ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Friday, May 13, 2011

ဟဒ်ဆန်မြစ်ကမ်းဘေးက ကြေးစည်သံ

ဟဒ်ဆန်မြစ်ကမ်းဘေးက ကြေးစည်သံ
လင်းဝံသ

Resized_DSC01059
ဟဒ်ဆန်မြစ်ဆိုတာ အမေရိကားမှာရှိတဲ့  မြစ်များစွာထဲက နယူးယောက် ပြည်နယ်မှာ  တည်ရှိပြီး မြောက်ဘက်ကနေ တောင်ဘက်ကို  စီးဆင်းနေတဲ့ ၃၁၅-မိုင် ရှည်လျားတဲ့ အမေရိကန်တို့ရဲ့ သမိုင်းဝင် မြစ်တစ်ခုပါ။


မြစ်တို့ရဲ့သဘောအတိုင်း ကျဉ်းတဲ့နေရာ ရှိသလို ကျယ်တဲ့နေရာလည်းရှိလေရဲ့၊ ကွေ့တဲ့နေရာ ကောက်တဲ့ နေရာလည်း ရှိပြန်ပေါ့။ ဟဒ်ဆန်မြစ်ဟာ ဆောင်းရာသီမှာ ဆိုရင်တော့ စနိုးတွေ တဖွဲဖွဲကျ ဖြူဖွေးဖွေးနဲ့ လှပနေတတ်ပြီး  ရေခဲပြင်ကြီး တစ်ခုလိုပါပဲ။ နွေရာသီ ဆိုရင်လည်း ကြည်လင်အေးမျှတဲ့ ကောင်းကင်အောက်မှာ အပျော်စီး စက်လှေဘုတ်လေးတွေ၊ လေနုအေးလေးတွေနဲ့ အေးချမ်းတည်ငြိမ်ကာ ဣနြေ္ဒရရနဲ့ တည်ရှိနေပြန်ပါတယ်။


ဟဒ်ဆန်မြစ်ကမ်းဘေး တစ်လျှောက်မှာတော့ ရန်ဆလီယာ၊ ထရိုင်၊ ကင်းစတုန်းစတဲ့မြို့ ငယ်လေးတွေ ရှိသလို နယူးယောက်၊ နယူးဂျာစီတို့လို ထင်ရှားကျော်ကြားတဲ့ မြို့ကြီးတွေလည်းရှိလေရဲ့။ ဒါ့အပြင် နယူးယောက်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ အော်ဘနီမြို့ဟာလည်း အဲဒီ ဟဒ်ဆန်မြစ် ကမ်းဘေးမှာပဲ တည်ရှိနေတာပါ။

မြစ်ကမ်းဘေး တစ်လျှောက်မှာရှိတဲ့မြို့များစွာထဲက ရန်ဆလီယာဆိုတဲ့မြို့လေးမှာတော့ ဗမာ၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအိုဝ့်၊ ထားဝယ်စတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ အခြေချနေထိုင်ခဲ့ကြတာ ဆယ်စုနှစ် တစ်ခုပင်ကျော် ခဲ့ပါပြီ။


ဗမာလူမျိုးတွေရဲ့ ဘာသာတရား အပေါ်ထားရှိတဲ့ ယုံကြည်လေးစား အားထား သက်ဝင်တဲ့ သဒ္ဓါတရား အင်အားဟာ အခြေချနေထိုင်ပြီးလို့ မကြာခင်မှာပဲ ရှင်သန်နိုး ထလာခဲ့ပါတော့တယ်။ အဲဒီလို ရှင်သန်နိုးထလာ တဲ့သဒ္ဓါတရားကို အမိအရ ဖမ်းဆုပ်ကာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း    ဖြစ်အောင် ကြိုးစားအားထုတ်ခဲ့ကြ ပါတယ်။


