လုပ်ကြံမှုကြီးတွင် ပါဝင်ခဲ့သူတဦး (ကိုသုခ) (အသက် ၄၁ နှစ်တွင်း).
လူထုဦးလှ
ဗမာပြည် နိုင်ငံရေးရာဇ၀င်တွင် မကြုံဖူး၊ မကြားဖူးအောင် အထိနာလိုက်ရသည့် လုပ်ကြံမှုကြီးကို လူတိုင်း လတ်လတ် ဆတ်ဆတ် မှတ်မိနေကြလိမ့်ဦးမည်ဟု ယူဆပါသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော တိုင်းပြည်ခေါင်းဆောင် ၀န်ကြီးများကို ဦးစောတို့ လူစုက ရက်ရက် စက်စက် လုပ်ကြံ သတ်ဖြတ်သည့် အမှုအခင်းကြီးကို ဆိုလိုပါသည်။
ဤအမှုကြီး နှင့် ပတ်သတ်၍ လူတိုင်းလိုလို စိတ်ဝင်စားသည့်နည်းတူ ကျွန်တော်လည်း အမှန်ကို သိလိုသဖြင့် ရန်ကုန်ထောင်ကြီးအတွင်း ၃ နှစ်ကျော်မျှ နေထိုင်ရစဉ် ထိုအမှုနှင့် ပတ်သက် ၍ တစ်သက်တစ်ကျွန်း အပြစ်ပေး ခံနေကြရသော ခင်မောင်ရင်၊ ကိုနီ၊ ကိုသုခတို့နှင့် စကားစမြည် ပြောခွင့်၊ ၎င်းတို့အား မေးမြန်းခွင့် ရရှိခဲ့သဖြင့် သတင်းစားများတွင် မပါသေးသည့် ထိုလုပ်ကြံမှုကြီးနှင့် တစ်ဆက်တည်း ဖြစ်သော အကြောင်း အရာ အချက်အလက် များကို ထပ်မံသိရှိခဲ့ရပါသည်။
ထို့ပြင် လူတစ်ယောက်သည် ဤကဲ့သို့သော မှုကြီးခင်းကြီးတွင် ဘယ်သို့သော အကြောင်းများကြောင့် ပါဝင်ခဲ့ ရသည် ဆိုသည့် အကြောင်းကိုလည်း လေ့လာလိုသဖြင့် ကိုသုခအား မိဘမျိုးရိုးမှစ၍ လူ့ဘ၀ ရောက်လာပုံ၊ ပညာသင်ယူခဲ့ရပုံ၊ လူ့လောကတွင် ကြီးပြင်းလာခဲ့ပုံ၊ ဤအမှုကြီးတွင် မည်သို့မည်ပုံ ပါဝင် လာခဲ့ရပုံ များကို ပြောပြရန် တောင်းပန်သဖြင့် ကိုသုခသည် စိတ်ရှည်လက်ရှည် ပြောပြရှာပါသည်။
ကိုသုခ ပြောပြသည်များကို ကျွန်တော်က ကြိုတင်ဝေဖန်ခြင်း မပြုလိုပါ။ မူရင်းအတိုင်း ယခု တင်ပြ လိုက်သည် ဖြစ်ရာ စာဖတ်သူ မိတ်ဆွေများသည် လူတစ်ယောက်၏ ဘ၀ကို လေ့လာသော သဘောဖြင့် အချိန် ယူ၍ ကျကျနန ဖတ်ရှု စေလိုပါသည်။
စာရေးသူ
လူထုဦးလှ
ကိုသုခ ပြောပြသည်မှာ-
ကျွန်တော်၏ အဖေက အထက်သားပါ။ မြင်းခြံခရိုင် တလုပ်မြို့က ဖြစ်ပါသည်။ အဖေ့ အမေက ဒေါ်ငယ်မပါ။ အဖေ့ နာမည်ကတော့ ဦးမှော ဖြစ်ပါသည်။ ဦးမှော်နှင့် သူရဲဝန်ကတော် ဒေါ်ရေမယ်မှာ မောင်နှမ တစ်ဝမ်းကွဲ တော်ပါသည်။ သူရဲဝန်သည် မြင်ကွန်း မြင်းခုန်တိုင် အရေးတော်အခါက မင်းတုန်းမင်းဘက်က လိုက် ၍ တိုက်သူ ဖြစ်ပါသည်။
အဖေ့ အစ်ကိုက ဦးရေဘော်ပါ။ ကျွန်တော်၏ အဖေ နှင့် ဘကြီးတို့မှာ တိုင်းပြည်အခြေအနေကြောင့် တစ်ကြောင်း၊ အလုပ် အဆင်မပြေမှုများကြောင့် တစ်ကြောင်း အလွန်ပင်ဆင်းရဲကြပါသည်။
ရပ်ရွာမှာ မနေနိုင်လောက်အောင်ပင် အခြေအနေဆိုးသောကြောင့် ဦးရွေဘော်နှင့် ဦးမှော် ညီအစ်ကို နှစ်ယောက် လည်းအောက်ပြည်သို့ ထွက်ခဲ့ကြပါသည်။ ခြေကျင်လျှောက် သည့်အခါ လျှောက်၊ လှေရသည့် အခါ လှေနှင့် ဆင်းခဲ့ကြရင်းလမ်းတွင် ရပ်နားပြီး အလုပ်အကိုင်များလုပ်ရသည့် အခါလည်း လုပ်ကြ ရပါသည်။
နောက်ဆုံးတွင် ညီအစ်ကို နှစ်ယောက်သည် အောက်မြန်မာပြည် မြစ်ဝကျွန်းပေါ် ကျိုက်လတ်နယ် သို့ ရောက်လာ ကြပါသည်။ ထိုဒေသမှာ ထိုစဉ်အခါက လယ်ယာမြေကောင်းကောင်း မရှိသေးပါ။ သစ်တော ကိုင်းတောကြီး သာဖြစ်ပါသည်။ သစ်ပင်တွေ လှဲ၊ တောခုတ်၊ ဂရန်ယူ၊ ၃ နှစ်ဆိုလျှင် ဓားမဦးချ လုပ်ကိုင်သူ ပိုင်ပါသည်။
ဤနည်းကောင်းကို တွေ့ကြရာ ညီအစ်ကို နှစ်ယောက်သည် အထက် ပြန်သွားပြီး ဆွေမျိုးတွေကို ခေါ်ခဲ့ကြ ပါသည်။ ထိုအချိန်က သီပေါမင်း မပါသေးပါ။ သစ်ပင်တွေလှဲလိုက်သည့်အခါ မျောက်တွေ၊ ကြက်တူရွေးတွေ ပြေးလွှား ပျံသန်း ကြသည် ဟု ဆိုကြပါသည်။
၁၂၄၇ ခု သီပေါဘုရင် ပါတော်မူသော နှစ်တွင် အမေတို့ကလည်း မိဘ ဆွေမျိုးများနှင့်အတူ အောက်ပြည် သို့ရောက်လာပါသည်။ ထိုအခါက အမေမှာ ၂ နှစ်သမီးသာရှိပါသေးသည်။ ဇာတိကတော့ နွားထိုးကြီးနယ် ကွေရွာ ကပါ။
အဖေနှင့် အမေမှာ အောက်တွင် လာရောက် ဆုံစည်းမိကြခြင်း ဖြစ်ပါသည်။ အဖေက အမေ့ထက် အသက် အများကြီး ကြီးပါသည်။ နှစ်ပေါင်း ၃၀ ကြီးပါသည်။
အဖေ၏ ပထမ အိမ်ထောင်မှာ ဒေါ်ယု ဖြစ်ပါသည်။ မ၀က်နှင့် ကိုရွှေသီး ဆိုသော မောင်နှမ နှစ်ယောက် ထွန်းကား ပါသည်။ မ၀က်မှာ ငယ်စဉ်ကပင် သေဆုံးသွားပါသည်။
ဒေါ်ယု ၏ လက်ထက်တွင် ကျွန်တော် သိရသလောက်စီးပွားရေးက အသင့်အတင့်သာလျှင် တက်ပါ သေးသည်။ အဖေမှာ အလွန်ကပ်စေးနှဲသူ ဖြစ်ပါသည်။ ဟင်းတွင် ဆီပါလျှင် ဒေါ်ယုကို ထထောင်း သည်ဟု အဆို ရှိပါသည်။ 'ဆီပါရင် မွဲရောပေါ့ဟဲ့' ဟု ကြိမ်းမောင်းလေ့ရှိကြောင်းလည်း ပြောကြပါသည်။
ဒေါ်ယုသေဆုံးသွားသည့်နောက် ဦးမှော်သည် ကျုံပျော်သူဒေါ်ကျင်နှင့် လက်ထပ်ပြန်ပါသည်။ ဒေါ်ကျင်နှင့် အစံတင့် ဆိုသော သမီးတစ်ယောက် ထွန်းကားပါသည်။ အစ်မ မစံတင့်ယခု ရှိပါသည်။ ထိုအချိန်တွင် လယ်ဧက အတော်အသင့် စီးပွားတက်လာပါသည်။ ဒေါ်ကျင်နှင့် ပေါင်းရသော နှစ်မှာမများလှပါ။
ဒေါ်ကျင် ဆုံးပြီးသည့်နောက် ဒေါ်သာယာနှင့် အိမ်ထောင်ကျပါသည်။ ဒေါ်သာယာနှင့် သား သုံးယောက်၊ သမီးတစ်ယောက် ထွန်းကားရာ ကျွန်တော်မှာ တတိယသားဖြစ်ပါသည်။ ယခုကျွန်တော်တစ်ယောက်သာ ကျန် ပါတော့သည်။ အမေနှင့် ပေါင်းသော ၁၀ နှစ်အတွင်းတွင် စီးပွားအလွန်ပင် တက်ပါသည်။ အလှူကြီးများလည်း ပေးပါသည်။ ကျောင်း၊ ရေတွင်း၊ ရေကန်များကို ရွာတကာ ရပ်တကာမှာ ဆောက်လုပ် တူးဖော် လှူဒါန်းပါသည်။ ရာဝင်အိုးကြီးများနှင့်ဆီတွေ လှောင်ထားပြီး ရောင်းလည်း ရောင်း၊ လှူလည်း လှူပါသည်။ အရပ်ထဲက လာတောင်းလျှင်လည်းပေးပါသည်။ ငယ်ငယ်က ကပ်စေးနှဲသလောက် ကြီးလာသော အခါ လှူပါသည်။ မိုးဦးကျလာသောအခါ မျောတိုင်၊ ဓနိ၊ ၀ါးတွေ ပုံထားပါသည်။ ယူသော သူများ က ကိုယ်တိုင်စာရင်းမှတ်ကြရပြီး ပြန်ပေးလျှင်လည်း ယူသည်၊ မပေးလျှင်လည်း ဘာမှ မပြောပါ။
နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးလုံး၌ အိမ်ရှေ့တွင် ကနားဖျင်းတဲကြီး ထိုးထားပြီး ထန်းလျက်၊ ငါးခြောက်၊ ပဲလှော်၊ လက်ဖက်ခြောက်များ အပြည့်အစုံ ထားပါသည်။ စားချင်သူ စားဆိုသော သဘောပင် ဖြစ်ပါသည်။ ဒူးရင်းယို တို့၊ ဟာလပါ တို့ ပါသည့်အခါ ပါပါသေးသည်။ တစ်ခါတစ်ရံ ကျေးရွာများမှာ ဓားပြပူပါသည်။ အဖေ ကတော့ သေနတ်လိုင်စင်လည်း မတောင်း၊ သေနတ်လည်း မဆောင်ပါ။ အိမ်ကိုလည်း နေ့ ညဥ့် တံခါးပိတ် သည် မရှိလှပါ။ အမြဲပင် တံခါးဖွင့်ထားပါသည်။
အဖေတို့၊ အမေတို့ နေသော ကျိုက်လတ်နှင့် ၁၀ မိုင်ခန့်ဝေးသည့် ပရိုက်အနောက်စုရွာတွင် ပျဉ်ထောင်၊ သွပ်မိုးအိမ် တွေ အများကြီး အဖေက ဆောက်ထားပါသည်။ လယ်လုပ်သူတွေ၊ ဆွေမျိုးတွေ ထိုအိမ်ပေါ် တက်ပြီး နေကြပါသည်။ အဖေ သေဆုံးသော အချိန်တွင်ထိုအိမ်များကို နေထိုင်သူများက ပိုင်ကြပါသည်။ အမေတို့ ကလည်း ဘာမှမပြောကြတော့ပါ။
ဝက်သား ရောင်းသော တရုတ်များ၊ သမန်ကြီးများနှင့် လာလျှင် တစ်ရွာလုံးဘယ်သူ ဆင်းယူယူ အလှူကြီး ပေးလိုက်ပါသည်။ တရုတ်မျာ်းက စာ ရင်း မှတ်ထားပြီး အဖေ့ထံတွင် ငွေရှင်းရပါသည်။ ငါးသည်များ လှေဝမ်း ပြည့်မျှ တင်လာလျှင် ငါးလှေကို ဆင်းကြည့်ပါသည်။ အရှင်တွေများသည်ကို တွေ့က- " အချိန် ဘယ်လောက်လဲ၊ ဘယ်ဈေးလဲ" မေးပြီး လှေနံကို နင်းမှောက်ပစ်ပါသည်။ အရှင်တွေကို လွှတ် ၍ အသေ တွေ ကို အလှူလုပ်ခြင်း ဖြစ်ပါသည်။
ရွာအနီးအနားက အင်းများကို အားလုံး လေလံအုပ်ဆွဲထားပြီး ငါးများကို ဘေးမဲ့ပေးထားပါသည်။ သူ လေလံကြိုးဆွဲ ထားသောကြောင့် သူသေပြီး ၇ နှစ်အထိ အစိုးရက လေလံမပစ်နိုင်ပါ။ ဘယ်သူမှ အင်း မလုပ် ရပါ။
ကျိုက်လတ်မြို့ ၁၁ ဖြတ်လမ်း က ကျောင်းတိုက်ကြီးထဲတွင် ကျောင်းတွေ ဆောက်ပြီး လှူသည်။ ကျိုက်လတ် ဘုရားကြီး ၀င်သည့် စောင်းတန်းကြီး ကို မြို့က တစ်ဝက်၊ သူက တစ်ဝက် ငွေထည့်ပြီး ဆောက်လုပ် လှူဒါန်း ခဲ့သည်။ ဘုရားကြီးထဲတွင် တံခွန်တိုင်ကြီး တစ်လုံးလည်း လှူသည်။
မြို့ပေါ်တွင် အောက်သမံတလင်းခံ တိုက်ခံ ပျဉ်ထောင်သွပ်မိုးအိမ် ၃၀ ခန့် ဆောက်သည်။ မိတ်ဆွေတွေ အသိ အကျွမ်း တွေက အဖေ့ကို ပြောပြီး နေကြသည် က များသည်။
၁၂၈၀ ပြည့်နှစ် အသက် ၆၇ နှစ်မှာ အဖေ ဆုံးပါးသည်။ ထိုစဉ်က ကျွန်တော့်အသက်မှာ ၄ နှစ်သာသာ ကလေး သာ ရှိပါသေးသည်။ အဖေ ဆုံးချိန်မှာ အခြားအစ်ကိုတစ်ယောက်နှင့် အဖေတူ အမေတူ မွေးချင်း အရင်း နှစ်ယောက် သာ ကျန်ပါသေးသည်။
ဒေါ်ယုနှင့် ရသော သာ ကိုရွှေသီးမှာ ငယ်စဉ်ကတည်းက ကျောင်းကောင်းကောင်း မနေပါ။ ကျိုက်လတ်တွင် ရန်ကုန် မှ ဆရာတစ်ယောက် ခေါ်ထားပြီး အိမ်တစ်လုံးနှင့်သားကို စာသင်စေရာတွင်လည်း လျှောက်လည် ၍သာ နေပါသည်။ အဖေကိုလည်း တော်တော်ကလေး မထီလေးစားလုပ်ပါသည်။ ထိုသားကို အဖေ အသက် ရှိစဉ် ကတည်း က ကျိုက်လတ်မှာ အိမ်တစ်လုံး ပေးထားပါသည်။ တခြားစီ နေပါသည်။ လယ်တွေ ဘာတွေ လည်း ပေးထားပါသည်။
နွေရာသီ စပါးသိမ်းရန် အဖေနှင့် အမေ တောသွားရင်းအဖေက ကျိုက်လတ်မှာ ကိစ္စရှိသဖြင့် ကျိုက်လတ် ကို ဆက်အသွား၊ ၀မ်းရောဂါ ဖြစ်နေကြသောအချိန် ဖြစ်၍ အဖေ့ကို ၀မ်းရောဂါ ကူးစက်ပါသည်။ အမေ လိုက်သွားရာသုံးရက် သာ အသက်မီလိုက်ပါသည်။ အမေက ရိုး၍ အလွန်ပူပင်တတ်ပါသည်။ အစ်ကို ကိုရွှေသီး က အမေ့ကို တောပြန်ရအောင် ဆိုပြီး ၇ ရက်ပြည့် ဆွမ်းသွတ်ပြီးသောအခါ သူက သော့ရအောင် ယူထား ကာ ရှေ့က သမန်နှင့် သွားပါသည်။
မီးခံသေတ္တာထဲက စာချုပ်နှင့် ရွှေ၊ ငွေ၊ စိန်တွေ ယူပြီးယူနီဖောင်းသေတ္တာနှင့် ထည့်၍ အခန်းတစ်ခန်းထဲ စုထားကာ အပိုင်စီးထားပါတော့သည်။ အိပ်လည်း စိတ်မချရ၊ စားလည်း စိတ်မချရသော ကျွန်တော် တို့ တစ်တွေ မှာ ထမင်းစားလျှင်ပင် ဆေးခတ်မှာ ကြောက်၍ ထမင်းပွဲ ကို လဲပြီးမှ စားရဲကြပါသည်။
"မောင်ရွှေသီး ဘယ့်နှယ်လဲ၊ တို့ စားဖို့သောက်ဖို့ပေးပါ" ဟု အမေက ဆိုသည်ကိုလည်း သူက လက်မခံပါ။ နောက်ဆုံး အစ်မအိမ် သို့ သားနှစ်ယောက် လက်ဆွဲပြီး လက်ချည်း ဆင်းသွား ရပါသည်။
သားနှစ်ယောက် လက်ဆွဲပြီး လက်ချည်း ဆင်းသွားရပါသည်။ လယ်တစ်ဖွဲ့၊ ကျိုတ်လတ်မှာ အိမ်တစ်လုံး၊ တောမှာ တစ်လုံး ပေးထားရန်၊ ကျန်သည်ကို နောက်မှ ခွဲပေးရန် ပြောရာ- "တပဲမှ မပေးဘူး၊ ကျန်တာ ရေထဲ အကုန်သွန်ပစ်မယ်"ဟု ပြောပါသည်။
ရွာသားများနှင့် ပြောသည်ကိုပင် မရတော့၍ တစ်ဖက်ကမ်းရှိ ပျဉ်းမကုန်းရွာမှ ရွာသူကြီး သူဌေးဦး ညွန့်ကို ပြောခိုင်းရာ ဦးညွန့်တို့ လာသည့်အချိန်တွင် အပေါ်ထပ်က မဆင်းဘဲ အိပ်ရာထဲမှပင်- "မတွေ့နိုင်ဘူး၊ မိကျောင်းမင်း ရေကင်းပြဖို့ မလိုဘူး"ဟု ပြန်ပြောပါသည်။ ဦးညွန့်တို့မှာ ရှက်လည်း ရှက်၊ စိတ်လည်းနာ ဖြစ်ကြပါသည်။ အမေကတစ်နှစ်ကြာ စောင့်သော်လည်း ဘာမျှအ ကြောင်းအထူးပါ။ ဦးညွှန့်နှင့် ကျွန်တော့် အဖေ တို့မှာ ဆာဂျေအေဦးမောင်ကြီးနှင့် သိကြပါသည်။ ဦးညွှန့်နှင့်အတူ အမေတို့က ဆာဂျေအေဆီ လိုက်လာကြသည်။ ဆာဂျေအေကမူ စိတ်မကောင်း ရှာပါ။ သူက ၀တ်လုံသာ ဖြစ်သည်။ မတတ်နိုင်။ သို့ရာတွင် ငွေအကုန်ခံပြီး အမှုဆောင်ရွက်ပေး မည့်သူ ရှာပေးမည်ဖြစ်ကြောင်း ပြောကာပြန်လွှတ် လိုက်ပါ သည်။
နောက်ဆောင်ရွက်မည့်သူ တွေ့၍လာခေါ်ရာ အမှုအကြောင်း မေးသဖြင့် ပြောပြရပါသည်။ ၇ ရက် စောင့်ရန် ပြောပြီး ၇ ရက်ကြာသောအခါ သူတို့လည်း မတတ်နိုငကြောင်း စကားပြန်ပါသည်။ နောက်တစ်ခါ တစ်ဦး နှင့် တွေ့၍ ဆာဂျေအေက ထပ်ခေါ်သဖြင့် သွားကြရပါသည်။ သည်တစ်ခါ တွင်မူ ၀ါးခယ်မက မြေပိုင်ရှင် ကျောင်းဒကာ ဦးဖေကြီး ဖြစ်ပါသည်။ ဆာဂျေအေက အမှုအကြောင်း ပြောပါသည်။ ဦးဖေကြီး မန္တလေး သို့ ခဏသွားရာမှ ပြန်လာသောအခါ ပစ္စည်းတွေ ရှိ၊ မရှိ စုံစမ်း၍တွေ့လျှင်- "အေးအေးပဲ ခွဲပေး မလား"ဟု ကိုရွှေသီးကို မေးရာ ကိုရွှေသီးက ငြင်းလိုက် ပါသည်။
သည်တော့မှ ဦးဖေကြီးနှင့် အမေသည် အမှုပြီးလျှင် ကုန်ကျစရိတ် အကုန်နုတ်ပြီး အမေက ကျန်ပစ္စည်း တစ်ဝက် ခွဲပေးမည်ဆိုသော စာချုပ်ချုပ်ရပါသည်။ ဖျာပုံ စက်ရှင်ရုံးတွင် တရားစွဲပါ သည်။ နေထိုင် စားသောက် စရိတ်ကိုမူ ဦးဖေကြီးထံမှ စာချူပ်နှင့် ချေးရပါသည်။ ဖျာပုံတွင် အိမ်ငှား ပြီးနေကြ ရပါသည်။
ကျွန်တော် တို့ ဘက်မှ ဖျာပုံက ရှေ့နေကြီး ဦးသာခင်ကို ငှားပါသည်။ ကိုရွှေသီးဘက်က ၀တ်လုံ ဦးဘဦး လိုက်ပါသည်။ (ယခု သမ္မတကြီး ထင်ပါသည်။) ဘာမှမကြာခင် ဦးဘဦး က ဖျာပုံတွင် စက်ရှင် တရာသူကြီး ဖြစ်ပါသည်။ ဤအမှုကိုလည်း သူလိုက်ခဲ့၍ သူမစစ်ထိုက်ဟု ဆိုသောကြောင့် မအူပင် စက်ရှင်သို့ ပြောင်းပေး ပါသည်။ ထိုအခါ အစ်ကို ကိုရွှေသီးက ၀တ်လုံဦးအေးမောင် (တရားလွှတ်တော်ချူပ် တရားဝန်ကြီး ဟောင်း ဒေါက်တာဦးအေးမောင် ဟုထင်ပါသည်။)ကို ငှားပါ သည်။
အမှုမှာ ဤသို့နှင့်ပင် ၃နှစ်မျှ ကြာသွားသည့်တိုင်အောင် အစ်ကို ပစ္စည်းကို သိမ်ယူထားပါလျက် ပင် ရှိပါသည်။ ထို ၃နှစ်အတွင်းမှာ ကျိုက်လတ်မှာ မင်းကတော် ဒေါ်မေမေက လယ်အချို့ကို အစ်ကို့ထံမှ ၀ယ်ပါသည်။ မအူပင်ရုံးရောက်သောအခါ အရေးပိုင် ဦးသာနိုး၏ သားဘိလပ်ပြန် ၀တ်လုံဦးလှဖေ ကို ငှားပါသည်။ ပစ္စည်းများကို အစ်ကို ကိုရွှေသီးထံတွင် စိတ်မချရဟု ဆိုကာ အစိုးရက ထိန်းသိမ်းထားဖို့ လျှောက်ရာ ရုံးတော်က ထိန်းသိမ်းရန် အဆုံးအဖြတ် ပေးလိုက်ပါ သည်။
ထိုအခါ လယ်အချို့နှင့် အတွင်းပစ္စည်းအချို့ ရောင်းထား၍ မပြည့်မစုံ တွေ့ရရာ ကိုရွှေသီးအား ၀ရမ်းနှင့် ဖမ်း ဖို့ ဖြစ်လာပါသည်။ သူ့အဖေမျက်နှာကြောင့် မဖမ်းရသည့်နည်းနှင့် လုပ်ပေးပါဟု အမေက၀တ်လုံကို ပြော၍ ရာဇ၀တ်မှုမလုပ်ပါ။ သို့ရာတွင် လယ်ဝယ်သော မင်းကတော် ဒေါ်မေမေမှာကား တရားခံထဲ ပါလာ ပါသည်။
ယနေ့ နာမည်ကျော် ၀တ်လုံတော်ရ ဦးကျော်မြင့် (တရားလွှတ်တော်ချုပ် တရားဝန်ကြီးဟောင်း)မှာ ဘိလပ်မှ ပြန်လာခါစ ဖြစ်ပြီး ဒေါ်မမမေ၏ တူတော်သည်ဟု သိရပါသည်။ သူ့ကိုပါ ကိုရွှေသီးက ထပ်ငှား လိုက် ပါသည်။ ဒေါ်မမမေလယ်များ ၀ယ်ရာတွင် မစောမူ၊ မမြမူ၊ မတင်မူ စသည်ဖြင့် နာမည် တွေပါ ပါသည်။ ၀တ်လုံဦးကျော်မြင့်၏ နှမငယ် ကလေးများ၏ နာမည်များဟုလည်း ပြောကြပါ သည်။
မအူပင် ကို အမှုပြောင်းသွားကတည်းက အမေနှင့်ကျွန်တော်တို့မှာ ၀ါးခယ်မတွင် ပြောင်းနေကြ ရပါသည်။ ကျွန်တော် လည်း ဦးဘိုကြီးကျောင်းတွင် ကျောင်းစနေရပါသည်။ ယခု ဦးလှ၏ ၀တ်လုံ ဦးအေးမောင်၏ နှမ မတင်မြနှင့် တစ်တန်းတည်း ဖြစ်ပါသည်။
မအူပင်သို့ အမှုသွားဆိုင်သည့်အခါ ကျွန်တော်တို့တစ်တွေ ၀တ်လုံဦးလှဖေထံတွင် သွားတည်းကြ ပါသည်။ ထိုအိမ်မှာပင် ၀တ်လုံဦးကျော်မြင့်နှင့် မင်းကတော် ဒေါ်မမမေတို့ကလည်း တည်းကြပါ သည်။ သို့နှင့်ပင် ဦးကျော်မြင့် နှင့် ကျွန်တော်တို့မှာ ခင်နေကြပါတော့သည်။
ဝတ်လုံ ဦးလှဖေကို ငှားသည်မှာ ၃နှစ် ရှိပါပြီ။ သူက တော်တော်သောက်သဖြင့် စိတ်ပျက်မိပါ သည်။ ထို့ကြောင့် ဖျာပုံက အမတ်ဦးစိန်က အကြံပေးတိုက်တွန်းသဖြင့် ဘိလပ်ကပြန်လာခါစ ဦးပေါ်ထွန်းကို ဦးလှဖေ အစား ငှားပါသည်။ (ဆာပေါ်ထွန်းပင် ဖြစ်ပါသည်။)
မအူပင် စက်ရှင်များ ဖြစ်ကြသော ဦးဘိုးခ၊ ဦးအောင်လှ စသည်တို့လည်း ပြောင်းကြပါပြီ။ အမှုက မပြီး သေးပါ။ ဦးပေါ်ထွန်းချည်း ၇နှစ်လုံးလုံး လိုက်ရပါသည်။ စုစုပေါင်းအမှု ကြာသည်မှာ ၁၄နှစ် ဖြစ်ပါသည်။
(၁) အစ်ကို့ဘက်က ကာကွယ်သည်မှာ အပျော်မယားသာ ဖြစ်သည်။ တရားဝင်မယား မဟုတ်သ ဖြင့် အမွေ မပေးထိုက်၊ သားသမီးများလည်း မရထိုက်ဟူ၍ ဖြစ်ပါသည်။
(၂) ကျွန်တော်တို့ဘက်မှ သက်သေများဖြင့် တရားဝင်မယား ဖြစ်ကြောင်း ထင်ရှားစွာ ပြနိုင်သဖြင့် ......
