ဓမ္မသည် အရာရာကို လွှမ်းခြုံ၏ ဦးဦးဇော်
နောက်ဆုံးသော သစ်ပင်ကို ခုတ်လှဲချပြီးသောအခါ
နောက်ဆုံးသော ရေချိုမြစ်ကို အဆိပ်သင့်စေပြီးသောအခါ
နောက်ဆုံးသောငါးကို ဖမ်းမိပြီးသောအခါ
အဲဒီအခါမှသာ သင်သည် ငွေကြေးအသပြာကို
ကိုက်ဝါးစားသုံးလို့ မရမှန်း သိပေမယ်။
An Old 'Cree' Indian Saying
သံဝေဂရဖွယ် လူသားတို့ ဖော်ပြပါ သတိပေး စာသားလေးကို စင်ကာပူနိုင်ငံ ရစ်ချလ်ရေကန်ကြီး လျှောက်လမ်းဘေး တစ်နေရာတွင် ကြေးဝါပြားလေးပေါ်ဝယ် ထွင်းစာလုံးဖြင့် သဘာဝ ပညာပေး ရေးသားထားပေသည်။ ရှေးနှစ်ရာကျော်က အယ်ဇိုကင် လူမျိုးနွယ်၊ ကနေဒါနိုင်ငံ အလယ်ပိုင်းနေ ကရီး တိုင်းရင်းသား လူမျိုးစုတို့၏ ရှေးထုံးဆိုစကား။ တစ်နည်းအားဖြင့် ထိုကာလကတည်းက ရိုးသားလှသော ရှေးလူမျိုးစုတို့၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အတွေးအမြင်ဖြစ်ပေသည်။
ယခု သိပ္ပံနှင့် နည်းပညာ တိုးတက်သော ခေတ်လူသားတို့သည် မိမိတို့၏ အာရုံမျိုးစုံ ခံစားလိုသော ရမ္မက်လောဘတို့ကြောင့် ရှေးခေတ် ကရီးလူရိုင်းနွယ် တို့လောက်မှ မြော်မြင်ဆင်ခြင်ဥာဏ် ရင့်ကျက်ကြပါ၏လား။ ကမ္ဘာ့ထိပ်တန်း ဥတုရာသီဆိုင်ရာ သိပ္ပံပညာရှင်နှင့် ကျွမ်းကျင်သူများစွာ ဖြင့် စုဖွဲ့ထားသော ကုလသမဂ္ဂ ကမ္ဘာ့ ရာသီ အပြောင်းအလဲဆိုင်ရာ ခုံသမာ ဓိအဖွဲ့ကြီး IPCC က ''ဖန်လုံအိမ် ဓာတ်ငွေ့ အာနိသင် တိုးပွားဖြစ်ထွန်း လာနေမှုဟာ လူ့ပယောဂကြောင့်သာ အများဆုံးဖြစ်ရကြောင်း ယုံမှားစရာ မလိုပါ''ဟု ဖော်ပြခဲ့သည်။ (၁၈၉၈ ခုတွင် ဆွီဒင် သိပ္ပံပညာရှင် Svante Arrhenius ကစတင်၍ Green House Effect ဖန်လုံအိမ်ဓာတ်ငွေ့ အာနိသင်ဟု သုံးစွဲခဲ့ပါသည်။)
သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး တက်ကြွလှုပ်ရှားသူ အမေ ရိကန် ဒုသမ္မတဟောင်း အယ်လ်ဂိုး၏ အော်စကာဆုရ စိတ်မသက်သာဖွယ် အမှန်တရား - An Inconvenient Truth ရုပ်ရှင်ကားဝယ် ယနေ့ ကမ္ဘာချီ ပူနွေးလာမှု ပြဿနာကြီးနှင့် ဆက်နွယ်သည့် ယုံတမ်း လုပ်ကြံသတင်း စကားများ အတွေးအယူမှားများ အကြောင်း တင်ပြထားကာ ကမ္ဘာချီ ပူနွေးလာမှု ပြဿနာကြီးသည် ဥတုရာသီ သိပ္ပံဆိုင်ရာ နိုင်ငံရေးဆိုင်ရာ သာမဟုတ်ဘဲ လူ့ကျင့်ဝတ်နီတိနှင့် စိတ်ဓာတ်ရေးရာဆိုင်ရာ ပြဿနာကြီး ဖြစ်ကြောင်းတင်ဆက်ထားပါသည်။
