ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Sunday, March 6, 2011

နွေဦးကာလ မြူထသောအခါ (တေးသံစုံဆောင်းပါး)

နွေဦးကာလ မြူထသောအခါ
ရန်ဝင်း (တောင်တံခါး)

တေးသံစဉ်သွင်း-ဂီတလုလင်မောင်ကိုကို
ဆို-ကိုမင်းနောင်
“နွေဦးကာလ မြူထသော့ခါ
ရင်းထောင် ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ
ဓါးနှီးထက်စွာ၊ ခါးမှာချပ်လျက်
ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်
ကလိုင်သာလွယ်လို့တက်သည်နှင့်လေး”
ထန်းသမားဖွဲ့တျာချင်း
ဝန်ကြီးပဒေသရာဇာ
(မြန်မာသက္ကရာဇ် ၁ဝ၄၅-၁၁၁၆)

နွေဦးရာသီကိုရောက်ပြီဆိုမှဖြင့် ကျနော့်မွေးဌာနီ အညာအရပ်ဆီက ပတ်ဝန်းကျင်တခုလုံးမှာ မှိုင်းဝေနေတဲ့ မြူခိုးတွေနဲ့ဆိုင်းနေတတ်တယ်။ ‘မြူတွေထတယ်’လို့ပြောလေ့ရှိကြတယ်။

မနက်ခင်းနဲ့ညနေခင်းတွေမှာ မြူတွေ ပိုပြီးထတတ်တော့ နေလုံးကြီးကိုတောင်မှ ခပ်မှိန်မှိန်ပဲမြင်ရတယ်။ အဲဒီမြူတွေထဲကမလင်းတလင်း နေရောင်အောက်မှာ တမျှော်တခေါ်မြင်ရတဲ့ ထန်းတောကြီးတွေထဲမှာလည်း ‘ထန်းရည်နင်း၊ ပေါက်ကင်းတဲ့လဲငုံ’ ဆိုတဲ့အတိုင်း ထန်းသမားကြီးတွေက ထန်းဖိုပင်တွေကို ထန်းရည်နင်းလို့ ထန်းတက်တဲ့အချိန်ပေါ့။ ထန်းမလှီးခင်မှာ ထန်းလက်တွေကို ခြေနဲ့နင်းနင်းပြီး ဖိချရတာကြောင့် ထန်းရည်နင်းတယ်လို့ခေါ်ပါသတဲ့။ 
ထန်းပင်တွေမှာ အောက်ခြေကကပ်ပြီးထောင်ထားတဲ့ ‘ရင်းထောင်’တွေနဲ့ ထန်းပင်ပေါ်ကတွဲလဲဆွဲထားတဲ့ ‘ရင်းဆွဲ’တွေကို အစီအရီတွေ့ကြရမယ်။ ‘ရင်းထောင်’နဲ့ ‘ရင်းဆွဲ’ဆိုတာ  ၀ါးလုံးနှစ်လုံးကို သစ်သားအထစ်တွေနဲ့ ပူးတွဲပြီးချည်နှောင်ထားတဲ့ ၀ါးလှေကားအရှည်ကြီးတွေပါ။ ‘ရင်းဆွဲ’တွေကို ထန်းပင်ထိပ်ပိုင်းမှာ အသေဆွဲချည်ထားပြီး ထန်းပင်အခြေက ‘ရင်းထောင်’တွေကိုတော့ လိုအပ်သလို ရွှေ့ပြောင်းနိုင်တယ်။ ‘ရင်းထောင်’ နဲ့ ‘ရင်းဆွဲ’ကို ဆက်ထားလိုက်ပြီး ထန်းပင်ထိပ်ဖျားအထိ တက်သွားနိုင်တယ်။

ထန်းတက်တဲ့အခါမှာ ထန်းလှီးဖို့ ‘ဓါးနှီး’ လို့ခေါ်တဲ့ ထန်းလှီးဓါးထက်ထက်ကို ဓါးအိမ်နဲ့ထည့်ပြီး ထန်းသမားကြီးတွေရဲ့ ခါးမှာချပ်ထားကြတယ်။ လွယ်ကြိုးတွေနဲ့ဆွဲထားတဲ့ ထန်းရည်အိုးတွေကိုလည်း ခါးမှာချိတ်ထားပါသေးတယ်။