မအူပင် စက်ရှင်တရားသူကြီးက-
(က) ဒေါ်သာယာနှင့် မညားမီက ပွားသော ပစ္စည်းများအတွက် ပစ္စည်းများအတွက် ၄ပုံ ပုံလျှင် ၃ပုံကို အထက် သားကြီး သမီးကြီးက ယူ၊ တစ်ပုံကို ဒေါ်သာယာနှင့် သားသမီးများက ယူ။
(ခ) ဒေါ်သာယာ၏ လက်ထက်ပွား ပစ္စည်းမျာကို ၈ပုံ ပုံလျှင် ၇ ပုံကို ဒေါ်သာယာနှင့် သားသမီးများ ကယူ၊ တစ်ပုံကို အထက်သားကြီး သမီးကြီးများက ယူ။
ကုန်ကျစရိတ်ကို တရားခံက ခံရမည်ဟု အမိန့်ချလိုက်ရာ ကိုရွှေသီးက ဟိုက်ကုတ် တက်ပါသည်။ ဟိုက်ကုတ်မှာလည်း အောက်ရုံးစီရင်ချက် အတည်ဖြစ်ပါသည်။
ဤမျှသာ သူတတ်နိုင်တော့သည်။ ဘိလပ် Privy Council (ပရီဗီကောင်စီ) မသွားနိုင်တော့ပါ။ သူမွဲလေပြီ။
ဤသို့ အမှုဖြစ်နေခိုက် အစ်မ မစံတင့် မှာ ရန်ကုန်က ဦးဖေဖြူနှင့် အိမ်ထောင်ကျရာ ဦးဖေဖြူက လည်း သက်ဆိုင် သော အမွေရလိုကြောင်း တရားတပ်စွဲပြီး ၀င်လာပါသည်။ ထို့နောက် ဦးဖေဖြူ ဆုံးသွား ပြန် ပါသည်။
သို့နှင့် စီရင်ချက်ချပြီး အမွေခွဲဝေရ ခက်နေပြန်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ ၀တ်လုံ ဦးပေါ်ထွန်း အမေ၊ မစံတင့်နှင့် သူမ၏ဒုတိယယောင်္ကျား ဦးဘမြင့်တို့ တိုင်ပင်ပြီး မြေပုံများ ကြည့်၍ တွက်ချက်ကာ ရန်ကုန်တွင် ခွဲကြပါသည်။
ကိုရွှေသီးမှာ မွဲနေပါပြီ။ သူ့မှာ မရနိုင်တော့သည့်ပြင် တရားစရိတ်များလည်း မပေးနိုင်တော့ပါ။ ကျွန်တော် တို့ကလည်း မတောင်းတော့ပါ။ သူကမျက်ရည်စက်လက်နှင့် ရန်ကုန်လိုက်လာပြီး သူမှားကြောင်း အမေ ကို ပြောကာ အတူလာနေပါသည်။ တောင်းပန်ပါသည်။
နောက်ဆုံး အမွေခွဲလိုက်ရာ ကျိုက်လက်မြို့ပေါ်မှ အိမ်၁၁လုံးနှင့် လယ်ဧက၂၅၀လောက် ကျွန်တော်တို့က ရပါသည်။ မစံတင့်တို့ကလည်း အချိုကအ၀က် ရကြပါသည်။ ကိုရွှေသီးကိုမူ သူလုပ်ကိုက်စားရန် လယ်နှင့်၊ နေရန် အိမ် ကို အမေကပင် တော်မှာ ပေးထားလိုက်ပါသည်။ သူလည်း ၂နှစ်လောက် ကောင်းကောင်းနေပြီး သေရှာ ပါသည်။အမှုပြီးချိန် တွင်ကား ဆရာစံ သူပုန်ထသဖြင့် စပါးဈေးကျ၊ လယ်ဈေးကျနှင့် ငွေကြေး ကျပ်တည်း လာပါ သည်။
ကျွန်တော်မှာ ၀ါးခယ်မ ဦးဘိုကြီးကျောင်းတွင် ၃တန်းအထိ နေ၍ ၀ါးခယ်မ အလယ်တန်းကျောင်း မှာ ၅တန်းအောင်သည်အထိ နေပြီး ရန်ကုန် ကူရှင်ဟိုက်စကူး ကျောင်းသို့ ပြောင်းနေပါသည်။ ၆တန်းနှင့် ၇ တန်း ကူရှင်မှာနေပြီး ၈တန်းနှင့် ၉တန်းကိုမူ အစိုးရ ဟိုက်စကူးကျောင်းတွင် ပြောင်းရွှေ့သင်ပါသည်။ ၉တန်း အောင်ပြီးချိန် တွင် ကျောင်းအုပ်ကြီး မစ္စတာဘော်လဒွင်ကို အကြောင်းပြုပြီး သပိတ်မှောက်ကြရာ ကျွန်တော် လည်း ကျောင်းပြန်မနေတော့ပါ။
အမေကလည်း ကျွန်တော် ရန်ကုန်တွင် ကျောင်းလာနေသည်ကို မခွဲချင်၍ ရန်ကုန်မှာ အိမ်ငှားပြီး အတူ လာနေ ပါသည်။ အစ်ကိုမှာမှု အမေအမှုဆိုင်ခိုက် သူ့ကိုဂရုစိုက်နိုင်၍ ဟိုနေဒီနေနှင့်ပင် ပညာမတတ်ရှာပါ။ သူလည်းရန်ကုန်မှာ အမေနှင့် လိုက်နေပါသည်။ ကျွန်တော် ကျောင်းထွက်သော အခါ အမေရော အစ်ကိုပါ ကျိုက်လက်အနီး ပရိုက်အနောက်စု ရွာသိုက တောက်လျှောက် ပြန်ကြ ပါသည်။ ရန်ကုန်မှာ နေသည့် အချိန် တွင် နေထိုင်စားသောက် ရင်း ကျိုက်လတ်က အိမ် ၁၁လုံးမှာ ရောင်းစား၍ ကုန်ပါသည်။ အမေကလည်း နားမလည်။ သူများတွေကလည်း အမဲဖမ်းပြီး ၀ယ်ကြပါသည်။ အိမ်များ ကုန်သည်သာမက ကြွေးတွေနှင့် တောသို့ ပြောင်းသွားရပါသည်။
အကြွေးတွေက အတိုးတွေ တက်တက်လာသည်။
လယ်တစ်ပွဲပြီး တစ်ပွဲရောင်းဆပ်ရသော်လည်း လယ်ဈေးက ကောင်းကောင်းမရ။ ကျွန်တော်တို့ ကလည်း စီးပွား မထိန်းတတ်၊ မရှာတတ်၊ ပျော်ပျော်နေဖို့ ဖြုန်းဖို့ သုံးဖို့လောက်သာ တတ်ကြပါ သည်။ ထို့ကြောင့် တဖြည်းဖြည်း နှင့် စီးပွားလျှောကျခဲ့ ပါတော့သည်။
သို့နှင့် ဂျပန်မ၀လာမီ ကိုယ့်လယ်ကိုယ် လုပ်ကြပါသည်။ လယ်မှာလည်း ဧက ၇၀ ကျော် ၈၀မျှသာ ကျန်ပါ တော့သည်။ လယ် ၂နှစ်လုပ်ပြီး တတိယနှစ်မှာ ဂျပန်ဝင်လာ ပါသည်။ လယ်ဆက်လုပ်ရန် ကြံသော်လည်း ဓားပြတွေ တိုက်ကြသဖြင့် ကျိုတ်လတ်သို့ ပြောင်းလာကြရပါသည်။ အစ်ကိုကလည်း အိမ်ထောင်ခွဲ၍ နေပါသည်။ တောက မရောင်းရသေးသည့် စပါးများကို တုံကင်းတစ်စင်း ငှားပြီး ခနောင်တိုမှာ ကျွန်တော် တို့က လာရောင်းရာ ဟန်ကျပါသည်။ ညီအစ်ကို နှစ်ယောက် ဤအလုပ်နှင့် ဟန်နေကြပါသည်။
ထိုအချိန်မှာပင် ကျွန်တော်သည် ဂုန်ညင်းတန်းရွာက မြေပိုင်ရှင် ကျောင်းအမ တစ်ယောက်၏ သမီး မမြသောင်း နှင့် အိမ်ထောင်ကျပါသည်။
တုံကင်း နှင့် စပါးပို့သော် အလုပ်က ဈေးမကိုက်သဖြင့် ဆန်အိတ် ၁၅၀ပါ သမ္ဗာန်တစ်စင်းနှင့် အထက်ကို ပြန်တက် ပါသည်။ စလေ၊ ပခန်းငယ် စသည်တို့ကို ရောက်ပါသည်။ ထိုအလုပ် က ထွက်ခြေကိုက်ပါသည်။ ဤ ဂျပန်ခေတ် မှာပင် နိုင်ငံရေးစာပေများကို မိတ်ဆွေများမှ တစ်ဆင့် လေ့လာရပါသည်။
ထို့နောက်တွင် အထက်သို့လည်း မတက်နိုင်တော့ဘဲ လယ်ဆက်လုပ်ပါသည်။ ဂျပန်ကို တော်လှန်သည့် အချိန်တွင် ဂုန်ညင်းတန်း သို့ ပြေးရပါသည်။ တပ်မတော်မှ လူများက တော်လှန် ရေး စလျှင်ပရိုက် အနောက်စု ကို ပြေးလာမည်ဟု ကျွန်တော်နှင့် အဆက်အသွယ် ပြုထားသော် လည်းသူတို့လာသောအခါ ကျွန်တော် က တစ်ရွာရောက်နေပါသည်။ သို့ရာတွင် ပရိုက်တစ်ရွာလုံး မှဆွေမျိုးချည်း ဖြစ်သဖြင့် လိုလေသေး မရှိပါ။ အဆင်ပြေပါသည်။ ညီအစ်ကိုဝမ်းကွဲ များက ဂရုစိုက် ကြပါသည်။ ထိုရွာမှနေ၍ တပ်မတော် က မတ်လ ၂၇ ရက်နေ့မှာ အကြိမ် ၄၀မျှ ဂျပန်ကို တော်လှန် ပြီဖြစ်ကြောင်း ကြေညာပါသည်။
သခင်စိုးက ပရိုက်အနောက်စုကို မကြိုက်ပါ။ ပရိုက်ချောင်းကူးကာ ကျွဲကူးရွာကို ကြိုက်သဖြင့် ကျွဲကူးရွာက ကရင်အမျိုးသား စောနေနိုင် အိမ်မှာ သွားနေရပါသည်။ ပရိုက်အနောက်စုက တပ်မတော်ပါ ရွေ့သွားပါသည်။ ထိုစဉ်က ဖက်ဆစ်တော်လှန်ရေး သမားများကို ကျွန်တော်တို့ တတ်နိုင်သမျှ အသိပညာအလိုက် အကူအညီပေးပါသည်။
တော်လှန်ရေး ပြီးသောအခါ ကျိုက်လက်မြို့သို့ ပြောင်းလာကြပါသည်။ စစ်အုပ်ချုပ်ရေး CAS(B) ခေတ်မှာ ဖဆပလ ကို စဖွဲ့သောအခါ ဥက္ကဋ္ဌ ကိုဋ္ဌေးအောင် အတွင်းရေးမှူး ကိုအောင်ကြည်နှင့် ကျွန်တော်က ဘဏ္ဍာရေးမှူးဖြစ်ပါသည်။ ကွန်မြူနစ်ပါတီကလည်း ဆိုင်းဘုတ်တပါ၊ ဆိုရှယ်လစ် ကလည်းဆိုင်းဘုတ် ချိန်နေချိန်တွင် ကျွန်တော်လည်း အခြေအနေအရ စီးပွားရေးဘက်သို့ ခြေဦးလှည့် ရပါသည်။
ရန်ကုန်သို့ တစ်ယောက်တည်း လာပါသည်။ တရုတ်မိတ်ဆွေ တစ်ဦးနှင့် စပ်တူ ကားတစ်စီး ၀ယ်ပြီး အထက်ကုန်၊ အောက်ကုန်၊ ရှမ်းပြည်ကုန် ကူးကြပါသည်။ ဤအလုပ်က မဟန်ပါ။ သို့နှင့် ရွှေတောင်တန်း တိုက်နံပါတ် ၁၀၁မှာ သုံးဦးစပ် ဗမာ့သမဂ္ဂ ရောင်းဝယ်ရေးဋ္ဌာန ဆိုပြီး ပွဲရုံတစ်ရုံ ဖွင့်ပါသည်။ ဘတ်စ်ကား တစ်စီး သည် ထောင်ထားပါသည်။ ဤဘတ်စ်ကား ထောင်၍ပင် ကားမောင်းတတ်ခြင်း ဖြစ်ပါသည်။ အထက် နှင့် ကုန်ကူးစဉ် က မမောင်တတ်သေးပါ။
ပွဲရုံ ထောင်နေစဉ်မှာပင် ကျိုက်လက်မှ ကိုသက်နှင်းဆိုသူသည် ရန်ကုန်သို့ မကြာမကြာ လာရောက် ကုန်ကူး ပါသည်။ ကျိုက်လတ်တွင် နေကြစဉ်က သိရုံသာ သိ၍မခင်မင်ခဲ့ပါ။ သုံးယောက် စပ်တူ လုပ်သူ အနက် ကိုအေးကျော်နှင့် ခင်မင်ပြီး သူ့ကုန်များကို ပွဲရုံမှချ၊ ပွဲရုံမှာပင် တည်းပါသည်။ သို့နှင့် ကျွန်တော်နှင့် ခင်မင် လာကြပါသည်။
တစ်နေ့တွင် အလုပ်အကိုင်များအတွက် သွားလာရင်း ကိုသက်နှင်းက ဦးစော ယူဂန္ဓာက ပြန်လာပြီး သူရိယ တိုက်တွင် မန်နေဂျင်းဒါရိုက်တာ လုပ်နေချိန် သူရိယတိုက်သို့ ခေါ်သွားသဖြင့် ဦးစောနှင့် စသိရပါသည်။ နောက် တစ်ခေါက်ပါ ပေါင်း နှစ်ခေါက် ရောက်ဖူးပါသည်။ ကိုသက်နှင်းမှာ စစ်မဖြစ်မီကတည်းက ကျိုက်လတ် တွင် မျိုးချစ်ပါတီခေါင်းဆောင် ဖြစ်၍ ဦးစောကိုလည်း အလွန်ဆရာတင်ပုံ ရပါသည်။
ကျွန်တော်တို့၏ ပွဲရုံအလုပ်မှ လှော်ရင်း နစ်နေသဖြင့် ဖြုတ်လိုက်ရပါသည်။ ထိုအချိန်မှာ မိန်းမနှင့် ကလေး ကလည်း အတူလိုက်နေချင်ကြောင်း ပြောသဖြင့် ခေါ်ခဲ့ရပါသည်။ ၁၃၃ လမ်းမှာ အိမ်နှစ် ခန်းကို ၆၀၀ကျပ်၊ အပျောက် ဝေးငှားပြီး နေရပါသည်။ လော်ရီတစ်စီး ထပ်ဝယ်ပြီးနောက် ဘော်ဒီ တင်ကာ ဘတ်စ်ကားတစ်စီး ထပ်တိုး လိုက် ပြန်ပါသည်။
ဗိုလ်ချူပ်အောင်ဆန်း စသောခေါင်းဆောင်များ ဘိလပ်သို့ လွတ်လပ်ရေးကိစ္စအတွက် သွားကြ တော့မည့်ဆဲဆဲ အချိန်ဖြစ်ပါသည်။ တစ်နေ့သ၌ ကိုသက်နှင်းသည် အဖော်နှစ်ယောက်နှင့် ၁၃၃ လမ်း ကျွန်တော် တို့အိမ်တွင် လာတည်းပါသည်။ သူတို့ လာသော ကိစ္စမှာ လွတ်လပ်ရေးအတွက် ဦးစောဘိလပ် သွားရမည် ဖြစ်၍ လိုက်ပို့ရန် ဖြစ်သည်ဟု ပြောပါသည်။
နံနက် ၄နာရီခန့် ထပြီး ကိုသတ်နှင်းနှင့် အဖော်နှစ်ယောက်ကို ကျွန်တော်တို့ ကားနှင့် လိုက်ပို့ရာ ဦးစော နှင့် ကမ်းနားလမ်း စထရင်းဟိုတယ်ထဲမှာ တွေ့ရပါသည်။ အခြားပုဂ္ဂိုလ်များကို လိုက်ပို့ သူများပါ မနည်းပါ။ ဦးစော ၏ မျက်စိမှာ ထိုအချိန်က မျက်ရည်တရွဲရွဲနှင့် မကောင်းသေးသည်ကို သတိပြုမိပါသည်။ မိုးစင်စင် လင်းသော အခါ ဆိပ်ကမ်းသို့ လိုက်ပို့ကြရပါသည်။ လေယာဉ်နှင့် သွားကြပါသည်။ ဦးစောတို့ အသုတ် တွင် ဗိုလ်ချုပ်အောင်ဆန်း ကိုတော့ မတွေ့ပါ။
ဦးစောကို ကျွန်တော် တတိယအကြိမ် တွေ့ခြင်းဖြစ်ပါသည်။
ဘတ်စ်ကား ပြေးသော အလုပ်မှာလည်း တရှုံးတည်း ရှုံးနေပါသည်။ မခံနိုင်တော့ပါ။ မိန်းမကလည်း မပျော်တော့ တောသာပြန်ချင်သည်။ ထို့ကြောင့် တစ်သောင်း ကိုးထောင် ကျထားသော ဒုတိယကားကြီးကို ရောင်းလိုက်ရာ တစ်သောင်းသုံးထောင်သာ ရပါသည်။ ပထမကားလေးက ရောင်း၍မရပါ။ ကိုယ်ထည် ကလည်း သုံးမရတော့ သဖြင့် စက်ကိုဖြုတ်ပြီး အိမ်အခန်းပေါ်တွင် တင်ထားပါသည်။ ကျွန်တော့်သူငယ်ချင်း စာရင်းစစ် လင်မယားက အိမ်တစ်ခန်းလိုချင် ကြောင်း ပြော၍၂၅၀ကျပ်နှင့် ပေးရာသူတို့က တစ်လုံး တစ်ခဲ တည်း မပေးနိုင်ပါ။ ၇န်ကုန်လာတိုင်း တစ်လ တစ်ခါ ယူရန်သဘောတူပြီး အခန်းတစ်ခန်းကိုလည်း ရောင်းပေး ရန် သူတို့ကိုပင် အပ်ခဲ့ရပါသည်။
သို့နှင့် ကျိုက်လတ်မြို့ပေါ်တွင် ဂျပန်ခေတ်က ၀ယ်နိုင်သော အိမ်တွင် ပြန်နေကြပြီး ဂုန်ညင်းတန်း မှာ လယ်လုပ် ကြပါသည်။
ကျွန်တော်က အခန်းရောင်းထားရသော ငွေတောင်းရန်နှင့် ထပ်ရောင်းရမည့် အခန်းအတွက် ရလိုရငြား မော်တော်ကား စက်ကလေးကို ယောက္ခမ ဆောက်ထားသော ဘုန်းကြီးကျောင်းက ဆရာတော်ကို လှူ ချင်သောကြောင့် ရန်ကုန်လာရန် ပြင်ပါသည်။ ကိုသက်နှင်းက သူလည်း လိုက်ဦးမည်ဆိုပြီး လိုက်လာ ပါသည်။ ဤအခေါက်တွင် ကိုသက်နှင်းက ဦးစောအိမ်သို့ ခေါ်သွား သဖြင့် ခဏတစ်ဖြုတ် ရောက်ပါသည်။ ဘာမှလည်း အကြောင်းမထူးပါ။
ရန်ကုန်တွင် ကျွန်တော် ထီ၁၁စောင် ထိုးခဲ့ပါသည်။ ကားစက်ကလေးမှာလည်း ကူလီခ၊ သင်္ဘောခ ၈၀ကျပ် ခန့် ကျမည်ဖြစ်၍ မသယ်နိုင်ပါ။ အိမ်ဖိုးကမူ နည်းနည်းပါးပါး ရပါသည်။ တစ်ခန်းကလည်း မရာင်းရသေးပါ။ စက်ကလေး ကို လမ်းမတော် ကမ်းနားလမ်းဘက်ရှိ ဂီမော်ပွဲရုံတွင် ထားခဲ့ရ ပါသည်။ နောက်တစ်ခါ သမ္ဗာန် နှင့် လာပြီးတင်ဖို့ စိတ်ကူးပါသည်။
ကျိုက်လတ်သို့ ရောက်ပြီး များမကြာမှီမှာပင် ကိုသက်နှင်း သည် ကျွန်တော့်ကို ဘာမှမတိုင်ပင်ဘဲ စာရွက် ၃၀၀ ခန့် ပုံနှိပ်စက်မှာ ရိုက်ပါသည်။ ကိုသက်နှင်း အိမ်တွင်ဘယ်နေ့ ဘယ်ရက်က အစည်း အဝေးလုပ်ပြီး မျိုးချစ်ပါတီ ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း၊ ဥက္ကဋ္ဌ- ဦးကြည်တင်၊ အတွင်းရေးမှူး- ကိုသတ်နှင်း၊ ကျွန်တော်က တွဲဖက်အတွင်းရေးမှူးနှင့် စည်းရုံးရေးမှူး စသည်ဖြင့် ထည့်ထားပြီး ဝေငှပါသည်။ အမှန်အားဖြင့် မည်သည့် အစည်းအဝေးမှ ခေါ်သည်မဟုတ်ပါ။ သူ့ဘာသာ စရွက်ရိုက်ဝေခြင်း ဖြစ်ပါသည်။ ကျွန်တော် ဘာမှ မသိရဘဲ ကျွန်တော့်နာမည် ဤသို့ပါလာပါသည်။ သို့ရာတွင် လူချင်းကလည်း အလွန် ခင်နေသောကြောင့် တစ်ကြောင်း၊ ဘာမှလည်းဖြစ်နိုင်မည် မဟုတ်ဟု ယူဆသောကြောင့် တစ်ကြောင်း ကျွန်တော် လည်း ဘာမှမပြောဘဲ နေလိုက်ပါသည်။ မျိုးချစ်ပါတီအနေနှင့် ကျိုက်လတ်တွင် ဘာမှလည်း မလုပ်ပါ။ တစ်ခါမှလည်း အစည်းအဝေးမခေါ်ရ ပါ။ တခြား အမှုဆောင်များလည်း စာရွတ်က်ထဲ နာမ်မည် ပါလာမှ ကျွန်တော်ကဲ့သို့ သိကြသူချည်း ဖြစ်ကြပါသည်။
ကျွန်တော်သည် တောသို့ သွား၍ခဏတစ်ဖြုတ် လယ်ကိုကြည့်ပါသည်။ မြို့တွင် အလုပ်မရှိလှပါ။ ကိုသက်နှင်း ကလည်း အလုပ်အထူးမရှိလှပါ။ ဓာတ်ရှင်ရုံပိုင် ရှိသည်ကိုငှားစားပါသည်။ ထို့ကြောင့် အားလျှင် လက်ဖက်ရည် ဆိုင် အတူသွားလေ့ရှိကြပါသည်။ တော်တော်ပင် ခင်ကြပါသည်။
တစ်လသာသာ ကြာသောအခါ ကျွန်တော် ရန်ကုန်သို့ လာပြန်ရာ လူအားဖြစ်သည့်အတိုင်း ကိုသက်နှင်း လည်း လိုက်ပြန်ပါသည်။ ကျွန်တော်က မော်တော်ကား စက်တင်ဖို့ သမ္ဗာန်လိုက်ခဲ့ရန် မှာခဲ့ပါသည်။ စက်ကလေး ကို ၎င်းသမ္ဗန်နှင့် တင်ပို့လိုက်ပါသည်။ အိမ်ခန်းမှာ မငှားရသေးပါ။ ထို့ကြောင့် အိမ်က ပါလာသော ငွေကိုပင် သုံးရပါသည်။ ရန်ကုန်ရောက်တိုင်း ကိုသက်နှင်းက ဦးစောထံ တစ်ခေါက် တစ်ခေါက် သွားလေ့ ရှိရာ ဤအကြိမ်တွင်လည်း သွားပြန်ပါသည်။ ကျွန်တော့ကိုပါ ခေါ်သွားသည်။
ဦးစော သည် ပထမတွင် ဟိုစကား သည်စကား ပြောပြီးနောက်-
"ကိုသုခကို ကျွန်တော်ပြောစရာတစ်ခု ရှိတယ်ဗျာ၊ ကိုသက်နှင်းက ပြောပြထားလို့ ကိုသုခရဲ့ သမာဓိ ကိုတော့ ယုံကြည်ပြီးပါပဲ၊ တခြားတော့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ နိုင်ငံရေးလုပ်တယ် ဆိုတာ ငွေလို တယ်ဗျ။ ငွေရှိမှ ဖြစ်တယ်။ ဒီတော့ နာရီဝက်အတွင်း သိန်း ၅၀လောက် သေချာပေါက် ရဖို့အလုပ်ကို လုပ်ရမယ်။ မာကင်တိုင်ဘဏ်ကို ဓားပြတိုက်ရမယ်။ ဒါ သေချာတာပဲ၊ ဖြစ်မှ ဖြစ်ပါ့မလားရယ်လို့တော့ တွေး မနေနဲ့တော့၊ သေချာပေါက် ဖြစ်တယ်၊ ဒါ......အင်္ဂလိပ် ကို တိုက်ထုတ်တဲ့ နည်းတစ်တည်းပဲ၊ သူတို့ စီးပွားရေး လုပ်ငန်းကို ဖျက်တာပဲ" စသည်ဖြင့် ပြောပြပါ သည်။
ထိုအခါ ကျွန်တော် အံ့အားသင့်သွားပါသည်။ ဦးစော ဤသို့ ကြံစည်လိမ့်မည်၊ ပြောလိမ့်မည်ဟူ၍ မထင်မိ ခဲ့ပါ။ ကျွန်တော်တစ်သက်တွင် ဓားပြတိုက်ရန် အပြောခံရဖူးသည်မှာ ဤအကြိမ်သည်သာ လျှင် ပထမ အကြိမ် ဖြစ်ပါသည်။ ထို့ကြောင့် အလွန်စိတ်ညစ်မိပါသည်။ ဟန်မပျက်အောင် သတိ အလွန်ထားပြီး နေရ ပါသည်။ စကားတစ်ခွန်းမှ ပြန်မပြောပါ။ ဤသို့လျှင် သူ့အား ကြည့်နေရပါ သည်။ သူပြောသမျှ နားထောင် ခဲ့ပါသည်။
