ခေါင်းလောင်းကလေး၏ နေ့စွဲများ
လင်းထင်
ခေါင်းလောင်းသံ မကြားရတာ ကြာတောင့်ကြာလှပြီ။
ခေါင်းလောင်းသံကို ငတ်မွတ်နေသလားဟု သူ့ကိုယ်သူ မေးကြည့်မိသည်။ အင်း.. သို့မဟုတ်၊ ဟင့်အင်း တစ်ခုခုတော့ ဖြေရလိမ့်မည်။
တကယ်တော့ ခေါင်းလောင်းသံလေးကို သူ ကြောက်ရွံ့နေတာပါလား။
မုန်းမြို့၊ သောင်လယ်ရွာဆိုသော မူလတန်းကျောင်း ဆိုင်းဘုတ်သေးသေးလေးက ဆေးသား ပျက်လုလု။
မြို့ပြဘ၀ မွန်းကျပ်မှုတွေကို ကျောခိုင်းကာ ရိပ်ကြီးခိုချင်နေသော သူ့အတွက် ကျေးလက်ကလေးက နွေးထွေးစွာ ဆီးကြိုခဲ့သည်ကိုတော့ တတမ်းတတ ကျေးဇူးတင်မိခဲ့သည်။ မိမိကိုယ်ကို ကျောင်းအုပ်ကြီးရယ်လို့ သွေးကြီးဟန်မရှိသော ဆရာကြီးက ကွမ်းငုံထားသော ပါးစပ်ကြီးဟကာ၊ လက်ဖ၀ါးကြမ်းကြီး နှစ်ဖက်တို့ဖြင့် ဆုပ်ကိုင်ကာ ဖြူစင်သော လှိုက်လှဲခြင်းဖြင့် သူ့ကို အသိအမှတ်ပြုလိုက်သည်။ `အားရတယ်ဗျာ..။ အဟေးဟေးဟု ကွမ်းပလုတ်ပလောင်းသံကြီးဖြင့် ထွေးပွေ့သည်။ သူတို့ကတော့ တကယ့်ကို စေတနာဆရာအစစ်တွေဟု ဆရာဇနီးမောင်နှံဘက်လှည့်ကာ မိတ်ဆက်ပေးရင်း ထောပနာပြုလိုက်တော့ တွေ့စက ကျောင်းသန့်ရှင်းရေး လုပ်သားများလားဟု တွေးထင်မိသည်ကို ချက်ချင်း နောင်တရသွားသည်။
`ဆရာလေး ရောက်လာတော့ ကျွန်တော်တို့ နောက်ဆံတင်းရတာတွေ သက်သာရာရတာပေါ့ဗျာ´
ဆရာကြီး မိတ်ဆက်ပေးသူ ဆရာက ပင်နီတိုက်ပုံနွမ်းနွမ်းကို လက်မောင်းထိ ပင့်တင်ရင်းမှ အားရပါးရဆိုလိုက်၏။ သူ့ကို ဆရာတစ်ယောက်အဖြစ် ဆီးကြိုသည့်ပွဲလေးက ဤမျှဖြင့် လေးနက်ပြည့်စုံသွားသည်။
နောင်မှ သိရသည်မှာ ထိုဆရာလင်မယားက တကယ့်စေတနာ ဆရာအစစ်၊ နှစ်ယောက်လုံး ဆယ်တန်းမအောင်၊ မူလတန်းမျှ မရှိသေးသော ရွာကလေးမှာ ကနဦး ဆရာမောင်နှံ ဖြစ်ကြသည်။ တရားဝင် ကျောင်းကလေးကျလာတော့ ကျောင်းအုပ်တယောက် ရောက်လာသည်။ တစ်ယောက်တည်း မနိုင်သော ကျောင်းအုပ်အတွက် ရွာက မေတ္တာရပ်ခံသဖြင့် ဆက်လက်ကူညီခဲ့ရပြန်သည်။ အစိုးရလစာမရှိ၊ ခံစားခွင့် ဘာမှမရှိ။ သို့သော် သမုဒယ တစ်မျှင်တစ်စဖြင့် ဆက်လက်ထမ်းရွက်ခဲ့ကြသူ တကယ့်စေတနာဆရာများ။ သူရောက်လာပြီး မကြာမီ မိသားစုဘ၀အတွက် လယ်ထဲကိုင်းထဲ ပြန်ဝင်သွားကြသည်။ ပြီး… ပြောသွားခဲ့ကြသေးသည်။