အားလုံး သိကြတဲ့အတိုင်း နိုင်ငံခြားတိုင်း တစ်ပါးမှာ ဘုန်းကြီးကျောင်း တစ်ကျောင်းဖြစ်အောင် ကြိုးပမ်းရတာဟာ အတော်ကို မလွယ်ကူတဲ့ ကိစ္စပါ။ ကျောင်းဖြစ် လာပြီးရင်လည်း ရေရှည်တည်တံ့ ခိုင်မြဲအောင် လုပ်ဆောင် ရတာလည်း ခက်ခဲပြန်ပါတယ်။ မလွယ်ကူတာကို လွယ်ကူအောင်၊ ခက်ခဲတာကို အောင်မြင်အောင် ဒကာ,ဒကာမ တွေရဲ့ သဒ္ဓါတရား အင်အား၊ ကျောင်းထိုင်ဘုန်းကြီးရဲ့ ဟောပြောမှု,စည်းရုံးမှုအစွမ်း၊ အားလုံးရဲ့ ညီညွတ်မှု အပေါင်း လက္ခဏာတွေနဲ့ အခက် အခဲမှန်သမျှ လက်တွဲကာကြံဆလို့ အောင်မြင်အောင် ဆောင်ရွက်နိုင် ခဲ့ကြ ပါတယ်။
Resized_DSC00942

ဆရာဒကာလက်တွဲကာ ညီညာခဲ့ကြလို့ အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ကြတာပါ။ ဒါဟာ ကြေးစည်သံတလွင်လွင်နဲ့ ဟဒ်ဆန်မြစ်ကမ်းတစ်ခွင်မှာ ဗုဒ္ဓသာသနာအခြေချနိုင်ခဲ့တဲ့ ခရီးအစပထမပဲဖြစ် ပါတယ်။ ဒီနေရာမှာ အရင်းမူလပဓာနကျတဲ့ “သဒ္ဓါ”အရေးပါပုံ စာပေလာအကြောင်းအရာကို နည်းနည်းပြော ချင်ပါတယ်။


ဘုရားရှင်က “သဒ္ဓါတရားနဲ့ ကိလေသာရေ  အလျဉ်တွေရဲ့ ဟိုတစ်ဖက်ကမ်း ထက်ကို ကူးခတ်သွားနိုင် တယ်”လို့ မိန့်တော်မူထားပါတယ်။ အဓိပ္ပါယ်က…သဒ္ဓါတရားနဲ့ နိဗ္ဗာန်ရောက်နိုင်တယ်လို့ ဆိုလိုရင်းပါ။ သဒ္ဓါ တရားသာ တကယ်ဗို့အားပြည့်ပါစေ၊ အားကောင်းပါစေ နိဗ္ဗာန်ကိုရောက်နိုင် ပါတယ်။ သဒ္ဓါတရားဟာ အဲဒီ လောက်အထိ စွမ်းအားကြီးတယ်၊ အစွမ်း ထက်ပါတယ်။ နောက်ထပ် ဘုရားရှင်က ”လူတို့ရဲ့သန္တာန်မှာတည်ရှိ နေရမဲ့ အကောင်းဆုံး တရားဟာ သဒ္ဓါတရားသာဖြစ်တယ်။
Resized_DSC05143


လူတို့ရဲ့အကောင်းဆုံးအရင်းအနှီးဥစ္စာဟာ သဒ္ဓါ တရားသာဖြစ်တယ်။ ကုသိုလ်တရားတွေရဲ့မျိုးစေ့ဟာ သဒ္ဓါတရားသာဖြစ်တယ်”လို့ မိန့်တော်  မူထားတာလည်း ရှိပါတယ်။