နွေရာသီမှာ ထန်းဖိုပင်တွေကို ထန်းတက်ရပါတယ်။ မိုးရာသီမှာတော့ ‘ထန်းသီးအုန်းအုန်း၊ မိုးအုန်းအုန်း’ ဆိုတဲ့အတိုင်း ထန်းမပင်တွေက ထန်းသီးတွေသီးကြ ကြွေကြတယ်။ အဲဒီထန်းသီးခိုင်တွေ မရင့်မမှည့်ခင် အသီးနုတွေထွက်ခါစအချိန်မှာ ထန်းမပင်တွေကို ထန်းတက်ရပါတယ်။

ထန်းတက်ပြီး ထန်းလှီးတယ်ဆိုတာက ထန်းမပင်ဆိုရင် အသီးခိုင်နုနုတွေကိုလှီးရပြီး၊ ထန်းဖိုထန်းပင်မှာတော့ ထန်းပွင့်ထန်းခိုင်တွေက ထွက်လာတဲ့ ထန်းနို့လက်တံတွေကို လှီးရပါတယ်။ ထန်းမလှီးခင်မှာ  အသီးခိုင်တွေ၊ ထန်းနို့လက်တံတွေကို ထန်းလျှော်နဲ့စုစည်းပြီး နည်းနည်းထုပေးရသေးတယ်။ ပြီးတော့မှ ထိပ်ဖျားတွေကို ထန်းလှီးဓါးနဲ့ပါးပါးလှီးတယ်။  အဲဒီလို လှီးထားတဲ့နေရာက ထန်းရည်တွေထွက်ကျလာပါတယ်။ ‘တစက်ကျများ၊ ပြည့်သောလား’ ဆိုတဲ့ စာဆိုအတိုင်းပါပဲ။ တစက်ချင်းကျလာတဲ့ ထန်းရည်တွေကို ထန်းရည်အိုးနဲ့ခံယူရတယ်။

ထန်းရည်မခံခင်မှာ ထန်းရည်အိုးတွေကို တလုံးနဲ့တလုံး နှုတ်ခမ်းချင်းတေ့ဆိုင်လို့ မှောက်လျက်တန်းစီပြီး အောက်က ထန်းပလပ်ပြားမီးနဲ့မြိုက်ရတယ်။ ထန်းဖုတ်တယ်လို့ခေါ်ပါတယ်။ အဲဒီထန်းဖုတ်ထားတဲ့ ထန်းရည်အိုးတွေနဲ့မှ ထန်းရည်တွေကိုခံပြီး စုဆောင်းယူရပါတယ်။ တနေ့မှာ မနက်တကြိမ် ညနေတကြိမ်၊ အနည်းဆုံး နှစ်ကြိမ်လောက် ထန်းပင်တွေမှာဆွဲထားတဲ့ ထန်းရည်အိုးတွေက ထန်းရည်တွေကို လိုက်သိမ်းရတယ်။

ထန်းလက်တွေကို ခြေနဲ့နင်းပြီးဖိချတဲ့အခါသုံးဖို့နဲ့ တခါတလေ ထန်းလှီးနေချိန်အတွင်း ထိုင်နေစရာအတွက်၊ ထန်းလက်တွေအပေါ်မှာ ကန့်လန့်တင်ထားဖို့ ‘ကလိုင်’ လို့ခေါ်တဲ့ ၀ါးလုံးရှည်တလုံးကို စလွယ်သိုင်းလွယ်ပြီး ထန်းတက်နေတာတွေမြင်ကြရပေမယ်။

 ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင် ကလိုင်သာလွယ်လို့တက်သည်နှင့်လေး
 

“မြေသက်ကြွေ
ဟောင်းရွက်ကြွေ လေယူလွင့်ပေါ့ကွယ်
ရှစ်ခွင် မင်းလွင် မြူခြယ်
မိန်ရာသီကူးရော့မယ်”

တပေါင်းမင်းလွင်ဟန်
ရေး-ဂီတနက်သန်ကိုအုန်းလွင်
ဆို-မောင်မောင်ညွန့်

တပေါင်းမင်းလွင်ဟန်
ရေး-ဂီတနက်သန်ကိုအုန်းလွင်
  ဆို-ရီရီသန့်

မြူတွေထပြီဆိုရင်ပဲ  နွေဦးရာသီကိုရောက်ပြီလို့ ရင်ထဲကအသိနဲ့ခံစားနေရပြီ။ နွေဦးမှာဝေတဲ့  မြူခိုးတွေကို စာတွေ ကဗျာတွေထဲမှာ ‘မင်းလွင်’ လို့လည်းရေးတတ်ပါတယ်။ မြူနဲ့မင်းလွင်ကို တွဲဖက်ပြီး ခေါ်တတ်ပါသေးတယ်။