ကမ္ဘာချီ ပူနွေးလာမှုကို မတား ဆီးမထိန်းချုပ်နိုင်ပါလျှင် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု မြန်ဆန်ကာ သဘာဝ ကပ်ဘေးများ ပိုမိုပြင်းထန် လာကာ သက်ရှိများ ပြေးစရာ မြေမရှိဖြစ်ခြင်း၊ မြန်ဆန်စွာ ပြောင်းလဲ လာသော ပတ်ဝန်းကျင်သစ်တွင် အလိုက်သင့် လိုက်လျောညီစွာ ပြုပြင်နေထိုင်မှု မပြုလုပ် နိုင်တော့ခြင်းတို့ကြောင့် ကမ္ဘာမြေ သက်ရှိ လောက၏ လေးပုံတစ်ပုံ ၂၅ ရာခိုင်နှုန်း) သည် ၂ဝ၅ဝ အတွင်း လုံးဝပျောက် ကွယ်မျိုးသုဉ်း သွားနိုင်သည်ဟု ပညာရှင်များက ပြောဆိုကြပါသည်။ ကမ္ဘာချီ ပူနွေးလာမှု လျော့ပါးစေရန် လူတို့၏ နေ့စဉ် အစားအသောက် အနေအထိုင် လုပ်ကိုင်ပုံများကို အနည်းငယ်စီ ပြုပြင်ပါက အကျိုးကျေးဇူး များစွာဖြစ်ထွန်းလာပါမည်။
ယခုခေတ်တွင် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံသည် လျှပ်စစ်ဓာတ် အားမရရှိသည့် အခြေအနေဝယ် ကမ္ဘာ့ လူဦးရေ၏ လေးပုံတစ်ပုံသည် ကမ္ဘာ့ စွမ်းအင်အားလုံး၏ လေးပုံသုံးပုံကို ရယူအသုံးပြု နေကြပါသည်။ ကမ္ဘာ့ ချမ်းသာသော ဖွံ့ဖြိုးပြီး နိုင်ငံတို့တွင် အလျှံအပယ် ပေါများနေသော အပျော်အပါးနှင့် ဖျော်ဖြေရေး ပစ္စည်းကိရိယာများနှင့် စားသုံးကုန်များအတွက် စွမ်းအင်နှင့် သယံဇာတရင်းမြစ် အခြေပြု ကုန်ချောများကို အလဟဿ လွန်ကဲစွာ သုံးစွဲနေကြပေသည်။
လာမည့်နှစ် ၂ဝ၅ဝ တွင် လူဦး ရေ သန်းပေါင်း သုံးထောင်ကျော် ထပ်မံတိုးပွားလာပေမည်။ အများစုမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်ဖြစ်ပြီး ထပ်တိုး လူဦးရေအတွက် စားဝတ်နေရေး ဝန်ထုပ်ဝန်ပိုးတို့ကို ဤကမ္ဘာမြေက မနိုင့်ဝန် ထမ်းရပေဦးမည်။ တစ်ခုတည်းသော ကမ္ဘာမြေကထမ်းရသည့် ဝန်ထုပ်ဝန်ပိုး သက်သာစေရန် သုတေသီ ပညာရှင်တို့နှင့် ကမ္ဘာ့ကုလသမဂ္ဂက နှစ်စဉ်မတ်လ ၂၂ ရက်နေ့ကို ကမ္ဘာ့ရေနေ- World Water Day ဟု သတ်မှတ်ကာ ရေသယံဇာတကို ထိန်းသိမ်းချွေတာစေခြင်း၊ ၂ဝဝ၈ ခုနှစ်တွင် သြစတြေးလျတိုက်၊ ဆစ် ဒနီမြို့မှ စတင်ခဲ့ပြီး ကမ္ဘာ့မြို့ကြီးများ အထိ ပျံ့နှံ့လာသည့် လျှပ်စစ်မီး အသုံးပြုမှု ရပ်နားအမှောင်ချရသော ကမ္ဘာမြေအတွက် တစ်နာရီ - Earth Hour သတ်မှတ်လိုက်နာခြင်း၊ ဥရောပ နိုင်ငံအချို့တွင် ကမ္ဘာမြေ ချစ်သူများ က နှစ်စဉ် နိုဝင်ဘာ လကုန်တွင် သတ်မှတ်ပြုလုပ်သည့် ဈေးမဝယ်နေ့ Buy Nothing Day ကိုပါဝင်ဆင်နွှဲနေ ကြပါသည်။
