ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Wednesday, February 2, 2011

တချို့က သီလပျက်မည်ကိုသာ စိုး၏

 တချို့က သီလပျက်မည်ကိုသာ စိုး၏
နေဇင်လတ်

သမိုင်းသင်တာ မ “အ”အောင်လို့ ဟု သမိုင်းပညာရှင် ကြီး ဒေါက်တာ သန်းထွန်းက ပြောဖူး၏။ ကမ္ဘာကျော် ဘီလျံနာ သူဌေးကြီး Warren Buffett ကမူ

''What we learn from history is that people don’t learn from History.''  

ကျွန်တော်တို့ သမိုင်းမှ ရသော သင်ခန်းစာသည် သမိုင်း သင်ခန်းစာ မယူခဲ့သော သူများအကြောင်း ဖြစ်သည်။ နှစ်ဦးစလုံး တင်ပြပုံချင်း မတူသော်လည်း အနှစ်သာရ အားဖြင့် အတူတူ ဖြစ်ပါသည်။ တချို့သမိုင်းကို လေ့လာကြသည်။

သမိုင်းအကြောင်း ပြောကြသည်။ သမိုင်းမှ သင်ခန်းစာ ယူကြရမည် ဟုလည်း ဆိုကြသည်။ မည်သည့် သင်ခန်းစာများ ရရှိ၍ မည်သို့သော သင်ခန်းစာ များကို လိုက်နာကြပါသလဲ။ တချို့သမိုင်း အကြောင်းနှင့် သမိုင်းပါ အချက်အလက်များကို ပြောပြနိုင် ကြသော်လည်း သမိုင်း သင်ခန်းစာများကို ရယူနိုင်ခြင်း မရှိကြ။ Warren ပြောခဲ့သော စကား တစ်ခွန်းက အတော်ပင် ဖြန့်ကြက် တွေးဖွယ်ရာ ကောင်းသည်။

''You don’t have to make money (success) back the same way you lost it.''

သူက စီးပွားရေးသမား ဖြစ်၍ စီးပွားရေး အမြင်ဖြင့် ပြောခဲ့ခြင်း ဖြစ်သည်။ ကိုယ်ဆုံးရှုံး ခဲ့သော နည်းလမ်းကို ထပ်သုံးခြင်းဖြင့် အောင်မြင်မှု မရနိုင်ဟု အနှစ် သဘောအားဖြင့် သိနိုင်သည်။ ကျွန်တော်တို့ နည်းလမ်းဟောင်းကြီးထဲမှ ခွဲထွက် နိုင်ကြပါပြီလား။
မြန်မာ့ သမိုင်းတွင် မြန်မာ ပညာရှိ အမတ်ကြီး ဘိုးရာဇာနှင့် မွန်ပညာရှိ အမတ်ကြီး သီဟပတေ့တို့ တွေ့ဆုံခန်းသည် များစွာ အတုယူဖွယ် ဖြစ်သည်။ သီဟပတေ့ ဧည့်ခံသော ကြံကို ဘိုးရာဇာက အဖျားမှ စ၍စုပ်၏။ အဘယ့်ကြောင့် ကြံကိုအဖျားမှ စ၍ စုပ်ကြောင်း မေးသောအခါ ကျမ်းဂန် စာပေများကို လေ့လာရာတွင် လွယ်ရာမှ ခက်ရာသို့ တဖြည်းဖြည်းချင်း တိုးတက် လေ့လာရသော သဘောဖြင့် ဘိုးရာဇာက ဖြေကြားခဲ့သည်။ ထိုအခါ မွန်ပညာရှိ အမတ်ကြီး သီဟပတေ့က “ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ၊ သေခြင်းတရား ရောက်လာနိုင်သည်”ဟူသော ဘုရားဟောကို ကိုးကားပြီး ကြံဖျားစုပ်စဉ် သေသွားပါက တကယ်ချိုသော အရင်းကို မစုပ်လိုက်ရ သဖြင့် နစ်နာနိုင်ကြောင်း ပြန်လည် ရှင်းပြခဲ့ပါသည်။ ဘိုးရာဇာက လောကီကျမ်းဂန် များကို မှီ၍ဆိုပြီး သီဟပတေ့က ဘုရားဟော ဓမ္မခန်ကို မှီ၍ ရှင်းသည်ဖြစ်၍ အမတ်ကြီး သီဟပတေ့ စကားက ပို၍ သင့်မြတ်လှကြောင်း ၀န်ခံခဲ့သည်။ သွယ်ဝိုက်၍ အရှုံး ပေးလိုက်ခြင်းလည်း ဖြစ်သည်။ ထိုဖြစ်ရပ်တွင် ဘိုးရာဇာသည် စကား အနေဖြင့် ရှုံးသော်လည်း တရား အနေဖြင့် အနိုင် ရလိုက်သည်။ ဘိုးရာဇာ တရား အနေဖြင့် အနိုင် ရပုံကို သီဟပတေ့၏ မှတ်ချက်တွင် တွေ့နိုင်သည်။

