ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Friday, July 22, 2011

ငှက်အမျိုးမျိုးနှင့် ဂန္ဓာရီဆန်သည့် အယူအဆများ

ငှက်အမျိုးမျိုးနှင့် ဂန္ဓာရီဆန်သည့် အယူအဆများ (၁)

သက်လုံ

လူသားသည် မြေကြီးနှင့်တွဲနေသော သတ္တဝါများဖြစ်သောကြောင့် မိုးပေါ်ပျံနိုင်သော ငှက်များကို ရှေးခေတ်သတ္တဝါများအဖြစ် သဘောထားကြသည်မှာ မဆန်းပါချေ။ ကမ္ဘာပေါ်မှ များစွာသော လူမျိုးတို့သည် ငှက်များကို နတ်များ၏ စီးတော်ယာဉ် (ဝါတန) အဖြစ် လည်းကောင်း၊ နတ်များ၏ စေတမန်အဖြစ် လည်းကောင်း သတ်မှတ် ယူဆကြ၏။ ရှေးခေတ်အခါက ဘာသာရေးဆိုင်ရာ ဘုန်းတော်ကြီးများနှင့် ရှေးဖြစ်ဟော ဆရာများသည် ငှက်များပျံပုံ၊ အော်မြည်ပုံ၊ ပြုမူပုံများကို လေ့လာ၍ နိမိတ် အကောင်း၊ အဆိုး သတ်မှတ်ကြ၏။ ရောမခေတ်က ဘုန်းတော်ကြီးများ အုပ်ချုပ်သောဌာနတွင် ရှေးဖြစ်ဟောရသည့် အတတ်ဖြစ်သော အော်နစ်သိုမန်စီ (ORNITHO MANCY) ကို လေ့လာသင်ကြားခဲ့ရာ နောင်တွင် ခရစ်ယာန်သာသနာ ထွန်းကားလာပြီးသည့်တိုင်အောင် ယုံကြည်လက်ခံသူများသည် ခရစ်ယာန် ဘုန်းတော်ကြီးက မျက်မှောင်ကုတ်သည့်ကြားမှပင် များပြားလျက် ရှိ၏။အနောက်တိုင်းမှ အစွဲတစ်ခုမှာ တစ်ကောင်တည်းသောငှက် ပြတင်းပေါက်တွင်လာ၍ နှုတ်သီးဖြင့် ခေါက်နေလျှင် ဖြစ်စေ၊ အိပ်ခန်းထဲ ဝင်လာလျှင် ဖြစ်စေ၊ ခေါင်တိုင်မှတစ်ဆင့် အိမ်တွင်းသို့ ပျံဆင်းလာလျှင် ဖြစ်စေ လူသေမည့်နိမိတ်ဟု ယူဆကြသည်။ အထူးသဖြင့် အိမ်တွင် လူမမာရှိနေလျှင် ထိုလူမမာ ဘဝကူးတော့မည်နိမိတ်ဟု ဆိုကြသည်။ တစ်ဖန် ညဥ့်ငှက်များကို နေ့ဘက်တွင် တွေ့မြင်ရလျှင် နိမိတ်မကောင်းဟုလည်း ယူဆကြသေးသည်။

အင်္ဂလန်နိုင်ငံတွင် မွေးမြူထားသော ငှက်များသည် မိသားစုနှင့် များစွာ ပတ်သက်နေသည်ဟု ယူဆကြ၏။ မိသားစုထဲတွင် တစ်ဦးဦး သေဆုံးခဲ့သော် ငှက်လှောင်အိမ်တွင် လွမ်းသူ့ဖဲကြိုးကလေးများကို ချည်နှောင်ပေးရ၏။ သို့မဟုတ်ပါက ထိုငှက်ပါ လိုက်၍သေမည်ဟု ဆိုကြလေသည်။ စကော့တလန်တွင်မူ သတို့သမီးက မွေးထားသောငှက် ဖြစ်စေ၊ သတို့သားက မွေးထားသောငှက် ဖြစ်စေ လက်ထပ်မည့်နေ့ နံနက်တွင် သေဆုံးခဲ့သော် လက်ထပ်ပွဲ အထမမြောက် ပျက်ပြားမည့်နိမိတ်ဟု မှတ်ယူကြ၏။