ယခုအချိန်မှာ ကမ္ဘာ့နိုင်ငံအချို့တွင် စစ်ပွဲများ၊ ပဋိပက္ခများနှင့် အဓိကရုဏ်းကြီးများတွေ့ကြုံနေရသ သကဲ့သို့ ဥတုရာသီ ဖောက်ပြန်မှု၊ မိုးခေါင်ရေရှား၊ သဲကန္တာရများ ကျယ်ပြန့်လာမှု၊ သဘာဝ ကပ်ဘေးဆိုးများဒဏ် ပိုမိုခံရမှုများ ရှိနေရာ အကြောင်းရင်းခံအဖြစ် လူတို့၏ ရလို၊ ခံစားလိုမှု လောဘကြောင့်ဟု ဆိုရပေမည်။ ဤတွင် မြတ်ဗုဒ္ဓ၏ အဆုံးအမအရ လိုက်နာကျင့်ဆောင် ကြပါလျှင် မြေကမ္ဘာ တစ်လွှားအေးငြိမ်းကာ ချမ်းသာဆင်း ရဲကွာဟမှုနည်းပါး၊ ကမ္ဘာချီ ပူနွေးလာမှု သက်သာပြီး စိမ်းရောင်စို သစ်တောကြီးများ ပြန်လည်ထူထပ်ရှင် သန်လာလျက် မျိုးပြုန်းခါနီး တိရစ္ဆာန် ကျေးငှက်များစွာလည်း ပြန်လည်ပေါများ ပေါက်ဖွားလာနိုင်ပါသည်။
ယနေ့ခေတ် လူတို့၏ လောဘရမ္မက် တရှိန်ရှိန် တောက်လောင်နေ ကြသည်ကို အေးငြိမ်းစေသည့် ဓမ္မအဆုံးအမများစွာမှ ကောက်နုတ်ချက် အချို့မှာ -
သီလ ကိုယ့်ကျင့်တရားနဲ့ ပြည့်စုံအောင်နေတဲ့ ဘဝအပေါ်မှာ သမာဓိစိတ်ကို နိုင်နင်းအစိုးရခြင်းနဲ့ ပညာ စိတ်ကို ဖြူစင်သန့်ရှင်းစေတဲ့ ဥာဏ် ပညာ၊ ဝိပဿနာ လုပ်ငန်းဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောများကို နားလည်ခြင်း...။
စွဲလမ်းတောင့်တမှု တဏှာဟာ ဝေဒနာတွေကို တုံ့ပြန်လို့သာပေါ် ပေါက်လာရ၊ လောဘနဲ့ ဒေါသနှစ် မျိုးစလုံးဟာ တဏှာဖြစ်၊ တဏှာရဲ့ စစ်မှန်တဲ့ အကြောင်းရင်းက ဝေဒနာတွေမှာ တည်နေ။ ဤအချက်သည် ဒုက္ခသံသရာမှ လွတ်မြောက်မှု တံခါးသော့ပင်...။
အာတာပိ သမ္ပဇာနောသတိမာ -Always be in Mindfulness ရုပ်နဲ့ နာမ် အဆောက်အအုံကြီးတို့ရဲ့ အထူးသဖြင့် ဝေဒနာတွေရဲ့ မမြဲတဲ့ သဘာဝကို အဆက်မပြတ် ရှင်းလင်းစွာ သဘောပေါက်မှုနဲ့ မှန်ကန်တိကျစွာ သိမှုတို့ဟာ သမ္ပဇည (ဒုက္ခသံသရာ)မှ လွတ်မြောက်ရေးအတွက် ခန္ဓာကိုယ်ပေါ်က (သုခ၊ ဒုက္ခနှင့် သုခ မဟုတ်၊ ဒုက္ခမဟုတ်ဝေဒနာ)တွေဟာ အရေးအကြီးဆုံးဖြစ်...။