“ကျွန်ုပ် တစ်သက်တာတွင် ယခုမှ တကယ့် ပညာရှိ သူတော်ကောင်းကို တွေ့ဖူးခြင်း ဖြစ်သည်။ တချို့ပုဂ္ဂိုလ်များ သည် မိမိကိုယ်မိမိ ပညာရှိဟု ဆိုကြ သော်လည်း မိမိ အမှားကို ၀န်မခံရဲကြ။ မိမိစကား အမှားကိုပင် အမှန်ဖြစ်အောင် အကိုးအကား မျိုးစုံဖြင့် ငြင်းခုံ တတ်ကြသည်။ ဘိုးရာဇာကား မိမိစကားအမှား ကို အမှားဟု ၀န်ခံပါပေသည်”

မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော် ရေးသားခဲ့ဖူးသော စာတွင်
“ဂုဏ်ပျက် သွားမှာကိုသာ ကြောက်ပြီး အကျင့်သီလ ပျက်သွားမှာကို မကြောက်သော သူကို ပညာရှိဟု ခေါ်နိုင်သော်လည်း သူတော်ကောင်းဟု မခေါ်နိုင်။ မိမိမှားသည်ကို မှားသည်ဟု ၀န်ခံခြင်း၊ မိမိ မသိသော အရာကို မသိဟု ၀န်ခံခြင်းတို့သည် ရိုးသား ဖြောင့်မတ်သော မိမိ၏ စိတ်ဓာတ်ကို မှတ်ကျောက်တင် ပြလိုက်ခြင်း ဖြစ်သည်”

ဆရာတော်က သာသာထိုးထိုး ရေးခဲ့ခြင်း ဖြစ်ဟန်ရှိသည်။ အမှားကို ၀န်မခံခြင်းကြောင့် အများအကျိုး အတွက် ထိပါးနိုင်သော ဆောင်ရွက်မှု မျိုးတွင်ကား ပညာ တတ်မျှလောက် သတ်မှတ်နိုင်သော်လည်း ပညာရှိဟုကား သတ်မှတ်၍ မထိုက်ဟု ယူဆမိပါသည်။ အများကို ကိုယ်စားမပြုသေးသော ဘိုးရာဇာနှင့် သီဟပတေ့ တို့၏ “ကြံ” သုံးဆောင်ပွဲ ကလေးမှာပင် ပညာရှိ အစစ်တို့သည် ၀န်ခံရဲ၏။ ထို ၀န်ခံရဲမှုကြောင့် တစ်ဖက်လူ၏ ချီးကျူးမှုကို ပြန်၍ ရယူနိုင်ခဲ့သည်။ အများနှင့် ဆိုင်သော ကိစ္စရပ်များနှင့် ပတ်သက် လျှင်မူကား မည်မျှ အကျိုး များနိုင်မည် နည်း။ အများ၏ အသိအမှတ်ပြုမှု၊ ချီးကျူးမှုကို ကောင်းစွာ ရရှိနိုင်မည်ဖြစ် သည်။

ဘုရားရှင်လက်ထက်က မြတ်စွာ ဘုရားထံသို့ ဆင်ထိန်း၏သား“ပေဿ” မည်သော ဒကာတစ်ယောက် ရောက်လာ၏။ ထိုအချိန်တွင်“ပေဿ”၏အသိ ဉာဏ်ပါရမီသည် ရင့်ကျက်ချိန်သို့ ရောက်နေပြီ ဖြစ်သည်။ ဤသည်ကို သိတော်မူသော မြတ်စွာဘုရားက ပုဂ္ဂိုလ် ၄ မျိုးအကြောင်းကို ဟောတော် မူ၏။ ဘုရားရှင် ရှင်းပြသော ပုဂ္ဂိုလ် ၄ မျိုးမှာ
-         မိမိကို ပူပန်စေတတ်သောသူ
-         သူတစ်ပါးကို ပူပန် စေတတ်သောသူ
-         မိမိရော သူတစ်ပါးကိုပါ နှစ်ဦး စလုံးကို ပူပန် စေတတ်သောသူ
-         မိမိ၊ သူတစ်ပါးနှစ်ဦး စလုံးကို မပူပန် စေတတ်သောသူ