ဤမျှအထိ ပြောပြီး စကားဖြတ်ကာ အခြားစကားတွေ လျှောက်ပြောပါသည်။ ကျွန်တော်တို့လည်း ခဏ ကြာသော အခါ ထပြန်လာကြပါသည်။ ဤရက်အထိ သူ့အိမ်တွင် ကျွန်တော် ထမင်းပင် တစ်ခါမီ မစားဖူး သေးပါ။ ရောက်သည့်အခါတိုင်းတော့ လက်ဖက်ရည်အချိုတိုက် ပါသည်။
ဦးစော အိမ်မှပြန်လာသောအခါ ဘတ်စ်ကားပေါ်တွင် ကျွန်တော်တွေးတော စဉ်းစားရင်း လိုက်ခဲ့ ပါသည်။ ကိုသက်နှင်း ကိုပင် စကားပြော၍မ၇ပါ။ မပြောချင်ပါ။ စိတ်လည်း နည်းနည်းမှ မကောင်းပါ။ နောက်တစ်နေ့ တွင် ၀ယ်ခြမ်းစရာ ရှိသည်များကို ၀ယ်ခြမ်းပြီး ကျိုတ်လတ်သို့ ပြန်ခဲ့ကြပါသည်။
ရန်ကုန် တွင် ကိုသက်နှင်းနှင့် ဤအကြောင်းကို တစ်ခွန်းမှ စကားစပ်၍ မပြောပါ။ ကျိုက်လတ်သို့ ပြန်ရောက် တော့လည်း အစတွင် တစ်ခွန်းမှ ထပ်မပြော။ သို့ရာတွင် ကိုသက်နှင်းသည် ခါတိုင်းကဲ့ သို့ပင် ၀င်ထွက် သွားလာနေပါသည်။
ရက်အတော်ကြာသောအခါ တစ်ညနေတွင် ကျိုက်လက်ကန်ကြီးဘက် လမ်းလျှောက်ကြရင်း ကိုသက်နှင်း က- "ဘယ့်နှယ်လဲဗျ၊ ဦးစောပြောတာ သိပ်တော့မဆိုးဘူး ထင်တယ်၊ ခင်ဗျားစဉ်းစား ပြီးပြီလား" စသည်ဖြင့် ပြောစမ်း လာပါသည်။ ထိုသို့ ပြောဖန်များသောအခါ ဤစကားများသည် ယဉ်ပါးလာပါသည်။ ကျွန်တော်၏ စိတ် တွင်လည်း ဤလုပ်ငန်း အထမြောက်လျှင် မိမိအတွက် အထိုက်အလျောက် ရမည်ဟု မျှော်လင့်မိကာ "အကောင်းသားပဲ" ဟု တစ်ခါပြောလိုက်မိပါ သည်။ ဤတစ်ခါသာ ပြောမိပါသည်။ နောက်လည်း ဤကိစ္စကို မပြောကြ တော့ပါ။
မိုးဦး ကျသောအခါ လယ်လုပ်သည့်နေရာတွင် တဲအုံဆောက်လုပ်ရန် သွားပါသည်။ တဲဆောက်နေ စဉ်သမ္ဗန် တစ်စင်း ရောက်လာပါသည်။ ကိုသတ်နှင်းက စာပေးလွှတ်လိုက်ခြင်း ဖြစ်ပါသည် "ကိုသုခ အရေးကြီးလို့ ဤသမ္ဗန် နှင့် အမြန်လိုက်ခဲ့ပါ"ဟူ၍ ဖြစ်ပါသည်။
အရေးကြီး သောကိစ္စ ဆိုသည်မှာ ဦးစောပြောသော ကိစ္စပင် ဖြစ်မည်ဟု တွေးမိပါသည်။ လိုက်သင့် မလိုက်သင့် လည်း စဉ်းစားပါသည်။ လျှို့ဝှက်သော ကိစ္စတစ်ရပ် မိမိအား ပြောထားသည်ကို ရှောင်နေလျှင် မတော် ဟု ခပ်ပေါ့ပေါ့ပင် တွက်ဆပြီး လိုက်သွားပါသည်။ ညနေစောင်းမှ ကျိုက်လိက်သို့ ရောက်ပါသည်။
ကိုသက်နှင်း ကမူ ဦးစောက အခေါ်လွှတ်လိုက်သဖြင့် မနက်ဖြန် ရန်ကုန်သို့ ဆက်လိုက်ရန် ပြောပြ ပါသည်။ အိမ်သို့ ပြန်ကာ အ၀တ်အစားပြင်၍ မနက်ဖြန် ရန်ကုန်လိုက်မည့် အကြောင်းမိန်းမကို ပြောပြသည့်အခါ မိန်းမ က နည်းနည်းမှ မသွားစေချင်ပါ။ "ကိုယ့်အလုပ်အကိုင်တွေနဲ့ အလုပ်အကိုင် ၀င်ခါနီး ခရီးအသွားလို့ မဖြစ်ဘူး လား"ဟူ၍သာ ပြောပါသည်။ သွားခါနီး လာခါနီး စိတ်စနိုးစနောင့် ဖြစ်မည်ကိုလည်း သူစိုးသည်။ ကျွန်တော် တို့ အစီအစဉ်များ ကိုမူမသိရှာပါ။
ဤကြားထဲတွင် ယခင်တစ်ခေါက်က ထိုးထားခဲ့သော ထီလက်မှတ် ၁၁စောင်အနက်မှ တစ်စောင် က ၅၀၀ဆု ပေါက်ကြောင်း သတင်းစာထဲတွင် ပါလာသဖြင့် ထီလက်မှတ်ပါ ကျွန်တော်ယူခဲ့ပါသ်ည။ ယခု တစ်ခေါက် တွင် ဦးစောအိမ်မှ ကားလာကြိုကာ တစ်ခါတည်း အင်းယားအိမ်သို့ ခေါ်သွား ပါသည်။
ကျွန်တော် တို့ ကားဝင်သွားသည် ဆိုလျှင်ပင် ဦးစောက- "ဟာ လာကြပြီ၊ လာကြပြီ"ဟု ဖော်ဖော် ရွေရွေ နှုတ်ဆက် ပါသည်။ လက်ဖက်ရည်အချိုများ ချက်ချင်းတိုက်ပါသည်။ ဤအခေါက်တွင် သူ့ဝင်းထဲ၌ လူ ၃၀ လောက် စုမိနေပါပြီ။
လက်ဖက်ရည် အချိုသောက်ပြီး မကြာမီမှာပင် ဦးစောက သူ့လုများကို "ကဲ ပြင်ကြ၊ ပြင်ကြဟေ့"ဟု ဆိုလိုက် ပါသည်။ လူတချိုကလည်း လုပ်ဖူးလက်စ ရှိကြသည် ထင်ပါသည်။ ချက်ချင်း ပြင်ဆင်ပြီး လှေနှစ်စင်း ပေါ် တက်ကြပါသည်။ တော်မီ၊ စတင်း၊ ဘရင်း အစုံပါပါသည်။ ဟိုကွေ့ သည်ကွေ့နှင့် အင်းယားထဲ လှော်သွား ရရာ အတန်ကြာလျှင် ကျွန်ကလေးတစ်ကျွန်းသို့ ရောက်သွားကြပါသည်။
ထိုကျွန်းသို့ ရောက်သောအခါ ဦးစောက- "တခြားလူတွေကတော့ အားလုံးသိနေကြပြီ။ ကိုသုခ တစ်ယောက် ပဲ မသိသေးတာ၊ (ကိုသက်နှင်းလည်း တွေ့ဖူးပြီး ဖြစ်ဟန်ရှိပါသည်။) ကဲ....... ဒီလိုဝင်၊ မိအောင်ဖမ်း၊ မန်နေဂျာနဲ့ ကက်ရှ်ရှာက ဗိုလ်တွေ၊ ဒီကောင်တွေကို မိအောင်ဖမ်း၊ မလှုပ်စေနဲက၊ သူတို့ အရေး ကြီးတယ်၊ စာရေးတွေ အရေးမကြီးဘူး။ ဟိုကောင်တွေ ဘောင်းဘီ အိတ်ထဲမနှိုက်စေနဲ့၊ အံဆွဲ မဖွင့် စေနဲ့၊ သူတို့မှာ ခြောက်လုံးပြူး ပါချင်ပါမယ်၊ မတတ်သာ ပစ်ရမှာပဲ။ ရိုက်လို့ရရင် ရိုက်မယ်။ လုပ်ငန်း တော့ အထိ မခံရဘူး" စသည်ဖြင့် ပြောနေစဉ် အချို့က သစ်ပင်ကြား ၀င်လိုက် ထွက်လိုက်နှင့် ဘဏ်ကို တိုက်သော လေ့ကျင့်ခန်း လုပ်နေကြ ပါသည်။ ဦးစောက ကျွန်တော့်သို့ လှည့်ကာ "တစ်နေ့က ပြောတဲ့ ကိစ္စ ပေါ့ဗျာ၊ ဒါရီဟာဆယ်........ အစမ်းပေါ့"ဟု ပြောပါသည်။ ထို့နောက် မှောင်လာသောကြောင့်- "ကဲ ကဲ......... နောက်တစ်ခါမှ ဆက်ကြတာပေါ့"ဟု ပြောပြီးလှေနှင့် ပြန်လာကြပါသည်။
နောက်တစ်နေ့ နံနက်လက်ဖက်ရည် သောက်အပြီးတွင် ဘဏ်ကိုသွား၍ ကြည့်ရပါသည်။ ထိုဘဏ်တွင် ဦးစော က ငွေ ၄သောင်းကျော် ၅သောင်းအပ်ထားပါသည်။ ထို့နောက် နေ့စဉ် တစ်ထောင်ထုတ်လိုက်၊ နှစ်ထောင် သွင်းလိုက် လုပ်ကာ တပည့်များကို ကြည့်ခိုင်း၊ လေ့လာခိုင်း နေပါသည်။ ထို့နေ့တွင်မူ- "တခြား လူ တွေက ရောက်ဖူး ကြပြီ၊ ကိုသုခ လိုက်ကြည့်ပါ" ဆို၍ ကျွန်တော်လိုက်သွား ရပါသည်။ ဘဏ် ရောက်သွား ၍ ကြည့်သောအခါတွင် အောက်ထပ်မှာ ပြင်နေသည်ကို တွေ့ရပါသည်။ အပေါ် တက် ရသည် မှာ လည်း တစ်ဆစ်ချိုးဝင်ရသဖြင့် အပေါ်မှာ လုပ်နေသည်ကို အောက်ကမသိနိုင်ပါ။ သို့နှင့် ကြည့်ပြီး ပြန်လာကြ ပါသည်။
ဤသို့ဖြင့် ၆ရက်၊ ၇ ရက်မျှ ဘာမှမလုပ်ရဘဲ ဤသို့ပင် နေကြရပါသည်။ သူကလည်း အလွန်ဖော် ရွေ ပါသည်။ တစ်အိမ်လုံး ပျော်ပျော်ရွှင်ရွှင် နေကြပါသည်။ ကျွန်တော်တို့လည်း ကိုယ်ကြိုက်သော လူနှင့် တွဲပြီး ထွက် လည်နိုင်ကြပါသည်။ ကျွန်တော် ပေါက်သော ထီလက်မှတ် အတွက်လည်း ငွေ ၅၀၀ကျပ် ထုပ်ကာ အိမ် သို့ ပိုက်လိုက်ပါသေးသည်။
တစ်နေ့ ညနေ နေတော်တော်စောင်းချိန်တွင် ဦးစောက ကျွန်တော်ပါ လူဆယ့်လေးငါးယောက်ကို သူ့ ၀င်းခြံကြီး အတွင်းမှ အိမ်ကလေးတစ်အိမ်သို့ ခေါ်သွားပါသည်။ ထိုအိမ်တွင် ကျွန်တော်တို့ အား ဘဏ် ကို မည်သို့ စီးရမည် ဆိုသည်ကို အသေးစိတ် ညွှန်ကြားချက် ပေးပါသည်။ မန်နေဂျာနှင့် ကက်ရှ်ရှာ ငွေကိုင် ကို အထူးသတိပြုပြီး သေသေချာချာရအောင် မဖ်းရမည့်အကြောင်း၊ မန်နေဂျာ ကိုဘယ်သူနှင့် ဘယ်သူက ဖမ်း၊ ကက်ရှ်ရာကို ဘယ်သူနှင့် ဘယ်သူကဖမ်း၊ စာရေး ၅၀ လောက် ရှိသည်ကို ဘယ်သူဘယ်ဝါက တော်မီ ၃လက် နှင့် အခန်းမကြီး၏ အလယ်တွင် ၀ပ်ခိုင်း ထားရမည်။ တစ်ယောက်မှ အပြင်မထွက်စေရ။
"ခင်ဗျားတို့ဆီက ပစ္စည်းဘာမှမယူဘူး၊ ခင်ဗျားတို့ကိုလည်း ဘာမှမလုပ်ဘူး၊ ကျွန်တော်တို့ ဘဏ်စီး နေတာ၊ ခင်ဗျားတို့ ငြိမ်ငြိမ်နေကြရင် ပြီးရော"ဟု ပြောရန် သင်ကြားပါသည်။ "မန်နေဂျာနဲ့ ကက်ရှ်ရှာ ကို ဖမ်းသူတွေကလက်ပြန် ကြိုးတုပ်၊ သော့တွေယူပြီး (safe) အာမခံ သေတ္တာတွေ ဖွင့်ခိုင်းရမယ်။ အထဲက စိန်၊ ရွှေသေတ္တာတွေ၊ ငွေစက္ကူ အသစ်အဟောင်းတွေကို တစ်နေရာ တည်းမှာ တစ်ခါတည်းပုံ၊ အသင့်ယူသွားတဲ့ ဂုန်နီအိတ်တွေထဲ ထည့်။ နောက်ဖေးပေါက် လှေကားကို ခြောက်လုံးပြူးနဲ့ တစ်ယောက် စောင့်။ နောက်ဖေးက ၀င်လာသူဖြစ်ဖြစ်၊ ရှေ့အပေါက်က ၀င်လာသူဖြစ်ဖြစ် ၀င်လာသူကို ခွင့်ပြုရမယ်၊ အထွက်ကို ခွင့်မပြုရ။ ၀င်လာသူများ ကို "ခင်ဗျားတို့ကို ဘာမှမလုပ်ဘူး၊ ခင်ဗျားတို့ ပိုက်ဆံကို လက်နဲ့ အတို့ဘူး။ ဘဏ် ကို စီးနေတာ၊ ခင်ဗျားတို့ ၀ပ်နေကြ"လို့ ပြောပြီး စာရေးတွေ ၀ပ်နေတဲ့ နေရာကို ပိုပြီး ၀ပ်ခိုင်းရမယ်"
"အပေါ်နှစ်ထပ်က တစ်ထပ်မှာ ရှိတဲ့ လူနေအိမ်ခန်းမှာ လူ ၃ယောက်၊ အထက်ခန်းမှာ လူတစ် ယောက်ပဲ ရှိတယ။ တော်မီစတင်းတွေနဲ့ သုံးလေးယောက်စီ သွားပြီး စီးထား၊ ပစ္စည်း ဘာမှ ယူဖို့မလိုဘူး၊ တယ်လီဖုန်း ကြိုးရှိရင် ဖြတ်ထားရမယ်။ ရှေ့အပေါက်ဝမှာ ရိုင်ဖယ် ကိုင်ထားတဲ့ ကုလား ဒရ၀မ်တစ်ယောက် ရှိတယ်၊ အဲဒီ ကုလား ဘယ်နည်းနဲ့မှ မလွတ်အောင် အမိဖမ်းပြီး စာရေးတွေထဲ ၀ပ်ခိုင်း၊ လွယ်လွယ်နဲ့ မရရင် ရိုက်လှဲပြီး ကြိုးတုတ် ထား ရမယ်"
"ရှေ့အပေါက်ဝမှာ ဒရ၀မ်ကို စာရေးတွေဆီပို့ပြီး (S.I.P) ရဲအုပ်လို ၀တ်ထားတဲ့ လူတစ်ယောက် ကအ၀မှာ စောင့်နေ ရမယ်။ ရဲအုပ်အနားမှာ ပုလိပ်ကို ၀တ်ထားသူ တစ်ယောက်နေရမယ်၊ ၀င်လာ သူတိုင်းရဲ့ နောက် က လိုက်သွားပြီး လှေကားကွေ့ကို ရောက်သွားတိုင်း ခြောက်လုံးပြူးနဲကချိန် ပြီး 'ခင်ဗျား ဟိုရှေ့က လူအုပ် ထဲမှာ သွားပြီး ၀ပ်နေပါ၊ ခင်ဗျားကို ကျူပ်တို့ ဘာမှမလုပ်ဘူး၊ ငြိမ်ငြိမ် နေဖို့ပဲ လိုတယ်၊ ဘဏ်ကိုသာ တိုက်နေတာ' လို့ ပြောပြီး ၀ပ်ခိုင်း ရမယ်"
"အ၀င်ဝ ဒရ၀မ်ကို မိအောင် ဖမ်းဖို့က အရေးအကြီးဆုံးဖြစ်တယ်။ သူ့ကို အလွတ်မခံနိုင်ဘူး၊ ဒါကြောင့် သူ့ ကို ရှိက်မှပဲ ဖြစ်မယ်။ သူက အကြမ်းဖက်ချင် ဖက်မယ်။ ပစ်လို့လည်း မဖြစ်ဘူး၊ တုတ်တစ်ခု သပ်သပ် ဆောင် သွားရ လိမ့်မယ်။ ဒရ၀မ်ကို လုပ်ဖို့ ကိစ္စပြီးရင် အဲဒီတုတ်ကို လှောကား ကွေ့မှာထားရမယ်"
"အထဲ ၀င်လာသူ တစ်ယောက်ဟာ မူလအစီအစဉ်အတိုင်း စာရေးများနဲ့ အေးအေးဆေးဆေး သွားဝပ်ရင် ၀ပ် မ၀ပ်ဘဲ ကလန်ကဆန် လုပ်ရင် တုတ်စာ ကျွေးရမယ်၊ အဘဲချရမယ်။ သူ့ကို အိထွက်မခံနဲ့၊ လူတစ်ယောက် ထွက်သွားရင် ပျက်သွားမယ်"ဟု ဆက်ပြောပြီး ရဲအုပ်အနားက နေကာ လူရိုက်ရမည့် နေရာကို ကျွန်တော်လုပ်ရမည်ဟု ခိုင်းပါသည်။
"မန်နေဂျာနဲ့ ကက်ရှ်ရာက ထုတ်ပေးလို့ ပစ္စည်း အမြောက်အမြား မူလအစီအစဉ်အတိုင်း ရပြီ အသင့်ဖြစ် တဲ့ အခါ ၀ီစီကလေးတစ်ခုနဲ့ အချက်ပေးရမယ်၊ ကိုယ့်တာဝန် အတိုင်း ရွှေအိတ်၊ ငွေအိတ် ထမ်းတဲ့သူက ထမ်း၊ ဆိုင်ရာ ဌာနများကို တာဝန်ယူထားကြတဲ့ သူများကလည်း ဘဏ်ရှေ့မှာ ရပ်ထားတဲ့ လော်ရီကားကြီး တစ်စီးပေါ်နဲ့ ဘာလမ်းနဲ့ ကုန်သည်လမ်းထောင့် ကာလမ်းအတွင်း ရပ်ထားတဲ့ ဂျစ်ကားပေါ်ကို အမြန်ဆုံး တစ်ပြိုင်တည်း အရောက် လာကြရမယ်။ ကားတစ်စီးကို စိန်ကြီး မောင်းရမယ်။ နောက်တစ်စီးကို ခင်မောင်ရင် မောင်းရမယ်။ ကားကြီးပေါ် ပစ္စည်းတင်ပြီး ရှေ့က သွားရမယ်။ နောက်က ရန်သူလာရင် နောက်ကား က ခုခံရမယ်။ ကက်ရှ်ရှာ နဲ့ မန်နေဂျာကို မိမိချင်း သူတို့အံဆွဲ တွေဖွင့်ပြီး လက်နက်ရှာရမယ်။
လက်နက်တွေ့လို့ မသိမ်းရင် အထွက်မှာ ရန်ရှာနိုင်တယ်"
"မာကင်တိုင်ဘဏ်ဟာ ရွှေတွေ၊ ငွေတွေ၊ စိန်တွေ ကိုညဥ့်မသိပါဘူး။ မနက် ၁၀နာရီကျမှ Reserve ရီဇာဗ် ဘဏ် က သွားထုတ်တယ်။ ညနေနာရီပြန် ၂ချက်မှာ ပစ္စည်းတွေအားလုံး ပြန်ပို့တယ်။ ဒါကြောင့် မနက် ၁၁နာရီ နဲ့ ၁ချက်ကြားမှ အပြီးတိုက်မှ ဖြစ်မယ်။ ဘဏ်ကို သွာစီးတဲ့အခါ ယူသွား ရမယ့် စတင်း၊ တော်မီ စတဲ့ လက်နက် တွေကို ကိုင်ပြီး ဘဏ်ထဲ ၀င်သွားဖို့ ကိစ္စမှာ မိုးကာအင်္ကျီပါ ကြရမယ်။ ဒါကြောင့် လုပ်မယ့် အချိန် မှာ မိုးရွာနေဖို့ လိုတယ်၊ ဒါမှဖြစ်မယ်"ဟု ဦးစောက် ပြောပြပြီး ရဲအုပ်၏ တံဆိပ်၊ ကြယ် စသည် တို့ကိုလည်း ၀ယ်ခိုင်းပါသေးသည်။
အစစ ပြည့်စုံသောအခါ အ၀တ်အစား ၀တ်ပြီး လက်နက်ပစ္စည်း ကိရိယာ အစုံအလင်နှင့် နံနက် ၁၀နာရီမှ တစ်ချက်ထိုး အထိ စောင့်ကြရပါသည်။ လုပ်ငန်းတစ်ခုလုံးမှာ ၁၅မိနစ်နှင့် ပြီးနိုင်ပါသည်။ ပြီးအောင် လုပ်ရမည် ဟုလည်း ဦးစော က အမိန့်ပေးပါသည်။
ဦးစော ပြောပြ စီစဉ်ချက်များမှာ အားလုံး ဖြစ်နိုင်သည်ဟု သူ၏တပည့်အားလုံးက ယုံကြည့်စိတ်ချ ကြပါသည်။ ဤသို့ ဖြစ်အောင်လည်း သူကပြင်ဆင်မှု အရပ်ရပ် လုပ်ထားပြီး ဖြစ်ပါသည်။
ထို့ကြောင့် နေ့စဉ် အသင့်ဝတ်၊ အသင့်လက်နက် ပြင်ပြီး မိုးအရွာ စောင့်ရွာ ၆ရက်တိတိ မိုးမရွာ ပါ။ ၀ါဆို လဆန်း အခါလောက် ဖြစ်သဖြင့် မိုးရွာမည် မုချဟု တွက်ထားချက်မှာ မကိုက်ဘဲ ဖြစ်နေပါသည်။
တိုင်ပင် ကြရသည် လည်း မဟုတ်၊ ဦးစောကလည်း လက်လျှော့ပါတော့မည်ဟု မပြော။ သို့ရာတွင် အားလုံး ပင် အလိုလို တညီတည်း စိတ်ပျက် လက်လျှော့်ကြပြီး ထိုလုပ်ငန်း အစီအစဉ်ကြီးမှာ ပျက်ပြယ်ပြယ် ဖြစ်သွားပါသည်။ အားလုံး၏ စိတ်ထဲတွင် ဦးစောက ခိုင်းစေသောကြောင့် မငြင်း ဆန်သာ၍သာ အားတင်းပြီး လုပ်ဖို့ ရည်ရွယ်ထားကြသော်လည်း တကယ်အားဖြင့် မလုပ်လိုကြ။ ၀န်လေးကြကြောင်းကို အားလျှော့ သောအခါ ကောင်းစွာ အကဲခတ်မိနိုင်ပါသည်။
ထို လုပ်ငန်းကြီး ပျက်သွားသောအခါ ဘာမှအလုပ်မရှိကြတော့ဘဲ ခပ်ပေါ့ပေါ့ပင် နေကြပြန်ပါသည်။ ကိုယ့် အတွဲ ကိုယ့်အုပ်စုနှင့် လည်ကြပတ်ကြပါသည်။ ဦးစောကလည်း မချုပ်ချယ်သေးပါ။ တော်တော်ပင် လွတ်လပ် နေကြရပါ သည်။ အားလုံးကို ဖော်ဖော်ရွေရွေနှင့် ဆက်ဆံပါသည်။
ဦးစော ၏ အိမ်သို့ နေ့နေ့ညညပင် ကားကြီးကားကောင်းများနှင့် အင်္ဂလိပ်များ ၀င်ထွက်သွား နေကြ ပါသည်။ ဂိတ်တံခါးတွင် အစောင့်ရှိပါသည်။ ပထမတွင် တော်ရုံတန်ရုံသာ စောင့်ပြီး နောက်တွင် ရိုင်ဖယ်နှင့် စောင့် ရပါသည်။
ဤသို့ ငြိမ်နေစဉ်မှာပင် ကိုဘညွှန့်၊ ကိုစိန်ကြီး၊ ကိုသက်နှင်း၊ ကိုစိုးတို့နှင့် ဦးစောကိုယ်တိုင် လိုက်ပါပြီး ဘရင်းဂန်း အလက် ၂၀၀ ကို လော်ရီကြီးပေါ် တင်ကာ နေ့ခင်းကြီးမှာပင် ယူလာပါ သည်။ ထိုနေ့က ကျည်ဆန် များ မပါပ။ ဘရင်း ၂၀၀နှင့် ပြောင်းပို ၂၀၀သာ ဖြစ်ပါသည်။
ကားဝင်လာသော အချိန်၌ ကျွန်တော်တို့ လူအုပ်မှာ အိမ်နောက်ဖေးတွင် လက်ဖက်ရည်ကြမ်း သောက်နေ ကြပါသည်။ ဦးစောမှ အိမ်သို့ ရောက်နေနှင့်ပါသည်။ ကားရောက်လျှင် အိမ်ထဲမှ ဆင်းလာပြီး ကျွတော် တို့ဘက်သို့ လှည့်ကာ- "ဂဠုန်ကွ"ဟု လက်သီးဆုပ်၍ ပြုံးပြုံးရွှင်ရွှင်နှင့် အော်ဟစ် ကြွေးကြော်ပါသည်။ ကျွတော် တို့ အထဲက"ဘာပါလိမ့်"ဟု ပြောလိုက်ရာ၊ သူက "အိမ်ရှေ့မှာ သွားကြည့်စမ်း"ဟု ပြောပါသည်။ အိမ်ရှေ့ သရက်ပင် အောက်တွင် ရပ်ထားသော လော်ရီကားကြီးပေါ်တွင် ဘရင်း ၂၀၀နှင့် ပြောင်းပို ၂၀၀ တင်လာ သည်ကို မြင်ရသဖြင့် ကျွန်တော် တို့လည်း များစွာ အံ့သြနေကြပါသည်။ ယခင်က ဘရင်းဆို၍ တစ်လက် မှ မတွေ့ဖူးသေးပါ။ စတင်း၊ တော်မီ၊ ဆပ်မရှင်း၊ ပစ္စတို၊ အမေရိကန်မော်ဇာ၊ ဂျပန်မော်ဇာ၊ ကာဘိုင် အမေရိကန် ရိုင်ဖယ် စသည်တို့သာ မြင်ဖူးပါသည်။ ထို့ပြင် ဦးစောတွင် အလွန်ထူးဆန်းသည့် လက်နက် တစ် မျိုးလည်း ရှိပါသေးသည်။