စိတ်ကို သန့်ရှင်းစင်ကြယ်ရေး ပြုလုပ်ပေးသည့် ဝိပဿနာ တရား အားထုတ်ခွင့်ရသည့် ထောင်ကျများ၊ အချုပ်သားများ၊ ဝါရင့် ရာဇဝတ် သားများသည် ၄င်းတို့ ခြေလက်များ မှ သံကြိုးများထက် အဆပေါင်း များစွာ ပိုမိုခိုင်မြဲစွာ ရစ်ပတ်ထားသည့် ဒေါသ အမုန်း တရားများ၊ သဘော ဆိုးယုတ်မှုစသည့်စိတ်အလေ့အကျင့် စရိုက်ဆိုးများမှ လွတ်မြောက်စေမည့် နည်းလမ်းသော့ချက်ကို ရပေပြီ။
သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာ သုံးရပ် ပညိဣနြေ္ဒနှင့် ရေချိန်ကိုက် သည်နှင့်တစ်ပြိုင်နက် မဂ်ဆိုက်နိုင် (ဒုက္ခသံသရာမှ လွတ်မြောက်ဥာဏ် အလင်းရရှိ)မည်အမှန်ပင်။ လူ့စိတ် သည် ပါပသိံ္မရမတိမနော၊ မကောင်း မှုအာရုံ အမျိုးမျိုးခံစားမှုမှာသာ မွေ့ လျော်မေ့မျောနေလေ့ရှိရာ သာမန်အားဖြင့် ခုခံတွန်းလှန်လို့မရ။ အတော်ပင် ကြိုးစားရ။ စိတ်သည်အရာရာ အပေါ်တွင် လွှမ်းမိုးအုပ်စိုးလျက်ရှိ။ စိတ်၏ ထူးခြားသော အင်္ဂါလက္ခဏာများ အကြောင်းတို့ကို သင်ကြားလေ့လာကြ၍ ကမ္ဘာကြီး တစ်ဝန်းရင်ဆိုင် နေရသော ပြဿနာများကို ဖြေရှင်းကြသင့်။ မြတ်ဗုဒ္ဓက'စိတ္တေနနီယတိ လောကော - ကမ္ဘာလောကကြီးကို စိတ်က ဖန်တီးပြုလုပ် ထားသည်'ဟု ဟောကြားတော်မူ။ အရေးကြီးဆုံးမှာ လူ့လောကကို လွှမ်းမိုးအုပ်စီးနေသော ညစ်ညမ်းဆိုးသွမ်း စိတ်အင်အားစုများကို တော်လှန်တိုက်ဖျက်ကာ သန့်ရှင်းဖြူစင် စိတ်အင်အားများကို ဖော်ထုတ်ကြရန်ပင်ဖြစ်။ လူ၏အသိ ဥာဏ်ပညာကို ပြင်ပရှိ ဒြပ်ထုမှ အနုမြူ စွမ်းအင်ကို ထိန်းချုပ်ပိုင်နိုင်အောင် အသုံးချမည့်အစား မိမိကိုယ်တွင်း သန္တာန်၌ရှိသော အနုမြူ စွမ်းအင်ကိုလည်း နိုင်နင်းအောင် အဘယ့်ကြောင့် အသုံးမချကြပါသနည်း။ ကိုးကွယ်သော ဘာသာရပ်တိုင်းတွင် တူညီ သည့်အချက်မှာ စိတ္တဝိသုဒ္ဓိ- စိတ်ကို ဖြူစင် သန့်ရှင်းစွာထားရှိခြင်းဖြစ်။
According to the Buddhist way of thinking, each action, whether by deed, word or thonght, produces or leaves behind a force of action (San Khara ) Which goes to the credit or debit account of the individual according to its good or bad objective.