`ကျွန်တော်တို့ ပျိုးထောင်ခဲ့တဲ့ ဥယျာဉ်လေးကို ဆရာတို့လက်မှာ ယုံကြည်စွာ ၀ကွက်အပ်ခဲ့ပါပြီဆရာ´တဲ့။ သူတို့လက်ထက်က ခေါင်းလောင်းလေးကို အမှတ်တရပေးသည်။ ကြည်လင်ပြုံးရွှင်နေသော သူတို့ရှေ့မှာပင် ခေါင်းလောင်းလေးကိ သူဝှေ့ယမ်းလိုက်သည်။
ခေါင်းလောင်းသံ ချိုချိုလေးတစ်ခု လှိုင်းတွန့်များအဖြစ် လွင့်ပျံ့သွားပါသည်။ သူ ကျေနပ်စွာဖြင့် မှတ်ချက်ချလိုက်သည်။
`ငွေသံကြေးသံ မပေါက်တဲ့ ခေါင်းလောင်းလေးပါလား´
**
ရွာကလေးက ခရိုင်မြို့ပြ တောင်ငူနှင့် မိုင်အတော်ဝေးသည်။ ဖြူးမြို့မှသည် အရှေ့ဘက်စူးစူးကို တက်လိုက်လျှင် စစ်တောင်းမြစ်ကမ်းနဖူးမှ အုတ်ဖြတ်မြစ်ဆိပ်။ ရေစီးသန်သော စစ်တောင်းမြစ်က ဖောင်ကူးတို့သမားတွေကို အကျီစားသန်တတ်သည်။ တစ်ဖန် အရှေ့ဘက်ကမ်းကို ခြေကျင်ခရီးဆက်တော့ ကျောက်ကြီးမြို့နယ်၏ တိုက်နယ်မြို့ဟု ဆိုနိုင်သော `မုန်း´ မြို့၏ ကျောထောက်နောက်ခံများထဲက ရေအိုးစင်၊ ကော့ဗျင်း၊ ပအို့ဝ်ရွာ၊ ဒိုးတန်း၊ ဆင်ခေါင်းကလယ်ရွာ (ကုလားရွာ)၊ နွယ်တန်းနှင့် သောင်လယ်ရွာ ညီအစ်ကို။
လွန်ခဲ့သော နှစ်လေးဆယ်လောက်က စစ်တောင်းမြစ်နှင့် မုန်းချောင်း နှစ်ဖက်ညှပ်၍ ရေတိုက်စားသဖြင့် ရွာကြီးတစ်ရွာ ပျောက်ဆုံးသွားသည်။ ငယ်သူတွေ သိကြမည် မဟုတ်တော့။ သင့်ရာမှာ ရွာတည်ဖို့ တိုင်ပင်ကြတော့ နေရာရွေးရာမှာ နှစ်စုကွဲသွားသည်။ မြစ်ရေတိုက်စားမှုအရ ယခုရွေးသောနေရာမှာ မလွတ်ကင်းဟု တစ်ဖက်ကိုတစ်ဖက် အပြစ်တင်ကြသည်။ သို့နှင့် ကိုယ်ကြိုက်တဲ့ဘက်ကို လိုက်ပါရင်း နွယ်တန်းရွာနှင့် သောင်လယ်ရွာအဖြစ် နှစ်ရွာ ကွဲသွားသည်။
စစ်တောင်းမြစ်ရေ ကျချိန်တွင် ရွာဟောင်းဘ၀က ဘုန်းတော်ကြီးကျောင်းမှ ကျွန်းလုံးငုတ်တွေ ပေါ်လာတတ်တာ မီလိုက်သော လူကြီးအချို့သာ သိကြတော့လေသည်။
**
သမီးလေး နန်းမွန်ကြည်…။
ခေါင်းလောင်းသံနှင့် မရှေးမနှောင်းတွင် နန်းမွန်ကြည် လွယ်အိတ်နွမ်းလေးလွယ်ကာ ရောက်လာတတ်သည်။ စာသင်လိုစိတ်ရှိသော ကလေးမလေး။ သို့သော် မိဘနှစ်ဦးက ရွာနှစ်ရွာကွဲသွားချိန်မှာ မအေက ယောက္ခမများနှင့် မနေလိုက်၍ သောင်လယ်ရွာဘက် လိုက်ချင်သည်။ ဖအေက မိဘများနှင့် မခွဲလို၍ နွယ်တန်းရွာဘက် နေချင်သည်။ ကလေးသုံးယောက်ရမှ နယ်လုရင်း တရွာစီ ကွဲသွားကြသည်။ ကလေးတွေက ဖအေ့ရွာသွားလိုက်၊ မအေ့ရွာသွားလိုက်။ ကာလတစ်ခု အကွာမှာ အိမ်ထောင်သစ်တွေ ထူဖြစ်ကြတော့ ခဏကွဲရာမှ တစ်ဘ၀ ကွဲသွားကြတော့သည်။