ထိုလက်နက်ကလေးမှာ ဖောင်တိန်လောက်သာ ရှိ၍အတွင်းက စပရင်း (Spring) သံပတ် ပါပါသည်။ တစ်ခါ စမ်းပြသည်မှာ ထိုလက်နက်ကလေးကို မြေကြီးပေါ်တွင် ထောင်ထားပြီး ကျည်ဆန်ဖျား ခဲကလေးကို တင်ထားရပါသည်။ ထိုခဲပေါ်သို့ နှီးဖျာကလေးနှင့် သွားတို့လိုက်ရာ ရိုင်ဖယ် ပစ်သကဲ့သို့ အထက်သို့ ထွက်သွား ပါသည်။ မိမိဆီသို့ တွားသွားပြီး တက်လာသော ရန်သူများကို ထိုလက်နက်မျိုး လမ်းတွင် ချထားပြီး ကာကွယ်လျှင် ရန်သူမတက်နိုင်ဟု ဦးစောက ပြောပြပါသည်။
ဘရင်းဂန်း အလက် ၂၀၀အတွက် ဦးစောမှာ ဘာမှ အစီအစဉ်ရှိဟန်မတူပါ။ သုံးရက်လုံးလုံး လောရီ ကားပေါ် တွင် တာလပတ် အ၀တ်အုပ်ပြီး ထားပါသည်။ ထို့နောက် ဗိုလ်တထောင်၊ သော်မဆင် လမ်းဟု ထင်ရသော ကမ်းနားဘက်က ကန်ထရိုက်တာ အဖတ်ဆိုသည့် တရုတ်ကြီးထံတွင် ပေပါပုံးကြီးများ ရေလုံ လေလုံ မှာပြီး ဂရိစ်တွေသုတ်ကာ ထည့်ပါသည်။ ထို့နောက် ပိတ်ပြီး ညဘက်တွင် အင်းယားကန်ထဲ၌ သူပြောသည့် အကွက်အတိုင်း ချကြရပါသည်။ သူက မြေပုံနှင့် စာရင်းယူထားပါသည်။ ပေပါတစ်လုံးတွင်မှ ဘရင်း ရလက် ၈လက်သာ ၀င်ရာ ပေပါပုံးမှာ မလောက်နိုင်အောင် ဖြစ်ပါသည်။ လူတွေလည်း တစ်ယောက်မှ အလုပ်မအားတော့ပါ။
ပေပါပုံးများ ရသလောက် ရသော်လည်း ကားပေါ်မှ ဘရင်းပုံကြီးမှာ လျော့သည် မရှိပါ။ ထို့ကြောင့် ဦးစော ကိုယ်တိုင် ထင်းရှူးသေတ္တာဆိုင်များကို လိုက်ကြည့်ကာ ၀ယ်ခဲ့ပါသည်။ အခြားသူများကို လည်း ၀ယ်ခိုင်း ပါသည်။ ထိုသေတ္တာများသည် ၇ လက်၊ ၈လက် ဆံ့ပါသည်။ လော်ရီတစ်စင်းကို အုတ်ဖိုက ၀ယ်ယူ ခိုင်းပြီး ထင်းရှူးသေတ္တာနှင့် ဘရင်းကို ရေမြှုပ်၍ မဖြစ်သောကြောင့် ရန်ကုန်နှင့် ပြည်လမ်းရှိ မိတ်ဆွေများထံ လိုက်အပို့ ခိုင်းပါသည်။
ဘရင်းများ ရောက်ကတည်းကဦးစောမျက်နှာမှာ တဖြည်းဖြည်း တင်းမာလာသည်ကို တွေ့ရပါသည်။ အိမ်အဝင် ဂိတ်မှာလည်း တင်းတင်းကျပ်ကျပ်ဖြစ်လာပါပြီ။ ၃ယောက် တတွဲ ၄ယောက်တတွဲ တွေ့လျှင် ခေါ်ပြီး ''ကျုပ်တို့အခု လုပ်နေတဲ့ အလုပ်ဟာရာဇဝတ်မှုတွေဖြစ်တယ်။ တစ်ယောက်ယောက်က သစ္စာ ဖေါက် ရင် လူ၃ဝကျော် တခါထဲ ဒုက္ခဖြစ်လိမ့်မယ်။
ဒါကြောင့်တစ်ယောက်ဖေါက်ရင် အဲဒီတစ်ယောက်ကို ' ဖြောင် ' ပစ်မှ ဖြစ်မယ်။ ဒီတော့ကာ လူတိုင်းက ''ကျွန်တော် သည် ကျွန်တော့်ကိုယ်ရေးကိုယ်တာအတွက် လောကကြီးကိုစိတ်ပျက်သဖြင့် အသက်ရှင် လျှက် မနေလိုတော့ သောကြောင့် ကိုယ့်ကိုယ်ကို သတ်သေလိုက်ပါသည်''လို့ စာတစ်ရွက်စီရေးပေးထားရင် မကောင်း ဘူးလား။ ဒါမှစိတ်ချရမယ်''စသည်ဖြင့် ပြောပြပါသည်။ မည်သူမျှမတော်ပါဟုမပြောရဲ။ ''ကောင်းပါ တယ်'' ဟုပြောကာ သဘောတူကြပါသည်။ဤသို့အစုလိုက်ခေါ်ပြောပြီးနောက်၊တစ်နေ့တွင် အားလုံး လူ ၃ဝ ကျော် ကို သူ့ဘုရားစင်ရှိရာသို့ခေါ်ပြီး သစ္စာရေတိုက်၊ သစ္စာဆိုခိုင်း၊ ကိုယ့်ကိုယ်ကိုကိုယ့်ဖာသာ သတ်သေ ကြောင်း စာကို ရေးခိုင်းပြီး သူကသိမ်းထားပါသည်။
အကယ်၍တစ်ယောက်ယောက်က သစ္စာဖေါက်မည့် လက္ခဏာကို သူတွေ့လျှင် ထိုလူကိုသတ်ပြီး၊ ထိုလူ ရေးသည့်စာကို အိတ်ထဲထည့်၊ ခြောက်လုံးပြူးတစ်လက် ထိုလူ့လက်နှင့် ဆုပ်ဟန်ဖြစ်အောင်လုပ်ပြီး လူပြတ်ရာ တနေရာ၊ ပြည်ကားလမ်းပေါ်တွင်ဖြစ်စေ သွား၍ချထားလိုက်ရန် ဖြစ်ပါသည်။
ဤအစီအစဉ်များလုပ်ပြီးသည့်နောက် ဦးစောသည် ညဥ့်ဘက်တွင် အပြင်သို့ အလွန်ထွက်ပါသည်။ တခါတရံ အဖေါ်ပါ၍ တခါတရံ သူကိုယ်တိုင်ကားမောင်းပြီး ထွက်ပါသည်။ အများအားဖြင့် သန်းခေါင်ကျော်မှ ပြန်လာ တတ်ပါသည်။ စိန်ကြီး တို့ ခင်မောင်ရင်တို့က တခါတရံ ကားမောင်းပြီး လိုက်ကြရပါသည်။ ကိုဘညွန့် ဖြစ်စေ၊ ကိုသက်နှင်းဖြစ်စေ တစ်ယောက်ယောက်လည်း ပါတတ်ပါသည်။ ညထွက်သည့်အခါ အဖေါ် မှာ တစ်ယောက်ထက်မများပါ။
အဖေါ်များအား ဘယ်သွားဘယ်လာကြောင်း မပြောရန်လည်း မှာထားဟန်မတူပါ။ လိုက်ပါသွားသူများ ထဲမှ တခါ တခါ ပြောပြချက်အရ မင်္ဂလာဒုံဘက် ရောက်ကြောင်း သိရပါသည်။
မင်္ဂလာဒုံ စစ်တပ်က ဟုသိရသော အင်္ဂလိပ်ထောင်ထောင် မောင်းမောင်းကြီး တစ်ယောက်လည်း အိမ်ကို မကြာ မကြာ လာပါသည်။ ထိုစစ်ဗိုလ်ကြီးမှာ အမှုကိစ္စဖြစ်လာသောအခါ ပါသည်ဟုမကြားပါ။ ဘယ်သူ ဘယ်ဝါ ဆိုသည် ကိုလည်း ကျွန်တော် မသိပါ။
ဤသို့ညပိုင်းတွင် ထွက်ထွက်နေပြီး သည့်နောက်များမကြာမီ တော်မီ၊ ခြောက်လုံးပြူး၊ စတင်း၊ ဘရင်း စသော သေနတ်များအတွက် ကျည်ဆံပေါင်း တစ်သိန်းသုံးသောင်းကျော်ကို လော်ရီကားကြီး၂စင်းနှင့် နေ့လယ်မှာပင် သယ်ယူခဲ့ကြသည်ကို တွေ့ရပြန်ပါသည်။ အားလုံးသေတ္တာအသစ်များနှင့် ရေလုံလေလုံ ဖြစ်ကြပါသည်။ ဦးစောက ရေကန်ထဲတွင် ဆောက်ထားသော ဘုရားဆောင်ကလေးတိုင်ခြေရင်းများ အနီး၌ ၄င်းကျည်ဆံများကို ချစေပါသည်။ အခြားဟိုနေရာ ဒီနေရာများတွင်လည်း ထားစေပါသည်။ ဦးစောကိုယ်တိုင် ပြောပြချက်အရ ထိုမျှ များပြားသော ကျည်ဆံများ ကို ဈေးပေါပေါ ကလေးနှင့်ရကြောင်း၊ နောက်ထပ် ကျည်ဆံဆယ်သိန်းခန့်မကြာမီ ရဘို့ရှိကြောင်း၊ ငွေတစ်သိန်းခွဲ ခန့်ပေးလျှင် ရမည် ဖြစ်ကြောင်း နှင့် သိရှိရပါသည်။
ဗြိတိသျှစစ်တပ်သည် ဤယမ်း တောင့်များကို ဖျက်ဆီး ပစ်ကြရမည် ဖြစ်ကြောင်း၊ ဖျက်ဆီးသည့် စာရင်းထဲတွင် ပြပြီးတဘက်ကလှည့်ကာခိုးရောင်း ခြင်းကြောင့် ဤမျှ ဈေးပေါပေါနှင့် ရနိုင်ခြင်း ဖြစ်ကြောင်း ကိုလည်း ပြောပြပါသည်။
ကျွန်တော်တို့ လက်ဖက်ရည်ခုံသို့ ဦးစော တခါတရံ လာတတ်ပါသည်။ တနေ့တွင် ဆုံမိသောကြောင့် ဦးစောက ပြောပြ နေခြင်းဖြစ်ပါသည်။
ရိုင်ဖယ် ခေတ်ဟောင်းဟောင်း နှင့် ၂လုံးပြူးပါ ပေါင်း သေနတ် ၁၅ဝဝခန့် အားလုံးကောင်းစွာ သုံး၍ ရသည်များ ကိုလည်း ရရန် ရှိသေးကြောင်း၊ ထိုလက်နက်များကို လက်နက်တိုက်တစ်ခုတွင် အစောင့်များနှင့် ထားကြောင်း၊ ထိုလက်နက်များကို သရက်မြို့ဆီမှ လာထုတ်လိမ့်မည်ဖြစ်ကြောင်း၊ ၄င်းတို့လာမထုတ်မီ အချိန် ၁နာရီ ၂နာရီ ခန့်စောပြီး လက်မှတ်တု နှင့် မိမိတို့က ထုတ်ယူနှင့် ရန်ဖြစ်ကြောင်း၊ ထိုကိစ္စ အတွက်လည်း မိမိစီစဉ်နေကြောင်းနှင့် ပြောပြပါသည်။
ရှိနှင့်ပြီး လက်နက်ခဲယမ်း မီးကျောက်များကို သိမ်းရဆည်းရနှင့် အားလုံးအလုပ်အလွန်များနေကြပါသည်။ ဧည့်သည်များ လာကြသောလည်း အလုပ်လုပ် နေကြသည်များကို မတွေ့နိုင်ပါ။ ထုပ်ပိုးပြင်ဆင်ပြီး အချို့ လက်နက် များကို ပြည်လမ်းပို့၊ အချို့ကိုရန်ကုန်မြို့တွင်း အသိမိတ်ဆွေများထံ ပို့ပါသည်။ သို့ရာတွင် ပို့၍မနိုင်၊ သိမ်း၍ မနိုင်ဖြစ်နေသေးသဖြင့် ဘရင်းဂန်းများ ထည့်ထားသော ထင်းရူးသေတ္တာ ၂လုံးကို ဦးစော က ကျိုက်လတ် ဘက်တွင် ဝှက်ထားရန် ကိုသက်နှင်းကို ပြောပါသည်။ ကိုသက်နှင်းက ကျွန်တော့်ကို တိုင်ပင် ပြော ပြောပြန်ရာ၊ ကျွန်တော်ကလည်း သဘောတူ လိုက်ပါသည်။
ဝါဆိုလပြည့်နေ့မနက်စောစောမိုးမလင်းမီ လော်ရီပေါ်တင်ပြီး ကျိုက်လတ်သင်္ဘောဆိပ်ဘက်သို့ ကျွန်တော် တို့ ကားကို မောင်းလာရာ၊ ခေါင်းပေါင်းနီနှင့် ပထန်အမ်ပီများ ဂျစ်ကားနှင့်လာနေသည်ကို တွေ့ရ၍ တော်တော်ပင် လန့်သွားပါသည်။ အမ်ပီများက ရပ်ပြီး စစ်၍ တွေ့သွားလျှင် မည်သို့ များဖြစ်မည် နည်း ဟုလည်းတွေးမိ ပါသည်။ သို့ရာတွင် ဦးစောအပေါ်အထင်ကြီးမှုကြောင့် ဦးစောရှိသားဘဲ ဟုတွေးကာ မကြောက် လှပါ။
အမ်ပီ ကားလည်း ကျွန်တော်တို့ကိုကျော်ပြီး မင်္ဂလာဒုံဘက်သို့ ဆက်၍မောင်းသွားပါသည်။ အမ်ပီ တစ်ယောက် ကမူ နောက်သို့ပြန်လှည့်ကြည့်ပါသေးသည်။ တော်တော်ကလေးလှမ်းသောအခါ အမ်ပီ ဂျစ်ကား ရပ်ပြီး ကျွန်တော် တို့ကားဘက်ဆီသို့ ကြည့်နေကြပါသည်။ ထို့နောက်ပြန်လှည့်ပြီး မောင်းလိုက် လာပြန်ပါသည်။ ကျွန်တော် တို့ကလည်း တော်တော်ကလေး စိုးရိမ်နေကြပါသည်။ သို့ရာတွင်သူတို့သည် ကျွန်တော် တို့နောက် တောက်လျှောက် လိုက်မလာကြပါ။ သူတို့ကိစ္စနှင့်သူတို့ တလမ်းသို့ချိုးပြီး မောင်းသွား ကြပါသည်။ မိန်းမ နောက် လိုက်နေကြဟန်တူပါသည်။
လော်ရီကားကြီး ဆိပ်ကမ်းသို့ရောက်သောအခါ မိုးထိန်ထိန်လင်းနေပါပြီ။ ကူလီတွေ အများကြီး ခေါ်ပြီး သမ္ဗန် မော်တော်ပေါ်သို့တင်ရပါသည်။ ကူလီများက ''လေးလိုက်တာ၊ ဘာတွေပါလိမ့်'' လို့ ညည်းကြ၊ မေးကြ ပါသည်။ မော်တော်ကားပစ္စည်းများ သံထည်တွေချည်းဖြစ်၍ လေးကြောင်းပြောရပါသည်။ မြစ်ဆိပ် တွင် ပုလိပ် များလည်း ရှိကြပါသည်။ တင်နေချနေသည်ကိုပင် ကြည့်နေကြပါသည်။
ပစ္စည်း များကို မော်တော်ဝမ်းထဲသို့ချပြီး မော်တော်သမားများက ပိတ်လိုက်ပါသည်။
မည်မျှပင်လေးစေကာမူ သူတို့က သဘောကျနေကြပါသည်။ လေးလေ ပိုက်ဆံ ရလေဖြစ်သောကြောင့် ကျေနပ် နေကြပါသည်။ ၇နာရီ ထိုးသောအခါ မော်တော်ထွက်ပါသည်။ လမ်းမှာပင် တစ်ယောက် တစ်သေတ္တာ ယူထားရန် သဘောတူကြ ပါသည်။ ကျိုက်လတ်သို့ မွန်းလွဲ ၁နာရီ ၂နာရီအချိန်လောက်တွင် ရောက်သွားပါသည်။ ကိုသက်နှင်းမှာ မြူနီစပယ်လူကြီး ဖြစ်ဖူး၍ တပည့်လက်သားပေါသူ ဖြစ်သောကြောင့် သူ့တပည့် တချို့အားခေါ်ပြီး သေတ္တာ ၂လုံးကို လှည်းနှင့်တင်ကာ တစ်လုံးကို ကျွန်တော့်အိမ် တစ်လုံးကို သူ့အိမ်သို့ ချပေးရန် ခိုင်းလိုက်ပါသည်။ ကျွန်တော်တို့ကမူ ပြန်နှင့်ကြပါသည်။
ကျွန်တော်ထမင်းစားနေခိုက်မှာပင်လှည်းရောက်လာပါသည်။ကူလီများကလည်း''လေးလိုက်တာလေးလိုက်တာ''နှင့် ညည်းရင်း သေတ္တာကြီးကို ချပေးကာ လှေကားအောက်တွင် သွင်းပေးသွားပါသည်။
ဤသေတ္တာကြီးကို မြို့ပေါ်တွင် ထား၍ မလုံခြုံ၊ ထို့ကြောင့် အိမ်တွင်ရှိသောကို ချစ်တီးအား သမ္ဗန်တစ်စင်းနှင့် ဂုန်ညင်းတန်းရွာသူကြီး ဦးဘထွန်းနှင့် ဦးစိန်ဘန်းတို့ကို ခေါ်ခဲ့ရန်လွှတ်လိုက်ပါသည်။ ညဥ့်သန်းခေါင် သန်းလွဲ ရောက်ရင်ရောက်၊ ထိုလူ၂ယောက်နှင့် ချက်ခြင်း ပြန်ခဲ့ရန်လည်း မှာလိုက်ပါသည်။
မိုးချုပ်သော အခါ သေတ္တာကိုဖွင့်ပြီး သေနတ်များကို ဂုန်နီအိတ်နှင့်ထုပ်၍ လူမရှိသော တဘက်အိမ် အောက်တွင် သွားထားပါသည်။ ကျွန်တော် လုပ်နေ ကိုင်နေ သည်များကို ထိန်ဝှက်ထား၍ မဖြစ်နိုင်တော့ပါ။ ထို့ကြောင့် စောစောက ''ကိုသက်နှင်းရဲ့မော်တော်ကားပစ္စည်းတွေ ခဏလာထားတာပါ'' ဟုပြောထားသော ကျွန်တော့် မိန်းမ အား ဖွင့်ပြောရပါတော့သည်။ ကျွန်တော့မိန်းမမှာ ဤအကြောင်းကိုကြားပြီး ဤပစ္စည်း များကို မြင်ရသောအခါ အလွန်စိုးရိမ်ပူပန်ပါသည်။ ကျွန်တော့်ကိုလည်း မပြောရဲပါ။ ရန်ကုန်သို့ ကိုယ့်စီးပွားရေး ကိစ္စမဟုတ်ဘဲ ကိုသက်နှင်းနှင့်သွားနေကတည်းကသဘောမကျဖြစ်နေရာယခုမူ အလွန် ပူပင် သောကဖြစ်နေ ရှာပါတော့သည်။
သူကြီးဦးဘထွန်းနှင့် ဦးစိန်ဘန်းတို့မှာ ကျွန်တော့်အား ချစ်ခင်လေးစားသူဖြစ်သောကြောင့် ကျွန်တော်က အရေးကြီး ၍ အခေါ်လွှတ်လိုက်သည်ဆိုရာ ၊ ချက်ချင်းပင် ထလိုက်လာကြသဖြင့် နံနက် ၂နာရီအချိန်တွင် ရောက်လာကြပါသည်။ ကိုချစ်တီးကိုမူ ဘာမှ အသိမပေးဘဲ ဦးဘထွန်းနှင့် ဦးစိန်ဘန်းတို့ကိုသာ ဝှက်စရာ နေရာမှ စ၍ အကျိုးအကြောင်း ပြောပြပြီးဂုံနီအိတ်ထုပ်ပစ္စည်းများကို လူတွန်းလှည်းကလေးနှင့် တင်ကာ သမ္ဗန်ပေါ် တင်ပေးလိုက်ပါသည်။
နံနက်မိုးလင်းသော် ကိုသက်နှင်း ကျွန်တော်တို့အိမ်သို့ပေါက်လာပါသည်။ ကိုသက်နှင်းသည် ဤမျှ ကြီးကျယ် သော ကိစ္စကြီးများနှင့်ပတ်သက်၍ ကျွန်တော့်ကို ကောင်းစွာ စိတ်ချဟန်မတူပါ။ ကျွန်တော်များ သစ္စာဖေါက် လေမလားဟုလည်း အနည်းငယ်သံသယရှိဟန်တူပါသည်။ ကျွန်တော့်ကို မျက်ခြည် အပြတ် မခံပါ။ လက်ဖက် ရည်ဆိုင်သို့သွား၍လက်ဖက်ရည်သောက်ကြပြီးလျှင် နံနက်၁ဝနာရီထိုးသော်၊ ဦးစောက ''တစ်ည အိပ်ထက် ဘယ်နည်းနဲ့မှ ပိုမကြာကြစေနှင့်''ဟူသောအမိန့်အတိုင်း ဖျာပုံ သင်္ဘောနှင့် ရန်ကုန်သို့ ပြန်လိုက်လာကြပါသည်။
ပတ်သက်ရာလူအားလုံးကျွန်တော်တို့တတွေမှာအစက ဦးစောကဲ့သို့ ပုဂ္ဂိုလ်ကြီးနှင့် ပေါင်းသင်း ရ၍ ဂုဏ်ရှိသည် ဟုထင်မိပါသည်။သူသည်မျိုးချစ်စိတ်ထက်သန်သော ခေါင်းဆောင်တစ်ယောက်ဖြစ်သည်ဟု ယူဆ ကြပါသည်။ သို့ရာတွင် ရက်ကလေး အတော်ကြာသောအခါ သူ့ကိုယ်ကျင့်တရားချို့ယွင်းမှု၊ ဓါးပြတိုက်ရန်ကြံစည်ချက်၊ အကျပ်ကိုင်လေ့ရှိခြင်း အစရှိသည်တို့အတွက် စိတ်ပျက်စပြုလာကြပါသည်။
ကျွန်တော့်မှာ ခေါင်းဆောင်ကောင်းတစ်ယောက် နှင့်နီးစပ်ရသည့်အတွက် ဝမ်းသာရသော အခြေအနေမှ အကြီး အကျယ် စိတ်ပျက်ရသော ဘဝသို့ ရောက်လာရပါသည်။
သို့ရာတွင် နောက်မဆုတ်နိုင်ပါ။ သူ့အကြံ အစည်များကို ရိပ်မိသောကြောင့် အလိမ္မာနှင့် ခွဲထွက်ရန် စိတ်ကူးပါသည်။ သို့ရာတွင် သူအနည်းငယ် သံသယ ဖြစ်လျှင်ဖြစ်ချင်း အသက်နှင့် ခန္ဓာ အိုးစားကွဲမည်မှာ သေချာ ပါသည်။ ကျွန်တော်တို့လောက်လူစားကို ပရွတ်ဆိတ်တစ်ကောင်ကဲ့သို့ လက်ချောင်းကလေး တစ်ချောင်းနှင့် ချေမှုန်းပစ်နိုင်ပါသည်။ အရှိန်အဝါ ကလည်းကြီးပါသည်။ အစိုးရပိုင်းနှင့် နေရာအများတွင် သူ့ သြဇာမှာ ကြီးမားတုန်းပင် ဖြစ်ပါသည်။
တခါတရံ သူငယ်စဉ်က သူနှင့်ရန်သူဖြစ်ခဲ့သူများကို မည်သို့လုပ်လိုက်ပုံများကို ပြောပြလေ့ရှိသည့်ပြင်၊ သူ့ကို မကောင်းကြံသူမှန်လျှင် တိမ်ဖျားတွင် တက်ကပ်နေသည်ပင်ဖြစ်စေ၊ ရအောင်ချမည်ဖြစ်ကြောင်း၊ သူ့ထက် အသက်အများကြီး ကြီးသော အရာရှိကြီးတစ်ဦးသည် သူ့အားအစ်ကိုကြီးဟုခေါ်ကြောင်း၊ ထိုသူ သည် သူ့အား နိမ့်ကျအောင် အကြီးအကျယ်ချောက်တွန်းခဲ့ဘူးကြောင်း၊ သို့ရာတွင် မကြာသေးမီက သူ့ကို လာရောက် တောင်းပန်ကြောင်း၊ အိမ်ရှေ့သရက်ပင်အောက်တွင်သူ့ခြေထောက်ကိုလာဆုပ်ကြောင်း၊ သူက ''ကိစ္စ မရှိပါဘူး'' ဟုပြောလိုက်ကြောင်း၊ သို့သော် ဤလူမျိုးကို ဘယ်နည်းနဲ့မှမကြေကြောင်း၊ တိမ်ဖျားတွင် ကပ်နေစေဦး၊ မြေကြီးကလူ ဖြစ်သောကြောင့် တစ်နေ့မြေကြီးရောက်လာလျှင် ဘယ်နည်းနှင့်မျှ သူ့လက်က မလွတ်ကြောင်း၊ စသည်ဖြင့်လည်း အာရပါးရ ဒေါနှင့်မောနှင့် ပြောလေ့ရှိပါသည်။
