးဆီက ခွင့်တောင်း၊ အကျိုးအကြောင်း ပြောပြပြီး ထွေးကိုရဲ့ အမေကြီးကို ငါ့အမေရင်းသဖွယ် ခေါ်ပြီး ပြုစု စောင့်ရှောက်နေပါတော့တယ်။ ငါ့အမေ (ထွေးကို အမေ) စိတ်ချမ်းသာမှ ငါမိန်းမ ယူတော့မယ်။ သူတစ်ပါးကို အလကားသက်သက် အကြောင်းမှန် မသိဘဲ စွပ်စွဲကဲ့ရဲ့မိတဲ့ အပြစ်ကို ငါလေ... ထွေးကို အမေကြီး လုပ်ကျွေးခြင်းဖြင့် တစ်သက်လုံး အဆက်မပြတ် ဆေးကြောသွားတော့မယ် သူငယ်ချင်း။
ထွေးကိုဟာ သူသာ မတော်တဆ တိမ်းပါးသွားရင် သူ့အမေ အားကိုးရာမရှိ ဖြစ်မှာကို စိုးရိမ်ပြီး သေလမ်းကို မသွားဖို့ ငြင်းပေတာကို သူငယ်ချင်း။ ငါ လူမိုက်ပါ သူငယ်ချင်းရယ်... ငါ လူမိုက်ပါ။
ကိုင်း... ငါ ဘာကြောင့် ဒီအကြောင်းကို ပြောပြသလဲ သိပြီလား။
“လူတစ်ဦး တစ်ယောက်ကို သူ့အကြောင်း အတွင်းကျကျ မသိဘဲနဲ့ ကိုယ့်ဘာသာကိုယ် တစ်ဖက်သတ် ဆုံးဖြတ်ချက် ချတတ်တာဟာ လူသတ်သမား စိတ်မျိုးပဲ။ တစ်ပါးသူကို မိမိရဲ့ စွပ်စွဲမှုကြောင့် ရှင်ရက်နဲ့ သေစေတတ်သလို အချိန်တန်လို့ အမြင်မှန် ရလာတဲ့အခါမှာလည်း မိမိမှာ နောင်တကြောင့် ရှင်ရက်နဲ့ သေကြရတတ်တယ်” ဆိုတဲ့ မင်းရဲ့အမှတ်မထင် ပြောလိုက်တဲ့ စကားကြောင့်ပေါ့။
ငါ့အဖြစ်အပျက်ကလေးကို မင်းသာ ချဲ့ထွင် ရေးမယ်ဆိုရင် စိတ်ထိခိုက်ဖွယ်ကောင်းတဲ့ ၀တ္ထုတစ်ပုဒ် ဖြစ်လာမှာပါပဲ။ အချစ်ဝတ္ထုအစား ဒီဝတ္ထုကို ရေးပါလို့ ထပ်လောင်း တိုက်တွန်းလိုက်ပါတယ်။
တော်သေးပြီကွာ....
သူငယ်ချင်း
မြတ်နိုင်
_ _ _
အထက်ပါစာကို အောက်တိုဘာလ ၁၉ ရက်နေ့က ကျွန်တော် ရရှိခဲ့ပါသည်။ ရှုမ၀မှ ၀တ္ထ္ထုရှည် ရေးပေးမည်ဆို၍ လာရောက်တောင်းရာ ကိုမြတ်နိုင်၏ စာမူရင်းကိုသာလျှင် မပြီးသေးသည့် ၀တ္ထုရှည်အစား ယခုလ ၀တ္ထုတိုအဖြစ် မဖြတ်မတောက် မချဲ့မထွင်ဘဲ ဖော်ပြရန် ပေးအပ်လိုက်ရပါကြောင်း။
ဝင်းဦး