ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Sunday, January 23, 2011

နှမ်းတစ်စေ့ ကြယ်တစ်ပွင့်နှင့် မင်တစ်စက်


နှမ်းတစ်စေ့ ကြယ်တစ်ပွင့်နှင့် မင်တစ်စက်
မစန္ဒာ

ဈေးနီးပါသည်။
ဘာစားခဲ့သလဲ။
အမဲသား ငါး စားရဲ့လား။
ဘဲဥ ခ၀ဲသီး စားပါသည်။
အေးနွယ်သည် ဘဲဥဆိုင်ရှေ့တွင်ရပ်ရင်း သမီးလေးအော်၍အော်၍ ဖတ်လေ့ရှိသော မြန်မာသင်ပုန်းကြီး ဖတ်စာသစ်မှ ဖတ်စာတစ်ပုဒ်ကို သတိရသည်။ ထို့နောက် တစ်ဦးတည်းပြုံးမိသည်။ မေးသူက ‘အမဲသား ငါး စားရဲ့လား’ ဟု မေးသည်။ ဖြေသူက ‘ဘဲဥ ခ၀ဲသီး စားပါသည်’ တဲ့။
‘ဒီဖတ်စာရေးတဲ့သူဟာ ဧကန္တတော့ ငါတို့လို လူတန်းစားတွေအကြောင်း ကောင်းကောင်းသိတယ် ထင်ပါရဲ့’

အေးနွယ်သည် အရွယ်တူ အလုံးတူဘဲဥများထဲမှ အတန်ငယ်ကြီးသော ဘဲဥကို ဂရုတစိုက်ရွေးသည်။ လကုန်ရက်နီးပြီဆိုတော့ သူတို့မိသားစုလည်း ဘဲဥစားရသောရက် ဆက်လာပြီဖြစ်သည်။
ယောက်ျားရော မိန်းမပါ အလုပ်လုပ်သော်လည်း ကလေးကအပြင်တွင် နှစ်ယောက်၊ ဗိုက်ထဲတွင် တစ်ပိုင်းဆိုတော့ သိပ်ပြီးမချောင်လည်လှ။ လဆန်းရက်ဆိုလျှင်တော့ အေးနွယ်တို့မိသားစု ထမင်းဝိုင်းလေးသည် အသားချိုချို၊ ဆီစိုစိုနှင့် မြိုင်မြိုင်ဆိုင်ဆိုင် ရှိတတ်သည်။ လကုန်ရက်နီးလာလျှင်မူ တဖြည်းဖြည်းနှင့် အသားဟင်းပျောက်ကာ ဆီခြောက်လာတတ်သည်က ဒီတစ်လတည်းမဟုတ်၊ လစဉ်လတိုင်းဖြစ်သည်။

အေးနွယ်သည် ဘဲဥခြောက်လုံးဝယ်ပြီး သားငါးတန်းဘက်သို့ မသွားတော့ဘဲ ဟင်းသီးဟင်းရွက်တန်းတွင်သာ ယောင်ချာချာနှင့် ၀ဲလှည့်နေသည်။ ဆူးပုတ်ရွက်တွေ့တော့ ဘဲဥနှင့်ကြော်ရန် ဟင်းစပ်ကိုစဉ်းစား၍ ရသွားပြီး ၀မ်းသာသွားသည်။ ဆူးပုတ်ရွက် နှစ်စည်း၊ ငရုတ်သီးစိမ်း ဆယ်ပြားဖိုး၊ ကြက်သွန်ဖြူနွှာပြီးသား တမတ်ဖိုး၊ ထို့နောက် ပဲစောင်းလျားသီး တစ်စည်း ဆယ့်ငါးပြားကို နှစ်စည်း တစ်မတ်ရအောင် ဆစ်ပြီး ၀ယ်သည်။ တော်ပြီ အိမ်ပြန်တော့မယ်။ ဘဲဥကို ဆူးပုတ်ရွက်နှင့် ခေါက်ပြီးကြော်မည်။ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းထောင်းကာ ဆီသတ်ပြီး ငံပြာရည်ချက်မည်။ ပဲစောင်းလျားသီးတို့မည်။ ကြက်သွန်နီကိုက်ပြီး တို့စရာလုပ်စားဦးမည်ကို တွေးမိတော့ ရင်ထဲတွင်မသက်သာ။ အရက်သေစာ အပျော်အပါး လောင်းကစား လုံးဝမရှိဘဲ ရသမျှလခပုံပြီးအပ်သော ယောက်ျားကို ‘ကြက်သွန်နီဈေးကြီးတယ်၊ တို့မစားပါနဲ့’ ဟု ပြောဖို့ကလည်း မသင့်လျော်လှ။