ထို့ကြောင့် ဦးစောက ''တစ်ညဥ့်အိပ်ထက်ပိုမကြာစေနဲ့''ဟု မှာသည်ကို ကျွန်တော်တို့ မလွန်ဆန်နိုင်ပါ။ အိပ်မွေ့ချ ထားခြင်းခံရသော သူများကဲ့သို့ပင် ဖြစ်နေပါသည်။ သူ့သြဇာသည် ကျွန်တော့် အပေါ်တွင် သာမက အားလုံးသောကျွန်တော်တို့လူစုအပေါ်တွင် လွှမ်းအုပ်လျက်ရှိပါသည်။
ယနေ့အထိ ဦးစောအိမ်သို့ကျွန်တော်ရောက်နေသည်မှာ တလကျော်ကျော်ရှိပါပြီ။ ဦးစောအိမ်က လက်ဖက်ရည် အချိုသောက် ၍ ထမင်းသာ စားပါသည်။ ဆေးလိပ်ဖိုး တစ်ပြားပင် မယူဖူးပါ။ ကျွန်တော့် အိမ်က ငွေ၂ဝဝခန့် ပါခဲ့သည့်အထဲမှပင် ဆေးလိပ်ဝယ်သောက်ပါသည်။ ဦးစောကလည်း ပိုက်ဆံမပေးပါ။ အခြား လူများအား ပေးသည်ကိုလည်း မမြင် မတွေ့မိပါ။ လူအများအတွက် ချက်ရသဖြင့် တခါတရံ ဟင်း မကောင်းပါ။ ထိုအခါ မျိုးတွင် အခြား ၄၊ ၅ယောက်နှင့်အတူ မြို့ထဲသွားပြီး ကိုယ့်ပိုက်ဆံနှင့် ကိုယ် ထမင်း ဝယ်စားကြပါသည်။ တစ်ယောက်တည်း ၂ယောက်တည်းလည်းမသွားပါ။ သံသယအဖြစ်မခံနိုင်ပါ။ သူအယုံကြည်ဆုံး လူအချို့နှင့် အတူသွား၍ အတူပြန်ကြပါသည်။
ကျပ်တည်းလာသောရက်ပိုင်းများတွင်မူ လုံးလုံးမထွက်နိုင်ကြတော့ပါ။
ဘရင်းဂန်းများမရောက်မီက ကျွန်တော့်မိန်းမမှာ ကိုယ်လေးလက်ဝန်ကြီးနှင့်ဖြစ်သဖြင့် အိမ်ပြန်လိုကြောင်း ကိုသက်နှင်း ကို ပြောပြရာ၊ ကိုသက်နှင်းကဦးစောကိုသူပြောပေးမည်ဟုပြောပါသည်။သို့သော်လည်း ဘရင်းဂန်း များ သွားပို့မှပင်ရောက်ခဲ့ရပါသည်။ ယခုလည်း ကိုသက်နှင်းအား ခေတ္တပြန်လိုကြောင်း သုံးလေးကြိမ် မျှ ကျွန်တော်ပြောပြရာ၊ ကိုသက်နှင်းက အရိပ်အခြည်ကြည့်ပြီး သူပြောပေးပါမည်ဟု ပြောပါသည်။ သို့ရာတွင် သူကိုယ်တိုင်လည်း ပြောရဲဟန်မတူလှပါ။ ကျွန်တော်လည်း တိုက်ရိုက်မပြောဝံ့ပါ။ ဦးစော ကလည်း ကျွန်တော် တို့ ရောက်ခါစနှင့် မတူတော့ပါ။ မျက်နှာတော်တော်တင်း၍ စိတ်အတော် ခက်ထန် နေပါသည်။
ဦးစော အိမ်သို့ ရောက်သည့်အထဲတွင် ကျွန်တော်တို့မှာ နောက်အကျဆုံးလောက်ဖြစ်ပါသည်။ ဦးစော ကလည်း လူကြီးများကဲ့သို့ပင်ဆက်ဆံပါသည်။ သို့ရာတွင် တစ်ခါမှ ကျွန်တော်တို့နှင့်အတူရော၍ ထမင်း မစားဘူးပါ။ ကျွန်တော်တို့ရောက်ခါစကတွေ့ရသည်မှာ အိမ်ဘေးကန်ဘက် မျက်နှာပြုသော နေရာ ကလေးတွင် လသာသာ အောက်၌ သူတစ်ယောက်တည်းထမင်းစားလေ့ရှိပါသည်။ ဒေါ်သန်းခင်နှင့် ဘေဘီစော တို့ပင် အတူ စားသည် ကို မတွေ့ဘူးပါ။ ဟင်းတစ်ပွဲပြီးတစ်ပွဲ လာချသည်ကို စားလိုက်၊ ကန်ဘက် ကြည့်ပြီး စဉ်းစားလိုက်နှင့် တစ်ယောက်တည်း ဇိမ်ရှိရှိ စားလေ့ အကြံထုတ်လေ့ရှိပါသည်။ သူ့ ထမင်းပွဲနား သို့ အိမ်သားများ မည်သူမျှ မလာကြပါ။ ကျွန်တော်နှင့် ကိုသက်နှင်းမှာ ရောက်ခါစ ဖြစ်သောကြောင့် သူစားနေသော မြန်မာထမင်းဝိုင်းနှင့် မလှမ်းမကမ်း နေရာရှိ စားပွဲကလေး တွင်လက်ဖက်ရည်ကြမ်း သောက်နေမိကြပါသည်။ သူကြိုက်သည် မကြိုက် သည်လည်းမသိပါ။ ဘယ်ဟာ ကိုဦးစော ကြိုက်၍ ဘယ်ဟာကို မကြိုက်သည် အိမ်မှာ ဘာစည်းကမ်းတွေရှိသည် ကိုလည်း ကျွန်တော်တို့ မသိကြပါ။
အရက်ကလေးကို ဇိမ်ခံသောက်ပြီးနောက် ဦးစောသည် ထမင်းစားနေရာမှနေ၍ တခါတရံ တခွန်းစ နှစ်ခွန်းစ ကျွန်တော်တို့ဆီကိုစကားလှမ်းပြောပါသည်။သူပြောမှပင်ကျွန်တော်တို့လည်းပြန်ပြောကြပါသည်။ သူကလည်း တစ်ခွန်းတလေပြောပြီး နောက်မှီကလေးကို မှီလိုက်၊ လက်သုတ်ပဝါနှင့် လက်များကို ပွတ်လိုက်၊ စားလိုက်နှင့် စိတ်ကူးထုတ်နေဟန် တူပါသည်။ လမသာလျှင်လည်း အိမ်တွင်းမှ မီးရောင် ကလေးက လသာရောင်မျှလောက် ထိုးပေးလျှက် ရှိပါသည်။ ရေဒီယို တီးဝိုင်းကလည်း အိမ်ခန်းထဲမှ နေ၍ငြိမ့်ငြိမ့် ညောင်းညောင်း ဖြည်းဖြည်းသာသာ ဖြင့် လျှံထွက်လျှက်ရှိပါသည်။ ထမင်းစားပြီးသောအခါ ခဏ တစ်ဖြုတ် ကျွန်တော်တို့ကို ရယ်စရာမောစရာ လှမ်းပြောတတ်ပါသေးသည်။ တစ်ခါထမင်းစားလျှင် အနည်းဆုံး တစ်နာရီခန့်ကြာပါသည်။ များသောအားဖြင့် ကျွန်တော်တို့မှာ သူထမင်းစားပြီးသည် အထိ ထိုစားပွဲကလေး တွင် မရှိကြပါ။သူတစ်ယောက်တည်းသာ သူ့နေရာ နှင့်သူ အချိန်ယူပြီး အကြံဥာဏ် ထုတ်နေလေ့ ရှိပါသည်။
ဝါဆိုလ မိုးရာသီရောက်လာသောအခါတွင်မူ တိုက်တွင်းအလယ်ခန်းရှိ ထမင်းစားပွဲတွင် သူတစ်ယောက် တည်း ပင် စားလေ့ရှိပါသည်။ မည်သူမှသူနှင့်အတူစားသည်ကိုမတွေ့ဘူးပါ။တစ်အိမ်လုံးကသူ့ကို အလွန် ကြောက်ကြ ရဟန်တူပါသည်။ ရောက်ခါစတွင် ဒေါ်သန်းခင်ရော ဘေဘီစောပါ အိမ်တွင် ရှိကြသည်ကို တွေ့ရ ပါသည်။ များမကြာမီဘေဘီစောကလေးသည်ကျောင်းအိမ်ကျောင်းစားသွားနေပါသည်။များမကြာမီ ဒေါ်သန်းခင် ကို လည်းမတွေ့တော့ပါ။ ရက်အနည်းငယ်ကြာမှ အင်းစိန်သို့ သွား၍ ဥပုသ် သီတင်း စောင့်နေကြောင်း သိရပါသည်။
ဦးစောနေသောအိမ်တွင် ဦးစော ၊ ကိုဘညွန့် နှင့် ဆံပင်ဆံတိုနှင့် အခိုင်းအစေ မိန်းကလေးတစ်ယောက်သာ အိပ်ကြပါသည်။ အခြားသူများမှာ ဝင်းကြီးအတွင်းရှိ အခြားအိမ်များတွင် အိပ်ကြပါသည်။ ဤအချိန်ပိုင်းတွင် အချို့ကို နေရာခွဲ၍အိပ်စေသည်။ အချို့ကိုလည်း နေ့တာဝန်ညဥ့်တာဝန် ချထားဟန်တူပါသည်။ ဦးစောမှာ လည်းခါတိုင်းနှင့်မတူအားလုံးအပေါ်တွင်တင်းကျပ်လာပါသည်။မျက်နှာသာမပေးတော့ပါ။ဇိမ်ရှိရှိအေးအေးချမ်းချမ်း စိတ်ကူး ထုတ်ရင်း ထမင်းစားလေ့ရှိသော သူ့ထံမှ ဒေါပွပြီး ဆူညံသံ တခါတရံ ကြားရပါသည်။ ကျွန်တော် တို့နှင့် ပြေပြေပြစ်ပြစ် စကားစမြည်ပြောနေသော အချိန်အခါဟူ၍ မရှိတော့ပါ။
စောစောပိုင်းကဆိုလျှင်ဝင်းကြီးထဲ၌တော်မီသေနတ်လေ့ကျင့်သူကလေ့ကျင့်လေ့ရှိကြပါသည်။ဦးစောကိုယ်တိုင်လည်း တော်မီ၊ သို့မဟုတ် စတင်းကို ထုတ်လာကာ ကန်ဘေးတွင် တန်းစိုက်ထားသော သရက်ပင်များ အရင်းတွင် ထားရှိသည့် သံပုံးပေါက် စသည်တို့ကို လက်တည့်စမ်း လေ့ရှိပါသည်။ ကျည်ဆံတွေကလည်းပေါ၊ ခြံကြီး ကလည်း ကြီးသဖြင့် ခြံကြီးအတွင်း ဘာလုပ်နေသည်ကို အပြင်လူများ သိကြဟန်မတူပါ။
အကြောင်းသိ၍ တစုံတယောက်က ပြည်လမ်းမပေါ်မှ စောင့်ကြည့်မည်ဆိုလျှင်မူ သေသေချာချာ သိနိုင်မြင်နိုင် ပါမည်။ သေနတ်ပစ်သည်မှာလည်း ပြည်လမ်းဘက်သို့ ဦးတည်၍ သစ်ပင်ခြေရင်းကို ချိန်ပြီး ပစ်သဖြင့် ကျည်ဆံမှာ အပေါ်သို့ ထောင်မတက်ပါ။ သရက်ပင်နှင့်လွဲသွားစေကာမူ ရေကန်ထဲသို့သာ ရောက်ပါ သည်။
ယခုမူဤလေ့ကျင့်ခြင်းမျိုးလည်းရပ်ဆိုင်းနေကြပါသည်။ဦးစောလည်းကားနှင့်အပြင်ထွက်လိုက်၊ ပြန်လာ လိုက် နှင့် အလွန်အလုပ်ရှုပ်နေပါသည်။နေ့ရောညဥ့်ပါ အလုပ်များနေပါသည်။ အမှုထဲပါကြသော မေဂျာ ဗီဗီယန်း နှင့် ကက်ပတိန်ဘီဗင်တို့လည်း အိမ်ကို အဝင်အထွက် များကြသော လူမျိုးခြားများထဲတွင် အပါ အဝင်ဖြစ်ကြပါ သည်။ ကက်ပတိန်ဘီဗင်မှာ ဘရင်းဂန်းထုတ်သည့် နေရာတွင်ပင် အလုပ်လုပ်သူဖြစ်၍ ဘရင်းဂန်း ထုတ်စဉ်က လက်မှတ်တုလုပ်ပေးသူဟုသိရပါသည်။စောဘဦးကြီးနှင့်အတူသေပြီဟု သတင်းစာ ထဲတွင် ပါဘူးပြီး မကြာမီက ရှိသေးသလိုလို သတင်းစာတစ်စောင်တွင်တွေ့လိုက်ရသော ကက်ပတိန် ဘီဗင် ပင်ဖြစ်ပါ သည်။
အိမ်ပြန် လိုသော သူများမှာ တော်တော်များ နေကြပါလိမ့်မည်။ ကိုသက်နှင်းကလည်း ကျွန်တော့်အတွက် ပြောမပေး သဖြင့်ကျွန်တော်ခေတ္တပြန်လိုကြောင်း အရဲစွန့်၍ပြောဘို့ကြံမိပါသည်။ သို့ရာတွင် တစ်နေ့သော ညနေ၌ဦးစော သည်အိမ်ဝင်းထဲတွင်စိတ်ကူးထုတ်ရင်း ခပ်ဖြည်းဖြည်း လမ်းလျှောက် နေပါသည်။ ကျွန်တော်တို့သုံးယောက်မှာ လည်း ဦးစောနှင့် သိပ်မဝေးပါ။ အုတ်ဖိုနယ်ဖက်မှ ကိုရှိန်ကလေး ဆိုသူသည် (ပို၍အသက်ကြီးသောကိုရှိန်ကိုမူ ကိုရှိန်ကြီးဟုခေါ်သည်) ဦးစောအနီးသို့ ရို့ရို့ကလေး သွားကာ ''ကျွန်တော့်ကို ပြန်ဖို့ ခွင့်ခဏပေးပါ၊ ၂ရက် အတွင်းကျွန်တော်ပြန်လာပါမယ်''ဟုပြောရာ၊ ဦးစော က ''လူတွေ ဒီလောက်အလုပ်ရှုပ်နေရသည့်အထဲ ခင်ဗျားက အိမ်ပြန်ချင်သလား၊ ပြန် ပြန် ဘယ်တော့မှ ပြန်မလာခဲ့ နဲ့'' စသည်ဖြင့် ငေါက်ငန်းမန်မဲ လိုက်ပါသည်။ ဤသို့ ပြောနေသည် ကိုကျွန်တော် တို့ကြားလည်း ကြား နေရပါသည်။
မြင်လည်း မြင်နေကြရပါသည်။ ထို့ကြောင့် ကျွန်တော်လည်း လက်လျော့ လိုက်ပါသည်။ လူ၃ဝကျော် ရှိကြသည့် အနက် ဦးစောက ဘယ်သူတွေသည် အရင်းဆုံး၊ စိတ်အချရဆုံး၊ ဘယ်သူတွေကို အစစ တိုင်ပင် နိုင်သည်။ ဘယ်သူတွေကိုမူမတိုင်ပင်နိုင်၊ ဘယ်သူတွေကိုဘယ်လိုနေရာမှာအသုံးချရမည် စသည်တို့ကို ဝေဘန်တိက ပြုထားပြီးဟန်ရှိပါသည်။ ဤလူစုထဲတွင် ကိုစိုးမှာ အရင်းကျဆုံးလူတစ်ယောက်ဖြစ်ပါသည်။ သူဤအိမ်သို့ရောက်နေသည် မှာလည်း အကြာဆုံး သူတစ်ယောက်ဖြစ်သည့်အပြင် ဂဠုန်အစစ်ဆုံး လည်းဖြစ်ပါ သည်။ကိုစိုးမှာမင်းလှမြို့နယ်ကဖြစ်၍စားနိုင်သောက်နိုင်ချောင်ချောင်လည်လည်ဖြစ်ပါသည်။ အသက်၎ဝ ကျော် လောက် ရှိပါပြီ။
ကိုဘညွန့်မှာ အိုးသည်ကုန်းမြို့ တရားရုံးတစ်ရုံးတွင် ရှေ့ဖတ်စာရေးလုပ်ဖူး၍ အကြံဥာဏ် ကောင်းသူ တစ်ဦး ဖြစ်ပါသည်။ ဦးစောက သူ့အိမ်တွင် အတူနေစေ၍ အတော်လည်း ယုံကြည်ပါသည်။ အသက်၃ဝ အောက် မှာပင် ရှိပါလိမ့်မည်။
ကိုသက်နှင်း မှာလည်း ကျိုက်လတ် မြို့က ဂဠုန်လက်ဟောင်း ဖြစ်ပါသည်။ ဦးစောကို အလွန်လေးစား၍ ဦးစော ကလည်း အလွန်ယုံကြည်ပါသည်။ ထိုအခါက အသက်၎ဝကျော်လောက်ရှိပါပြီ။
မှုံကြီး မှာ အုတ်ဖိုအနီးအနားတဝိုက် တောရွာကလေး တစ်ရွာက ဖြစ်ပါသည်။ ပညာလည်းမတတ်ရှာပါ။ ရိုးရိုး အလုပ်ကြမ်း သမားတစ်ယောက်သာဖြစ်ပါသည်။ ဦးစောက သူခိုင်းသမျှရမည် ဆိုသောသဘောနှင့် ခေါ်ထား ဟန်ရှိပါသည်။ အိမ်တွင်လည်း အခိုင်းအစေသဘောမျိုး ဆန်ဆန်ပင် နေရရှာပါသည်။ အမှုဖြစ်စဉ် က အသက် ၃ဝ နီးပါးလောက်ရှိပါလိမ့်ဦးမည်။
ရန်ကြီးအောင် မှာ ဦးစောတူ တော်ပါသည်။ ဦးစော ညီအစ်ကို တဝမ်းကွဲက မွေးသူဖြစ်ပါသည်။ ဘားလမ်း အချုပ်ခန်း ထဲတွင် ရန်ကြီးအောင် ရန်ကြီးနိုင်တို့ နှစ်ယောက်နှင့် ကျွန်တော် ရက်ပေါင်း ၅ဝ လုံးလုံး အတူနေရရာ ထိုအခါမှပင် သူတို့နှင့်စကားပြောဘူးပြီး သူတို့ ဘဝဖြစ်အင် များကိုလည်းသိရပါသည်။
ရန်ကြီးအောင်မှာ အဘမ်းခံရစဉ်က ၁၆နှစ်သာ ရှိပါသေးသည်။ ရန်ကြီးနိုင် ဆိုသောကလေး မှာလည်း မတိမ်းမယိမ်း ပင်ဖြစ်ပါသည်။ အလွန်ပင်ငယ်ကြပါသေးသည်။ရန်ကြီးအောင်သည်သတ်ရဲဖြတ်ရဲပစ်ရဲခတ်ရဲ မိုက်သွေး ရှိသော လူငယ်ကလေးတစ်ယောက်ဖြစ်ပါသည်။သို့ရာတွင်ဗိုလ်ချုပ်အောင်ဆန်းကို လူကိုယ်တိုင် တစ်ခါမှ မမြင်ဘူးပါ။ အတွင်းဝန်ရုံးကို မည်သို့ဝင် မည်သို့ထွက်ရသည်ကို သိဖို့ဝေး၍ အတွင်းဝင်ရုံး ဆိုသည်မှာ ဘာဆိုသည်ကိုပင် သူမသိရှာပါ။ အခြားသူများနှင့်လိုက်သွားပြီး၊ အခြားသူများပစ်ခတ်သော လူစုထဲ သို့ ခိုင်းစေညွှန်ကြားသည့် အတိုင်း ဝင်ရောက်ပစ်ခတ်သူဖြစ်ပါသည်။ နိုင်ငံရေးလည်း ဘာမှ နားမလည်ပါ။ ဘားလမ်းအချုပ်ခန်း အတွင်း၌ အတူ နေရစဉ် လုပ်ကြံမှုကြီး ထဲသို့သူ ပါလာရပုံကို ရန်ကြီးအောင် က ပြောပြ၍ဤအတိုင်းကျွန်တော်သိခဲ့ရပါသည်။
စိန်ကြီးသည် ကြို့ပင်ကောက်ဇာတိဖြစ်ပါသည်။ ဂျပန်တော်လှန်ရေးတွင် ထိုနယ်၌ တာဝန် ထမ်းဆောင် ရသော တပ်မတော်သားကလေးတစ်ယောက် ဖြစ်ပါသည်။ သာယာဝတီပေါင်းတည်နယ် တဝိုက်မှ တပ်မတော် ထဲတွင် ကြီးပွားနေကြသူ အတော်များများ သည် သူ နှင့် မိတ်ဆွေများဖြစ်၍ တော်တော်ပင် ခင်မင်ကြကြောင်း သိရှိရပါသည်။
စိန်ကြီး နှင့် ရန်ကုန်ထောင်ကြီးကြိုးတိုက်အတွင်း ရက်ပေါင်းများစွာ အတူနေခဲ့ရသဖြင့် သူပြောပြချက်အရ ကျွန်တော် သိရှိရသည်မှာ အလွန် ဆန်းကြယ်လှပါသည်။ စိန်ကြီးမိဘများမှာပစ္စည်းဥစ္စာအတော်အသင့် ချမ်းသာ ကြပါသည်။ နိုင်ငံရေး အားဖြင့်မျိုးချစ်ပါတီ ကို ထောက်ခံပြီး ဦးစောကိုပုဂ္ဂိုလ် အရ အလွန် လေးစားကြည်ညို သူများ ဖြစ်ကြပါသည်။ သူ့အစ်ကိုနှစ်ယောက်ကမူ ရိုးရိုးကုန်သည်များဖြစ်ကြပါသည်။
တော်လှန်ရေးပြီးသည့် နောက်စိန်ကြီးသည်ကြို့ပင်ကောက်ပြည်သူ့ရဲဘော်အဖွဲ့ ဖွဲ့စည်းရာတွင် အရေးကြီး သော ရဲဘော်တစ်ယောက် အဖြစ်ဖြင့် ပါဝင်ခဲ့ရသည်။ ထို့နောက်စစ်ခေါင်းဆောင်ဖြစ်ပြီး များစွာ တက်တက် ကြွကြွ ဆောင်ရွက်သူဖြစ်သည်။ သူ့မိဘများမှာဦးစောဘက်သာအားသန်သူများဖြစ်၍ စိန်ကြီးယခုကဲ့သို့ လုပ်ကိုင်နေ သည်ကိုနည်းနည်းမှသဘောမကျကြပါ။ ဦးစောကလည်းဗိုလ်ချုပ်အောင်ဆန်းကိုယှဉ်ပြိုင်ရန် ပြင်ဆင်နေပြီ ဖြစ်ရာ၎င်းတို့သားတစ်ယောက်သည် ဦးစောကို ဆန့်ကျင်သော ပြည်သူ့ရဲဘော်အဖွဲ့ တွင် မားမားကြီး ဆောင်ရွက် နေသည့်အတွက် ၄င်းတို့စိတ်ထဲတွင် မသက်သာကြဟု ဆိုပါသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် ပြည်လမ်းဘက်သို့ စည်းရုံးရေးထွက်ကြသည်။ ဦးစောကလည်း သူ့လူစု နှင့်သူ ထွက်ပြန်သည်။ ကြို့ပင်ကောက်သို့ရောက်သောအခါ စိန်ကြီးမိဘများနှင့် တွေ့၍ စိန်ကြီး အကြောင်း ကို စကားစပ်မိကြသည်။ ထိုအချိန်က ဦးစောမှာ လူငယ်လူရွယ်၊ လူတော်လူကောင်း အလွန်လိုနေသော အချိန် ဖြစ်သဖြင့်လူထုထောက်ခံမှုရှိ၍ ခေါင်းဆောင်မှုအတော်အသင့်ရနေသောစိန်ကြီးအကြောင်းကို ကြားရသော အခါ ငန်းငန်းတက် လိုချင်လေတော့သည်။
စိန်ကြီးမိဘများက ၄င်းတို့သားအား ပြည်သူ့ရဲဘော်တပ်ဖွဲ့မှထွက်၍ ဦးစောနောက်သို့လိုက်ရန်ပြောရာ စိန်ကြီးက ခါးခါးသီးသီးငြင်းသည်။ နိုင်ငံရေးအယူအဆချင်း မတူသူတစ်ဦးနှင့် ပေါင်း၍ မလုပ်နိုင်ကြောင်း တင်ပြသည်။ ဦးစောဝါဒကို မကြိုက်ကြောင်းလည်း အတိအလင်းပြောပြသည်။ မိဘများကမူ စိတ်မလျှော့ကြ၊ ၄င်းတို့သားအား အတင်းရောအဓမ္မပါ ဦးစောနှင့်ထည့်တော့သည်။ သားဖြစ်သူက မိမိမှာပြည်သူ့ရဲဘော် ခေါင်းဆောင် တစ်ဦးဖြစ်၍ ဤသို့မလိုက်နိုင်ကြောင်း ငြင်းဆန်သော်လည်း ဦးစောနှင့်တွေ့ဆုံပေးကြသည်။
ဦးစောသည် လူချင်းတွေ့စ ကျအောင် လုပ်နိုင်သော ဝိဇ္ဖာတစ်ယောက်ဟုဆိုလျှင်လွန်မည်မထင်ပါ။ ကိုသက်နှင်း ခေါ်သွား၍ စိန်ကြီးထက် အသက်ကြီးသဖြင့် အတွေ့အကြုံ အတော်အတန်ရှိသော ကျွန်တော် ပင်လျှင် ဦးစော အဆွဲဓါတ်ကို မခံနိုင်ဘဲ ရှိခဲ့ပါသည်။ သတ္တိကောင်း၍ တက်ကြွသော လူငယ် ကလေးပင် ဖြစ် သော်လည်း ဦးစောကမူ မရအရဆွဲမည်မှာ သေချာပါသည်။ ဆွဲလည်းဆွဲခဲ့ပါသည်။
