တောဈေး
ခင်ခင်ထူး
သည်ကနေ့က ဈေးနေ့ ဆိုတော့ တစ်ရွာလုံး မိုးမလင်းခင်ကတည်းကတလှုပ်လှုပ်။ လေးရက် တစ်ဈေး ဆိုတော့ ဈေးတစ်ပတ် လွတ်လိုက် လို့ မဖြစ်ပါ။ ဈေးနေ့ ကို မသိ လိုက်လေခြင်း လို့တော့ မရှိကြ။ ဈေးကြိုည ကတည်းက ၀ယ်ဖို့ခြမ်းဖို့ စာရင်းတို့ ထားကြ ရတာ မဟုတ်လား။
မနက်မိုးမလင်းခင် ကြက်ဦးတွန်ကတည်းက ဈေးကလေးဆီက အသံတွေ တအုပ်အုပ် ကြားနေရပြီ။ ဈေးဆီက ဆိုသော်လည်း နီးနီးတော့မဟုတ်ပါ။ ရောင်နီကလေး စို့လာပြီဆိုသည်နှင့် ရွာပေါင်းစုံက လှေတွေ၊ လှည်းတွေ ဈေးဘက်ကိုဦးတည်ကြပြီ။ ဈေးကမြစ် နှင့် ကပ်လျက်ဆိုတော့ မြစ်လေက ကမ်းပါး ထိပ် သောင်ကုန်း ပေါ်မှာ ရှိနေသည့် ဈေးကလေးဆီကို စွတ်စွတ်ရွတ်ရွတ် ရောက်လာတက်သေး၏။
ဈေးက မိုးလင်း မှ စည်သည် ဆိုသော်လည်း မနက်စောစော မှောင်ကြီးမည်းမည်း ကတည်း က ရောက်နေ ကြတာ လည်း ရှိပါ၏။ အဝေးရွာတွေက လှမ်းကြည့်လျှင် ဈေးခင်း မှောင်မှောင်ဆီက ဈေးမီးခွက် ရောင် ကလေးတွေ၊ ပိုးစုန်းကြူး ကလေးတွေ တောက်စားနေကြသလို ဖျိုးဖျိုးဖျောက်ဖျောက် မြင်နေရသည်။ ရောင်ခြည်ဦး နေခြည် ကလေး ဖျန်းပက်လိုက်သည် နှင့် မြစ်ကမ်းဘေးက ဈေးကလေး ဘွားခနဲ ပေါ်လာ ခဲ့လေပြီ။
သည်ဈေးကလေးက လေးရက်တစ်ဈေးဆိုသော်လည်း သည်ဘက်နယ်က ရွာတွေအဖို့တော့ ဆယ်နှစ်ပွဲ ဈေးကြီး လို အားကိုးရသောဈေး ဖြစ်ပါ၏။ ပဲဈေး၊ နှမ်းဈေး၊ ကြက်သွန်ဈေးက သည်လေးရက် တစ်ဈေး မှာ ဈေးတိုက် ကြရသည်။ သူ့ရွာသူဈေး၊ ကိုယ့်ရွာကိုယ့်ဈေး သိခွင့်ရကြသည်။ ရွာသီးနှံ လာကောက်သော လက်ခွဲ ပွဲစားများ ကိုယ်တိုင် သည်ပင် လေးရက်တစ်ဈေးမှာ ကုန်ဈေးနှုန်း စနည်းနာကြရသည်။ မြို့ပွဲရုံ တွေက သက်မှတ်သည့်ဈေးကို ရွာတောင်သူတွေ ဘယ်လိုသဘောထား ကြသလဲ လာ `ထောက်` ကြရသည်။ ကျွဲ၊ နွား အလဲအထပ် အရောင်း အ၀ယ် လုပ်ကြသူတွေလည်း သည် ဈေးကလေးထဲမှာ ခြေချင်းလိမ် နေ တတ်ကြပါသည်။
ကျန်တာက ဈေးဝယ်ရင်း တစ်ရွာ့တစ်ရွာ လူကြုံပါးနိုင်သည်။ ဖိတ်စာကမ်းနိုင်သည်။ ရပ်သတင်း၊ ရွာသတင်း ကြားနိုင်သည်။ လူမမာလှမ်း မေးနိုင်သည်။ အဖိတ်အပြု၊ အမှာအကမ်း လုပ်နိုင်သည်။ အလှူပွဲ၊ ဘုရားပွဲ၊ ဇာတ်ပွဲ တွေအကြောင်း သတင်းရနိုင်သည်။ ဘယ်သူ့သားနဲ့ ဘယ်သူ့ သမီး ဘယ်နေ့ ဘယ်ရက် မင်္ဂလာဆောင် မှာ ဖြစ်လို့လာစေချင်တာလည်း ပါတတ်သည်။ ဘယ်သူတော့ဖြင့် ရောဂါသည်းလို့ ပျက်စီး လို့ ဆိုတာတွေလည်း ကြားနိုင်သည်။ သည့်အတွက် သာရေး နာရေးကိစ္စ အ၀၀အတွက် ဈေးရက်ကို ရက်တွက်ကာ ဈေးဝယ်ဖို့ ဆောင်ရွက်ကြရသည်။ မြို့ကရောက်လ်ာတက်သော အသင့်ထည်၊ စက်ထည် အ၀တ်အစား ကလေး ၀ယ်ချင်တော့လည်း သည်ဈေးကိုပဲ ပြေးလာကြရတာမဟုတ်လား။ တစ်ထည်ပြီး တစ်ထည် ကောက်စွပ်ကြည့်။ မတော်လျှင် ပစ်ချလိုက်။ တော်တာ တွေ့လည်း ဈေးကို ခေါက်ချိုး ဆစ်ကြ တော့သည်။