‘အင်း အမေလည်း ဒီလိုပဲ၊ ကြက်သွန်နီအလုံးလိုက် ကိုက်ကိုက်စားတတ်တာ၊ အခွံနွှာပြီး လေးစိတ်စိတ်ပေးပါ့မယ်ဆိုရင်တောင် မရဘူး၊ ဒီအတိုင်းကိုက်စားရတာ ပိုကောင်းသတဲ့’


အစိုးမရသောစိတ်က အမေ့ဆီသို့ ချက်ချင်းရောက်သွားသည်။ အေးနွယ်အပျိုဘ၀တုန်းကတော့ အမေ့ကို ဒီလောက် မတွယ်တာခဲ့ပေ။ မိမိကိုယ်တိုင် မိခင်ဘ၀ရောက်သောအခါမှ အမေ့ကို ပိုပြီးချစ်ခင်တွယ်တာလာမိသည်။ သို့သော် စိတ်သွားတိုင်း ကိုယ်မပါနိုင်သော အိမ်ထောင်သည်ဘ၀သို့ ရောက်နေပြီမို့ အမေ့ဆီသို့ သိပ်မရောက်ဖြစ်။

‘ဒီနေ့ ရုံးစောစောထွက်ပြီး အမေ့အိမ် ၀င်သွားဦးမှပဲ၊ အမေ့ဆီမရောက်တာ ကြာပြီ၊ နေမှကောင်းရဲ့လား မသိဘူး’

အမေနှင့် အေးအေးဆေးဆေး စကားမပြောဖြစ်သည်မှာ ကြာပေပြီ။ ရုံးကပြန်ရောက်လျှင် ချက်ပြုတ်စားသောက် ဆေးကြောနေရသည်နှင့်ပင် မိုးချုပ်သွားတော့သည်။ အမေ့ဆီသို့ တခုတ်တရပြန်ပြီး မထွက်ဖြစ်တော့။ ရုံးပိတ်ရက်ဆိုလျှင်လည်း လျှော်ရ ဖွပ်ရ၊ တိုက်ရ ချွတ်ရနှင့် အိမ်အလုပ်ကိုပင် မနိုင်။ ဒီတော့လည်း အေးနွယ်သည် အမေ့ဆီသွားချင်လျှင် ကလေးနှစ်ယောက်အား ကလေးထိန်းကျောင်းပို့ရန် တာဝန်ကို သူတို့အဖေအား အပြတ်လွှဲခဲ့ပြီး အိမ်မှစောစောထွက်ရသည်။ ရုံးမသွားမီ အမေ့အိမ်ဝင်ပြီး ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်ခန့် တစ်ခါတစ်ရံလည်း နာရီဝက်ခန့် စကားပြောရသည်။ အေးအေးဆေးဆေးတော့ မဟုတ်ပေ။

‘လဆန်းတော့မှ အမေကြိုက်တဲ့ ထမင်းလက်သုပ်လေး သုပ်ပြီးသွားပို့ပေးဦးမယ်၊ ဟွန်း နံလိုက်တာ’

အေးနွယ်သည် အိမ်သို့ ခပ်သုတ်သုတ်ပြန်ခဲ့သည်။ ဖြတ်နေကျ ဖြတ်လမ်းဖြစ်သော လမ်းကြားကလေးထဲသို့ ၀င်မိသည်နှင့် ပုပ်အဲ့အဲ့အနံ့ကို ရှူရှိုက်မိသည်။ ဟီးထနေသော အမှိုက်ပုံကြီးက ဆီးကြိုသည်။