မြတ်ဗုဒ္ဓက သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ နတ်သားတစ်ပါးအား ဟောကြားတော်မူသော မင်္ဂလာ တရားတော်တွင်လည်း မိမိကိုယ်ကို ကောင်းစွာထိန်းသိမ်း ဆောက်တည်ခြင်း၊ အကြားအမြင် ဗဟုသုတ ရှိခြင်း၊ စက်မှုလက်မှုစသော သိပ္ပံနည်းပညာ တတ်မြောက်ခြင်း၊ မည်သူ့ကိုမျှ မထိခိုက်သောအလုပ်မျိုးကို လုပ်ခြင်း၊ အကုသိုလ် ကင်းသော အလုပ်ကို လုပ်ခြင်း၊ မကောင်းမှုကို မလုပ်ဖြစ်၊ မကျူးလွန်ဖြစ်အောင် အထူးရှောင်ကြဉ်နိုင်ခြင်း၊ သေရည် သေရက် မူးယစ်ဆေးဝါးတို့ကို မသောက်စားဖြစ်အောင် ရှောင်ကြဉ်နိုင်ခြင်း၊ ကုသိုလ်ကောင်းမှု အလုပ်တို့ကို မပြတ်သတိရပြီး မမေ့မလျော့ ဆောင်ရွက်ခြင်း၊ မိမိကိုယ်ကို မောက်မာသမှု မပြုဘဲ နှိမ်ချခြင်း၊ ကိလေသာ အာရုံ ကာမဂုဏ်တို့၌ ရောင့်ရဲလွယ်ခြင်း၊ သူတစ်ပါးက မိမိအပေါ် ပြုဖူးသော ကျေးဇူးကို သိတတ်ခြင်း၊ သည်းခံတတ်ခြင်း၊ ခြိုးခြံစွာ ကျင့်ကြံခြင်း၊ မြတ်သော အကျင့်ကို ကျင့်ခြင်း စသည်အားဖြင့် လောကအလုံး အေးငြိမ်းချမ်းသာ မင်္ဂလာ ပြည့်စုံရေး တရားတော် မိန့်မြွက်တော်မူခဲ့ပါသည်။
သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်အားဖြင့် လူတို့၏ အလိုရမ္မက် လောဘ နှင့်ဒေါသတရားများ အားနည်းလျော့ ပျောက်စေခြင်းကြောင့် သဘာဝ သယံဇာတနှင့် စွမ်းအင်များ အလဟဿ ကုန်ခန်းနေမှုနှင့် အပျော်အပါး လွန်ကဲစွာ ပြုန်းတီးလေလွင့်မှုများ၊ လူဦး ရေပေါက်ကွဲတိုးများမှု ထိန်းသိမ်းလာ နိုင်ခြင်း၊ ကမ္ဘာမြေပို၍ အေးချမ်းလာ၊ သစ်တောအင်းအိုင်မြစ်ချောင်းများ ပိုမို၍ သန့်စင်ပေါများ စိမ်းစိုလာကာ ဇီဝမျိုးစုံ ပေါကြွယ်ပြီးဂေဟ စနစ်အားကောင်း လာနိုင်ခြင်း၊ မျိုးသုဉ်းခါနီး အန္တရာယ် ရှိနေသောကုန်း၊ ရေနေ သတ္တဝါမျိုးစုံ ဆက်လက်ရှင် သန်ပေါက်ဖွားခွင့်ရရှိခြင်း၊ ကမ္ဘာချီ ပူနွေးနေမှု ရပ်တန့်လာနိုင်ခြင်း စသည် များမြောင်စွာသော ကောင်းကျိုး ဆုလာဘ်များ ပေါ်ထွန်းလာမည် မလွဲပါချေ။