စိန်ကြီးသည် မိဘကို အားနာ၍၄င်း ဦးစောကို အားနာ၍၄င်း ကြို့ပင်ကောက်တရားပွဲတွင် ဦးစောအနား၌ နေရပါသည်။ ဦးစောကလည်းသူနှင့် ဝေးဝေးမခွာစေဘဲ နေရာပေးသည်။ ကားနှင့်သွားလည်း သူ့ဘေးမှာပင် ထိုင်ခိုင်းသည်။ စိန်ကြီးကမူ အနည်းငယ်မျှစိတ်မချမ်းသာ။ ပြည်သူ့ရဲဘော်အချင်းချင်းလည်း ရှက်၍ နေသည်။
မျက်နှာပင် မပြချင်။ ထို့ကြောင့် ဦးစောပြည်ဘက် သို့ဆက်၍ မတက်မီတစ်ချိန် တွင်စိန်ကြီးသည် လစ်ပြီးရှောင်ပြေး သည်။ ဦးစောသည် ခရီးဆက်မထွက်ဘဲ စောင့်နေသည်။ မိဘများက လိုက်၍ရှာကာ ဦးစောနှင့် အတူ လိုက်စေပြန် ပါသည်။ ဦးစောကလည်းကားပေါ်တွင် သူ့ဘေးကပင် ထိုင်လိုက်စေပါသည်။ လမ်းတနေရာ တွင် စိန်ကြီးထပ်၍လစ်ပြန်သည်။ ဦးစောကလိုက်၍ရှာပြီးထပ်ခေါ်ပြန်ပါသည်။ နောက်တနေရာ တွင်မူ စိန်ကြီးသည် ကြို့ပင်ကောက်အရောက် ပြန်ခဲ့သည်။ ဦးစောလည်းလိုက်မရှာနိုင်။ မစောင့်နိုင် ဘဲ ပြည်ဘက်သို့ဆက်၍ တက်သွားတော့သည်။
အသွားတွင်သာ အစောင့်အရှောက်လို၍ ခေါ်ခြင်းဖြစ်သည်။ အပြန်တွင် ခေါ်တော့မည် မဟုတ် ဟုစိန်ကြီး က ယူဆ ကာ ခပ်ပေါ့ပေါ့ပင် အိမ်၌နေလိုက်သည်။ ကျားကုတ်ကျားခဲနိုင်သောဦးစောသည်အပြန်ခရီးတွင် စိန်ကြီး မိဘ များထံ ဝင်ရောက်နှုတ်ဆက်ပြီး စိန်ကြီးပြန်ရောက်မရောက်မေးသည်။ ထိုအခါစိန်ကြီးနှင့် ပက်ပင်း ပါတွေ့ နေရာ ခက်ပြန်တော့သည်။ မိဘများက ၄င်းတို့သားကို ပြည်သူ့ရဲဘော်တပ်ဖွဲ့ထဲတွင် မမြင် လို၍ ဦးစောနှင့် ရန်ကုန်လိုက်သွားရန် အတင်း တွန်းထိုး ထည့်ကြသည်။ ဦးစောကလည်း ဇွတ်တရွတ် ခေါ်ပြန်သည်။ စိန်ကြီး သည် မိဘများစိတ်မကောင်းဖြစ်မည်စိုးသည်။ ဦးစောကိုလည်း အားနာသည်။ ထို့ကြောင့် ဦးစောဘေးက ထိုင်ကာ ရန်ကုန်သို့လိုက်ခဲ့သည်။
ထို့ပြင်စိန်ကြီးမှာ အခြားစိတ်ကူးလည်းပေါ်လာသည်။ အင်းယားစောင်းဦးစောအိမ်သို့ရောက်လျှင် ဦးစော သည် စိန်ကြီးအား အခြားသူများထက် မျက်နှာသာ ပိုပေးသည်။ ဂျစ်ကားကောင်းကောင်းနှစ်စီးရှိရာ စိန်ကြီး သည် ဂျစ်ကားတစ်စီးကိုဘယ်အခါမဆိုထုတ်မောင်းသွားလာနိုင်သည်။မကြာမကြာလည်း ကားမောင်းပြီး ထွက် သွား လေ့ ရှိသည်။
စိန်ကြီးသည် လူရည်သန့်သည်။ စကားမှန်မှန်ပြောသည်။ ဆက်ဆံရေးကောင်းသည်။ သပ်ရပ် ကောင်းမွန် စွာ ဝတ်စားလေ့ရှိသည်။ ဦးစော ကိုလည်း ခပ်မှန်မှန် ခပ်တည်တည်ပင် ပြောဆို ဆက်ဆံ ပေါင်းသင်း ပါသည်။ မျက်နှာလို မျက်နှာရအပိုအလို ပြောဆိုဆက်ဆံခြင်းမရှိ။ ထို့ကြောင့် ဦးစောကလည်း သူ့ကို အထင် မသေးနိုင်။
ဂျပန်ခေတ်က ကြို့ပင်ကောက်နယ်သို့ ရန်ကုန်မှ စစ်ပြေးပြေးကာ လာရောက်နေသူများအနက် ကျောင်းသူရွယ် မိန်းကလေးတစ်ဦးသည် ဖက်ဆစ်တော်လှန်ရေးအချိန်တွင် တော်လှန်ရေး၌ ပါလာသည်။ သူနာပြု လုပ်ငန်း တာဝန်များကို ဆောင်ရွက် နေသည်။ ထိုမိန်းကလေး နှင့် စိန်ကြီးသည် လူငယ်တို့ ဘာဝ သမီးရည်းစားဖြစ်ကြသည်။ သို့ရာတွင် စိန်ကြီးမိဘများက ၄င်းတို့သားကို ထိုမိန်းကလေးနှင့် သဘောမတူ။ မိန်းကလေး မိဘများကလည်း သူတို့သမီးကို စိန်ကြီးနှင့်သဘောမတူ။ စစ်ပြီးသော အခါ မိန်းကလေးနှင့် မိဘများသည် ကြည့်မြင်တိုင် စမ်းချောင်းသို့ ပြန်၍ပြောင်းလာရာ ပျိုရွယ်သူနှစ်ဦးမှာ ချစ်ပင်ပျိုးစ၌ပင် ခွဲခွာ လိုက်ကြရသည်။
မလွှဲသာ၍ ဦးစောနှင့်ရန်ကုန်လိုက်ခဲ့ရသောစိန်ကြီးသည် သူ့ချစ်ရည်းစားကိုတွေ့အောင်ရှာရန် အခွင့်ကောင်း ရတော့သည်။ ထို့ကြောင့်ပင် ဂျစ်ကားတစ်စီးယူကာ စိန်ကြီးထွက်ထွက်သွားခြင်းဖြစ်သည်။တခါတရံသူ့သူငယ်ချင်း မိတ်ဆွေ များရှိရာပြည်သူ့ ရဲဘော်တပ်ဖွဲ့ သို့ လည်းအလည်အပတ်သွားလေ့ရှိသည်။ဤအကြောင်းကို ဦးစောမသိပေ။
သူ့ရည်းစား သည်သည် ကျောင်းပြန်၍နေသည်။ ဂါဝန်ကလေးနှင့် ကွန်ဗင့်ကျောင်း တစ်ကျောင်း သို့တက် သည်။
စိန်ကြီးကရှာ၍တွေကသောအခါဝမ်းသာကြသည်။တခါတရံကျောင်းပြေးပြီးစိန်ကြီးနှင့်အတူအင်းယားဘက်သို့ သွားကာ အချိန်ကုန်သည်အထိ စကားပြောနေတတ်ကြသည်။ စိန်ကြီးကမူ မိန်းကလေးကို ညှာတာသည်။ သစ္စာ မဖေါက်။ အတူမနေနိုင်သေးသည့် အခြေနေ ကိုလည်း ပြောပြထားသည်။ ကြို့ပင်ကောက်သို့ စိန်ကြီး မပြန်နိုင် သော အကြောင်းတစ်ကြောင်းမှာ ဤအကြောင်းလည်းတစ်ခုအပါအဝင်ဖြစ်လေသည်။
ထို့ပြင် သဘောလည်းကောင်း၊ ငယ်ရွယ်သူကိုလည်း ချစ်ခင်တတ်သော စိန်ကြီးအား ကလေးငယ်အရွယ် ၁၃နှစ်သမီး ခန့်သာရှိသေးသော ဘေဘီစောကလေးကလည်း အလွန် ခင်သည်။ ''အစ်ကို-အစ်ကို''နှင့် ခေါ်၍ နေလေ့ရှိသည်။ စိန်ကြီးကလည်း ဘေဘီစောအား နှစ်မငယ်ကလေးအရင်းသဖွယ် ယူဆသည်။
ဤကလေးကိုခင်မင်မှုသည်လည်း ဦးစောဝါဒအစစကိုမကြိုက်သော စိန်ကြီးအဘို့ ဦးစောထံမှ ထွက် မသွားနိုင် သော အကြောင်းတစ်ရပ်ဖြစ်သည်။
တနေ့ညနေတွင် ခါတိုင်းညနေများကဲ့သို့ အင်းယားကန်တွင် ကျွန်တော်ရေချိုးဆင်းပြီးအဝတ်အစားလဲကာ အနည်းငယ် အညောင်းဆန့်ရန်အတွက် အိမ်ရှေ့ကွက်လပ်ဘက်သို့ရောက်ခဲ့ပါသည်။ ဤအချိန်တွင် ဦးစော နှင့် အခြား ၃ဦးလောက်သည် အိမ်ရှေ့ပိုင်း တနေရာတွင် ထိုင်ကာ တစုံတခု တိုင်ပင်နေကြပါသည်။ ဦးစောက ကျွန်တော့်ကို မြင်သောအခါ လှမ်းခေါ်ပြီး '' ကဲ ကိုသုခ အတော်ဘဲ '' ဟုဆိုပါသည်။း ကျွန်တော် လည်း ကုလားထိုင်အလွတ်တစ်ခုတွင် ဝင်ထိုင်လိုက်ပါသည်။ ''ကျွန်တော်တို့မှာ အရေးကြီးတဲ့ ကိစ္စ တစ်ခ ရှိတယ်။
ကိုသုခ ကားမောင်းရလိမ့်မယ်။ အရင်ကိစ္စထက် အရေးကြီးတဲ့ကိစ္စဘဲ။ ဘယ်နှယ့်လဲ။ မောင်းနိုင်ပါ့မလား။'' ဟုမေးပါသည်။ ကျွန်တော်လည်း ''ဘာကိစ္စဖြစ်ပါသလဲ'' ဟုပင် မမေးတော့ပါ။ ''မောင်းတာပေါ့'' ဟု ဖြေလိုက် ပါသည်။ သူဘာခိုင်းခိုင်းလုပ်ရမည့်အခြေအနေတွင်ရှိရကားမောင်းခိုင်းသည်ကိုမောင်းရမည်ပင်ဖြစ်ပါ သည်။ တစ်အိမ်လုံး ဦးစောအိမ် တွင် ရှိနေသောပရိတ်သတ် ၃ဝကျော်တွင် ကားမောင်းတတ်သူက ၃ယောက်သာ ရှိပါသည်။ ခင်မောင်ရင် စိန်ကြီးနှင့် ကျွန်တော်တို့ဖြစ်ကြပါသည်။ ဤအကြောင်းကို ဦးစောသိပြီးဖြစ်၍ သူ့အစီအစဉ် တွင် ထည့်သွင်း တွက်ချက်ပြီး ဖြစ်ဟန်တူပါသည်။
''မောင်းပါ့မယ်'' ဆိုသောစကားပြန်ရပြီးသည့်နောက် ဦးစောသည် မူလလူ၃ယောက်နှင့်ပင် ဆက်လက်၍ စကား ပြောနေပါသည်။ ခပ်တိုးတိုးပင်ဖြစ်ပါသည်။
''ဗိုလ်ချုပ်''စသည်ဖြင့်သူ့စကားများထဲတွင်နာမည်နာမ တစ်လုံးမှ မပါပါ။ သို့ရာတွင် မည်သို့တက်၊ မည်သို့ဝင်၊ မည်သို့ပစ်ခတ်ရမည်စသည်များကို ပြောနေခြင်းဖြစ်ရာ တစုံတခုသော သတ်ဖြတ်မှုကို စီစဉ်နေခြင်း ဖြစ်သည်ကိုကား အနီးတွင် ထိုင်လျက် ရှိသောကျွန်တော်သည် ကောင်းစွာ ရိပ်မိ ပါသည်။ ကျွန်တော့်အားတမင်ခေါ်ယူတိုင်ပင်ခြင်းမဟုတ်ပါ။အိမ်ရှေ့ထွက်လာ၍ ခေါ်ပြောခြင်း သာဖြစ်ပါသည်။ အခြားသူ ၃ယောက်ကမူ အပိုင်းအဆစ်တွေသိပြီး ဖြစ်ဟန်တူပါသည်။
ထို့နောက်လူစုကွဲသွားကြပါသည်။ မည်သူတွေနှင့် မည်သို့ကြိုတင်ပြင်ဆင်ထားသည်ကိုကား ကျွန်တော် ဘာမှ မသိပါ။ ယခုလူစုခွဲကြရာတွင်လည်း ဘယ်သူက ဘာတာဝန် စသည်ဖြင့် သေသေချာချာ ခွဲသည် ဟုလည်း မကြားပါ။ ဦးစော ထသွား၍ အခြားသူများလည်း ထသွားကြခြင်း ဖြစ်ပါသည်။ သူတို့ကို ကြည့်ရသည်မှာ ခပ်ပေါ့ပေါ့ပင်ဖြစ်၍ တစုံတရာ အခက်အခဲ ရှိမည်ကို ပူပင်သော ဟန်အမူအရာ ကို မတွေ့ရပါ။ ထိုနေ့မှာ၁၉၄၇ခု၊ဇူလိုင်လ၁၈ရက်နေ့ဖြစ်ပါသည်။
ညမိုးချုပ်သော်ဤလူစု သည်တနေရာတည်းတွင်အတူတူအိပ်ကြပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ စကား တစ်ခွန်း မှ မပြောကြပါ။ တစ်ယောက်မှလည်း စကားမစပ်ကြပါ။ ဦးစောမျက်ကွယ်တွင် တော်သည် မတော်သည် ဘာဘယ်သို့ ဟူ၍လုံးလုံး တိုင်ပင်ရဲခြင်း မရှိကြပါ။ တစ်ယောက် တစ်ယောက်လည်း ဘယ်လောက် ယုံကြည်ရသည် ဆိုသည်ကို မသိနိုင်ပါ။ တိုင်ပင်မိရာတွင် အစွန်းအစထွက်၍ သံသယ ဖြစ်ဖွယ် စကားတစ်ခွန်း ကို ပြောမိပါလျှင် ထိုသူမှာ မုချသေရဘို့သာ ရှိပါသည်။
အိပ်ယာထဲမလှဲမီဝိုင်းဖွဲပြီးဟိုစကားသည်စကား ရယ်စရာများကို ပြောနေကြပါသည်။ ဦးစောသည် ရုတ်တရက် ဝင်လာပါသည်။ ရယ်မောနေကြ၍ဖြစ်ပါသည်။ ''မထကြနဲ့ မထကြနဲ့'' ဟုလည်း လက်ကပြကာ ပြုံးနေ ပါသည်။
''ဘာတွေများပြောနေကြလည်း''ဟုလည်း မေးလိုက်ပါသည်။ ကျွန်တော်တို့ထဲမှတစ်ယောက်က ''အလကား ရယ်စရာ တွေပြောနေတာပါ''ဟုဖြေလိုက်ပါသည်။
ခဏသာမတ်တပ်ရပ်နေပြီးနှုတ်ဆက်ကာသူ့အိမ်သို့ပြန်သွား ပါသည်။ ကျွန်တော်ရောက်နေသော ရက်ပေါင်း ၄ဝခန့် အတွင်း ကျွန်တော်တို့နေရသော ဤအိမ်ကလေးသို့ ဦးစောလာသည်မှာ ဤတစ်ကြိမ် သာဖြစ်ပါသည်။ အရေးကြီးသော အချိန်ပိုင်းဖြစ်၍ သူနှင့်တွေ့ဆုံပြီးနောက် ကျွန်တော်တို့ချင်း ဘာတွေ ဆွေးနွေးတိုင်ပင်နေသည်။စိတ်ချရမည်။ မချရမည်စသည်တို့ကို အကဲလာခတ် ခြင်းဖြစ်ဟန်တူပါသည်။ ကျွန်တော်တို့ ရှိရာ အိမ်ထဲသို့မဝင်မီက အပြင်ဘက်မှ မည်မျှကြာကြာ ရပ်ကြည့် အကဲခတ်ပြီး နားထောင် ပြီး ဆိုသည် ကို လည်း ကျွန်တော်တို့မသိပါ။
နံနက် မိုးလင်းပြီး ရေမိုးချိုးပြီး လက်ဖက်ရည်အချိုသောက်ကြပါသည်။ ၁၉၄၇ခု၊ ဇူလိုင်လ ၁၉ရက်နေ့၊ ၁၃ဝ၉ခု ဝါခေါင်လဆန်း ၂ရက် စနေနေ့ဖြစ်ပါသည်။
ဦးစော က ခေါ်ခိုင်း၍ အမှုထဲပါသူတချို့ သွားကြပါသည်။ ယူနီဖေါင်းများဝတ်ကြရန်။ အသင့်ပြင်ကြရန်ပြော ပါသည်။
ခဲယမ်းမီးကျောက် အစုံ နှင့် စစ်ယူနီဖေါင်းအစုံပေါင်းမြောက်မြားစွာအထပ်လိုက်အပုံလိုက် ဦးစော အိပ်သော အခန်း ထဲတွင် ရှိပါသည်။ စစ်ဦးထုပ်များလည်း ကားရုံအခန်း ၂ခန်းထဲတွင် အများကြီး ဖြစ်ပါသည်။
မှတ်မိ ပါသေးသည်။ ဘဏ်တိုက်ကို စီးရန်ကြံစဉ်က ပါရမည့်သူများ ယူနီဖေါင်း ဝတ်ကြည့်ကြရာ တော်သူ တစ်ယောက်မှ မရှိ၍အားလုံးပြင်ချုပ်ခဲ့ကြရပါသည်။ ထိုအစီအစဉ်တွင် ပါခဲ့သူများအတွက်မူ ဦးစောအခန်း ထဲမှယူနီဖေါင်းယူရန်မလိုတော့ပါ။ ကျွန်တော့်မှာကားမောင်းရမည့်သူဖြစ်သောကြောင့် ''ကျွန်တော်ကော ယူနီ ဖေါင်းဝတ်ဖို့လိုပါသလား'' ဟုမေးရာ ၊ ဦးစောက ''ဘောင်းဘီတော့ဝတ်ပါ။ အင်္ကျီတော့ ကိစ္စမရှိဘူး။''ဟု ပြန်ပြော ပါသည်။
အိမ်ကလေးသို့ပြန်ပြီးဘောင်းဘီစိမ်း နှင့် ရှပ်လက်တိုအဖြူကိုဝတ်ကာ ကျွန်တော်ပြန်လာသောအခါ '' ပစ်ဖို့ ထဲက တစ်ယောက် လိုနေတယ်'' ဦးစောနှင့် ကိုစိုးတို့ လူစု ပြောနေ ကြပါသည်။ သဲသဲကွဲကွဲ ဆုံးဖြတ်ကြရ သေးဟန် မတူပါ။ ထို့နောက် ''ရန်ကြီးအောင်ဘဲကောင်းတယ်'' ဟုပြောကြကာ ရန်ကြီးအောင်ကို ခေါ်ပြီး ယူနီဖေါင်း များ ကိုစိုး နှင့် ကိုသက်နှင်းတို့က ဝိုင်းဝတ် ဆင်ပြင်ပေးကြပါသည်။ ထို့နောက် စစ်တပ် တံဆိပ်များ တပ်ဆင်ကြပါသည်။
ကောင်းစွာ မတပ်တတ်ကြသဖြင့် ရယ်ကြရပါသေးသည်။ နောက်ဆုံးတပ်ပြီးသည့်တိုင်အောင် စနစ်တကျ မှန်ကန် လိမ့်မည် မထင်ပါ။ ဘိနပ်များကလည်း သားရေစစ်ဘိနပ်ထူကြီးများမဟုတ်။ ကိုယ့်ဖာသာ ကိုယ်ဝယ် ပြီး တခါတရံ စီးကြသော ကင်းဘတ်စ်ဘိနပ်အညိုများသာဖြစ်ပါသည်။ ဦးစောက ဝယ်မပေးပါ။ သေသေ ချာချာ ဂရုပြုကြည့်လျှင် စစ်သားမဟုတ်ကြောင်းသိသာလှပါသည်။
အသင့်ဖြစ်ကြသောအခါ ဦးစောက ခပ်တိုးတိုး ဟန်အမူအရာခပ်ဖြည်းဖြည်းနှင့် မှာစရာများကို မှာနေ ပါသည်။
ထိုအချိန်တွင် တယ်လီဖုန်းလာ၍ ဦးစောသည် တယ်လီဖုန်း ရှိသောအခန်းတွင်း သို့ ထသွားပါသည်။ ကျန်ရစ်သော လူစုသည်စကားတစ်ခွန်းမှမပြောကြပါ။ ကိုယ့်စိတ်ကူးနှင့်ကိုယ်တွေးနေကြပါသည်။ ဦးစော သည် တယ်လီဖုန်း ကို အသံအုပ်ပြီး တိုးတိုးပင်ပြောနေပါသည်။ ဘာပြောနေသည်ကိုမသိနိုင်။ ဦးစော နှင့် မည်သူ တယ်လီဖုန်း စကားပြောနေကြသည်ကိုလည်းကျွန်တော်မသိပါ။ ခင်မောင်ရင်၊ မှုံကြီး၊ ကိုနီနှင့်ဝ ကိုဘညွန့် တို့ စောစော ကတည်းက ဒေါဂျစ်နှင့် မြို့ထဲသွားနေကြသည်ကို အမှုဖြစ်လာမှသာ သိပါသည်။ ထိုအချိန်ကမူ မသိသေးပါ။ အိမ်အတွင်းတနေရာတွင်အစေခံမိန်းကလေးနှင့် ယောက်ျားလေး တစ်ဦး ရှိကြပါသည်။ ဦးစော က ထိုကလေးများ နှင့် တာဝန်ပေးထားသူထဲက အချို့လူများကို အသိမပေးလို၍ ဤ အရေးကြီး သောအချိန် တွင် တိုးတိုးဖြည်းဖြည်း လုပ်နေ ပြောနေဟန်တူပါသည်။
တယ်လီဖုန်း ပြောပြီးနောက်ခြေကိုပင်ခပ်ဖြည်းဖြည်းနင်းပြီး ဦးစောပြန်လာပါသည်။ ခပ်တိုးတိုးပင်။ သို့ရာတွင် ဒေါပါပါ နှင့် ပြန်ဆက်၍ ''ဘာမှကြောက်စရာမရှိဘူး။ လုပ်စရာရှိတာကိုသာ သေသေချာချာ လုပ်ဖို့ လိုတယ်။ သတိတော့ရှိရမယ်။ သတိဆိုတာကတော့ ပိုတယ်လို့မရှိဘူး'' စသည်ဖြင့် မှာကြား နေပါသည်။ တယ်လီဖုန်း လာပြန်ပါပြီ။ ယခင်ကအတိုင်းဦးစောထပြီး တိုးတိုးပြောပြန်ပါသည်။ ထို့နောက် ပြန်လာပြီး ဆက်ကာ အားပေး စကား၊ သတိပေး စကားများ ပြောနေပြန် ပါသည်။ မကြာမီ တယ်လီဖုန်း မည်သံကြားရပြန်ပါသည်။ဦးစောထသွား၍ ဖြည်းဖြည်းပြန်လာပြန်ပါသည်။
စကားတိုးတိုးပြောနေခိုက် တယ်လီဖုန်းတစ်ကြိမ်ထပ်လာပြီးနောက် ဦးစောက '' ကဲ- သွားကြမယ်၊ ထကြ ပြင်ကြ'' ဟုဆိုပါသည်။ ထိုအချိန်မှာ ၁ဝနာရီခန့် ရှိနေမည်ဟုထင်ပါသည်။
မိုးအနည်းငယ်ရွာနေပါသည်။ အိမ်ပေါ်ကအဆင်းလိုက် အဝတ်ဖိနပ် ရော်ဘာခံဖဝါးနှင့် ရေညှိပေါ်နင်းမိ၍ ကျွန်တော် ချော်လဲရာ တော်တော်ပင် တင်ပါးဆုံနာသွားပါသည်။ ဦးစောက ''ဘယ်နှယ်နေလဲ။ ဘယ်နှယ် နေလဲ'' လိုက်မေးပါသည်။ ကျွန်တော်က အသာထပြီး ကိစ္စမရှိပါဘူးဟုပြန်ပြောကာ ကားဆီ သို့ ဆက်သွားပါသည်။ ထိုအခါကသာ တင်ပါးမနာဘဲ လက်ကျိုးသွားလျှင် ကျွန်တော် ကားမောင်း လိုက်ရမည် မဟုတ်ပါ။
ဂျစ်ကား ကို ကျွန်တော်တို့ကိုယ်တိုင် အသင့်ပြင်ထားခြင်းမဟုတ်ပါ။ တော်မီ၃လက်နှင့် စတင်းတစ်လက်လဲ ကားပေါ်တွင်အဆင်သင့်ရှိပါသည်။ဦးစောကသူ့တာဝန်နှင့်သူ အားလုံးအဆင်သင့်ဖြစ်အောင် တာဝန်ခ ထားပြီး လုပ်ခိုင်းတားဟန်ရှိပါသည်။ ကားပေါ်တက်ပြီးမောင်းထွက်သွားရန် အားလုံးအသင့်ဖြစ်နေပါသည်။ ကိုစိုး၊ ကိုသက်နှင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ကားပေါ်ရောက်လျှင်ထွက်ပါတော့သည်။ဦးစောက လက်လှမ်း ပြပြီး နှုတ်ဆက်ပါသည်။ ကားပေါ်ကလည်း ပြန်ပြ နှုတ်ဆက်ဟန် ပြုကြပါသည်။
အတွင်းဝန်ရုံးသို့သွားရာတွင်ပြည်လမ်းမကြီးပေါ်၌ ကင်း၂ကင်းရှိပါသည်။ကမာရွတ်ဂတ်အနီးတွင် တစ်ကင်း ၊ မြေနီကုန်းတွင်တစ်ကင်းဖြစ်ပါသည်။ စိန်ကြီးသည်ဤလမ်းများနှင့် ဤကင်းများကို ကောင်းကောင်း လေ့လာပြီး ဖြစ်ဟန်တူပါသည်။ အိမ်ကထွက်ပြီး ပြည်လမ်းအတိုင်း မောင်းနေရာမှ၁ဝမိနစ်ခန့်အကြာတွင် စိန်ကြီးက ဘယ်ကွေ့ခိုင်းပြီး ထိုလမ်းဤလမ်းစသည်ဖြင့်ညွှန်ပြကာ မောင်းခိုင်းပါသည်။ ထို့နောက် ဆက်မောင်း သွားရာ ဘယ်လမ်းက ဘယ်သို့မောင်းရသည်ဆိုသည်ကိုမူ ယခုမမှတ်မိတော့ပါ။