ဒီလမ်းထောင့်တွင် ဒီအမှိုက်ကြီး ရှိနေသည်မှာ နှစ်ပေါင်းအတော် ကြာပေပြီ။ အမှိုက်ကားက နှစ်ရက်တစ်ခါ သုံရက်တစ်ခါ လာ၍သိမ်းတတ်သော်လည်း တစ်ရပ်ကွက်လုံးတွင် ရှိရှိသမျှသော အမှိုက်တကာ အမှိုက်အားလုံးကို ဒီမှာပင်လာပြီးစွန့်ပစ်ကြလေတော့ ချက်ချင်းပင် ပြန်ပြီးမို့မောက်သွားတတ်သည်။ ကြက်သွန်ခွံ၊ အာလူးခွံ၊ မြေပဲခွံ၊ စက္ကူစုတ်၊ ပုံးစုတ်၊ ပလုံးစုတ်၊ ပုစွန်ခေါင်း၊ ငါးခေါင်းတို့မှအစပြု၍ မိန်းခလေးတို့၏ လစဉ်သုံးပစ္စည်းများပါ အမှိုက်ပုံပေါ်တွင် ပြန့်ကျဲနေသည်။ အမှိုက်ပုံ၏အရှင်သခင်မကြီးဖြစ်သော ခွေးနက်မက သူ့ကလေးတစ်အုပ်နှင့်အတူ ဟိုဟိုသည်သည် နှုတ်သီးနှင့်ထိုးဆွကာ စားကောင်းသောက်ဖွယ်များ ရှာနေလေသည်။

‘ဒေါ်ဒေါ် ဈေးက ပြန်လာတာလား’
‘သြော် မောင်အေးလွင်’


လမ်းထိပ်ကုန်စုံဆိုင်မှ မောင်အေးလွင်က နှုတ်ဆက်သည်။ သူ့လက်ထဲတွင် စက္ကူနှင့်ထုတ်ကာ သားရေကွင်းနှင့်ပတ်ထားသော အထုပ်တစ်ထုပ်ကို ကိုင်ထားလေသည်။

‘ဘာထုပ်လဲဟဲ့’
‘ပုစွန်ခွံတွေ ဒေါ်ဒေါ်ရဲ့၊ နံနေမှာစိုးလို့’
မောင်အေးလွင်သည် သူ့လက်ထဲမှအထုပ်ကို အမှိုက်ပုံဘက်သို့ လွှဲပြီးပစ်လိုက်သည်။
‘အောင်မယ်လေးဟယ်၊ အမှိုက်ပုံကိုများ နင်မို့ နံမှာစိုးတယ်’
‘ဒီနားကအိမ်တွေ နံမှာစိုးတာပါ ဒေါ်ဒေါ်ရဲ့၊ နောက်ပြီး ဒီလိုထုပ်ထားတော့ ယင်တို့ ကြွက်တို့လည်း သိပ်ပြီးမအုံ၊ မအောင်းဘူးလေ၊ ဟုတ်ဘူးလား’
‘အင်း ဟုတ်တော့ ဟုတ်သား’


အေးနွယ်က အမှိုက်များကို လက်လွတ်စပယ်လာပြီး ပစ်လေ့ရှိတော့ မိမိကိုယ်မိမိ မလုံမလဲရှိဆဲတွင်ပင် ပွဲစားကြီးအိမ်မှ အိမ်ဖော်မလေးက အမှိုက်ပုံဆွဲကာ ရောက်လာသည်။ အမှိုက်ပုံးပြုလုပ်ထားသော လေးထောင့်သံပုံးကို လက်နှစ်ဖက်နှင့်မြှောက်ကာ မှောက်ချလိုက်သည်။ ငါးကြေးခွံများ၊ ပုစွန်ခွံများ၊ ပုလင်းကွဲအစအနများနှင့် စက္ကူစုတ်များ အန်ထွက်လာလေသည်။