``မရိုးကုန်းက သန်းတင်တို့ အလှူတုန်းကများ ပိတ်ဖောက်ဇာတွေချည်း မဏ္ဍပ်ထဲ ပလူပျံသွားချက်တော့ ဒီး တိုက်လို့ မျက်လုံး မလွတ်ဘူး။ အလှူက အငြိမ့်ခဲသဲ့ အလှူကြီးဆိုတော့ တော်ရုံအ၀တ်နဲ့ မတိုးချင် ကြတာလည်း ပါသာပေါ့။ တစ်ကိုက်တစ်ထောင်ကျော် နှစ်ထောင်ကျော်အေ၊ ကိုယ်တောသူတောင်သား လော်မာရာ ကျမှန်းလည်း သိပါရဲ့။ နောင်ခါလာ နောင်ခါရောက်ရား အများတန်းတူ ၀ယ်ဝတ်ရတော့သာပဲ။``
အထည်စကို ပိုက်ဆံလုံးခနဲ ခဲခနဲ ပေးပြီး ၀ယ်ရမှာ နှမြောတတ်ကြသူတွေဆိတော့ ပဲရိတ်၊ နှမ်းရိတ်၊ ကြက်သွန် ဖော်ချိန် ကလေးမှာ တစ်ချို့ချင်းသွင်းကြရင်း ၀တ်ကြရသည်။ တောသူတောင်သားများအဖို့ ခါးရေး ထက် ၀မ်းရေး ကို ဦးစားပေးကြရသူတွေ မဟုတ်လား။ ပေါ်တုန်းပေါ်ခါ အခင်းက ထွက်သည့် သီးနှံ ကလေး ထုတ်ရောင်းကြကာ အိမ်အတွက် လိုအပ်သမျှ ကျီပြည့်ပုတ်ပြည့် ၀ယ်တက်ကြသည်။ ဈေးကလေး ထဲ မှာ ထွန်၊ထယ်၊ပေါက်ပြား၊တူရွင်းကအစ နွားနဖားကြိုး၊ နွားခြူလုံး၊တောစီးဖိနပ်တွေအဆုံး တောင်သူသုံး ပစ္စည်း လိုရာအကုန်ရနိုင်သည်။
ဧရာဝတီနှင့်ချင်းတွင်းကြား ရွှေလံ၊မြစ်စုတ်ဘက်ကလာရောင်းကြသော တောင်း၊ ပလုံး၊ ဆန်ကော၊ ဆန်ကာ သည်တွေကတော့ မနက်အစောထိအောင် မစောင့် ညဘက်ကတည်းက ဈေးဘက်ကမ်း ကူးလာကြ သူတွေ ဖြစ်သည်။ ရွာကနေတောင်ပလုံးတွေ လှည့်ပြီး တစ်စီးတိုက်တင်ကာ ဧရာဝတီမြစ်ကို လှေဖြင့် ညကြီး မှောင်မဲထဲ ဖြတ်ကူးခဲ့ကြရသည်။ ဈေးကိုရောက်ဖို့မလွယ်သော်လည်း မရောက်မရှိကြပါ။ ၀ီရိယ ကောင်းသူ တွေ မဟုတ်လား။ဈေးရက်တိုင်းရွှေလံမြစ်စုတ်ဘက်ကဈေးသည်တွေရောက်နေကျ၊ တောင်းပလုံး၊ ဆန်ကော၊ ဆန်ကာ ပင် မက ရွှေလံငရုတ်ကလည်း နာမည်ရလှပါ၏။ ငရုတ်သီးဆိုသော်လည်း စပ်ခြင်း၊ ပူခြင်း မရှိ ခပ်ဆိမ့်ဆိမ့် ကလေးဖြင့် မွှေးလှသည်။ ရွှေလံငရုတ်ဆိုလျှင် ကျေးရွာ အိမ်ရှင်မတိုင်း ၀ယ်ကြ ရသည်။ ကောင်းလည်း ကောင်းတာကိုး။