“နွေပြန်ရာသီ
စ လေပြီကွယ့်
ထက်ခွင်ယုဂန် ပူရှိန်ထန်ပြင်းတယ်
စုံစုံကျေးငှက် လည်ယှက်လက်တင်
လွမ်းဖွယ်ဆင်လို့ကွယ်
နွေသို့ရောက်ပြီ ပြောသို့နှယ်”

မလွမ်းဘယ်သူနေပါ့မယ်
ရေး-ကိုလေးလွင်၊ ဆို-သန်းဖေလေး

နွေဦးရာသီရောက်လာပြီဆိုတာကို  ကျေးငှက်တွေနဲ့အတူ ရော်ရွက်ကြွေတွေကလည်း သတင်းပေးကြလေတယ်။ အရွက်တွေကြွေပြီးခါစအပင်တွေမှာ ရွက်နုသစ်ဦး ပုရစ်ဖူးကလေးတွေကလည်း ဝေေ၀စီစီ ထွက်လာကြတော့တယ်။ ဒီအချိန်များမှာဆိုရင် ဘယ်ဆီကိုမျှော်မှန်းလို့ လွမ်းရမှန်းလည်း မသိတတ်နိုင်တော့ပြီ။

“ရွက်ဝါကြွေလူး
နွေမူးမူးဝယ် ပုရစ်ဖူးဝေ၍
ဖူးငုံစီမျှ ပွင့်သည့်လကို
မျှော် တ လေသည့် ကိုယ့်အဖြစ်များ
မခေါ်လာ မျှော်ပါလေတိုင်း”

သည်နွေ မိုး ဆောင်း ပြောင်းသော်လည်း
ရေး-စန္ဒယားမြဦး၊ ဆို-ကိုသန်းလှိုင်

နွေဦးရဲ့သရုပ်သဘောကိုပြောရရင်တော့ ရော်ရွက်ကြွေ နဲ့ ပုရစ်ဖူး တို့အပြင် လေရူး လည်းပါသေးတယ်လေ။ လေရူး ဆိုတဲ့အတိုင်း အရှေ့ အနောက် တောင် မြောက် အရပ်မျက်နှာမရွေးးပဲ တိုက်ချင်တဲ့အရပ်ဆီက တိုက်ခတ်လာတတ်တယ်။ တခါတလေလည်း လေ၀ဲကတော့တွေဖြစ်သွားလိုက်ချေသေးတယ်။

“ရော်ရွက်ကြွေ နွေဦး
လေရူးကသုန်
သိုက်မြုံကို သူခွာပြေး
ဟိုအဝေးးမှာပျံဝဲရ၊ ယှဉ်တွဲကြ ငှက်ငယ်
လေ၀ဲကတော့ ခပ်ဆော့ဆော့ပြေးတယ်”

သည်နွေ သည်မိုး သည်ဆောင်း
စာသား-၀င်းဦး
တေးသံစဉ်သွင်း-ကိုအောင်ကိုး
အေ၀မ်းခင်မောင်အဖွဲ့နဲ့အသံလွှင့်- ၀င်းဦး၊ မာမာအေး၊ တင်တင်မြ
မြန်မာ့အသံ ရေဒီယိုမှတ်တမ်းစီဒီ- မာမာအေး၊ တင်တင်မြ၊ ချိုပြုံး၊ ကိုကျော်ညွန့်

မြေပေါ်က သစ်ရွက်ကြွေေတွနဲ့ သစ်ပင်တွေပေါ်မှာတွဲခိုနေဆဲ ကြွေလုလု သစ်ရွက်ဝါကြင်ကြင်တွေကို လေရူးကဝှေ့သွာားချိန်မှာတော့ ဆရာကြီးမင်းသုဝဏ် စာဖွဲ့ခဲ့သလိုပဲ သစ်ရွက်ကြွေတွေက လေ၀ဲကတော့ထဲမှာ ၀ိုင်းကြီးပတ်ပတ်လည်လို့ နေရစ်တယ်။