‘နင်တို့အမှိုက်ပစ်ရင် အမြဲတမ်း ဒီလိုချည်းပဲ’
‘အမှိုက်ပစ်တာ ဒီလိုမပစ်လို့ ဘယ်လိုပစ်ရမှာလဲ’
‘အဲဒီပုစွန်အခွံတွေ ငါးတွေကို စက္ကူနဲ့ထုပ်ပြီးမှ ပစ်ပါလားဟ’
‘အောင်မယ် အမှိုက်ကိုများ စက္ကူနဲ့ထုပ်ရမယ် ဟုတ်လား၊ သတင်းစာစက္ကူများ အလကားမှတ်လို့ ရောင်းစားရင် တစ်ပိဿာ ဆယ့်နှစ်ကျပ်ရတယ်ဟဲ့’
‘သတင်းစာနဲ့မထုပ်ချင်လည်း ဒိပြင်စက္ကူစုတ်နဲ့ထုပ်ပေါ့’
‘ထုပ်နိုင်ပါဘူး၊ အားအားယားယား၊ ဘယ်သူက အလုပ်ရှုပ်ခံလို့ထုပ်နိုင်မှာလဲ’
‘ငါတော့ ထုပ်တယ်’
‘အဲဒါ နင်ရူးလို့ လုပ်တာ’
အိမ်ဖော်မလေးက နှုတ်သီးကောင်း လျှာပါးနှင့်ပြောသည်။ သံပုံးကို မြေတွင်ဆောင့်၍ခါရင်း မောင်အေးလွင်အား မျက်စောင်းထိုး၍ ကြည့်သည်။
‘ဘာရူးရမှာလဲ၊ သန့်ရှင်းအောင်လို့ဟ’
‘အမှိုက်ပုံပါဆိုမှ နင်က သန့်ရှင်းနေချင်လို့လား’
‘သန့်ရှင်းချင်တာပေါ့ဟ၊ ရောဂါအစ အမှိုက်ပုံကတဲ့’
‘လုပ်မနေနဲ့ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူး’


ကောင်မလေးက အမှိုက်ပုံးဆွဲကာ ပြန်ထွက်သွားသည်။ ပုစွန်ခွံနှင့် ငါးကြေးခွံများကို ခွေးနက်မ မိသားစုက ပြေးလာပြီးဖွချိန်တွင် စက္ကူစုတ်များက လေတိုက်ရာဘက်သို့ တလိမ့်လိမ့်နှင့် လွင့်သွားသည်။
အေးနွယ်က မောင်အေးလွင်ကို လှမ်းကြည့်သည်။ မောင်အေးလွင်ကတော့ ဟီးထနေသော အမှိုက်ပုံကြီးကို မော်ကြည့်ရင်း ခေါင်းကုတ်နေလေသည်။

*

‘ဘုရား ဘုရား ကားပျက်ဦးမှာလား မသိ’

ကားစက်သံက အဆုတ်နာရောဂါသည်ကြီး ချောင်းဆိုးသလို တဟွတ်ဟွတ်နှင့် မြည်လာတော့ အေးနွယ် ဘုရားတမိသည်။ ဘတ်စ်ကားစီး ခရီးသည်ဆိုတော့ ကားပျက်တာနဲ့ ကြုံပေါင်းများပေပြီ။

‘သြော် အမေတို့အိမ် ၀င်ချင်တယ်ဆိုကာမှဟယ်’

ဘုရားတ၍မဆုံးခင် ဟီးနိုးကားကြီးက ဆန့်ငင်ဆန့်ငင်နှင့် ထိုး၍ရပ်သွားသည်။ အေးနွယ် အတော်ပင်စိတ်ညစ်သွားသည်။ ကိုယ်ဝန်ဆောင်ခရီးသည်ပင် ဖြစ်သော်လည်း ထိုင်စရာနေရာက နေ့တိုင်းရတတ်လေသည်မဟုတ်။ အပေါ်ကသံတန်း လှမ်းခိုလိုက်၊ နောက်မှီကသံတန်း ဆွဲဖမ်းလိုက်နှင့် ယိမ်းယိမ်းယိုင်ယိုင်လိုက်ရသည်။ ဒီနေ့တော့ ကံကောင်းထောက်မ၍ ကားပေါ်ရောက်သည်နှင့် လမ်းစဉ်လူငယ်ဝတ်စုံ ၀တ်ထားသော ကောင်မလေးတစ်ယောက်က လှမ်းခေါ်ကာ နေရာဖယ်ပေးသည်။ သို့ကြောင့် ကျေးဇူးတင်စွာ ပြုံးပြရင်း သက်သက်သာသာ ခရီးသွားခွင့်ရသည်။ အခုတော့ ကားပျက်ပြီ။ ကားပြောင်းစီးရလျှင် ရထားသောနေရာကလေးလည်း ပျောက်သွားပေတော့မည်။

‘ကဲ ဆရာတို့ရေ၊ အညောင်းပြေ အညာပြေ နံနက်ခင်း လေ့ကျင့်ခန်းလေးများ ယူကြရအောင်’