သည်ဈေးကလေးကို ရောက်လာနေကျ ဈေးသည်တွေ၊ ဈေးဝယ်တွေဆိုတာကလည်း ဝေးဝေးလံလံ မဟုတ်သော တကြောတစပ်တည်း ရွာတွေကဆိုတော့ တစ်ဦးတစ်ဦး ခင်မင်ရင်းစွဲ ရှိနေကြတာကလည်း ချစ်စရာ ဓလေ့ဖြစ်သည်။ သည်ဈေးခင်းကျည်းကျည်း ကလေးထဲ လေးရက်တစ်ခါ မျက်နှာချင်း အပ်ကြရ မဟုတ်လား။ အရှေ့ကြည်းတောတန်းရွာတွေဘပကဆီက ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ဂျူံစေ့၊ ကုန်ဆေး စသည့် တောထွက် ကုန်တွေ တောင်းကြီးတောင်းငယ်နှင့် လှည်းဝင်ရိုးကျိုးမတက် တင်တက်ကြသလို၊ ဆီမီးခုံ ရွာဘက်က မုန့်လက်သုတ်သည်တွေ၊ ငရုတ်သီးကြော်သည်တွေက၊ မြို့ကုန်ရောင်းချကြသော ဈေးသည် တွေကလည်း ဈေးနေ့တိုင်း လှေ နှင့် စုန်လာကြရုံသာ။
မြစ် ဟိုဘက်ကမ်း၊ သည်ဘက်ကမ်း နရန်းရွာတွေက ရွာအခင်းထွက် ခရမ်းချဉ်သီး၊ခရမ်းသီး၊ ပဲသီး၊ဗူးသီး စသည့် သီးနှံလတ်လတ်ဆတ်ဆတ်တွေကလည်း ဈေးရောင်းရင်း၊ဈေးဝယ်ရင်း အချိန်တန်တော့ ကုန်ခဲ့သည် ချည်းဖြစ်၏။ တချို့ကလည်း ပဲကလေးတစ်တောင်စ၊ နှစ်တောင်းစ ရောင်းဖို့လာကြရင်း အိမ့်ဗာဟီရ ကလေး တွေ ၀ယ်ကြသည်။ ဈေးထဲမှာပဲ ငွေဖော်၊ဈေးထဲမှာပဲ ငွေသုံးကြရသူတွေပါတကား။
``ဟေးတင်အိ ညည်းတို့ရွာက ကိုကျောက်ဖြုံးကို ပြောလိုက်ပအေ၊ဇလပ်ကုန်းက မလှရှင်က မနှစ်တုန်းက ယူသွားတဲ့ မျိုးပဲတစ်တင်းဘိုး လာဆပ်လှည့်ဦးလို့ ငါ့ကိုမှာလိုက်လို့ဟေ့ ကြားထဲက ပြောရသော ကြွေးရှင် နှင့် ကြွေးခံ သူကြား ဘာမဆိုင် ညာမဆိုင် သူ့ကိစ္စကို ကိုယ့်ကိစ္စ လုပ်ကြသူတွေလည်းမရှားပါ။ တိုးတိုး ပြောတာ မဟုတ်တော့ ဘေးဘီက လူတွေ အကုန်ကြားနိုင်သည်။ ကိုကျောက်ဖြုံး အကြွေးရှိတာလည်း အားလုံး သိကုန်ကြ၏။ သည့်အတွက် ဘယ်ူသူ့ဘယသူမှ ရှက်စရာမလိုပါ။ ဒါမျိုးကရိုးလှပြီ။ ဘယ်သူတွေ ဘာ အရေးအကြောင်း ရှိရှိ အော်ကြီးဟစ်ကျယ် ပြောတက်ကြသူတွေကိုး။ တိုးတိုးပြောပါအေလို့ ပိတ်ချင် လို့လည်း မရပါ။ ``တိုးတိုးလုပ်နိုင်ပေါင်အေ၊ မှန်သာပြော သဲ့ဟာကို` ဆိုတာ အဆစ်ပါလာလိမ့်ဦးမည်။
ဈေးထဲမှာ အထည်ဆိုင်က များများရှိတာမဟုတ်။ မသကာ သုံးလေးဆိုင်လောက်ရှိတာ ဆိုတော့ တစ်နယ်လုံး သည်ဆိုင်သုံး ၊လေးဆိုင်မှာ တင်သမျှ အဆင်တွေကိုသာ ၀တ်ကြ ပေတော့။ မြို့ပေါ်မှာ အဆင်ဆန်း ပေါ်ပြီးဆိုသည်နှင့် သည်ဈေးကို မရှေးမနှောင်း ရောက်လာ တတ်သည်။ မန္တလေး၊ မြင်းခြံလို မြို့တွေ နှင့် အဆက်အစပ်ရှိသည့်ရွာ မဟုတ် လား။