မကြာမီ ဤထောင်ကြီးနောက်ဖေးက ပြည်လမ်းမကြီး ပေါ်သို့ ရောက်လာပါသည်။ ထို့နောက်ကော်မရှင်နာလမ်း၊မောင့်ဂိုမာရီလမ်း(ယခုဗိုလ်ချုပ်လမ်း)မှ စပတ်လမ်းကိုချိုးပြီး အတွင်းဝင်ရုံး စာတိုက်ကလေး အနီးရှိစပတ်လမ်းပေါ်မှ ပထမအပေါက်ကျယ်အတိုင်း ဝင်ရပါသည်။ ဂိတ်အဝင်တွင် ဘာဖြစ်သည် မသိပါ။ ကားအများပိတ်ဆို့နေကြပါသည်။ ထို့ကြောင့် ရပ်စောင့် နေကြရပါသည်။ ထို့နောက် စိန်ကြီး မောင်းခိုင်းသည့်လမ်းအတိုင်း ဆက်၍မောင်းကာ သူတို့ကိုတစ်နေရာ တွင်ချထားပြီး သူတို့ကို တစ်နေရာတွင်စောင့်နေရပါသည်။ စိန်ကြီးက ''ကားစက်မရပ်နဲ့'' ဟုလည်း မှာခဲ့ပါသည်။
အတွင်းဝန်ရုံး ပေါ်သို့ ၄ယောက်တက်သွားပြီး မကြာမီပင် '' ဖြောက်-ဖြောက် '' နှင့် အသံများကြားရသဖြင့် ပစ်ကုန်ကြပြီ ဆိုသည် ကို ကျွန်တော်သိပါသည်။
အသံမှာ သိပ်လည်းမကျယ်ပါ။ ဝုံးဝုံးဒိုင်းဒိုင်းလည်း မဖြစ်ပါ။ အရွက်တွေများသော သရက်ပင်ကို ကျောက်စရစ် ခဲကလေးများ နှင့် ဆုပ်၍ လှမ်းပစ်သည်ကို မလှမ်းမကမ်းမှ ကြားရသော အသံလောက်သာ ရှိပါသည်။ ဘယ်လိုဖြစ်နေသလဲ။ သူတို့ကပဲ ပစ်နေကြသလား၊ အပြန်အလှန် ပစ်နေကြသလား၊ စသည်ဖြင့် တွေးတော နေမိပါသည်။ ခဏကြာသော် သူတို့လူသိုက် လှေကားမကြီး အတိုင်း ခပ်သုတ်သုတ် အပြေးကလေး ဆင်းလာကြပါသည်။ ကားစက်မှာ နိုးနေရာမှ သူတို့ပစ်နေသည့် အချိန်မှာပင် ရုတ်တရက် ရပ်သွား ပါသည်။ နှိုးသောလည်းမရပါ။ သူတို့ဆင်းလာသည်ကို တွေ့၍ ထပ်နှိုးသော်လည်း မနိုးပါ။ ကားပေါ် လူတွေတက်မိ၍ စိန်ကြီးအတင်းနှိုးတော့မှ နိုးပါသည်။ ဤကားမှာ စိန်ကြီးကိုင်နေကြ ကားဖြစ်သည့်ပြင် ကျွန်တော့် ထက်လည်း သူက နားလည်ပါသည်။
စပတ်လမ်းဘက်သို့ပင်မောင်းထွက်ရပါသည်။ ထို့နောက်ဘယ်ချိုး ညာချိုး ဘယ်တစ်ခါချိုး ပြီး စတော့ကိတ် လမ်းအတိုင်း က ကန်တော်ကြီးသို့တက်ပါသည်။ ကျွန်တော်ကားမောင်းသည်ကိုအားမရကြပါ။ ''ခင်ဗျားကား မောင်းတာ နှေးတယ်၊ နှေးတယ်''ဖြင့် ကိုသက်နှင်းတဖျစ်တောက်တောက်ပြောနေပါသည်။ ကျွန်တော် ကလည်း ကိုယ့်အချိန်အဆနှင့် ကိုယ် အမြန်ဆုံးမောင်းနေခြင်းဖြစ်ပါသည်။
ဗဟန်း ဘက်သို့ရောက်သောအခါ ကျွန်တော့်ကို ဖယ်ခိုင်းပြီး စိန်ကြီးမောင်းပါသည်။ ၃တန် ကုန်တင်ကားကြီး တွေကလည်းသွား၊ အခြား ရိုးရိုးကားများ ကလည်း ခရီးများချိန်ဖြစ်သဖြင့် အမြန်မောင်း ရန် အလွန် ခက်သော နေရာ ဖြစ်ပါသည်။
သို့ရာတွင် စိန်ကြီးသည် လျှင်မြန်ခြင်း ကို နည်းနည်းမျှမလျှော့ဘဲ ကားတွေ ပိတ်ဆို့ နေသည့်ကြားထဲမှပင် အမြန်ဆုံး မောင်းနေပါသည်။ ၃တန်ကားပေါင်းများစွာကို ကျော်ပြီးပြီ။ ကားတစ်ကားကို ကျော်တက်လိုက် နောက်ရောက် သွားလိုက်၊ လမ်းကျယ်လျှင် ထပ်ကျော်တက်လိုက်၊ တခါတရံ ကပ်တရာစေးလမ်းပေါ်တဝက်၊ မြေနီလမ်း ပေါ် တဝက်မောင်းပြန်ပါသည်။ ကျွန်တော့်စိတ်ထဲ၌ တနေရာရာတွင် ကားမှောက်၍ သေလိမ့်မည် ဟု ထင်မိပါသည်။ ဂျစ်ကားမှာ ဤထက်ပို၍ လျှင်မြန်နိုင်စွမ်း မရှိနိုင်တော့ပါ။
ခြံဝင်းဝသို့ရောက်လျှင် ခါတိုင်းကဲ့သို့ စောင့်မနေရပါ။ အသင့်စောင့်နေသူက ဖွင့်ပေးပါသည်။ ကားပေါ်က နေပြီး ဦးစော ကို လှမ်းကြည့်ကြရာမတွေ့ပါ။ အောက်ရောက်၍ ဟိုကြည့်ဒီကြည့်ကြည့်သော်လည်း မတွေ့ပါ။ တော်တော်ကလေးကြာမှကန်စောင်းဘက်မှလာနေသည်ကို တွေ့သဖြင့် ကိုစိုးနှင့် ကိုသက်နှင်း တို့က လက်သီးဆုပ်မြောက်ကာ ''အောင်ပြီ၊ အောင်ပြီ''ဟုလှမ်းအော်ကြွေးကြော် နှုတ်ဆက်ပါသည်။ ဦးစော မျက်နှာမှာ မကောင်းလှပါ။ ရွှင်ရွှင်ပြပြ အားရဝမ်းသာရှိသည့်အသွင်ကိုလည်း မတွေ့ရပါ။ သို့ရာတွင် သူ ကလည်း လက်သီးဆုပ်မြောက်ကာ ''အောင်ပြီ၊ အောင်ပြီ'' ဟု ပြန်လှန်ကြွေးကြော် နှုတ်ဆက်ပါသည်။ အိမ်ထဲ သို့ ရောက်၍ ထိုင်မိသောအခါ၊ ပစ်ခတ်သူများက ဘယ်လိုပစ်လိုက်တာပဲ။ ဘယ်လိုဖြစ်သွားတာပဲ။ စသည်ဖြင့် ပြောလိုက်ကြသည်မှာဆူညံနေပါတော့သည်။ ထို့နောက်ဦးစော က အရက်တိုက်ပါသည်။ သူလည်း သောက်ပါ သည်။ ကိုသက်နှင်းနှင့် ကျွန်တော်တို့ကမူ မသောက်ကြပါ။ ကိုသက်နှင်းမှာ ပုတီးသမား တစ်ယောက်ဖြစ် ၍ တစ်သက်လုံး အရက်ရှောင်ပါသည်။
တယ်လီဖုန်းလာ၍ ယခင်ကအတိုင်း ဦးစော စကားထပြောပါသည်။
ခဏကြာသော် ဦးစောက ''ထမင်းစားကြ၊ အပန်းဖြေကြ'' ဟုပြောသဖြင့် ကျွန်တော်တို့လည်း လူစု ခွဲလိုက်ကာ ထမင်းစားပွဲတွင်ပြန်စုကြပါသည်။ဝမ်းဗိုက်ထဲတွင်ကားဘာမစာမှမရှိပါ။ဝမ်းဟာသည်ကိုကား ပြောစရာ မရှိပါ။ သို့ရာတွင်ထမင်းစားချင်စိတ်လည်းမရှိ၊စား၍လည်းမရပါ။ထို့ကြောင့်စိတ်ညစ်ညစ်နှင့် အိပ်ယာ ထဲသို့သွားကာ လှဲနေလိုက်ပါသည်။
အခြားသူများလည်း အိပ်ယာသို့ရောက်လာကြပါသည်။
ညနေ ၃နာရီ အချိန်ခန့်တွင် အိပ်ရာမှနိုး၍ကြည့်လိုက်ရာ အိမ်ဝင်း အပြင်ဘက်၌ သံခမောက်စစ်ဦးထုပ်တွေ အမြောက်အမြားစီလျှက် ချထားသည်ကို တွေ့ရသဖြင့် များစွာ အံ့အားသင့် သွားပါသည်။ အခြား သူများလည်း နိုးလာကြပါသည်။ ကျွန်တော်ကပြောသဖြင့်ကြည့်ကြရာဝင်းကြီးတစ်ခုလုံးကို ရဲ စစ်တပ် စသည် တို့က နေရာယူပြီး ဝိုင်းထားကြသည်ကို တွေ့ရသည်။ ကိုစိုးကမူ ဆပ်မရှင်းဂန်း သေနတ်အငယ်စား ကို ထဆွဲပါသေးသည်။ အခြားသူများက သူ့ကိုဆွဲထားပြီး ''ဒီလို လုပ်လို့ဘယ်ဖြစ်မလဲ၊ အားလုံးသေကုန်မှာပေါ့''ဟုပြောကြသောကြောင့်သာ သူမပစ်ဘဲ နေလိုက်ပါသည်။
မိနစ် အနည်းငယ်မျှကြာသော် ရဲအမှုထမ်းတစ်ယောက်လာပြီး '' ဦးစောက ခင်ဗျားတို့ကို ခေါ်ခိုင်း လိုက်တယ်'' ဟုပြောပါသည်။ကျွန်တော်တို့ထလိုက်သွားချိန်တွင်ရဲစသောလက်နက်ကိုင်များသည် ဝင်းထဲ တွင် ပြည့်နေပါပြီ။
'' ကဲ-ကဲ၊ လာကြ၊ လာကြ'' ဟုဦးစောက ကျွန်တော်တို့ကို လှမ်းခေါ်ပြီး ''မြို့ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ကို သေနတ်နဲ့ ပစ်သွားလို့ မသင်္ကာတာနဲ့ ကျုပ်တို့ကို နဲနဲပါးပါး ရှာချင်လို့တဲ့'' ဟု လှမ်းပြော ပါသည်။ ထို့နောက် ခရိုင်ရဲဝန်ခန့် အဆင့်အတန်းရှိမည်ထင်ရသော အရာရှိအား ''ရှာချင် တယ်ဆို ၊ ခင်ဗျားတို့ဆီမှာ ရှာဖွေဖို့ ဝရမ်းပါသလား '' ဟု ခပ်တည်တည်နှင့်မေးလိုက်ရာအရာရှိကြီးက တယ်လီဖုန်းဆက်ပါသည်။ ထို့နောက် ''ရှာဖွေခွင့် အမိန့်ပေးပါတယ်'' ဟုပြန်ပြောလိုက်ရာ ၊ ဦးစောက ''ဒီလိုဆိုရင် ရှာကြပေါ့'' ဟု ခပ်အေးအေးပင် ပြန်ပြောပါသည်။ လက်တစ်ဘက်က ဝီစကီဖန်ခွက်ကလေးကို ကိုင်လျှက် တခါတခါ ဖြည်းဖြည်းသောက်လိုက် ခပ်ရွှင်ရွှင်စကားလှမ်းပြောလိုက်နှင့်လုပ်နေပါသည်။ ရဲများ ရှာသည့် နောက်သို့ လိုက်မသွားပါ။ ထိုင်မြဲထိုင်နေပါသည်။ သူ့အိပ်ခန်းထဲ မှ ကျည်ဆံ အမြောက်အမြား ကို ရဲများဆွဲထုတ်လာကြသည် ကိုလည်း သူလှည့်မကြည့်ပါ။
'' ကဲ- ရှာဖွေပြီးရင် ခင်ဗျားတို့ အစီအစဉ်က ဘာတဲ့တုန်း '' ဟု ရဲအရာရှိအား ဦးစောက လှမ်းမေး လိုက်ပါသည်။ အရာရှိကြီးလည်း တယ်လီဖုန်းဆက်ပြန်ပါသည်။ ''လုံခြုံစိတ်ချရရေးအတွက် ခေါ်ခဲ့ဖို့ အမိန့်ပေးပါတယ်''ဟု ရိုသေစွာပျော့ပျော့ပြောင်းပြောင်းပြန်ပြောပါသည်။ ဦးစောက ''ကျုပ် တစ်ယောက် တည်းလား''ဟုမေးပြန်ရာတယ်လီဖုန်းဆက်ပြန်ပါသည်။''အားလုံးကိုဘဲအန္တရာယ်မရှိရအောင် လုံခြုံ စိတ်ချ ရရေး အတွက် ဘမ်းဘို့အမိန့်ပေးပါတယ်'' ဟုပြန်ပြောပါသည်။
''ကဲ-ကဲ၊ မသင်္ကာလို့ ကျုပ်တို့ကို ခဏဘမ်းမလို့ တဲ့။ အသင့်ပြင်ကြ။ အိပ်ရာလိပ်တို့ ဘာတို့ ယူခဲ့ကြ။ ဟိုရောက် တော့ သူတို့ပေးဖို့လွယ်ချင်မှ လွယ်လိမ့်မယ်။ သုံးလေးရက်ကြာချင်လဲ ကြာလိမ့်မယ်'' စသည်ဖြင့် ဦးစောက ကျွန်တော်တို့အား ခပ်အေးအေးပင် လှမ်းပြောပါသည်။ ကျွန်တော် တို့ ယောက်ျားချည်း ၃ဝ ကျော် အားလုံးကိုအင်းစိန်ထောင်သို့ပို့ပါသည်။ ကိုနီ့မိန်းမ၊ ခင်မောင်ရင့်မိန်းမနှင့် အခိုင်း အစေ ကလေးမကလေး၊ အခိုင်းအစေယောက်ျားကလေးတို့ကိုလည်း ဘမ်းသည်ဟု နောက်တော့ ကြားရ ပါသည်။ ကျွန်တော်တို့အင်းစိန် ထောင်သို့ ရောက်သောအခါ မှောင်နေပါပြီ။
ပဌမ ည တွင် အားလုံးအတူတူအိပ်ကြရပါသည်။ နောက်နေ့နေ့လယ်တွင် ဦးစောကို ခွဲထားလိုက်ပါသည်။ ၃ရက် ခန့်ကြာသောအခါခင်မောင်ရင်ကိုလာခေါ်သွားပါသည်။
ထို့နောက်အခြားသူများကိုပါခေါ်ခေါ်သွားပါ သည်။ဘားလမ်းတွင်အချို့သွားစုမိကြပြန်ပါသည်။အချုပ်ခန်းထဲတွင်လမ်းလျှောက်ရင်းကိုဘညွန့်အား ''ဘယ်လိုလုပ်ကြမလဲ'' ဟုတိုးတိုးမေးရာ ကိုဘညွန့်က ''ဒီအမှုမှာဖေါ်ရမှာပဲ။ မဖေါ်ရင် အားလုံး သေကုန်မယ်။ ဖေါ်ရင် ကျန်တဲ့လူကျန်လိမ့်မယ်''ဟုပြောပါသည်။ ကိုသက်နှင်း ကိုမေးပြန်ရာ ''မဖေါ်ရင် ဘယ်နည်း နှင့် မှ ဘာမှမဖြစ်နိုင် ဘူး'' ဟုပြောပါသည်။ ကျွန်တော်မှာ ဘာမှနားမလည်၊ သူတို့ကိုပင် မေးကြည့် ရပါသည်။
''ဖေါ်ကောင်ဘညွန့်''ဟုဆိုသော်လည်း ဤလုပ်ကြံမှုကြီးကို ပဌမဆုံး အပြည့်အစုံဖေါ်သူမှာ ခင်မောင်ရင် ဖြစ်ပါ သည်။ ခင်မောင်ရင်ကဥပဒေကိုနားမလည်။ ကိုဘညွန့် မှာမူ ရုံးတွင် ရှေ့ဖတ် စာရေး လုပ်လာသူ ဖြစ်သောကြောင့် ''သူဖေါ်မည်။ ဤအမှုအတွက် ဘာမဆိုဖြစ်အောင်သူလုပ်ပေးမည်။ ဦးစောလည်ပင်းကို ကြိုးကွင်း တပ်ပေးမည်။ သို့ရာတွင် ဒိစတြိတ်ရာဇဝတ်တရားသူကြီး(အရေးပိုင်)ကို ခေါ်ပေးပါ'' ဟု ပြောသဖြင့် ရဲက စီစဉ်ပေးရပါသည်။ တရာသူကြီးနှင့်တွေ့သောအခါ ဤလုပ်ကြံမှုကြီးနှင့်ပတ်သက်၍ သူဖြောင့်ချက်ပေးလိုကြောင်း ဖေါ်ကောင် လက်မှတ်လည်း ထုတ်ပေးပါမည့်အကြောင်း လျှောက်ထားရာ တရားသူကြီးက ထုတ်ပေးလိုက်ပါသည်။
ခင်မောင်ရင် သာမက အခြားတရားခံတော်တော်များများက ရဲအရာရှိများထံ အိတ်သွန်ဖါမှောက် ဖေါ်ထုတ် ဝန်ခံ
ကြပြီးသည့် နောက်မှ ဖေါ်သည့် ကိုဘညွန့် က ''ဖေါ်ကောင်'' ဖြစ်ပြီး၊ ခင်မောင်ရင်က ''ဖေါ်ကောင်'' မဖြစ်သည် မှာ ဥပဒေကို နားမလည်သောကြောင့် ဖြစ်ပါသည်။
တရားခံ အချို့စစ်ချက်များကို လက်နှိပ်စက်နှင့် အပြည့်အစုံရိုက်ထားပြီးနောက် ကျန်တရားခံအချို့ကို ခပ်နာနာ ကလေးတီးပြီး ဖတ်ခိုင်းရာ ''အားလုံးမှန်ပါသည်။'' ဟု ဝန်ခံကြရသည်ချည်း ဖြစ်ပါသည်။ အချို့ ထွက်ချက် များ မှာအသေးစိတ်တစ်ခုမကျန်ဘာကလေးများ လိုပါသေးလားမရှိလောက်အောင်စုံစေ့ပါသည်။
အမှုနှင့် မဆိုင်သည့် ကိစ္စများပင်ပါပါသေးသည်။အချိ့ကအပိုအမို ကလေးများပင် ပါပါသေးသည်။ ကျွန်တော် မသိသောအကြောင်းအ ရာ များလည်းပါပါသည်။
ဘားလမ်း အချုပ်ခန်းသို့ နောက်တစ်ကြိမ်ပြန်ရောက်သောအခါ ရန်ကြီးနိုင်၊ ရန်ကြီးအောင်တို့နှင့် အတူ နေရ သဖြင့် ''ကိုစိုးတို့နဲ့ ဒီကိစ္စ ကြံစည်နေတာကြာပြီ။ သူ့ကိုတိုက်ရိုက်မပြောပြဘူးပေမယ့် သူသိတယ်'' ဟု ရန်ကြီးအောင် က ကျွန်တော့်အားပြောပြပါသည်။
ဤအချိန်တွင် ကိုစိုးနှင့် ကိုသက်နှင်းမှလွဲ၍ အခြားသူများသည်ဖြစ်ပျက်ရသော ကိစ္စ အရပ်ရပ် နှင့် ပတ်သက်၍ ဦးစောသည် သူ့ဆန္ဒများပြည့်ဝမှု၊ သူ့ရည်ရွယ်ချက်ဖြစ်မြောက်မှုအတွက် မိမိတို့ အား လက်ပါးစေ၊ ဓါးစာခံများ အဖြစ် အသုံးပြုလိုက်ခြင်းဖြစ်သည်ဟူ နားလည်ကြကာ ဦးစောအပေါ် စိတ်နာလာကြ၊ မုန်းလာကြသည်။ ကျွန်တော်တို့ အမူအရာ ပြောင်းလာခြင်း၊ ဦးစောအား မကောင်း ပြောလာကြခြင်းများ ကို တွေ့ရှိကြရာ ကိုစိုးနှင့် ကိုသက်နှင်းတို့သည် တစ်ဦးချင်း နှစ်ဦးချင်းအနေနှင့် မကြာ မကြာ မသိမသာ လာရောက်ချော့လေ့ ရှိကြပါသည်။ ''ဂုဏ်ရှိတဲ့ အထက်တန်းလူတစ်ယောက်နဲ့တွဲပြီး ဖြစ်ရတဲ့ ကိစ္စ မှာ ပူစရာမရှိပါဘူး။ သူ့ဖါသာ ကြည့်လုပ်သွားလိမ့်မပေါ့'' စသည်ဖြင့် ပြောလေ့ရှိကြပါသည်။ ဤနည်း နှင့်ဒေါသူပုန်ထမှုများကို လှီးလွဲပေးကြ ပါသည်။ သို့ရာတွင် မရပါ။ မယုံကြည်ကြပါ။
အင်းစိန်ထောင်ကြီးထဲတွင် အထူးခုံရုံးဖွင့်၍ ပဌမဦးဆုံး တရားသူကြီးများရှေ့သို့ ရောက်ရသောနေ့တွင် ဦးစော နှင့် ကျွန်တော်တို့အားလုံးပြန်တွေ့ကြရပါသည်။ဦးစောက ကျွန်တော်တို့ဘက်သို့လှမ်း၍ ''ဘယ်နှယ့်လဲ။ နေကောင်းကြရဲ့လား'' စသည်ဖြင့် နှုတ်ဆက်ပါသည်။ ကျွန်တော်တို့ဘက်က ကိုစိုး နှင့် ကိုသက်နှင်း က လွဲ၍ အခြားသူများကစိတ်ပါလက်ပါပြန်လည်နှုတ်မဆက်ကြပါ။ နှုတ်ဆက်ချင် သောစိတ်မရှိ သောကြောင့်လည်းဖြစ် ပါသည်။ အမှုအခင်း ရှေ့နေရှေ့ရပ် များနှင့် ပတ်သက်၍ ခုံရုံး ဥက္ကဋ္ဌ တရားဝန်ကြီး ဦးကျော်မြင့် က''တရားခံများဘက်မှ ရှေ့နေ ဘယ်သူ တွေ ဆောင်ရွက်ကြမလဲ'' ဟုမေးလိုက်ရာ ဦးစောက သူ့အတွက် ဝတ်လုံတော်ရ မစ္စတာ ဘတားနီးစ် နှင့် အင်္ဂလန်ပြည်မှ နာမည်ကြီးဝတ်လုံ ကားတစ်(စ်) ဘဲနက် ( ကေစီ ) ( ဘုရင့်ကောင်စီအဖွဲ့ဝင် ) ဝတ်လုံကြီးများက ဆောင်ရွက်မည် ဖြစ်ကြောင်း အခြားသူများအတွက် အခြားရှေ့နေ နှစ်ယောက် ဆောင်ရွက် မည် ဖြစ်ကြောင်း ထ၍ပြန်ပြောပါသည်။
ကျွန်တော်တို့အတွက် လိုက်ပါ ဆောင်ရွက်ရန် ဆိုသော ရှေ့နေများမှာ အုတ်ဖိုနှင့် သာယာဝတီနယ်မှ ရှေ့နေများ ဖြစ်ပါသည်။ တစ်ဦးမှာ ဒုတိယတန်းရှေ့နေဖြစ်သည်ဟုထင်ပါသည်။ ဤအပြုအမူ စေတနာ ထားချက်အတွက် ကျွန်တော်တို့လူစု ဦးစောကို သာ၍စိတ်နာကြပါသည်။ သူ့အတွက် မှာမူ ပဌမတန်း ဝတ်လုံ များ သူ့အတွက် ဓါးစာခံရခဲ့သူများအတွက်ကား တောရှေ့နေများ ငှားပေးသည်ဟု မြင်ကာ အကြီး အကျယ် ဒေါပွကြပါသည်။
ထို့နောက်တရားဝန်ကြီးဦးကျော်မြင့်က ဝတ္တရား အတိုင်းတရားခံများအား မိမိတို့အတွက် ရှေ့နေ မည်သူ လိုက်မည်နည်း ဟု မေးပါသည်။ ကိုစိုးနှင့်ကိုသက်နှင်းတို့ကဦးစောနာမည်ပေးသွားသောရှေ့နေနှစ်ဦးပင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြော၍စိန်ကြီးအလှည့်ရောက်သောအခါ စိန်ကြီး က ''ကျွန်တော် ရှေ့နေ မငှားပါ'' ဟု ထဖြေလိုက် ပါသည်။ ဦးစောသည် စိန်ကြီးကိုကြည့်ကာ မတ်တပ်ရပ်ပြီး ''မောင်စိန်၊ မောင်စိန်၊ မောင်စိန်'' နှင့် လှမ်းခေါ် ပါသည်။ စိန်ကြီးကလှည့်မကြည့်ပါ။