အဘိဓမ္မာကျမ်းများမှာတော့ သဒ္ဓါတရားကို စကြာမင်းရဲ့ ပတ္တမြားရတနာကဲ့သို့ အစွမ်းသတ္တိရှိတယ်လို့ ပြဆိုထားပြန်ပါတယ်။ နောက်ကျိနေ တဲ့ ရေဖန်ခွက်အတွင်းကို စကြာမင်းရဲ့ ပတ္တမြားရတနာထည့်လိုက်ရင် ချက်ချင်းအမှုန်အမွှားတွေကင်းစင်ပြီး အနယ်ထိုင်သန့်စင်ကာ ကြည်လင်အေး မျှသွားသလို ရတနာမြတ်သုံး ပါးရဲ့ဂုဏ်နဲ့ ကံ ကံရဲ့အကျိုးတရားကို ယုံကြည်လေးစားသက်ဝင်တဲ့ သဒ္ဓါတရားဖြစ်ပွါးလာပြီဆိုရင်….
(၁) ကိလေသာတွေထိုင်ပြီး ငြိမ်သွားတယ်။
(၂) စိတ်အပေါ်မှာဖုံးနေတဲ့ နီဝရဏတရားတွေဖယ်ပြီးတော့ စိတ်ကြည်လင်လာတယ်။
(၃) ပူနေတဲ့စိတ်တွေ အေးချမ်းသွားတယ်။
အဲဒီလောက်အထိ သဒ္ဓါတရားဟာ စွမ်းအားသတ္တိကြီးမားပါတယ်။
Resized_ALBANY (74)
အဲဒီလိုစွမ်းအားသတ္တိကြီးမားတဲ့ သဒ္ဓါတရားကို လက်တွေ့အသုံးချပြီး ကြိုးစားခဲ့ကြလို့သာ “ဓမ္မ၀ါဒီ အောင်မြေမင်္ဂလာ”အမည်ရတဲ့ ဘုန်းတော်ကြီးကျောင်း ဟာ ရန်ဆလီယာမြို့လေးမှာ ဖွားဖွားထွင့်ထွင့် ငွါးငွါး စွင့်စွင့်နဲ့ ပေါ်ထွက်လာခဲ့ခြင်းပါ။ ဒါဟာ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ လေးခု ညီမျှစွာနဲ့စုပေါင်းညီတူ ကျောင်းတော် မြတ်အလှုအဖြစ်နဲ့ ကောင်းမှုတွေ ပေါင်းစုပြုခဲ့ခြင်းကြောင့်လည်းဖြစ်သလို ကျောင်းထိုင်ဆရာတော်ကြီးနဲ့ ပါရမီ ရှင်ကုသိုလ်ရှင်များရဲ့ မ,တည်လှုဒါန်းမှု၊ အဲဒီမြို့လေးမှာနေထိုင်ကြတဲ့ ဒကာဒကာမတွေရဲ့ သဒ္ဓါတရားထက် သန်မှု၊ စည်းလုံးညီညွတ် မှုတို့ရဲ့ ပြယုဂ် တစ်ခုလည်း ဖြစ်ပါတယ်။


ကျောင်းထိုင်ဆရာတော်ကြီးကလည်း ကျောင်းတိုက်တည်ပြီး အချည်းနှီးနေတော်မမူခဲ့ပါဘူး။ လစဉ် လစဉ် ရာသီအလိုက် ရိုးရာ ယဉ်ကျေးမှု ပွဲတော်များ၊ ဘာသာရေးပွဲတော်များ ကျင်းပနိုင်အောင် ဦးဆောင်လမ်းပြ စီမံခန့်ခွဲပေးခဲ့ပါတယ်။ တစ်ဖက်မှာ စည်းရုံး၊ အခြားတစ်ဖက်မှာ ဟောပြောလို့ တရားသဘောတွေသိရအောင် မနေမနား ကြိုးစားခဲ့ပါတယ်။ အခါအားလျော်စွာ မြန်မာနိုင်ငံမှ ဓမ္မဒူတခရီးကြွရောက်လာကြတဲ့ ဓမ္မကထိက ဆရာတော် များ၊ ကမ္မဌာနာစရိယဆရာတော်များကိုလည်း ကြွရောက်သီတင်းသုံးစေကာ တရားရေအေး အမြိုက်ဆေးတို့ကို တိုက်ကြွေးစေခဲ့ပြန်ပါတယ်။