နန်းမွန်ကြည်၏ ဘ၀လေးကိုတော့ ကျောင်းကလေးကို ၀ကွက်အပ်ခဲ့သော ဆရာဟောင်းကသူ့ကို ကြေကွဲစွာ ပြောခဲ့ဖူးသည်။
`ဘာမှ မဟုတ်လောက်တဲ့ မာနကိုယ်စီနဲ့ မိဘတွေက ကွဲပြားသွားကြတာ။ နန်းမွန်ကြည်က စာသင်ချင်စိတ် သိပ်ရှိတယ်ဗျာ။ အခုအတိုင်းဆို သူ့အမေက မူလတန်းအောင်ရင်တောင်မှ ကျောင်းဆက်ထားမယ့်ပုံ မပေါ်ဘူး´
နန်းမွန်ကြည်အမေက နောက်အိမ်ထောင်နှင့် ကိုယ်ဝန်လွယ်ထားရသည်။ ပထွေးငါးရှာရာနောက်ကို တကောက်ကောက် လိုက်ရသည်။ ကလေးကို ခါးထစ်ခွင်ကာ ခါးချည့်အောင် ကလေးထိန်းရသည်။ ကျောင်းသင်ခန်းစာထဲမှာ မကြာခဏ ငိုက်တတ်သော နန်းမွန်ကြည်ကို ကြည့်ကာ ကြေကွဲမိရသည်။
နန်းမွန်ကြည် ၄ တန်းရောက်သောနှစ်။ ကိုယ့်သမီးလေးလိုပဲ သမုဒယ တစ်မျှင်တစ်စ ရစ်ပတ်ကာ ကျောင်းဆက်ထားပေးမည်ဟု သူ ဆုံးဖြတ်လိုက်သည်။
နန်းမွန်ကြည် သမီးလေး… သမီးလေး နန်းမွန်ကြည်။ မျက်လုံးတောက်တောက်ကလေးက လျင်မြန်ပါးနပ်သော ဉာဏ်ရည်အချို့ကို ဖော်ပြနေလေသလား၊ စိတ်ဝင်တစားရှိသော မျက်လုံးလေးတွေက သူ့ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေခဲ့သည်။
သမီးလေး နန်းမွန်ကြည်…။ ၄ တန်းအောင်ဖို့တော့ သမီးလေးတာဝန်ပဲနော်။ ဆရာ မြို့ကို ခေါ်သွားမယ်။ ဆရာ့သမီးလေး နှစ်ယောက်နဲ့လည်း အဖော်ရသွားမှာပဲ။ ညီအစ်မ အရင်းတွေလို ဖြစ်သွားမှာပဲ။ နန်းမွန်ကြည် မျက်နှာလေးမှာ မျှော်လင့်ချက်များဖြင့် လင်းပနေခဲ့သည်။ အဲသည်မျက်နှာကို သတိရနေတယ် သမီးလေးရေ။
အတန်းတင် စာမေးပွဲပြီးတော့ သူ မြို့ကို ပြန်ရောက်သွားသည်။ ငွေသံကြေးသံ မပေါက်သော ခေါင်းလောင်းကလေးကို ထားခဲ့ပြီးတော့ပေါ့။
**
ရွာကလေး၏ အရှေ့ဘက်ထိပ် ရွာဦးမှာ သက်ငယ်မိုး၍ ကွမ်းသီးပင် ကြမ်းခင်းထားသော ခြေတံရှည်ကျောင်းကလေးက သူ့အာရုံထဲမှာကို မကြာခဏ ရောက်လာတတ်ဆဲ ဖြစ်သည်။ ကွမ်းသီးပင်ကို လေးစိတ်ခွဲထားသော ကြမ်းခင်းက ၀ါးခင်းပျဉ်တွေထက် ခိုင်ခံ့ချောမွေ့သည်။ ကြာလာလေလေ အရောင်က စိုတက်လာလေလေ။ သက်ငယ်မိုးကတော့ အရှေ့ရိုးမဘက်က မိုးတွေညို၍ လေပြင်းဝှေ့လာလျှင် ရှဲခနဲ မြည်သွားတတ်သည်။ ကျောင်းပေါ်က ကြည့်လိုက်လျှင် လွှတ်ကျောင်းထားသော နွားအုပ်များကို တွေ့ရပြီး သားသည်အမေ နွားမကြီး၏ သားပျောက်တွန်သံကို ကြားရတတ်သည်။