လူ၏ အခြေခံသည် အသက် ရှင်သန်ရေး ဖြစ်၏။ ထိုမှ ဥစ္စာပစ္စည်း၊ ဂုဏ်သိက္ခာ စသည်တို့ ဆင့်ပွားလာသည်။ ဤသည်တို့ အပေါ် ပူပန်မှု၊ သောကမှု များ ရှိတတ်သော သဘောရှိ၏။ လောကုတ္တရာ ရှုထောင့်ကို ခဏ ထား၍လောကီရှုထောင့်မှ ကြည့်လျှင်ပင် အမြဲတစေ ပူပန် နေရပါက ထိုဘ၀သည် မနေပျော်၊ ပူပန်မှု ကင်းဝေးသော ဘ၀ကိုသာ အားလုံးက အလိုရှိကြ၏။ ကြိုးစား သလောက်လည်း ဖြစ်ထွန်းလိုကြ၏။ ကြိုးစားကြသလောက်၊ အားထုတ် သလောက် အကျိုး မဖြစ်ထွန်းမှာကို လည်း ပူပန်ကြ၏။ ပူပန်မှုတွင် အရေး အရာများစွာတို့ ပါဝင်၏။

မိမိကို ပူပန်စေသော သူဖြစ်ပါက အများအတွက် မထိခိုက် သော်လည်း ထို သူအနေဖြင့် မကောင်းတတ်ချေ။ သူ တစ်ပါးကို ပူပန်စေတတ်သောသူ ဖြစ်ပါက ကောင်းသည်ဟု သတ်မှတ်၍ မရ။ မိမိရော၊ သူတစ်ပါးကိုပါ နှစ်မျိုးစလုံး၊ နှစ်ဦးစလုံး၊ နှစ်ဖက်စလုံး ပူပန်စေသော သူဖြစ်ပါက ဆိုဖွယ်ရာ ရှိမည် မဟုတ်ချေ။ ပို၍များပြားသော သူများကို ပူပန် မှုပေးသောသူဖြစ်ပါက လောကသည် ပင်လျှင် တင့်တယ်မှု တို့နှင့် ဆိတ်သုဉ်း လာမည် ဖြစ်သည်။ နောက်ဆုံးသောလူ အမျိုးအစား သည်သာ နတ်လူသာဓုခေါ် ဖွယ်ရာဖြစ်သည်။ မိမိ၊ သူတစ်ပါး နှစ်ဦးစလုံးကို မပူပန် စေသောသူ ဖြစ်၏။

လူ့ဘ၀သည် တိုတောင်းလှ၏။ ထိုတိုတောင်းလှသော အချိန်တိုလေးမှာပင် ကံကောင်း၍ လူဖြစ်လာကြ ရသော်လည်း ပူပန်မှု၊ ကြောင့်ကြမှု၊ စိုးရိမ်မှု တို့ဖြင့် ဘ၀ကို တည်ဆောက်ကြရပါက “နေပျော်ဘ၀”များ ဖြစ်ကြမည် မဟုတ်ချေ။ ထို့ကြောင့် လူတိုင်းသည် စတုတ္ထ အမျိုးအစား ဖြစ်သော “မိမိ၊ သူတစ်ပါး နှစ်ဦးစလုံးကို မပူပန် စေသောသူ” ဖြစ်ဖို့ ကောင်းသည်။ ဖြစ်ရန်လည်း ကြိုးစား သင့်ကြသည်။ ခေတ်စကားနှင့် ဆိုလျှင် Self Interest ဟူသော ကိုယ်ကျိုးစီးပွား၊ ဘာသာရေး စကားဖြင့်ဆိုလျှင် အတ္တကို ပါးနိုင်သမျှ ပါးအောင် ပြုနိုင်ပါက ချမ်းသာသော ဘ၀များကို ပိုင်ဆိုင် နိုင်ကြမည် ဖြစ်သည်။ ကိုယ့်တိုင်း၊ ကိုယ့်ပြည် အတွက် ခဏတာမျှ ဖြစ်ကြသော လူ့ ဘ၀ အချိန်တိုလေးတွင် အများ စိတ်ချမ်းသာမှုကို ဆောင်ရွက် ပေးနိုင်သူတို့ များများ ပေါ်ပါစေဟု ဆန္ဒပြုရပါသည်။

မေတ္တာရှင် (ရွှေပြည်သာ) ဆရတော် ရေးခဲ့သော စာတစ်ပိုဒ်ကို အတော် သဘောကျမိ၏။ ထွေထွေပြားပြား သိကြသူ၊ ကျင့်ကြံသူတို့ အမြင် ရှင်းနိုင်သည်။