“ဆန်းစခါနွေ
သာတပေါင်းမို့ ညှာညောင်းကြွေ
ပြေပြေရောရု မြအသွေး ရွှေရေးလုလို့
ရတုအညီ မြေသို့သက်တဲ့ ရော်ရွက်ရီကို
ပလီပလာ တီတာတာ သည်ခါဓလေ့
နွေအကူး လေရူးဝှေ့တော့
ကွေ့ကွေ့ဝန်းဝိုက် ရွှေကြောင်ဖား မြီးဖျားလိုက်သို့”
ခါနွေဆန်းတော့လွမ်းမိတယ်
မင်းသုဝဏ် (၁၉ဝ၉-၂ဝဝ၄)

ဆရာကြီးမင်းသုဝဏ် ဖွဲ့ဆိုခဲ့သလို တောတောင်တွေက ‘မြအသွေး ရွှေရေးလုလို့’ ပါပဲ။ ရတုဆရာအမော် ရှင်ဥတ္တမကျော်ကလည်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက နွေဦးရာသီရဲ့အလှအပကို ဖွဲ့ဆိုခဲ့ပြီပဲ။

“သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်
သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ
ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း
တောလုံးလင်းသား”
တောလား အမှတ် (၁)
ရှင်ဥတ္တမကျော်
(မြန်မာသက္ကရာဇ် ၈၁၅-၉ဝ၄)

သစ်ပင်တွေမှာ တချို့က စိမ်းဖန့်ဖန့်၊ တချို့က ရွှေရွှေ၊ သစ်ရွက်တွေနဲ့ တန်ဆာဆင်ထားလို့ ဆေးရောင်တွေစုံနေကြလေရဲ့။ အဲဒီလို ဆေးရောင်စုံခြယ်ထားတဲ့ နွေဦးရာသီအချိန်၊ စုံတောမြိုင်ခြေ ၀နာဗွေမှာ နွေတေးရှင် ဥသြငှက်ရဲ့ နွေအကြိုတေးသံကို လွမ်းမောစရာကြားကြရပေလိမ့်မယ်။

“စိမ်းဖန့်ဝါရွှေ
ဝနာဗွေ သာစေရန်
ဥသြ ဥသြ ဥသြ ဟန်ပိုပို
သံချိုဆင့်လောင်း”

နွေဦးတေးသံ၊ မေလှမြိုင်
နွေဦးတေးသံ၊ ရီရီသန့်


နှစ်စဉ်နှစ်တိုင်း ဒီအချိန်ကိုရောက်ပြီဆိုမှဖြင့် ဘယ်တော့များ ဥသြသံ ချိုနွဲ့နွဲ့ကို စပြီးကြားရလိမ့်မလဲလို့ တမ်းတမ်းတတ မျှော်ခဲ့ရဖူးတယ်။ ဥသြတွန်သံ ဘယ်အရပ်ဆီကလာလေသလဲဆိုတာကိုလည်း မှန်းဆလို့ မသိတတ်နိုင်ခဲ့ပြီ။

“ဥသြငှက်က လွမ်းဖွယ်ဆင်တယ်
ကိုယ့်နှယ် အတူကွယ်
အပူသည်ကလေး ဖြစ်ရော့မယ်”

မလွမ်းဘယ်သူနေပါ့မယ်
ရေး-ကိုလေးလွင်၊ ဆို-သန်းဖေလေး

ညနေဆည်းဆာအချိန်ကလေးမှာ လေရူးကလေးတွေနဲ့အတူ လွင့်မျောပြီးပါလာတဲ့ ဥသြတွန်သံသာ ချိုချိုအေးကို  ကြားလိုက်ရလေတိုင်း မရိုးနိုင်သလို ဘယ်သောအခါမှလည်း မမေ့နိုင်တော့ပြီလေ။

“ရွက်ဝါကြွေ နွေအဦး
လေရူးးပွေစ ညနေဆည်းဆာ
ဥသြဆွေ နွေတေးရှင်ငှက် ပင်ကိုင်းထက်မှာ
သံစာစာ နွေအကြိုတေးကိုသာ
လေးတွဲ့မှန်စွာ ရေးဖွဲ့ပြန်ရှာ”

မုန်းရစ်လေဦး
ရေး-စန္ဒယားလှထွတ်၊ ဆို- စန္ဒယားလှထွတ်
မုန်းရစ်လေဦး
ရေး-စန္ဒယားလှထွတ်၊ ဆို- ကိုမင်းနောင်