စင်စစ် တကယ်တော့ ကြာခဲ့ပြီ။ ရွာကလေးမှာ မူလတန်းကျောင်းကို အလယ်တန်းကျောင်းအဖြစ် တိုးမြှင့်လိုက်ပြီဟု သတင်းစာမှာ တွေ့လိုက်တော ဇနီး အညိုကို ပြောမိသည်။ သမီးတို့ကို ပြမိသည်။ တပည့်မလေး နန်းမွန်ကြည်အကြောင်းကိုလည်း သတိတရ ပြောမိသည်။ ရွာဦးထိပ်က ကျောင်းလေးရှိရာမှ မျှော်ကြည့်လျှင် ရွာရှေ့ အတန်ဝေးဝေးမှာ လမ်းခွဲချောင်းကူးတံတားကို မြင်ရသည်။ ထိုနေရာမှာ ရေလျှံတတ်သည်နှင့် အင်းသူကြီးတို့ ယင်းပိတ်ထားသော အကာအရံကို မြင်ရသည်။ ထိုလမ်းခွဲ လမ်းဆုံမှာက ကျေးရွာလက်ဖြစ် ဇရပ်လေးတစ်ခု။ ခရီးသွားတို့ ခဏတာ နားခိုရာဖြစ်၍ ရွာကလေး၏ တစ်ခုတည်းသော ရွာလမ်းအ၀င်အထွက်မှ တာရိုးကလေး၏ ဆုံရာလည်းဖြစ်သည်။
နှစ်ရွာကွဲသွားသော ရွာညီအစ်ကို သောင်လယ်နှင့် နွယ်တန်းကို သည်ဇရပ်လေးဆီမှ ၀င်ရထွက်ရသည်။ နှစ်ရွာလုံး၏ ရွာဦး၊ရွာထိပ်လည်းဖြစ်သည်။ ရွာကလေး၏ တည်နေပုံနှင့် သာယာပုံကို သူ့သမီးနှစ်ယောက်က အတွေးထဲမှာ ပုံဖော် ကြည့်နေကြသည်။ ကျေးလက်တောရွာဆိုတာကို မသိသော ကွန်ပျူတာတက်နေသော သမီးတို့က ပျော်စရာနေမှာပဲနော်ဟု သူ့ကို ပြောကြသည်။
သမီးတို့ ဆယ်တန်းအောင်သော နှစ်လောက်မှာ သူ၏ကျူရှင်ဆရာ ဘ၀ကလည်း သက်တမ်းတချို့ ကြာမြင့်ကာ နာမည်တစ်လုံး ထူထောင်ပြီး ဖြစ်နေပြီ။ ရူပ ဆရာလင်း၏ အဆင့်မြင့် စာကျက်ဝိုင်း။ တန်းစုံဘော်ဒါ ဆိုင်းဘုတ်တွေက ဟိုမှာ သည်မှာ…။
သောင်လယ်မှ စေတနာဆရာနှင့် တွေ့ရသောနေ့ကတော့ သူ ကြေကွဲရသော နေ့တစ်နေ့ပင်။
**
ရွှေတိဂုံကုန်းတော်ပေါ်မှ ဘုရားဖူးများအကြားမှာ ဆရာ့ကို တွေ့လိုက်ရတော့ ၀မ်းသာသွားသည်။ မတွေ့ရတာလည်း ကြာတောင့်ကြာလှပြီ။ သူက ရွာအကြောင်းလည်း မေးသည်။ အလယ်တန်းကျောင်း တိုးမြှင့်ဖွင့်လှစ်နိုင်သည့်အတွက် ၀မ်းမြောက်ကြောင်း ပြောမိသည်။ နန်းမွန်ကြည် အကြောင်းကတော့ ကြေကွဲစရာ အကောင်းဆုံးပင်။