ကားစပယ်ယာလေးက အကူအညီတောင်းတော့ လူငယ်လူရွယ်အမျိုးသားများ ကားပေါ်မှဆင်းသွားကြသည်။ ထိုင်စရာနေရာရထားသော အမျိုးသားခရီးသည်များကမူ တုတ်တုတ်မျှမလှုပ်။ နေရာပျောက်သွားမှာ စိုး၍ထင်သည်။ သို့သော် နေရာရမထားသော မတ်တတ်အမျိုးသားအချို့ကပါ ပေပြီးရပ်နေကြသည်။

‘ဝေး ဟေး ဟေး တွန်းဟ တွန်း’

အောက်ဆင်းသွားသူများက ကားကို အားစိုက်၍တွန်းကြသည်။ သို့သော် ကားအလေးချိန်အပြင် ကားပေါ်မှလူအများစု၏ အလေးချိန်ကပါ တနင့်တပိုးရှိနေလေတော့ ကားကြီးက သိပ်ပြီးမရွေ့ချင်ပေ။

‘ကူကြပါဗျာ၊ ဒီလိုနဲ့ကောင်းသွားရင် ကားမပြောင်းရဘဲ လိုတဲ့နေရာ မြန်မြန်လေးရောက်ကြရမှာပေါ့’

စပယ်ယာလေးက လေချိုချိုနှင့် ထပ်ခေါ်တော့ နောက်ထပ်ငါးဦးခြောက်ဦးခန့် ဆင်းသွားသည်။ အေးနွယ်သည် သူ့ဘေးတွင်ရပ်နေသူကို မသိမသာ မော့၍ကြည့်မိသည်။ တက်ထရက်တိုက်ပုံနှင့် ရခိုင်လုံချည်ကို သပ်သပ်ရပ်ရပ်ဝတ်ထားသည်။ အသက်ကတော့ သုံးဆယ်ဝန်းကျင်ခန့်သာ ရှိဦးမည်။ အေးနွယ်က မော်ကြည့်တော့ အနေရခက်ဟန်နှင့် သူ့နှာခေါင်းကိုသူ လက်ညှိုးနှင့်ပွတ်နေသည်။ သို့သော် အောက်ကိုတော့ မဆင်း။

‘ဟင်း အသက်ငါးဆယ်လောက်လူးကြီးတွေတောင် အောက်ဆင်းပြီး ကားတွန်းနေကြတာ၊ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ အရှက်တတ်ဘူး၊ ကြည့်ပါဦး ပေပြီးတော့ ရပ်နေတယ်’

အေးနွယ်ကတွေးနေစဉ် ကားစက်သံက တဖွတ်ဖွတ်မြည်လာသည်။ နိုးလာတော့မည်လားဟု လည်ကိုဆန့်ကာ ၀မ်းသာဆဲတွင် တုန့်ခနဲ ပြန်ပြီးရပ်သွားလေသည်။

‘အမေရေ၊ အမေ့သား ပိုက်ဆံလည်းပေးရသေး၊ ကားလည်းတွန်းရသေးတယ်ဗျာ’

ခပ်နောက်နောက် လူငယ်တစ်ဦးက အော်သည်။

‘ကဲ ကျားဘသား နင်လားဟဲ့ ဟီးနိုး၊ ငါပဲဟဲ့ နွားသိုး၊ အဲလေ ဟုတ်ပေါင်၊ ကြမ်းပိုး၊ ဟာ ဟုတ်သေးပါဘူး၊ ကဲ ဘာကောင်ဖြစ်ဖြစ် တွန်းတွန်း’

တွန်းနေသူများက ပေါက်ကရအော်နေကြသော်လည်း အားစိုက်ပြီး တွန်းကြသည်။ အေးနွယ်သည် ကားပေါ်တွင် ထိုင်နေရသည်ကို အားနာလာသည်။ ၀င်၍မတွန်းနိုင်သော်လည်း သူအောက်သို့ ဆင်းလိုက်လျှင် ပေါင်ချိန်တစ်ရာကျော်လေးသော သူ့တစ်ကိုယ်စာ အလေးချိန်ကတော့ ပေါ့သွားမည်ဖြစ်လေသည်။ထိုင်နေရကောင်းနိုး၊ ဆင်းရကောင်းနိုးနှင့် ချီတုံချတုံဖြစ်နေဆဲတွင်ပင် ကားစက်သံက တဖွတ်ဖွတ်နှင့် မြည်လာပြန်လေသည်။ ထို့နောက် ပြန်ပြီးရပ်သွားပြန်သည်။