ဘရာဇီးနိုင်ငံ ရီယိုမြို့တွင် ကျင်းပခဲ့သော Earth Sumit ကမ္ဘာမြေ ထိပ်သီးဆွေးနွေးပွဲကြီးတွင် ကုလ သမဂ္ဂနှင့် ကမ္ဘာ့ခေါင်းဆောင်ကြီးများ၊ သိပ္ပံပညာရှင် သုတေသီများ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများ ရှေ့တွင် ၁၃ နှစ်အရွယ် သမီးငယ်လေး တစ်ဦးက အောက်ပါအတိုင်း ပန်ကြားပြော ဆိုခဲ့ပါသည်။
''ကျွန်မဟာ ဒီကို မိုင်ပေါင်း ၅ဝဝဝ ခရီးကို ဒီကလူကြီး လူကောင်းများကို တွေ့ဖို့ ကျွန်မတို့တစ်တွေ ကုန်ကျစရိတ် ငွေစုပေါင်းကျခံ သုံးပြီး အရောက်လာခဲ့ပါတယ်။ အခုအခါ လူကြီးများ လုပ်ကိုင်ဆောင် ရွက်နေတာတွေကိုနည်းလမ်း ပြောင်းလဲသင့်ပါပြီ။ ပြောင်းလဲပစ်ရပါမယ်။
ကျွန်မက နောင်လာမယ့် မျိုးဆက်ပေါင်းများစွာအတွက် ကိုယ်စားပြု ပြောဆိုပေးဖို့ ဒီကိုလာရတာ ဖြစ်ပါတယ်။ ကျွန်မဟာ ကမ္ဘာတစ်ဝန်းက အစာဝလင်အောင် မစားရလို့ ငတ်မွတ်ဆာလောင် ငိုကြွေးနေကြတဲ့ ကလေးများအတွက် ပြောပေးဖို့ လာရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အော်ဟစ် ငိုယိုသံတွေကို ကြားနိုင်ကြမယ် မထင်ပါဘူး။ ကျွန်မဟာ ကမ္ဘာဂြိုဟ် တစ်ဝန်းမှာရှိတဲ့ သွားလာမှီစရာ နေရာမရှိတော့လို့ (ပြေးစရာ မြေမရှိတော့လို့) သေဆုံးနေကြတဲ့၊ သေဆုံး ကြဦးမှာဖြစ်တဲ့ မရေမတွက်နိုင်တဲ့ တိရစ္ဆာန်၊ သတ္တဝါလေးများအတွက် ပြောဆိုပေးဖို့ ဒီကိုလာရတာ ဖြစ်ပါတယ်။ ကျွန်မဟာ ကလေးငယ် တစ်ယောက်သာ ဖြစ်ပေမယ့် ကျွန်မတို့ အားလုံးဟာ တစ်ခုတည်းသော မျှော်လင့်ချက် မျှော်မှန်းချက်အတွက် အတူစုပေါင်း နေထိုင်ကြဖို့ တစ်သွေးတည်း၊ တစ်သံတည်း၊ ညီညီညွတ်ညွတ် ဆုံးဖြတ်လုပ်ကိုင်ကြဖို့ စုဝေးရောက်ရှိနေကြတာ ဖြစ်တယ်လို့ နားလည်သဘောပေါက်ပါတယ်။ မျိုးသုဉ်းပျောက်ကွယ်တော့မယ့် တိရစ္ဆာန် သတ္တဝါလေးများကို မေ့မထားကြစေလိုပါ''။
Ref: 1.Save the Earth (A.Bour Seiller) N.Y.2000- ဆရာကြီး ဦးဘခင် ဟောကြားတရားများ (IMC-အင်းလျားမြိုင်လမ်း-၂ဝဝ၄) - အကျဉ်းထောင် ဝိပဿနာ(ဓမ္မဇောတိ) - ဗုဒ္ခဘာသာကောင်း တစ်ယောက် (သာထွန်း၊ ဖြန့်၉၄)။ - ဘာကြောင့်ဝေဒနာ (S.N.Gaen Ka)
ဦးဦးဇော် from http://www.zaygwet.com/ |