တတ်နိုင်သူတွေက တတ်နိုင်သလို အထည်စ ကောင်းကောင်း၊ အဆင်ကောင်း ကောင်းဝယ်ဝတ် ကြသော်လည်း အများကတော့ တော်ရုံတန်ရုံနှင့် ပြီးကြ ရသည်။ သစ် ခင်းကိုင်းခင်းထဲ ဆင်းကြရသူ တွေ ဆိုတော့ ဂိုက်ဆိုက်မလိုပါ။ တော်ဝတ်တောစား ချည် ခိုင်ခိုင် ဆိုလျှင် ရပြီ။ ပွဲဝတ်လမ်းဝတ် အထည်းမျိုး ဆိုလျှင်တော့ ရိုရိုသေသေ ရှိတတ်ကြ သည်။ ပွဲဝင်ဝတ်ကြပြီ ဆိုတော့ လည်း ပရုတ်လုံး နံ့ မွှေးမွှေး ကလေးနှင့်။
ဈေးအနောက်ဘက်ခြမ်း ဧရာဝတီမြစ်ဘက်ကို ကျောပေးထားသော ရွာလက်ဖက်ရည် ဆိုင်တွေကလည်း ဈေးနေ့တိုင်း လူလုံးကြီးကျပ်ကာ စည်ကားလှး၏။ ခေါက်ဆွဲသုတ်၊ မုန့်ဟင်းခါး၊အကြော်စုံ စသဖြင့်ု ရွာမုန်ု့ ရွာသရေစာ ကလေးတွေ အဖီချခုံထိုးရောင်းကြသော မုန့်ဈေးတန်းကလေးလည်းရှိသည်။
လေးရက်တစ်ခါမှ တွေ့ရသည့်မုန့်တွေ၊သရေစာဆိုတော့ လူအုံနေတက်ပါသည်။ မုန့်ဈေးတန်း တဲကလေး တွေဆီက မီးခိုးတအူအူ။
ကျွန်မကတော့ ရွာပြန်ဖြစ်လေတိုင်း ကျွန်မတို့ရွာနှင့်တိုင်ဝက်လောက်ဝေးသည့် ဂင်ဂဲ့ဈေးကို မရောက်မဖြစ် ရောက်အောင်သွားမြဲဖြစ်ပါသည်။ ဈေးလည်ချင်တာထက် အရွာရွာ အဝေးဝေး ပြန့်ကြဲနေကြသော ကျွန်မ ဆွေမျိုး များကို စုစုဝေးဝေး နှုတ်ဆက်နိုင်လို့ဖြစ်ပါ၏။
``ညည်း ဂင့်ဂဲဈေးနေ့သာ သွားပါအေ၊ လှေခ လှည်ခ မကုန်ဘဲ မျက်ခွက်တွေအကုန်လုံး တွေ့ရပါ့``
ကြီးတော်ပြောလည်း ပြောစရာ။ မြင်သမျှ တွေ့သမျှ မျက်ခွက်တွေက အဖေ့အမျိုး၊ အမေ့အမျိုး ကင်းသည် မရှိ။ ဂင့်ဂဈေးကိုကျွန်မ ရောက်ချင်သည့် နောက်တစ်ကြောင်းက တောမုန့်ကလေးတွေ စားချင် တာလည်း ပါပါ၏။ ပြီးတော့ ဧရာဝတီမြစ်ကမ်းဘေး သဲသောင်ခုံမြင့်ပ်ါက တောဈေးကလေးကို လာရောက် ကြသော တောသူတောင်သားများ ၏ဘ၀ ဝေဒနာပေါင်းစုံကို မျှဝေခံစားချင်တာလည်း ပါ ပါသည်။ လှေနှင့်လှည်းတွေကို မ၀စတမ်းကြည့်နိုင်သော နေရာ။ ကျေးလက်သဘာဝသရုပ်ဖော် ပန်းချီကား တစ်ချပ်ပင်။
``အောင်လှရေ နင်တို့ရွာကို ပွဲစား စံညွန့် လာသာမြင်မိးသလား၊ ပြောလိုက်စမ်းပကွ ကြည်ရွာက ကိုပိုက် တို့ မချစ်တင်တို့က မျိုးမြေပဲအလှမ်းပေးဝယ်ချင်လို့လို့၊ မောင်အောင်ရတို့ မမိတွတ်တို့ရော၊ သန်းဆောင်တို့ ဘုမတို့ရော၊ မဆံကြော်တို့ ကကော ယူကြမှာလို့၊ ပွဲစားဆိုသဲ့ နှုန်းပေးပါ့မယ်လို့နှော၊ ကြားးသလားဟဲ့ ငါပြောသာ``