‘အမေ့အိမ်ကိုတော့ ၀င်နိုင်တော့မှာ မဟုတ်ပါဘူး’

အေးနွယ်က စိတ်ပျက်လက်ပျက် တွေးမိစဉ်တွင်ပင် ကားမောင်းသူနှင့် စပယ်ယာလေးတို့က ‘ကဲ ကားပြောင်းစီးကြပေတော့ ဆရာသမားတို့ရေ’ ဟု ကြေညာလေသည်။
ကားတွန်းသူများက ‘ဟူး မောလိုက်တာဗျာ’ ဟု ချွေးသုတ်ရင်း ညည်းကြသည်။ အေးနွယ်၏ဘေးမှ ကိုရွှေတိုက်ပုံကလည်း ‘ဘတ်စ်ကားစီးရတာ ဘယ်တော့မှ အဆင်မပြေဘူး၊ ကားတွေကလည်း အစုတ်နဲ့ အပြတ်ကြီးပဲ’ ဟု ပြောကာ သက်ပြင်းကို ‘ဟင်း’ ခနဲ ချလိုက်လေသည်။

သူ့စကားကိုကြားတော့ စပယ်ယာလေးက ဆတ်ခနဲလှမ်းကြည့်သည်။ ‘ကားကစုတ်ပေမယ့် ရေသာခိုနေတဲ့ အမျိုးသားတွေကပါ ဆင်းပြီးတွန်းလိုက်ရင် နိုးသွားမှာပါ ဆရာသမားရဲ့’ ဟု မျက်နှာထားတည်တည်နှင့် ပြောသည်။ ဒီလိုဆိုတော့လည်း သူက အတန်ငယ်ရှက်သွားပုံရသည်။ ကားပေါ်မှ ခပ်သွက်သွက်ဆင်းသွားသည်။ သို့သော် မကြားတကြားတော့ ပြောသွားသေးသည်။

‘ကြယ်တစ်လုံးတည်းနဲ့ ထူးပြီးမလင်းပါဘူး ကိုယ့်လူရာ’

*

အေးနွယ် ရုံးကိုရောက်တော့ ရုံးတံခါးတွေ မဖွင့်သေးပေ။ တံခါးဝတွင် ငါးမိနစ်ခန့် ရပ်စောင့်ပြီးသောအခါမှ ရုံးလုလင်လေး မောင်လှဝေ ရောက်လာသည်။

‘အစ်မ ဒီနေ့ စောလှချည်လား’
‘နင်ကရော နောက်ကျလိုက်တာ၊ ကိုးနာရီတောင် ထိုးနေပြီ’
‘အေးဗျာ အမေနေမကောင်းလို့ ဆေးခန်းလိုက်ပို့နေရတာနဲ့’
မောင်လှဝေက ရုံးခန်းတံခါးကို ကပျာကသီဖွင့်လေသည်။
‘ငါကတော့ အိမ်ကစောစောထွက်လာတာ လမ်းမှာ ကားပျက်နေတာနဲ့ ကားပြောင်းစီးမလို့ ဆင်းလာရတာ၊ အသိကားနဲ့တွေ့တော့ ၀မ်းသာသွားတာပဲဟယ်၊ ရုံးဘက်လမ်းကြုံတာနဲ့ အမေ့အိမ်မသွားတော့ဘဲ ရုံးကိုပဲ စောစောလာခဲ့တော့တယ်၊ ငါ ဒီအချိန် တစ်ခါမှ ရုံးမရောက်ဖူးသေးဘူး၊ ခါတိုင်းတောင်မီအောင် မနည်းလာနေရတာ’


အေးနွယ်က ကြမ်းတွင်ချထားသော ကြိမ်ခြင်းတောင်းကိုကောက်၍ကိုင်ကာ ရုံးခန်းထဲ ၀င်ခဲ့သည်။ ခါတိုင်း စားပွဲအပြည့် လူအပြည့်နဲ့ လင်းလင်းချင်းချင်း တွေ့နေကျ ရုံးခန်းကြီးကို လူသူမရှိဘဲ မှောင်မှောင်မည်းမည်းနှင့် တွေ့လိုက်ရတော့ အမြင်ဆန်းနေသည်။ ကျွီအီ ကျွီအီနှင့် မြည်သံကြားရတော့ အခေါ်ဘက်ကို မော့ကြည့်မိသည်။ ငွေရောင်ပျောက်ကာ ဘာအရောင်မှန်းမသိ ဖြစ်နေသော ပန်ကာကြီးများက ညည်းညည်းညူညူနှင့် လည်ပတ်နေကြသည်။