“တရားကို သညာသိ၊ စာသိ၊ ဗဟုသုတ သိဖြင့်သာ သိသောသူ၏ ကိုယ်ကျင့် သီလသည် အပြောမှာ လမ်းဆုံး၏။ တရားကို ပညာသိ၊ ခန္ဓာသိ၊ ပဋိဝေဓသိဖြင့် သိသောသူ၏ ကိုယ်ကျင့် သီလသည် အလုပ်မှာ လမ်းဆုံး၏။ ဤကား သညာသိနှင့် ပညာသိကို ကိုယ်ကျင့်သီလ မှတ်ကျောက်ဖြင့် တိုက်ပြခြင်းတည်း” 

တရားဟူသည် အမှန်ဖြစ်၏။ သို့ ဆိုသောကြောင့် အမှန်ကို ဆောင်ရွက် လိုသူများသည် သညာသိဖြင့် မဆောင် ရွက်အပ်ချေ။ ပညာသိဖြင့်သာ ဆောင် ရွက်အပ်သည်။ ကိုယ့်ကြောင့် သူများ ပူပန်ခြင်း မရှိစေရ။

ကျွန်တော်တို့သည် အမှားများစွာကို ကျူးလွန်ခဲ့ပြီး ဖြစ်ကြသည်။ တချို့သော အမှားများကား သာမန်အမှား၊ အများ ခွင့်လွှတ်နိုင်သော အမှားများဖြစ် ကြပြီး အချို့သော သူတို့၏ အမှား တချို့မှာကား သာမန်ထက် ပိုသော အမှား၊ အများက ခွင့်မလွှတ်နိုင်သော အမှားများ ဖြစ်လေ့ ရှိတတ်ကြသည်။ အများ ခွင့်မလွှတ် နိုင်သော အမှားမျိုးကို သညာသိမျှ သိသောသူ၊ အတ္တအကျိုး စီးပွားရှေ့တန်း တင်ကြသူများက ဆောင်ရွက်တတ် သည်ကို တွေ့နိုင်ပေသည်။ သညာသိ၊ စာသိ၊ ဗဟုသုတသိကို တချို့က ပညာသိ၊ ခန္ဓာသိဖြင့် သိကြသည်ဟု ယုံမှတ် နေကြကြောင်း တွေ့ရသည်။ မရှိကို အရှိဟု ထင်သော သူမျိုးသည် ပြင်ရန်ခက်၏။ ကိုယ့်ကိုယ်ကိုမျှ ကောင်းစွာသိသည် မဖြစ်၍ ပြင်ရန် မလိုဟုလည်း ယုံမှတ်ထားကြသည်။ ထိုသူတို့မှာ အများကောင်းကျိုး အတွက် မည်သို့ ထမ်းဆောင်နိုင် ကြမည်နည်း။

ဆရာကြီး ဦးရွှေအောင်က “လောကအတွက်လူ” ဖြစ်ဖို့ ကောင်းကြောင်း များစွာ ရေးသားထားခဲ့ပြီး ဖြစ်သည်။ “လောကအတွက်လူ”ဟု ခံယူထားကြ သူများ များများ ပေါ်ထွန်းပါမှ လောက ကြီးသာယာပြီး မိမိတို့ နောက်မျိုးဆက်သစ်များ အတွက် အကျိုး စီးပွားကို ချန်ထားရစ်နိုင်မည် ဖြစ်သည်။ “ကိုယ့် အတွက်လောက” ဟု ရှုမြင် ထားကြသူများ အရေအတွက် များပါက လောက သည် ပျက်စီးခြင်း တို့ဖြင့် ပြီးမည်ဖြစ်ပြီး အကျိုးဆက် ကိုလည်း နှောင်းလူတို့ ခံစားကြရမည် ဖြစ်သည်။

အမှားသည် ဖြစ်နိုင်သော ကိစ္စ တစ်ခုဖြစ်ပါ၏။ မှားသည်ကို မှားမှန်း သိရန်သာ လိုပါသည်။ မှားခဲ့သော နည်းလမ်းဖြင့် မအောင်မြင်နိုင်ခဲ့လျှင် ထိုလမ်း မှဖယ်ခွာသင့်ပါသည်။ ဤသို့ ဆောင် ရွက်နိုင်ခြင်းသည် သညာသိပေါ် အခြေခံ သည်မဟုတ်၊ ပညာသိပေါ် အခြေခံမှသာ အောင်မြင်နိုင် ကြမည် ဖြစ်ပါသည်။


နေဇင်လတ်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၁)

မာတိကာ


statistics

web tracker