မျိုးချိန်ကျတော့ မျိုးမြေပဲကို အလှမ်းပေးနှင့် ၀ယ်ရတာ တောင်သူထုံးစံ။ မျိုးမြေပဲတစ်တောင်း သောင်းချီ နေသည့် ခောတ်မှာ ပိုးကနဲ ပက်ကနဲ ပေးစရာ ငွေရင်းရယ်လို့ လုံးကနဲမရှိတော့ သည်လိုပဲ တစ်တောင်းဘိုး ပေးထား လျှင် မြေပဲပေါ်ချိန်ကျ ဘယ်နှတောင်း ပြန်ဆပ်ရမည်ဆိုသည့် သဘောတူညီချက်ဖြင့် ပွဲစားက ငွေကြို ပေးထားခြင်းကိုဆိုလိုပါ၏။ ပဲပေါ်ချိန်ကျတော့ ရွာခံပွဲစား ကိုစံညွန့်လက် ရှိသမျှပဲ ထိုးအပ်ကြရသည်။ နောင်ခါလာ နောင်ခါဈေး လောလောဆယ် ကိုယ့်မြေကလး ဟောင်းလောင်းပက်လက် မဖြစ်ချင်ကြ။ အချိန်တန် လျှင် သစ်စေ့ သစ်ဆံချဖို့က အရေးကြီးတာမဟုတ်လား။
တောဆန်သည်တွေကလည်းစင်ပေါ်မှ ဇလားကြီးတွေ နှင့် ထည့်ရောင်း ကြသူတွေ ရှိသလို တာလပတ်ကြီး တွေ ခင်းကာ ပုံတိုက်အောတိုက် ရောင်းကြသူတွေလည်းရှိသည်။ ဆန်ကလေး တစ်ပြည် တစ်စိတ် ၀ယ်ရပါမည့် အကြောင်း လက်ဖ၀ါး ထဲ ထည့်ထည့်ကြည့် ကြရတာ အမော။
''တော့် ဆန် ကလည်း အရင်ဈေးတစ်ပတ်တုန်းကမှ ရှစ်ရာကို ခုတစ်ပတ် ဘယ့်နှယ် ရှစ်ရာငါးဆယ်တုံး ကိုဂျိုးတူး ရဲ့၊ ချက်ချင်း ငါးဆယ်ခုန်တက်ရောလား၊ ကြည့်လည်း လုပ်ပါဦး''
''ခင်ဗျား တို့က ဂင့်ဂဲဈေးထဲ ဆန်ရောက်အောင် သယ်လာသာကို ကျေးဇူးမတင်ကြဘူး၊ ငါးဆယ် မမြင် ကြနဲ့ဗျား။ ကျုပ်ဖြင့် စရိတ်စက ထောင်းသာနဲ့တင် ဆန်ရောင်းချင်စိတ်ကုန်သယ် အဟုတ်ပြောသာ''
ဈေးတန်းထိပ် က ကျူလယာခေါ်ကြသည့် စုံစီနဖာ ကုန်သေးကုန်နုတ် ဆိုင် မှာလည်း လူတွေ ကြိတ် ကြိတ်တိုး။
အပ်ကအစ သိကြားမင်းနကင်းအထိ တောသုံးရွာသုံး ပစ္စည်းကလေးတွေ စုံအောင်ထားရ တာဆိုတော့ ပစ္စည်းဗူလိနတ်စ တို့လို တွဲလောင်းတွေက ဈေးဝယ်တောင်းနှင့်ပင် မလွတ်ချင်။ တောင်း ညိပါသွားတာ ဖြုတ်ဖို့၊ လူတစ်ယောက်က ဆိုင်ရှေ့မှာ မိုးတိုးမတ်တတ် ရပ်နေရသေး၏။
''င်္နှစ်ထောင် သုံးထောင်ဘိုး ၀ယ်သာတောင် အပ်ချည်တစ်လုံး မေတ္တာလက်ဆောင်မပေးချင်ဘူး''
''အပ်ချည်က အပ်ချည်ဈေးတော်ရေ၊ သူ့ဈေးနဲ့ သူ့ပစ္စည်း ရောင်းနိုင်သဲ့ ဈေးနဲ့ ရပြီးမှပဲ''
သို့သော် ပေးလိုက်ရတာပါပဲ။ လက်ထဲရောက်နှင့်ပြီကိုး။ ဈေးဝယ်ပြီး သည်လိုမေတ္တာလက်ဆောင် တောင်းသူ တွေကို အ၀တ်ချုပ်အပ်ကလေးဖြစ်ဖြစ် ပေးရတာမျိုးကိုလည်း ဈေးသည်က နှမြောလို့မဖြစ် ပါ။ ပေါက်စိမ်း ရွာ ထွက် ထန်းလျက်ပျော့တောင်းကြီးတွေကလည်း ယင်တွေတလောင်းလောင်းဆိုတော့ ဈေးသည် ခမျာ လက်တစ်ဖက်က ယင်ရမ်းရင်း ချိန်ခွင်တစ်ဖက်ချိန်ရသည်။ ပေါက်စိမ်းထန်းလျက် က ဖယောင်း လို အပျော့ကလေးဖြစ်သည်။ သည်ထန်းလျက်ပျော့ကို စဥ့်ခွက်ကလေးထဲထည့်ကာ မြေပဲဆီ မွှေးမွှေး ကလေးဖြင့် စိမ်ကာစားကြသည့်အလေ့ သည်ဘက်ရွာတွေမှာ ရှိကြသည်။