ရန်ကြီးအောင် ကို မေးသောအလှည့်တွင် ဦးစောတူတော်၍ ၁၆နှစ်သားသာရှိသေးသော ရန်ကြီးအောင် သည် ဘာဖြေရမှန်းမသိဘဲ အတော်ကြာမျှ ငေးနေပါသည်။ ကိုစိုးနှင့် ကိုသက်နှင်း တို့က''စာရင်းပေးထား တဲ့ အတိုင်းပဲလို့ပြော'' ဟုလှမ်းပြောနေကြသဖြင့် ရန်ကြီးအောင်လည်း ကြည့်တိကြောင်တောင် နှင့် ပါးစပ် က ပြောကာ ထိုင်လိုက် ပါသည်။ ကျွန်တော့် အလှည့်ရောက်သောအခါ ''အစိုးရငှားပေးပါ။'' ဟု ထ ပြောလိုက် ပါသည်။ ထိုအခါ ဦးစော က ''ကိုသုခ ကိုသုခ'' ဟု လှမ်းအော်ပါသေးသည်။ ကျွန်တော်လည်း လှည့် မကြည့်ပါ။
ထို့နောက် ဦးစောက ထ၍ ''ဟိုဘက်က ကလေးတွေကို သူတို့ဘာတွေပြောလို့ ဘယ်လို လုပ်ထားမှန်း မသိပါ၊ ကျွန်တော့်အပေါ်မှာ အထင်မှား အမြင်မှား ဖြစ်နေကြပါတယ်။ ဒါကြောင့် လူငယ်တွေနဲ့ တွေ့ခွင့် ပေးပါ'' ဟု ခုံရုံးသဘာပတိ တရားဝန်ကြီး ဦးကျော်မြင့်အား ခွင့်တောင်းပါသည်။ သို့ရာတွင် တွေ့ခွင့် မပေးပါ။
အမှုအတွက် ပဌမဆုံးထွက်ရသောထိုနေ့တွင် ကျွန်တော်တို့မှာ အဝတ်အစား စုတ်ပြတ်ညစ်ပေနေပါပြီ။ ထည်လဲ လည်းမရှိကြသဖြင့် အလွန်ညစ်ပတ်နေပါပြီ။ ထောင်ဝင်စာလာတွေ့ခွင့်လည်း မရသဖြင့် မိဘ ဆွေမျိုး သားမယားများကလည်း မပို့နိုင်။ မပေးနိုင်ကြပါ။ ဤအခြေအနေနှင့် ကျွန်တော်တို့ရဲ့ ဆန့်ကျင်ဘက် စိတ်ဓါတ်ကိုမြင်ရသောကြောင့်လားမပြောတတ်ပါ။ နောက်နေ့တွင် ဦးစောက တစ်ယောက် တစ်ခန်းစီ အစောင့် တွေနှင့် နေကြရသော ကျွန်တော်တို့ထံ ချည်ကြမ်း လုံချည် တစ်ကွင်းစီ ပို့ပေး လိုက်ပါသည်။ စိန်ကြီး က မယူဘဲ ပြန်ပေးသည်ကို ကျွန်တော်တွေ့လိုက်ရပါသည်။ ကျွန်တော်လည်း မယူ လိုက်ပါ။ အခြားသူတွေထဲက မယူမည့် သူတွေရှိပါလိမ့်မည်။ မည်သူတွေဟူ၍တော့ မသိပါ။
နောက်တစ်ကြိမ်ရုံးတက်သောနေ့တွင် ကျွန်တော့်အတွက် အစိုးရကငှားပေးသော ရှေ့နေမှာ ဦးဘထွန်း ဆိုသူ ဖြစ်ကြောင်းသိရပါသည်။ ကျွန်တော်က အားမရသဖြင့်တရားဝန်ကြီး ဦးကျော်မြင့်က မေးသောအခါ ''ကျွန်တော် ရှေ့နေမငှားတော့ပါ'' ဟူ၍ ထပြောလိုက်ပါသည်။ တရားဝန်ကြီး ဦးကျော်မြင့် က '' မောင်သုခ က ဦးဘထွန်းကို မကောင်းဘူးထင်လို့လား၊ ဦးဘထွန်း ကောင်းပါတယ်၊ စမ်းကြည့်ပါဦး'' ဟုပြောပါသည်။ ကျွန်တော် လည်း စိတ်ရှုပ်ရှုပ်နှင့် မလှုပ်ပါ။
ဤသို့အထူးခုံရုံးဖွင့်၍စစ်ဆေးနေပြီဖြစ်သော်လည်း ကျွန်တော်တို့လေးငါးခြောက်ယောက်ကိုမူ အင်းစိန် ထောင် တွင်တလှည့်၊ ရန်ကုန်ထောင်တွင်တလှည့် ထားပါသည်။ ဦးစောကိုလည်း အားလုံးနှင့် ခွဲထား ပါသည်။ စိန်ကြီး သည် တပ်မတော် ရဲဘော်ဟောင်း တစ်ယောက်၊ ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင် တစ်ယောက်ဖြစ်ကြောင်း ရဲများစစ်ရာ၌ ၄င်း၊ ရုံး၌၄င်း တစ်ခွန်းမှမပြောပါ။ ကျွန်တော်တို့ အချင်းချင်းကိုသာ စကားစပ် မိသဖြင့် ပြောပါသည်။
ရဲဘော်ဟောင်း တစ်ယောက်ပြည်သူ့ ရဲဘော်တစ်ယောက်၊ ဖက်ဆစ် တော်လှန်ရေး သမားတစ်ယောက် ဖြစ်ပါလျက် ဤအမှုကြီးကို ကျူးလွန်ရာတွင် ရှေ့ဆုံးတန်းက မိုက်မဲစွာ ပါခဲ့မိသည့်အတွက် ယူကျုံးမရ ဖြစ်နေသည် ကို သိနိုင်ပါသည်။ ဆင်ခြင်တိုင်းထွာမှု ကင်း၍ အဖေကိုသတ်မိမှားသောသားဖြစ်နေပြီ ကို သူ ကောင်းစွာ သတိရနေဟန် တူပါသည်။ သို့ရာတွင် အမှားကြီးကို ကျူးလွန်ပြီးပြီ။ ပြင်၍မရနိုင်တော့သဖြင့် မြန်မြန် ကိစ္စပြီး ဖြစ်ချင်ရာဖြစ်ရန် အသင့်ပြင်ထားလျက်ရှိပါသည်။
ရဲများစစ်စဉ်က သေလုမျောပါး အရိုက်အနှက်ခံ ရပြီးမှ ဖြောင့်ချက်ပေးခဲ့သော်လည်း ရုံးတွင်မူ မေးသမျှ အားလုံးကို ''ဟုတ်တယ်၊ ဟုတ်ပါတယ်၊ ဟုတ်ကဲ့၊ မှန်တယ်'' စသည်ဖြင့်သာ တလျှောက်လုံးဖြေပါသည်။ မေးပြီးဖြေပြီးဖြစ်စေချင်သည်။ မြန်မြန်ပြီးစေချင်သည်။ အဆိုးဆုံးအတွက်အသင့်ပြင်ထားပြီးဖြစ်၍ ဤ ကိစ္စကြီး ကျော်လွန်ပြီးစီး သွားစေချင်သည်။ ကြိုးတိုက်သို့ ပြန်ရောက်သောအခါတွင်လည်း သူသည် မည်သူကိုမှ ဤအမှုအကြောင်းအပြော၊ သူများပြောသည်ကိုလည်း မကြိုက်၊ သူ့ထံသို့မူ အမေနှင့် အစ်မ တို့သာမက သူ့ရည်းစားကလေးလည်း မကြာမကြာ ထောင်ဝင်စာ လာသည်ကို တွေ့ရပါသည်။
အထူးခုံရုံးက ကြိုးမိန့်ပေးလိုက်ပါပြီ။ ကျွန်တော်လည်း ပါပါသည်။ တစ်နေ့သောအခါ အင်းစိန်ထောင်တွင် ကိုနီ၊ ခင်မောင်ရင်မှစ၍ ကြိုးဒဏ် အပြစ်ပေးခံရပြီး တရားခံ များထံ အိမ်သူအိမ်သား ဆွေမျိုးမိဘများ ထောင်ဝင်စာ လာနေကြပါသည်။ အင်းစိန်ကြိုးတိုက်မှာဖြစ်ပါသည်။ ကျွန်တော့်အမေနှင့် အစ်မတို့လည်း လာကြပါသည်။ သူတို့ငိုသည်ကိုကျွန်တော်မကြိုက်ကြောင်းသိ၍ အော်မငိုဘဲမျက်ရည်တွေကျပြီး ရင်ထဲကသာ ပူလောင်နေကြပါသည်။ အမေက မနေနိုင်သဖြင့် ရှိုက်လာပါသည်။ ထိုအခါ အစ်မက '' ငါ့မောင်ကလေး ဒေဝဒတ်နဲ့ပေါင်းမိလို့ ဒီလိုဖြစ်ရတယ်ဟဲ့'' ဟုအော်ဟစ်ငိုပါတော့သည်။
အခြားဧည့်သည် များနှင့် ထောင်ပိုင်၊ ထောင်မှူး၊ ဝါဒါတွေတော့ ကြားကြပါလိမ့်မည်။
ရန်ကုန်ကြိုးတိုက် သို့ ပြောင်းခဲ့ရသောအခါ ကျွန်တော်တို့မှာ သေဘို့ရက်ကနီးလာပါပြီ။ နောက်တွင် ဖြစ်ခဲ့သည် များမှာ ဆိုးဝါးလွန်း သဖြင့် စိတ်ထဲတွင် ပေါ်၍ မလာစေလိုပါ။ ရှေ့ဖြစ်ရမည့် အတွက်လည်း မတွေးလိုပါ။ထို့ကြောင့် လက်ငင်းအချိန်ထဲမှာပင် စိတ်ဝင်စားနေအောင်၊ အလုပ်များနေအောင် လုပ်ပြီး နေကြပါသည်။
စိန်ကြီး ရည်းစားကလေး နှင့်စိန်ကြီး သူငယ်ချင်း နှစ်ယောက်သည် ၁၉၄၈ခု၊ မေလ၇ရက် နေ့တွင် နံနက် စောစောပိုင်း မှစ၍ စိန်ကြီးထံထောင်ဝင်စာ လာနေကြသည်ကိုတွေ့ရပါသည်။ တနေ့လုံး နောက်ပြောင် ကြည်စယ် နေကြ ပါသည်။ ''နက်ဖန်ခါဒီအချိန်တော့ ငါဒီမှာ ရှိမှာမဟုတ်ဘူး။ ခရီးသွားစရာရှိလို့ သွားရ ဦးမယ်။
နံနက် စောစော ငါခရီးထွက်မယ့်အချိန်မှာ မင်းတို့၃ယောက်လုံး အရက်သောက်ကြပါ။ စီးကရက် အပို တစ်လိပ် လဲ မီးညှိထားပါ'' ဟု စိန်ကြီးက မှာလိုက်ပါသည်။ ယခုမဖေါက်သေးဘဲ နောက်တနေ့မှ သုံးယောက် စုံညီ ဖေါက်ရန် စာတစ်စောင် ကိုလည်း စိန်ကြီးက သူ့သူငယ်ချင်း တစ်ယောက် လက်ထဲသို့ ထည့်ပေးလိုက် ပါသည်။ ထိုစာထဲတွင် သူပိုင်သော ပစ္စည်း၅ဝဝ၊ ၆ဝဝကျပ် ဘိုးခန့်ဘယ်မှာ ဘာရှိသည်၊ ထိုပစ္စည်းများကို တနေ့နေ့ ၌ သူ့ရည်းစားကလေး လက်ထပ် လျှင် လက်ဖွဲ့လိုက်ပါ ဟူ၍ ရေးထားကြောင်း စိန်ကြီးက ဧည့်သည်များပြန်သွားပြီးနောက်ပြောပြပါသည်။
သေဒဏ် မှ လွတ်သောအမိန့်ကျွန်တော်တို့လည်းမရသေးပါ။
နက်ဖန်ကြိုးစင်တက်ရမည်ဖြစ်သောကြောင့် ယနေ့နံနက်ပိုင်းတွင် ဘုန်းကြီး၃ပါးကြွလာပြီး ကြိုးသမား များကို ထုံးစံအတိုင်း သရဏဂုံတင်ပါသည်။ ကျွန်တော်တို့ ရောက်နေကြပြီ ဖြစ်သော်လည်း စိန်ကြီး ကမူ တိုက်ခန်းထဲက ထွက်မလာပါ။ သွားခေါ်ရာ ''ဒီဘဝ ဒီလောက် အဆိုး ဖြစ်ချင်တာ၊ ရှေ့ဘဝ တွေမှာ ဖြစ်ချင်တာဖြစ်စမ်းဆိုပြီး လွှတ်ပေးထားလိုက်မယ်၊ နေပေစေတော့ '' ဟုပြန်ပြောလိုက်ပါသည်။
တော်တော်ကလေးနေစောင်းသောအခါ ကိုနီ နှင့် ကျွန်တော့်အား ကြိုးဒဏ်အပြစ်မှ တစ်သက်တစ်ကျွန်းသို့ ပြောင်းလိုက် သော အမိန့်ရောက်လာသဖြင့် ကြိုးတိုက်မှ၅ဆောင်သို့ ချက်ခြင်းပြောင်းရပါသည်။ နောက်တရက် နံနက်စောစော ထောင်မဖွင့်သေးသောအချိန်တွင် စိန်ကြီးနှင့် ရန်ကြီးအောင် တို့နှစ်ယောက် ကို ကြိုးပေးလိုက် ပါသည်။ စိန်ကြီး မှာ အသက်၂၂နှစ်သာရှိပါသေးသည်။
ဦးစော၊ ကိုစိုး၊ ကိုသက်နှင်းနှင့် မှုံကြီးတို့ကိုလည်း အင်းစိန်ထောင်ကြီးတွင် ထိုအချိန်လောက်မှာပင် ကြိုးပေး လိုက် ပါသည်။ ထိုနေ့မှာ ၁၉၄၈ခု၊ မေလ ဂရက်ဖြစ်ပါသည်။
++++++++++++++++++++++++++++++++++++++++++++
ဦးလှ မေး၍သာ ဤအမှုကြီးအကြောင်းကို မချန်မခြွင်း အသေးစိတ် ကျွန်တော်ပြောခြင်းဖြစ်ပါသည်။ ဆိုးဝါးလွန်း သော နိုင်ငံရေးမိုက်ပြစ်ကြီးတွင် ပါဝင်ခဲ့သူတစ်ယောက်ဖြစ်၍ ဤထက်ရှက်စရာ စက်ဆုပ်စရာ ကောင်းသော အလုပ်ကို လူတစ်ယောက်အနေ နှင့် ဤလောကမှာ ပြုမိနိုင်စရာ မရှိတော့ပါ။ ထို့ကြောင့် မည်သူ မေး၍မှ ဤအကြောင်းကို ပြောမပြချင်ပါ။ မေ့မည့်သူဆိုလျှင် တတ်နိုင်သမျှ ကျွန်တော် ရှောင်နေ ပါသည်။ မေးသည်ကိုဖြေရန် အမှုအကြောင်းကိုပြောပြရန်မဆိုထားနှင့် ကျွန်တော့်ဖာသာ တစ်ယောက်တည်း ပြန်တွေးရန် ပင်အင်မတန်ဝန်လေးနေမိပါသည်။ နှစ်စဉ်ပင် ဇူလိုင်လ၁၉ရက် ဆိုလျှင်လွန်ခဲ့သည့် အကြောင်းများကိုတွေးတော သတိရပြီး စိတ်မကောင်းဖြစ်ရပါသည်။ မိမိကိုယ်ကို မိမိ အပြစ် မလွှတ် နိုင်သလိုမြင်ပြီး ထိုမိုက်မှားမှုကြီး အတွက် ရင်နာလျှက်ရှိပါသည်။
မိတ်ဆွေဖြစ်သော ကိုသက်နှင်းကိုခင်မင်ရာမှ သူက ဦးစောနှင့် မိတ်ဆက်ပေးသည်။ ဦးစောနှင့် ပေါင်း ရသည် ကို ဂုဏ်ရှိသည်ဟု ကျွန်တော့်စိတ်တွင် ထင်ခဲ့ပါသည်။ ခေတ်နိုင်ငံရေးအယူအဆ ဝေဖန် သုံးသပ်မှုတွင် ဘာမှ နားမလည်သေးသောကျွန်တော်သည် ဦးစောနှင့်ပေါင်းရသောကြောင့် မိမိတွင် ဘာမှ နစ်နာစရာ မရှိ ဟုတွက်ဆ မိခဲ့ပါသည်။ ဦးစောသည်လည်း ရာဇဝတ်မှုကြီးများကို ကြံစည်လိမ့်မည်ဟု ကျွန်တော်မယူဆ၊ မျိုးချစ်စိတ် ထက်သန်၍ လွတ်လပ်ရေး အတွက် ဆောင်ရွက်နေသော ခေါင်းဆောင် ကောင်း ဟူ၍သာ ကျွန်တော်ယုံမှတ်လေးစား ခဲ့ပါသည်။
မိတ်ဆွေ ကိုသက်နှင်း ဆွဲဆောင်ချက်၊ ကိုသက်နှင်းအပေါ် ကျွန်တော့်ခင်မင်မှုများနှင့် ဦးစော အပေါ် အထင်ကြီး မှုကြောင့် သူတို့ အတွင်းပိုင်း စည်းဝိုင်း အတွင်း သို့ ရက်ပေါင်း အနည်းငယ် ကြာမျှ ကျွန်တော် ရောက်သွား ရပါသည်။
မကြိုက်သော အမူအရာ အစီအမံများ အကျပ်ကိုင်မှုများကို အထိုက်အလျောက် ရိပ်မိတွေ့ရှိရ၍ ခွာရန် ကြံသော အခါတွင် မူ မဖြစ်နိုင်တော့ပါ။
ဦးစော သည် သြဇာလည်းကြီး၊ ငွေလည်းပေါ၊ ကျွန်တော်တို့လိုလူတစ်ယောက်ကို ဖျောက်ပစ်ရန် ဘာမှ မခဲယဉ်း။ ပရွတ်ဆိတ်တစ်ကောင်ကို လက်ကလေးနှစ်ချောင်းနှင့် ပွတ်ချေခြင်းထက် ပိုမိုခက်စရာမရှိ။ သူနှင့် သူ့လူရင်း များက သံသယဖြစ်သည်ဆိုလျှင် ထိုသူသည် မည်သို့မျှတတ်နိုင်တော့မည်မဟုတ်။ သူတို့ အကြောင်း တွေသိနေသော လူတစ်ယောက် သည် သူတိုက အငြိုအငြင် မခံရဘဲ နောက်မဆုတ် နိုင်တော့။ သူတို့ကို အတိုက်အခံ လုပ်ရန်အထိလည်း ကျွန်တော်မဝံ့။
ထို့ကြောင့် ကျွန်တော်အပါအဝင် လူတော်တော်များများမှာ တစတစနှင့် ဦးစောပိုင်စက်ရုပ်များသဖွယ် ဖြစ်လာ ကြပါသည်။ ကိုယ်ပိုင် အတွေးအခေါ်၊ ကိုယ်ပိုင်စဉ်းစားမှု ဟူ၍လည်း ဘာမှမရှိတော့ပါ။ စဉ်းစားချင်စိတ်လည်းမရှိ။ စဉ်းစားရန်လည်း မကြံရွယ်တော့။ လွတ်လပ်စွာ စဉ်းစားရန် ပင် မဝံ့တော့ဘဲ မျှောလိုက်ရာ က နစ်သောဘဝသို့ ရောက်ကြရခြင်းဖြစ်ပါသည်။
ဦးစောခြံဝင်းကြီးထဲတွင် ကျွန်တော်လာရောက်နေထိုင်သော ရက်ပေါင်းမှာ ၄ဝကျော်ခန့်မျှသာဖြစ်ပါသည်။ ထိုရက်မျှ အတွင်းမှာပင် ထိုမျှဆိုးဝါးသော အမှုကြီး ဖြစ်ပွားပြီး ကျွန်တော်လည်း စက်ရုပ် လက်ပါးစေ အဖြစ်ဖြင့် ဓါးစာခံ ပါခဲ့ရပါသည်။
ဤလုပ်ကြံမှုကြီး ကို ဦးစောသည် ကျွန်တော်သူတို့အထဲ မပါသော်လည်း လုပ်မည် ပင်ဖြစ်ပါသည်။ ကျွန်တော် သာမက ယခုအမှု တွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ခဲ့ကြသူများမရှိလျှင်လည်း ဦးစောသည် တစ်နည်း နည်း နှင့် တနေ့နေ့တွင် ဖြစ်အောင်လုပ်မည်ဟု ကျွန်တော်ယူဆပါသည်။
တိုင်းပြည်တွင်၎င်း၊ ကမ္ဘာတွင်၎င်း မခန့်မှန်းနိုင်လောက်အောင် အကျိုးယုတ် နစ်နာစေသည့် လုပ်ကြံမှုကြီး တွင် တရားခံတစ်ယောက် ဖြစ်ခဲ့ရသည့်အတွက် ကျွန်တော့်မှာလည်းလူဖြစ်ရှုံးပါပြီ။ ငွေကြေး တစ်သောင်း တစ်သိန်း မည်မျှပင်ကြွေးတင်ပါစေ၊ စီးပွားကြိုးစားရှာပြီးဆပ်လျှင် တစ်နေ့သော် ကျေနိုင်ပါသေးသည်။ ဤ ရာဇဝင်ကြွေး ဆိုးကြီးကိုမူဆပ်၍ ကျေနိုင်တော့မည် မထင်ပါ။ ယခုထောင်အနှစ်၂ဝ ကျခံပြီးသည့်နောက် အကယ်၍ ထောင်ထဲမှာ မသေဘဲလွတ်ခဲ့သည့်တိုင်အောင်ဤအပြစ်ကြီးအတွက် အပြစ်မရှိတော့ဟု မဆိုနိုင်ပါ။ ကျွန်တော်သေသွားသည့် တိုင်အောင်လည်း ဤအမဲမှတ်ကြီးသည် ပျောက်တော့မည် မဟုတ်ပါ။ သားစဉ် မြေးဆက် ထိခိုက် ဝမ်းနည်းဖွယ်ဖြစ်ပါသည်။
ဤနိုင်ငံရေး အကုသိုလ်ကြီးပပျောက်သွားမည့်ကုစားမှုအလုပ်ဆိုလျှင် ယခုချက်ချင်း ပင်သေရပါစေ၊ ကျွန်တော် ထမ်းဆောင်မည်သာဖြစ်ပါသည်။
ထောင်ထဲ ရောက်မှ ရရှိသော နိုင်ငံရေးဗဟုသုတ ၊ နိုင်ငံရေးအမြင်များသည် ကျွန်တော့်အား ရှေ့အဖို့တွင် လမ်းမှန် ကို ရှေ့ဆောင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ အခွင့်သာသောတစ်နေ့တွင် ပြုခဲ့မှားသော လူသတ်ဝါဒ နိုင်ငံရေးအကုသိုလ်ကြီးကို ဖုံးအုပ်သွားနိုင်သည့် နိုင်ငံရေးကောင်းမှုရပ်များကို သက်စွန့် ကြိုးပမ်း တာဝန်ထမ်းဆောင်နိုင်လိမ့်မည်ဟုလည်း မျှော်လင့်ပါသည်။
ဤမျှလောက် ဆိုလျှင် ကျွန်တော့်အကြောင်းတော်တော်စုံလောက်ပြီဟုထင်ပါသည်။
++++++++++++++++++++++++++++++++++++++++++++++++
ဇူလိုင်လ ၁၉ရက်နေ့ ဗိုလ်ချုပ်တို့ကျဆုံးသည့်နေ့ဆိုလျှင် ထောင်အုပ်ချုပ်ရေးအာဏာပိုင်များ ခွင့်ပြုချက် အရ အကျဉ်းသားများသည် လူသတ်ဝါဒရှုတ်ချပွဲများ ပြုလုပ်ကြပါသည်။ ကျွန်တော်နေခဲ့သော ၃နှစ်အတွင်း ဇူလိုင်လ၁၉ရက်နေ့ရောက်ပြီဆိုလျှင် ၅ဆောင်တွင် ကျွန်တော်နှင့် တစ်ဆောင်တည်း နေကြသော ကိုသုခနှင့် ခင်မောင်ရင် တို့သည် အခမ်းအနားအတွက် စားပွဲထမ်း၊ ခုံရွှေ့အလုပ်မှစ၍ လုပ်စရာ များကို ဝိုင်းလုပ်နေကြ သည်ကို တွေ့ရသည်ချည်းဖြစ်သည်။ ကိုနီကိုလည်း အစည်းအဝေး၌ တွေ့ရသည်။ သူတို့သည် ကုစားဘို့ ခက်လှသော အပြစ်ဆိုးအတွက် နောင်တ အကြီးအကျယ်ရလျက် ရှိသည်မှာလည်း ထင်ရှားသည်။
ကိစ္စကြီးဖြစ်ပွားခါစက သူတို့ကိုအစိမ်းလိုက် ဝါးစားချင်သူများကလည်း ရန်မမူကြတော့။ အားလုံးအပေါင်း အသင်းဖြစ်နေကြ ချေပြီ။
++++++++++++++++++++++++++++++++++++++++++++++++
တောင်းပန်ချက်။
ရှေ့ပိုင်းစာမျက်နှာ များ ရိုက်ပြီးချိန်တွင် မိတ်ဆွေတစ်ဦးက ကိုသုခ အစ်မ မစံတင့် ပဌမခင်ပွန်း ဦးဖေဖြူ အနိစ္စ ရောက်ပြီဆိုသည်မှာမဟုတ်ကြောင်း၊ယခုတိုင်ကျန်းမာစွာရှိကြောင်းနှင့်စာရေးလိုက်ပါသည်။မှားယွင်းသွားသည့် အတွက် များစွာဝမ်းနည်းပါသည်။
လူထုဦးလှ
၁၉၅၇ခုနှစ် စာပေဗိမာန် စာပဒေသာဆုရစာအုပ်
''ထောင်နှင့်လူသား'' လူထုဦးလှရေးသည်။
http://www.shwezinu.com မှတဆင့်ကူးယူဖေါ်ပြပါသည်။