 နွေတေးရှင်ငှက် ပင်ကိုင်းထက်မှာ

နွေတေးရှင်ဥသြငှက်ကလေးက ကြင်ဖေါ်ကွဲလွမ်းချင်းကို လေးလေးတွဲ့တွဲ့နဲ့ ရေးဖွဲ့ပြီးသီဆိုနေလို့ ကြားလိုက်ရတဲ့အခါတိုင်း လွမ်းသံနှောနေတာချည်းပါပဲလေ။ အရင်ကတည်းက လွမ်းနေနှင့်တဲ့သူတွေနဲ့ ငိုချင်လျက်လက်တို့ဆိုသလို လွမ်းချင်ချင်ဖြစ်နေသူတွေအဖို့မှာတော့ ကိုယ့်အတွက်ပဲ တမင်သက်သက် ရည်ရွယ်ညွှန်းပြီး အငြိုးနဲ့များ လွမ်းအောင်ဖန်နေလေရော့သလားလို့ ထင်မိယောင်ယောင်ပေါ့။

“ဥသြငှက်ကလေးရယ်
ဟိုပင်ယံ ရွှေယင်းမာက
တေးသံသာ ဖွဲ့ကာကျီစယ်
ရည်ရွယ်ပါလို့ မောင့်ကိုငြိုးသည့်နှယ်”

နွေဦး
ရေး-ဂီတနက်သန်ကိုစောညိန်း၊ ဆို-မောင်မောင်ညွန့်

လေရူးနဲ့အတူ တောင်ပြန်လေကလေးကလည်း ကသုတ်ကယက် တိုက်ခတ်လို့လာတတ်သေးတယ်။ ဆောင်းရာသီကုန်ခါစ နွေရာသီရောက်လုလုအချိန်ဆိုတော့ တခါတလေလည်း နှင်းဖွဲလေလား မြူခိုးလေလား  မခွဲခြားနိုင်စရာ မထင်မရှားနဲ့ မှိုင်းမှုန်ရီဝေလို့နေတတ်လေသေးတယ်။ အဲဒီလို ရာသီအချိန်မှာ လဲပင်လို့ခေါ်တဲ့ လက်ပံပင်တွေ နဲ့ ပေါက်ပင်တွေက နီနီရဲရဲနဲ့ အပြိုင်အဆိုင် ပွင့်နေကြလို့ တတောလုံးမှာ ၀င်းမှည့်နေတာပါပဲ။


လဲပင်လို့ခေါ်တဲ့ လက်ပံပင်

“တောင်လေပြန်က၊ မထန်နှင်းဖွဲ
ဆောင်းစဲလွယ်မှု၊ နွေအားလုသော်
ရတုအလျောက်၊ လဲ နှင့် ပေါက်လည်း
လျှံတောက်ရွှေဆင်း၊ တောလုံးဝင်းမျှ”
နတ်သျှင်နောင်
(မြန်မာသက္ကရာဇ် ၉၄ဝ-၉၇၅)

လယ်ယာလုပ်ငန်းတွေသိမ်းပြီးကြတဲ့အချိန်ဆိုတော့ လှည်းလမ်းခရီးတွေပွင့်လင်းလာလို့ ခရီးယာယီတွေ သွားလာနေကြပြီ။ ဘုရားပွဲ၊ အလှူပွဲ၊ မင်္ဂလာပွဲတွေက ဗလာဆိုင်း၊ အငြိမ့် နဲ့ ဇာတ်သဘင်ပွဲတွေရှိတဲ့ ရွာနီးချုပ်စပ်က အရပ်တွေဆီကိုပွဲကြည့်ဖို့ လှည်းတွေမောင်းသွားကြရင်း လေပွေလေရူးတွေတိုက်လိုက်တဲ့အခါ လှည်းတွေရဲ့နောက်မှာ လှည်းလမ်းကြောင်းတလျှောက် ဖုန်လုံးကြီးတွေ တလိပ်လိပ်တက်လာတာကို  မြင်ယောင်နေသေးတော့တယ်။

“မွေးဌာနီ အညာရပ်ဆီသို့
ရော်ရည်မျှော်မှန်း စိတ်ဝယ်တမ်းတ
မှန်းဆကာရည်၊ တမ်းတပါသည်
လှည်းလမ်းကြောင်းတလျှောက် ဖုန်လုံးကြီးတွေ
တလိပ်လိပ်တက်တာ မြင်ယောင်သေးတော့သည်”