ပေါက်စိမ်းထန်း လျက်က နာမည်ကြီး။ အသားတန်း၊ ငါးတန်းဘက်ကို ကျွန်မ လျှောက်လာခဲ့သည်။ အမဲသား လျှော်တွဲ များ၊ ၀က်သား၊ ကြက်သားသည်များနှင့် မြစ်ငါးသည် တွေ ကလည်း ဈေးနေ့တိုင်း အမြဲရှိသည်။ အသား တွေ ငါးတွေ ကလည်း မလတ်မှာမပူရ။ လောလောလတ်လတ်တွေချည်း။ ကျွန်မတို့ရွာတွေဘက်မှာ ဧည့်သည် ထမင်းကျွေးချင်ပြီဆိုလျှင် ဂင့်ဂဲဈေးပတ် နှင့် ချိန်ညှိပြီး ကျွေးကြရပါသည်။ ဈေးပတ် နှင့် မတိုက် လျှင် ဟင်းစား အရှာရခက် တတ်တော့ ဧည့်သည်ကို ဈေးပတ်မိအောင် တားထားရမလို ဖြစ်နေ တတ်သည်။
နေကလေးရင့်လာတော့ ဈေးကလေးကွဲစပြုလေပြီ။ တောသူတောင်သားတွေဆိုတော့ ရောင်းသူ ကလည်း ၀ီရိယ နှင့် ၀ယ်သူကလည်း ၀ီရိယနှင့်၊ တောအလုပ်ဝင်ကြရဦးမှာ မဟုတ်လား။ ကုန်ကျန်တော့ လည်း ဈေးပေါင်ကျိုး ဖြင့် ပါသမျှကုန် အစွံထုတ်ကြရပြီ။ ရသမျှဈေး နှင့် တွန်းတိုက်ရောင်းချနေသူတွေ လည်း ရှိပါ၏။ ၀ယ်ပြီး သမျှလေး ခေါင်းတစ်တင်ရွက်ကာ ပြန်သူကပြန်ကြပြီ။ ခေါင်းတစ်တင်ဆိုသည်မှာ ခေါင်းပေါ် တင်နိုင်သမျှ ဆင့်တင်ကာ ရွက်ခြင်းကို ခေါ်ခြင်းဖြစ်၏။
တောင်းကြီးပေါ် တောင်းလေးဆင့် တင်ရွက်ကြတာ၊ အိုးဝယ်ပြီး အိုးထဲပစ္စည်း တွေထည့် အိုးသုံးလုံးဆင့် ရွက်ကြတာ မျိုး ကလည်း ဈေးပြန် မြင်ကွင်းဖြစ်သည်။ တချို့ကလည်း လက်ထဲကျန်သမျှ ငွေကလေး ဈေးထဲ ရသမျှ ၀ယ်လိုက်ချင်သေးပုံ ပေါ်သည်။ ဟိုဟာ ၀ယ်ရကောင်းနိုးနိုး၊ သည်ဟာ ၀ယ်ရကောင်းနိုးနိုး ဈေးထဲ တယောင် လည်လည် ပတ်နေကြသူတွေ။ ဈေးနေ့ကြုံခိုက် အသုံးတည့်တာလေး ကျန်ခဲ့မှာ စိုးကြသည်။
ဂတ်စ်မီးခြစ် ဂတ်စ်ဖြည့်သည့်သူတွေကလည်း လက်မလည်ပါ။ ဂတ်စ်မီးခြစ်ကလည်း ၀ယ်ပြီးကတည်း က အကြိမ်ပေါင်း များစွာ ဂတ်စ်ထည့်သုံးတာဆိုတော့ ကချိုးကချောင်။ ဈေးတစ်ပတ်မှာ တစ်ခါ ဓာတ်အား သွင်းကြ ရသော ဘတ်ထရီဆိုင်ကလေးရှေ့မှာတော့ အရွာရွာက ဘတ်ထရီအိုးဟောင်း တွေ တင်းကြမ်း။ ဘတ်ထရီအိုး က ကျေးရွာတွေမှာ မရှိမဖြစ်ပစ္စည်းဖြစ်သည်။ ဇာတ်ထုပ်၊ သီချင်းနားထောင် ရသည်။ နဖားပွင့် သေးသေး မီလုံးကလေး တွေ ထွန်းကြရသည်။ အဟောင်းအပ်၊ အသစ်ရွေး၊ နှစ်လုံး လောက်ရှိမှ လက် လည်သည်။ လေးရက် တစ်ခါ ချွေချွေတာတာသုံရသော ဓာတ်အိုးမည်းမည်းတွေက ဆိုင်ခန်းထဲမှာ ခြေချ စရာ မရှိအောင် မွစာတက်နေသည်။