‘ဟော ကြည့်၊ စိုးမောင်တို့ကတော့ လုပ်ပါပြီဗျာ’

မောင်လှဝေက စိတ်ပျက်လက်ပျက်ပြောရင်း ပြတင်းပေါက်များကို အပြေးအလွှား လိုက်ဖွင့်သည်။

‘မနေ့ညနေတုန်းက ဦးလေးဦးစိုးမောင်ရယ်၊ ဦးထွန်းဟန်ရယ် နှစ်ယောက် နောက်ဆုံးကျန်တာဗျ၊ ရုံးဆင်းတော့ စစ်တုရင်တစ်ပွဲ ထိုးလိုက်ဦးမယ်ဆိုပြီး မထကြသေးဘူး၊ ကျွန်တော့ကို ပြန်နှင့် အခန်းတံခါးတွေ သူတို့ပိတ်ခဲ့မယ်ဆိုပြီးတော့’
‘အေး သူတို့က တံခါးပိတ်မယ်သာ ပြောတာ၊ ပန်ကာပိတ်မယ်လို့ ပြောတာမှမဟုတ်ဘဲ’


အေးနွယ်သည် ပန်ကာနှစ်လုံးကို တစ်ညတာလုံး လည်ပတ်ပေးနေရသော လျှပ်စစ်မီတာများ၏ တန်ဖိုးကို စိတ်တွက်နှင့်တွက်ကြည့်ရင်း နှမြောသွားသည်။ ထိုပန်ကာကြီးများက ဟောင်းနွမ်းကာ အရုပ်ဆိုးလှသည်။ သူတို့လည်ပတ်နေလျှင် တကျွီကျွီ တအီအီနှင့် အသံမြည်က နားလည်းငြီးလှသည်။ သို့သော် ဒလက်များက ရှည်သောကြောင့် ပိုပြီးလေရသည်။ လှောင်ပြီး အိုက်သောရုံးခန်းထဲတွင် သူတို့ခမျာ တစ်နေကုန် အလုပ်လုပ်ရသည်။ ဒီနေ့တော့ ညအချိန်မှာ မနားရဘဲ ပန်ကာများခမျာ အိုဗာတိုင်ဆင်းနေကြရရှာသည်။

‘စောလှချေကလား၊ ဒေါ်ခင်အေးနွယ်၊ စံပြလုပ်သားဆု ယူတော့မလို့ထင်တယ်’

အေးနွယ်ရောက်လာပြီး မကြာမီပင် ကိုထွန်းဟန် ရောက်လာသည်။ လျှပ်စစ်မီးချောင်းများကို တစ်ချောက်ချောက်နှင့် လိုက်ဖွင့်သည်။ ဖျိုးဖျိုးဖျပ်ဖျပ်နှုင့် လင်းလာသော မီးရောင်အောက်ဝယ် ကြမ်းပေါ်မှကွာစေ့ခွံများက ထင်းနေသည်။

‘ဦးလေးတို့ကလည်း ကွာစေ့စားပြီးရင် စားပွဲပေါ်မှာ အခွံတွေ ပုံထားရောပေါ့ဗျာ’

မောင်လှဝေက မရဲတရဲပြောရင်း တံမြက်စည်းဆွဲကာ စတင်ပြီး လှည်းကျင်းသည်။

‘ပုံမနေအားပေါင်ကွာ၊ ဟိုအကောင် စိုးမောင်က ငါ့ဘုရင်မကို အပြတ်လိုက်ဖမ်းနေလို့ ပြေးနေရတာ၊ မင်းကွာစေ့ကို ငါ အခွံစားမိသလား၊ အသားစားမိသလားတောင် ကိုယ့်ကိုယ်ကို မသိဘူး’

ကိုဟန်ထွန်းက တဟဲဟဲနှင့် ရယ်နေလေသည်။ ပန်ကာအောက်တွင်ထိုင်နေသော အေးနွယ်က အအိုက်မပြေသေး၍ စားပွဲပေါ်မှ ရွှေသွေးစာစောင်ကို ခေါက်ချိုးကိုင်ပြီး ထပ်၍ယပ်ခပ်နေမိသည်။