“အမေရိကန်နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း အများစုက ဆရာတော် သံဃာတော် တွေဟာ ဒကာ,ဒကာမတွေ အလျဉ်းသင့်တဲ့ အချိန်မှာ လာရောက် လှူဒါန်းထားတဲ့ ဆွမ်းနဲ့ ဆွမ်းဟင်းတွေကို  ရေခဲသေတ္တာထဲ ထည့်ထားပြီး စားကာနီးမှပြန်နွေး ဘုဉ်းပေးကြရတာ များပါတယ်။ ဒီနေ့ချက် ဒီနေ့ဘုဉ်းပေးရတဲ့ လတ်လတ် ဆတ်ဆတ် ဆွမ်းဟင်းတွေ အတော်ကိုနည်းပါတယ်”လို့ ဆရာတော်တစ်ပါး မိန့်ကြားဖူးတာကို မှတ်မိနေ ပါသေးတယ်။ “ဒါဟာ ဒကာ,ဒကာမတွေ သဒ္ဓါတရားမရှိကြလို့ မဟုတ်ပါဘူး။ အလုပ်မအားကြတာရယ် အချိန်ရှားပါးတာရယ်ကြောင့် ပဲဖြစ်မှာပါ”လို့ လည်း တွေးမိပြန်ပါတယ်။


ဒါပေမဲ့ ရန်ဆလီယာမြို့ကဘုန်းကြီး ကျောင်းကတော့ ထူးခြားတယ်ပဲပြောရမလား၊ ကံကောင်းတယ်လို့ပဲ ဆိုရမလား၊ ဒီနေ့ချက် ဒီနေ့ဘုဉ်းပေးကြ ရတာများပါတယ်။ ဒါဟာ ဘာသာ သာသနာအပေါ်ထားရှိတဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကြောင့်ဖြစ်သလို ဒကာ, ဒကာမတွေရဲ့အိမ်အများစုဟာ ဘုန်းကြီးကျောင်းနဲ့ မနီးမဝေးမှာ တည်ရှိနေခြင်းကြောင့်လည်း  ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ မယိုင်မလဲခိုင်မြဲတဲ့ သဒ္ဓါတရားကြောင့်ပါ။
Resized_ALBANY (103)
ဆွမ်းဟင်းတွေ လှူဒါန်းကြရာမှာလည်း   ကျောင်းတိုက်မှာ အမြဲနေသံဃာ ၄-ပါးနဲ့   သီလရှင်ကြီး ၁-ပါးသာ ရှိပေမဲ့ အနည်းဆုံးသံဃာ ၁၀-ပါးစာ ဘုဉ်းပေးနိုင်လောက် တဲ့ အထိကို များများ စားစား လှုဒါန်းကြတာပါ။  ပိုနေတဲ့ ဆွမ်း, ဆွမ်း ဟင်းတွေကို ညစဉ် ပဋ္ဌာန်းတရားတော် လာရောက် ရွတ်ဖတ် ပူဇော်ကြတဲ့ သူတွေ၊ အလုပ်ကအပြန် ဘုန်းကြီးကျောင်းကို ၀င်လာတဲ့သူတွေ၊ အလုပ်သွားခါနီး တစ်ခါတစ်လေ ထမင်းဟင်းမချက်နိုင်တဲ့ သူတွေ၊ ကျောင်းမှာ အမေရိကန် အမျိုးသမီး တစ်ယောက် ပို့ချပေးနေတဲ့ အင်္ဂလိပ်စာသင်တန်း တက်ရောက်နေသူတွေကို အဆင်ပြေသလို တစ်ဆင့်ပြန် လည်ကျွေးမွေး လှုဒါန်းကြတာဟာဖြင့် တစ်မျိုး ကြည်နူးစရာ  ကောင်းနေပြန်ပါတယ်။
Resized_SL273810