“သည် ၀ါးထမ်းပိုးထမ်းနဲ့ တစ်ထမ်းဆိုရင် ဘတ်ထလီအိုးက အလုံးနှစ်ဆယ် အစိတ်ပါသယ်၊ မနက်ဖြန် ဈေးနေ့ ဆိုရင် ကျုပ်က သည်နေ့လို ညနေ အိမ်ပေါက်စေ့ ဘတ်ထလီအိုးလည်စု၊ မနက်ဈေးထမ်းပို့၊ အရင် တစ်ပတ် က သွင်းထားသဲ့ အိုးတွေပြန်ထမ်းလာ၊ ရွာထဲက အိမ်တွေလည်ပို့၊ ကျုပ်ရသာ တစ်အိုး နှစ်ရာ၊ ဘတ်ထလီ သွင်းခ က တစ်အိုးတစ်ရာဆိုတော့ ကျုပ်အတွက် တစ်အိုးပေါ်မှာ တစ်ရာကျန်သယ်”
ကွမ်းချိုးတွေ တက်နေသော သွားမည်းမည်းကြီးတွေပေါ်အောင် အားရပါးရကြီးပြောနေသော ဘကြီးက သူ့မြေး သန်သန်နှစ်ယောက် ထမ်းသွားသော ဘတ်ထရီအိုးတွေကိုပြရင် ကျွန်မကို ပြောခြင်းဖြစ်၏။ သည်ခေတ် ကျေးတောရွာ တွေ မှာ ရေနံဆီမီးခွက် အလင်းမှိတ်တုတ်ကလေးတွေနှင့် မဟုတ်ကြတော့ပါ။ ဘတ်ထရီ မီးသီးကလေး တွေ ဖြာနေကြပြီ။ အချိန်ပြည့် ထွန်းကြတာတော့မဟုတ်။ ညဘက် စကား ကောင်းသူ က ကောင်းကြတုံး ဘတ်ထရီကလစ် ဖြုတ်ချင်သူက ငေါက်တော့သည်။
“ကဲ... ကဲ ညည်းတို့ ပစိပစပ်တွေ ပြီးပလား၊ ပြီးရင် ဘတ်ထရီကလစ်ဖြုတ်လိုက်တော့မယ်။ ဈေးပတ် ကျမှ အားသွင်းရမှာအေ့၊ အားကုန်သွားလို့ မဖြစ်ဘူး”
မြို့က ဧည့်သည်ဖြစ်သော ကျွန်မတို့မှာ အိပ်ရာခင်းစရာရှိတာ ကပျာကသီခင်းကြရသည်။ ပြီးလျှင်တော့ ကြီးတော် က ဘယ့်သူမှ အားမနာပါ။ ဘတ်ထရီကလစ် ဖြုတ်လိုက်သည်။ သည်တော့လည်း ကျွန်မတို့ မှာ အမှောင်ထဲ ငုတ်တုတ်ထိုင်ကာ စကားပြောကြရသည်။ အရေးအကြောင်း တစ်စုံတစ်ရာ ရှိလာလျှင် တော့ ဘက်ထရီကလစ် ပြန်တပ်။ သည်လိုနှင့် လေးညပြည့်တော့ ဘက်ထရီမီးရောင်က ကျချင်ပြီ။ ကက်ဆက်က အသံ အီချင်ပြီ။ သည်တော့ ဈေးပတ်နေ့အကြိုညမှာ သွားပို့ထားရသည်။ ဘတ်ထရီပြည့် လာသည့် နေ့ ကတော့ တစ်ရွာလုံး ကက်ဆက်သံ ညံလေတော့သည်။
“ပြန်ကြစို့အေ နေမြင့်ရင် ပူသယ်”
ဈေးကလေးထိပ်က လှည့်ချွတ်သည့်ကွင်းမှာ ဈေးပြန်လှည်းတွေက ကုန်တွေနင့်နေအောင် တင်ထား ကြပြီ။ စဥ့်အိုးစဥ့်ခွက်တွေ၊ မြေသောက်ရေအိုးကြီးတွေ၊ တောင်းပလုံး၊ ဆန်ကော ဆန်ကာတွေ၊ အိတ် တွေ၊ တောင်းတွေ တင်းနေအောင် တင်ထားသော လှည်းတွေကတော့ အဝေးရွာတွေက ဖြစ်လိမ့်မည်။ ဈေး ရက်တိုင်း မှန်မှန်မလာနိုင်ကြသူတွေကတော့ ဈေးလိုက်ရသခိုက် စုံအောင်စေ့အောင် ၀ယ်ကြရခြင်း ဖြစ်ပါ၏။ လှည်း တွေက အရပ်အသီးသီး ကို အီသံပေးကာ ထွက်ခွာကြလေပြီ။
“ဟော... မမှတ်ကြီးတို့လှည်းပါလား၊ များလှချည်လားတော့်”
“များဆို လာသခိုက် ၀ယ်ရသာကိုအေ့၊ ငတို့ရွာက ဈေးဝေးသယ်ဟဲ့၊ မရှိလည်း ရှာပြီး ၀ယ်ခြမ်းထားရ သယ်၊ ဈေးလိုက် ရသာ ကလည်း ပြောသာပြောသာ နေ့ဝက်ကျိုး ကရောပဲ၊ တောအလုပ်တစ်ဖက်နဲ့ ဈေး ပတ်တိုင်း လည်း မလိုက်နိုင်ပေါင်အေ။ လူကြုံမှာတွေလည်း ပါသေးသာ အေရဲ့။ ကိုယ့်တုံးကလည်း သည်လိုမှာ ရသာကိုး”