မမေ့သောအညာ
ရေး-ကိုလေးလွင်၊ ဆို-သန်းထွန်းလေး


 လှည်းလမ်းကြောင်းတလျှောက် ဖုန်လုံးကြီးတွေက တလိပ်လိပ်

ရင်ထဲ အသည်းထဲမှာ စွဲမြဲနေတဲ့ ကိုယ့်ရိုးးရာတွေ၊ ကိုယ့်ယဉ်ကျေးမှုဓလေ့တွေအပြည့်နဲ့ဇာတိမြေကို မျှော်လေတိုင်း ဝေးခဲ့ရသူတွေအဖို့မှာတော့ အခုလို လေရူးတွေပွေခါစအချိန် မြူတွေထတဲ့ နွေဦးရာသီကာလမှာ မလွမ်းဘယ်သူရှိလိမ့်မလဲလေ။

“နှင်းယွန်းဂိမ္မာန် လေပြန်ခါနွေ
ပြောင်းတဲ့ ညောင်းညှာကြွေ
မျှော်လေလေဆွေး
ရွှေပြည်တော် နယ်တိုင်းဝေး”
ပြင်စည်မင်းသားကြီး
(မြန်မာသက္ကရာဇ် ၁၁၇၅-၁၂၂၄)



အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း

(၁) မဟာကဗျာကျမ်း၊  မြန်မာသြဘာစာအုပ်တိုက်၊ ပထမအကြိမ်ပုံနှိပ်၊ ပြာသိုလ၊ မြန်မာသက္ကရာဇ် ၁၂၅၇
(၂)ရှင်ဥတ္တမကျော်တောလား၊ ရှင်ဥတ္တမကျော်၊ မန္တလေးတက္ကသိုလ်သုတေသနအဖွဲ့၊ တတိယအကြိမ်၊ ဧပြီလ၊ ၁၉၆၁
(၃) နတ်သျှင်နောင်ရတုပေါင်းချုပ်၊ နတ်သျှင်နောင်၊ ဟံသာဝတီပုံနှိပ်တိုက်၊ တတိယအကြိမ်ပုံနှိပ်၊ ၁၉၈၈
(၄) ဂီတဝိသောဓနီကျမ်း၊ မောင်မောင်လတ်၊ ဒီးဒုတ်စာပေတိုက်၊ ဆဋ္ဌမအကြိမ် ပုံနှိပ်၊ မေလ ၁၉၉၄
(၅) စာဆိုတော်များအတ္ထုပ္ပတ္ထိ၊ ဗိုလ်မှုးဘသောင်း၊ ရာပြည့်စာအုပ်တိုက်၊ ပဉ္စမအကြိမ်၊ သြဂုတ်လ၊ ၂ဝဝ၂         
(၆) သဘာဝပြက္ခဒိန်နှင့် အခြားစာများ၊ မင်းသုဝဏ်၊ စိန်ပန်းမြိုင်စာပေတိုက်၊ ပထမအကြိမ်ပုံနှိပ်၊ ၁၉၆၆
(၇) နှလုံးသားထဲက မြတ်နိုးရာရာ တေးပေါင်းစုများ
(၈) ဓါတ်ပုံ၊ အညာအရပ်က နေ၀င်ဆည်းဆာ (ရွှေဘို-မန္တလေး ကားလမ်းဘေးတနေရာ)၊ ရန်ဝင်း (တောင်တံခါး)
(၉) ဓါတ်ပုံ၊ လက်ပံပင် (စစ်ကိုင်းတံတားအနီး-အမရပူရမြို့အ၀င် ကားလမ်းဘေးတနေရာ)၊ ရန်ဝင်း (တောင်တံခါး)
(၁ဝ) ဓါတ်ပုံ၊ နွားလှည်းများ (ပုဂံမြို့ဟောင်းတနေရာ)၊ အောင်မြင့်နိုင်
(၁၁) ဓါတ်ပုံ၊ ထန်းတက်သမား၊ www.seasite.niu.edu
(၁၂) ဓါတ်ပုံ၊ ဥသြငှက်၊ www.digital-nature-photography.com

www.moemaka.com မှတဆင့်ကူးယူဖေါ်ပြပါသည်။

မာတိကာ


statistics

web tracker