၂၀၁၀-ခုနှစ်  စောစောပိုင်းမှာ တိပိဋက ဆရာတော် ဦးဝံသပါလာလင်္ကာရ ကို လိုက်ပါပို့ဆောင်ပေးတဲ့  အမေရိကန်နိုင်ငံမှာ သီတင်းသုံးနေထိုင်တဲ့ ဆရာတော်  တစ်ပါးက “တိပိဋကဆရာတော်နဲ့ အတူတူ နေရာ တော်တော်များများ၊ ပြည်နယ်  တော်တော်များများကို ရောက်ခဲ့ကြောင်း၊ ရန်ဆလီယာမြို့လောက် ဆွမ်းဟင်းတွေ စုံလင်များပြားတာ၊ လတ်ဆတ်တာ မတွေ့ခဲ့ကြောင်း”မှတ်ချက်စကား မိန့်ကြားခဲ့တာကိုလည်း အမှတ်ရနေမိ ပါတယ်။ အခုဆိုရင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ စတုဒိသာကျွေးမွေးလှုဒါန်းပွဲ ကျင်းပလာတာလည်း ၇-လ ကျော်ကျော်ပင် ရှိခဲ့ပါပြီ။


သံဃာတော်များရော အနီးအနားမှ ဒကာ,ဒကာမများပါ ညစဉ်ညစဉ် ၀ါတွင်းသုံးလဆိုလျှင် မြတ်ဗုဒ္ဓရဲ့ တရားဦး ဓမ္မစက္ကပ၀တ္တနသုတ်တော်ထူးကို ရွတ်ဖတ်ပူဇော်ကြသလို ၀ါပကာလများမှာတော့ ကျမ်းမြတ်ဒေသနာ ပဋ္ဌာန်းမြတ်မဟာကို ရွတ်ဖတ်ပူဇော်ကာ မေတ္တာပို့သံ၊ အမျှဝေသံ၊ ကြေးစည်သံ၊ သာဓုခေါ်သံတွေနဲ့ ညံနေပါ တော့တယ်။
Resized_DSC06031
“ယနေ့လူငယ် နောင်ဝယ်လူကြီး”ဆိုတဲ့စကားအတိုင်း ကလေးသူငယ်,လူရွယ်တွေရဲ့ အခန်းကဏ္ဍဟာ လည်းပဲ အရေးကြီးတယ်ဆိုတာကို  မေ့မ ထားခဲ့ကြပါဘူး။   လိမ္မာယဉ်ကျေးတဲ့၊ အမျိုးဘာသာ,သာသနာကို ထိန်းသိမ်း  စောင့်ရှောက်တတ်တဲ့၊  မိဘကျေးဇူးကို  သိတတ်တဲ့၊ မိခင်ဘာသာ မြန်မာစာမြန်မာစကားကို တန်ဖိုးထားတတ်တဲ့ သားကောင်း သမီးမြတ်တွေ  ဖြစ်လာစေရန် ရည်စိတ်သန်ပြီး နွေရာသီကျောင်းပိတ်ရက်မှာ ၂-လတာကြာမြင့်တဲ့ ယဉ်ကျေးလိမ္မာ မြန်မာစာသင်တန်းကို ပို့ချလာခဲ့တာဆိုရင်လည်း ၄-နှစ်တိုင်တိုင်ရှိခဲ့ပါပြီ။