ကိုယ်မလိုက်နိုင်လျှင် လူကြုံမှာတတ်ကြတာကလည်း အလေ့မဟုတ်လား။ မှာသူက မှာကြသလို ၀ယ် သူ ကလည်း တင်စီးလေခြင်း မမြင်ကြပါ။ ဆောင်ကြဉ်းပေးတတ်ကြသည်ချည်း ဖြစ်၏။ တောသူတောင် သားများ ပီပီ ၀တ်စရာမရှိလို့ အစုတ်နှင့်ထိုင်နေချင်နေကြလိမ့်မည်။ အိမ်မီးဖိုချောင်မှာတော့ နေ့ဖို့ညစာ စုဆောင်းထားတတ်ကြမြဲ။ ဧည့်သည်သောင်သည်လာလို့ မရှိမဖြစ်စေရ။ တောဈေးကလေးဆိုသော် လည်း ဆန် အိတ်လိုက်၊ ဆီပုံးလိုက် ရောင်းကြချကြ ၀ယ်ကြခြမ်းကြရှိကြသည်။ တချို့ကလည်း ရွာအိမ် ဆိုင်ကလေး တွေမှာ ပြန်ရောင်းဖို့ဖြစ်သည်။
“ကိုယ့်အိမ်က ဇလားထဲ အိုးထဲ ဆန်နဲ့ဆီ ပြည့်စုံနေမှ ဆေးတစ်လိပ် စိတ်ချလက်ချ ထိုင်သောက်နိုင်ပါ သာပါတော၊ နို့မို့ဖြင့် မနေတတ်ချက်တော့”
ကျေးလက်အိမ် တွေမှာ တောင်သူသုံးပစ္စည်း ပြည့်ပြည့်စုံစုံနှင့် မီးဖိုချောင်ရိက္ခာ တင်းတောင့်နေမှ သောင်သာ သူ ဟု ဆိုတတ်ကြသည်။ အိမ်မှာ မပြည့်မစုံသည့်ကြားက ၀တ်ကောင်းစားလှ တရွရွရှိတတ် ကြသူတွေ မဟုတ်။ စားနိုင်မှ လုပ်နိုင်မည်။ လုပ်နိုင်မှ စားကြရမှာ မဟုတ်လား။ စားဖို့လုပ်၊ လုပ်ဖို့စား။ သည့်ထက် မပိုရှာကြပါ။
ဈေးကလေးထဲမှာ ခင်းကျင်းရောင်းချသမျှ စားကုန်သောက်ကုန်တွေကတော့ ဈေးတစ်ပတ် တစ်ခါ ပါသမျှ အရောင်း သွက်သော်လည်း အထည်ဆိုင်တွေကတော့ ပုံမှန်လောက်တောင် အရောင်းမသွက် ချင်ကြ။ သည်ကြား ထဲ ပွဲကလေး လမ်းကလေး ရှိလျှင်တော့ ကတ်ကြေးလက်မချရောင်းကြပေရော့။ ပဲပေး၊ နှမ်းပေး၊ ကြက်သွန်ပေး၊ အကြွေ နှင့်လည်း ကင်းလို့မရ။
ဈေးထဲက ကျွန်မတို့ ထွက်လာတော့ ရွာပြန်လမ်းတွေပေါ်မှာ ဈေးပြန်ကြသူတို့ ဘုရားပွဲပြန်ကြသလို တဟိုဟို တဟေးဟေး။ ခေါင်းပေါ်မှာ အချိန်တစ်ဆယ်ဝင် တောင်းကြီးတွေ ရွက်ကာ သုတ်သုတ်ပါ အောင် ပြန်ကြသူ တွေချည်း။ ခေါင်းပေါ်က အလေးချိန်နှင့် ခြေလှမ်းချိန် ကိုက်ထားသလား မှတ်ရသည်။ မသုတ်လို့ကလည်း မဖြစ်။ အိမ်မှာ လုပ်စရာတွေ ပြည့်လို့။ မနက်က ခေါက်ဆွဲသုတ်ကလေးပင် နံကြိုနံကြား ညပ်ကုန်ကြပြီ ထင်ပါ၏။
နေက မြင့်သထက် မြင့်လာပြီ။ သဲကုန်းပေါ်က ဈေးကလေးပင် အပူငွေ့တွေ ဖုန်ငွေ့တွေ လှိုင်လှိုင်ထ လို့လာပြီ။ ဈေးတစ်ပတ်လည်အောင် လေးရက်စောင့်ကြရဦးမည်။
ခင်ခင်ထူး
http://www.shwezinu.com မှတဆင့်ကူးယူဖေါ်ပြပါသည်။