‘ရှင့်ဟာရှင် ကွာစေ့စားတာ အသားစားစား၊ အခွံစားစား၊ စားချင်တာစား၊ ဒါပေမယ့် ပန်ကာလေးတော့ ပိတ်သွားဖို့ကောင်းတာပေါ့’
‘ဟောဗျာ အဲဒါစိုးမောင်ဗျ၊ စိုးမောင်၊ ကျွန်တော်က တံခါးပိတ်တာ၊ ဒီလူက မီးပိတ်တာ၊ ဟော လာပြီ ဟေ့ ကိုစိုးမောင် ခင်ဗျား ပန်ကာ ပိတ်မသွားဘူးဆို’


ကိုစိုးမောင်က မလှုပ်တလှုပ်နှင့်ဝင်လာသည်။ သားရေအိတ်နှင့် ခေါက်ထီးကို စားပွဲပေါ်တွင်ချရင်း ၀ါးခနဲ သမ်းလေသည်။

‘ဟုတ်သားပဲ သတိမထားမိဘူး’

ကိုစိုးမောင်က ပန်ကာအောက် လာထိုင်သည်။ မောင်လှဝေက အမှိုက်များကို စက္ကူကပ်ပြားနှင့်ကျုံးကာ အမှိုက်ခြင်းထဲသို့ ထည့်ရင်း မရဲတရဲ လှမ်းပြောပြန်သည်။

‘ပန်ကာနှစ်လုံးစလုံး တစ်ညလုံး လည်နေတာ ဦးလေးရ၊ နှမြောစရာကြီး’
‘မင်းက ဘာနှမြောတာလဲ’
‘မီတာခတွေကိုပေါ့’
‘အောင်မာ မင်းပေးရတာ ကျနေတာပဲ၊ မင်းအဘ ရုံးကပေးတောကိုများ’
‘ရုံးကပေးရင်လည်း နှမြောရတာပဲပေါ့လို့၊ ဒါတွေဟာ တိုင်းပြည်ပိုက်ဆံပဲ မဟုတ်လား’
‘ခွေးကောင်လေး မိကျောင်းမင်းများ ရေခင်းပြလို့၊ တိုင်းပြည်ပိုက်ဆံကုန်တာ မင်းအပူလား’


မောင်လှဝေ ဇက်ကလေးပုသွားသည်။ ဘာမှ ဆက်မပြောတော့ဘဲ တံမြက်စည်း ဆက်လှည်းသည်။

‘ပန်ကာလေးနှစ်လုံး တစ်ညလည်တာများ အဲဒီအငွေမကုန်တော့ရော ချက်ချင်းချမ်းသာသွားမှာ ကျနေတာပဲ၊ လုပ်မနေနဲ့ မင်တစက်နဲ့ ပင်လယ်ရေ မပြာဘူး’

ကိုစိုးမောင်က ဆက်ပြောသည်။ ထို့နောက်
‘ဟုတ်ဘူးလား ဒေါ်ခင်အေးနွယ်’ ဟု လှည့်ကာမေးသည်။

အေးနွယ် မကြားချင်ယောင်ဆောင် နေလိုက်သည်။

*

ဆိုရိုးစကားရှိသည်။
နှမ်းတစ်စေ့နတည်းနှင့် ဆီမဖြစ်၊ ကြယ်တစ်ပွင့်တည်းနှင့် မလင်း၊ မင်တစက်တည်းနှင့် ပင်လယ်ရေမပြာပါ တဲ့။
သို့သော် နှမ်းစေ့ကလေးများ အများအပြား စုမိသောအခါတွင် ဆီဖြစ်လာသည်။
အရောင်လဲ့လဲ့သာရှိသော ကြယ်ပွင့်ကလေးများ စုမိသောအခါ သိပ်သည်းနက်ရှိုင်းလှသော အလင်းရောင်သည် တန်သလောက်တော့ လင်း၍လာသည်။
ထို့နည်းတူစွာ တစ်စက်တစ်စက်သော မင်စက်ကလေးပေါင်းများစွာ စုမိလျှင် အပြောကျယ်လှသော ပင်လယ်ရေပြင်သည်လည်း ပြာနိုင်လောက်ပါသည်။


မစန္ဒာ

မာတိကာ


statistics

web tracker