ဒီသင်တန်းဟာဆိုရင် ကျောင်းဆရာတော်ကြီးရဲ့ စီစဉ်ဆောင်ရွက်မှု၊ မိဘများရဲ့အားပေးမှု၊ ကလေးသူငယ် များရဲ့ တက်ကြွမှု၊ သင်တန်းနည်းပြ ရဟန်းတော်များနဲ့ သီလရှင်ဆရာကြီးရဲ့ စေတနာ,၀ါသနာ, အနစ်နာခံမှု တွေကြောင့် တစ်နှစ်ထက်တစ်နှစ် တိုးတက်ကာ ၂၀၁၀-ခုနှစ်နွေရာသီ မှာ ကျောင်းသားဦးရေ ၄၀-ကျော်အထိ များပြားကာ ပိုပြီးအောင်မြင်လာခဲ့ပါတယ်။
Resized_DSC05171
၂၀၁၁-ခုနှစ်ဟာ ရန်ဆလီယာမြို့မှာရှိတဲ့ ဓမ္မ၀ါဒီအောင်မြေမင်္ဂလာကျောင်းအတွက် ပိုပြီးတော့ထူးခြား တဲ့နှစ်လို့ ဆိုရမှာပါ။ အသံမစဲ မဟာပဋ္ဌာန်း ရွတ် ဖတ်ပူဇော်ပွဲကို ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့သလို ရဟန်းခံ ရှင်ပြုအလှုတော်မင်္ဂလာပွဲကိုလည်း ခြိမ့်ခြိမ့်သဲ ကျင်းပနိုင်ခဲ့ပါတယ်။ ၄-ရက်တာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲမှာ ရပ်ဝေးရပ်နီးပြည်နယ်အသီးသီးက ဆရာတော်သံဃာတော် ၁၉-ပါးကြွရောက်ကာ ပူဇော်ခဲ့ကြပါတယ်။

နှစ်စဉ် နှစ်တိုင်း အဇူဇာပဋ္ဌာန်းပွဲကြွရောက်နေကြ ဆရာတော်တစ်ပါးက “ရန်ဆလီယာပဋ္ဌာန်းပွဲဟာ ပဋ္ဌာနဘာဏက သံဃာတော် အရေအတွက် နည်းတာကလွဲရင် အမေရိကားမှာ ဂုဏ်သတင်းမွှေးပျံ့တဲ့ ကာလီဖိုးနီးယား၊ အဇူဇာ ပဋ္ဌာန်းပွဲအတိုင်းပါပဲလို့” မိန့်ကြားခဲ့ပါတယ်။


အဲဒီမိန့်ကြားချက်စကားဟာ ရန်ဆလီယာဆရာတော်ကြီးနဲ့ ဒကာ ဒကာမတွေ ဆက်လက်ချီတက်ဖို့အတွက် အားဆေးတစ်ခွက်ပါပဲ။ တကယ်တော့ ရန်ဆလီယာမြို့၊ ဓမ္မ၀ါဒီအောင်မြေမင်္ဂလာကျောင်းမှာ ရဟန်းခံ ရှင်ပြု၊ သီလရှင်ဝတ်ပွဲ အလှုတော်မင်္ဂလာတွေ နှစ်စဉ်လို လို ပြုလုပ်ခဲ့ကြတာပါ။


ဒီနှစ်မှာတော့ တစ်မူထူးခြားစွာ အလှုရှင်များရဲ့ သဒ္ဓါတရား ထက်သန်မှု၊ မိတ်ဆွေသင်္ဂဟပေါများမှုတွေကြောင့် ရဟန်းခံ ရှင်ပြု အလှုတော် မင်္ဂလာပွဲကို စည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်ခဲ့ကြပါတယ်။ မြန်မာ့ရိုးရာအစဉ်အလာအတိုင်း မောင်ရှင်လောင်းလှည့်ပွဲကိုပါ မြိုင်မြိုင် ဆိုင်ဆိုင် ကျင်းပခဲ့ကြတာပါ။