`အဲဒီနှစ်က နန်းမွန်ကြည် ၄ တန်းအောင်တယ်။ ကျောက်ကြီး တစ်မြို့နယ်လုံးမှာ ပထမရတယ် ဆရာ။ ဆရာက မြို့ကိုခေါ်သွားမယ်။ ကျောင်းဆက်ထားပေးမယ်၊ ဆရာ့သမီးတွေနဲ့ အတူနေရမှာလို့ တစ်ရွာလုံးကို အားတက်သရော ပြောနေတယ် ဆရာ။ အောင်စာရင်း ထွက်ပြီးကတည်းက ရွာထိပ်ဇရပ်မှာ ဆရာ့ကို ထွက်မျှော်နေတာ။ သူ့ကို ဆရာက တကယ်လာခေါ်မှာတဲ့။ ဘယ်သူမှ ဖျောင်းဖျလို့ မရဘူးဆရာ။ မနက်မရုဏ်တက်မှာ နန်းမွန်ကြည် ဇရပ်ဘေးမှာ ရောက်နေပြီ။ ဇရပ်လေးကနေ တမျှော်မျှော်နဲ့ပေါ့ ဆရာ။ ည မိုးစုပ်စုပ်ချုပ်မှ နောက်တနေ့မှာ ပြန်စောင့်ပေါ့ဆိုပြီး ချော့မော့ခေါ်ရတာ နေ့တိုင်းလိုပါပဲ ဆရာရယ်´
`သြော်..´
`နောက်တော့ အအိပ်အစား မမှန်တော့ဘဲ ဖြစ်လာတယ်။ အပျိုဖော်လည်း ၀င်နေပြီဆိုတော့ ရူးသွားမှာကို စိုးရိမ်ရတဲ့ အထိလည်း ဖြစ်လာတယ် ဆရာ´
**
ထိုအချိန်မှာ တကယ်ရူးသွပ်သွားသူမှာ သူသာ ဖြစ်သင့်သည်။ ကွမ်းသီးသား ကြမ်းခင်း၊ သက်ငယ်မိုးနှင့် ခြေတံရှည် ကျောင်းကလေး။ ငွေသံကြေးသံ မပေါက်သော ခေါင်းလောင်းသံ။ သောင်လယ်ရွာဆိုသော ဆိုင်းဘုတ် အစိမ်းရောင်လေးမှာ ဆေးသား ပျက်လုလု။ ပထွေးငါးရှာရာသို့ တကောက်ကောက် လိုက်ရသော တပည့်မလေး နန်းမွန်ကြည်။ မျက်လုံး တောက်တောက်နဲ့ ကျောင်းနေချင်တဲ့ တပည့်မလေး။ သူ နွေရာသီ အပြန်မှာ မပြည့်စုံသော မိသားစု ဘ၀ကို လက်ညှိုးထိုးကာ မိဘ၊ ယောက္ခမများက `တာဝန် မဲ့တဲ့ကောင်´ ဟု အပြစ် ဆိုနေခဲ့ကြ။ အစ်ကိုတယောက်က `မင်း၊ ရူးနေသလား။ ဘာများ မျှော်လင့်ချက် ရှိလို့လဲကွာ၊ မင်းလုပ်ပုံတွေ မဟုတ်သေးဘး´ ဟု ကဲ့ရဲ့လျက်…။
`ဘာတတ်နိုင်မလဲ ဆရာရယ်။ သွေးရူးလေရူးလို ဖြစ်လာပြီ ဆိုမှတော့ အိမ်ထောင် ချပေးလိုက်ရတော့တာပေါ့။ အခုဆို ကလေးတစ်ယောက် ခါးထစ်ခွင်ပြီး မုန်းဈေးမှာ ခေါပုတ်ရောင်း…´
အဲသည့်အသံကို သူမကြားရဲ။ အဲသည့် ရွာကလေးကို သူမသွားရဲ။ တပည့်မ နန်းမွန်ကြည်ကို သူမကြည့်ရဲ။ မကြည့်ရက်။ ကလေး ခါးထစ်ခွင်၍ ခေါပုတ်တောင်း ခေါင်းပေါ်တင်ကာ `မုန်း´ ဈေးတန်းထဲ ၀င်သွားသော သားသည် အမေတစ်ယောက်ကို မြင်နေရသည်။ ငါးရှာထွက်သော လင်ယောက်ျားနောက်ကို ငါးပလိုင်းလွယ်၍ လိုက်နေလေမလား။ ဟိုအိမ်ထင်းခွဲ၊ သည်အိမ်ရေခပ်၊ ခေါင်းစုတ်ဖွားနဲ့ မိန်းကလေးဆီမှာ အရောင်တောက်တောက် မျက်လုံးလေးတွေ ပျောက်နေရောပေါ့ဟု တွေးမိတိုင်း ငွေသံကြေးသံ မပေါက်သော ခေါင်းလောင်းသံကိုတော့ သူ ကြားရမှာ ကြောက်နေသည်။
သို့သော် အဲသည် ခေါင်းလောင်းမျိုး မြို့ပြမှာ မရှိပါ။
လင်းထင်