Resized_DSC05001
ရှင်လောင်းလှည့်ပွဲကျင်းပရာမှာ အဟောင်းထဲက အသစ်၊ အကောင်းထဲက အနှစ်၊ ပြောင်းလဲသမျှ ခေတ်နဲ့အညီ ဆိုတဲ့အတိုင်း ပထမဦးစွာ မြို့တစ်ပတ် ကားများနဲ့ လှည့်လည်ခဲ့ကြပါတယ်။ ရှင်လောင်းလှည့်ပွဲမှာ ရဲများရဲ့အကူအညီနဲ့လှည့်တာဖြစ်လို့ ကားတွေအားလုံးက ရပ်ပေးပြီးတော့ ဟွန်းတွေတီးကာ ကောင်းချီး သြဘာပေးခဲ့ ကြသလို ထွက်ကြည့်ကြတဲ့ အမေရိကန်တွေ အားလုံးကလည်း ၀မ်းပမ်းတသာ ထုတိမင်္ဂလာ လက်ခုတ်သြဘာတွေ နဲ့ ထောမနာပြုခဲ့ကြပြန်ပါတယ်။

Resized_DSC05006
အဲဒီနောက် ရိုးရာယဉ်ကျေးမှုကိုရှေးရှု အနှစ်သာရကိုဗဟိုပြုပြီး ခြေလျင်လှည့်ရာမှာတော့ ရန်ဆလီယာရဲ့ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် လှပျိုဖြူ များက လှုဖွယ်ပစ္စည်းတွေ  ကိုင်ဆောင်ပြီး ဒိုးပတ်အဖွဲ့ရဲ့ သွက်လက်မြူးကြွတဲ့ဒိုးသံတွေနဲ့ တစ်မျိုးညံနေပါ တော့တယ်။ အလှုမင်္ဂလာပွဲကို ဘော်စတွန်ဆရာတော်ကြီး ဦးအဘယာလင်္ကာရအပါအ၀င် ရပ်ဝေးရပ်နီးမှ ပင့်သံဃာ ၁၃-ပါး ကြွရောက်ချီးမြှောက်ခဲ့ကြတာကလည်း ပိုပြီးတော့ မင်္ဂလာတွေဖြစ်စေခဲ့ပါတယ်။


အဲဒီအလှုမင်္ဂလာပွဲဟာဆိုရင် မြန်မာ့နည်း မြန်မာ့ဟန် မြန်မာ့သဏ္ဍာန်တွေ အမေရိကန်မြေပေါ်မှာ ထင်ရှားစေခဲ့တဲ့ ပွဲလည်းဖြစ်ခဲ့ပါတယ်။ အဲဒီနေ့ကအပြုံးတွေဟာ အခုအချိန်အထိ မပျက်ပျယ်သေးပါဘူး။ ကြည်နူးပြုံး၊ ရည်စူးပြုံး၊ ကျေနပ်ပြုံး၊ မုဒိတာအပြုံး၊ သုတိသာယာအပြုံး၊ နှစ်သက်ဖွယ် အပြုံးစတဲ့ အပြုံးများစွာ  ကြည်လင်ကာ ပီပြင်နေခဲ့ကြပါတယ်။ ချိုမြန်ဖွယ်၊ ကြည်နူးဖွယ်၊ ချမ်းမြေ့ဖွယ်တွေနဲ့ ကျက်သရေရှိလှပါပေတယ်။ အဓိပ္ပါယ် အမျိုးမျိုးကို ဆောင်သော်လည်း နှစ်လိုဖွယ်ချည်းသာ။ လွမ်းမောတမ်းတ အားကျဖွယ်ချည်းသာပါပဲ။
ဟဒ်ဆန်မြစ်ကမ်းဘေးမှာ အပြုံးများစွာနဲ့အတူ ကြေးစည်သံတွေဝေနေနိုင်ခြင်းဟာ ဗုဒ္ဓမြတ်စွာသာ သနာတော်မှာ မူလပဓာနကျတဲ့ သဒ္ဓါတရား စွမ်းအားကြောင့်သာ ဖြစ်ပါတော့တယ်။



လင်းဝံသ

မာတိကာ


statistics

web tracker