သေသူသည် အသွင်ယူ၍ လာရောက် ကိုယ်ထင်ပြတတ်သည် ဟူသော အယူလည်း ရှိသေးရာ ရေပြင်ပေါ် ကျက်စားတတ်သည့် ငှက်အတော်များများမှာ ရေနစ်သေဆုံးကြကုန်သော သင်္ဘောသားများ ကိုယ်ထင်ပြခြင်းဟု ဆိုခဲ့ဖူးသည်။ (မြန်မာနိုင်ငံတွင်တော့ သေသူသည် လိပ်ပြာအသွင်သဏ္ဌာန်ဖြင့် ကိုယ်ထင်ပြတတ်သည်ဟု အချို့သူများ အတွေ့အကြုံရှိသည်ဟု ကြားဖူးပါသည်။ ဤသည်မှာလည်း ဝိညာဉ်ကို မြန်မာစကားဖြင့် လိပ်ပြာ ဟူ၍လည်း ခေါ်ဝေါ်သောကြောင့် ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။)

မိသားစုမျိုးရိုးအလိုက် နိမိတ်ပြတတ်သော ငှက်များလည်း ရှိသေး၏။ အချို့သော မိသားစုများ၏ အယူမှာ သူတို့အထဲမှ တစ်ယောက်ယောက် သေတော့မည်ဆိုလျှင် ရင်ဘတ်တွင် အဖြူရောင်ရှိသောငှက် တစ်ကောင်သည် အိပ်ခန်းထဲဝင်လာပြီး သေခါနီးလူအပေါ် ခဏကြာဝဲပျံပြီးနောက် ပျောက်ကွယ်သွားတတ်သည် ဆို၏။ အချို့သောမိသားစုကမူ သူတို့ထဲက တစ်ယောက်ယောက် သေခါနီးသော် ကြီးမားသော ဇီးကွက်အဖြူကြီး နှစ်ကောင်သည် အိမ်ခေါင်မိုးပေါ်တွင် လာနားသည် ဆို၏။ (ဇီးကွက်အဖြူကြီးကို မြန်မာတို့က ‘မိန်ကောင်’ သို့မဟုတ် ‘လင်ကောင်ပိုး’ ဟု ခေါ်၍ ငှက်ဆိုးစာရင်းထဲတွင် ထည့်သွင်းကြသည်။)

ခရစ်ယာန်သာသနာပိုင်တစ်ဦး ကွယ်လွန်ခါနီးတွင် ဗျိုင်းတစ်ကောင်သည် ဘုရားရှိခိုးကျောင်းတွင် လာနားသော ဖြစ်ရပ်ရှိခဲ့ဖူးသည် ဆို၏။ နောက်တစ်ဦးသော်ကား ကွယ်လွန်ခါနီးတွင် ကြီးမားသော ငှက်ဖြူကြီးနှစ်ကောင်သည် လေထဲတွင် တောင်ပံမခတ်ဘဲ ပျံသွားကြသည် ဆို၏။

ဥရောပတိုက်တွင် ယခုခေတ်အထိပင် အချို့သူများသည် ဇီးကွက်များ၊ ကျီးကန်းများကို နိမိတ်မကောင်းသော ငှက်များဟု မှတ်ယူလျက် ရှိကြသည်။ ကျွန်ုပ်တို့ မြန်မာများကမူ ကျီးသာလျှင် ဧည့်ကောင်းစောင်ကောင်း ရောက်လာတတ်သည်ဟု ဆိုကြ၏။ ထို့ကြောင့်ပင် ‘ဆောင်ကြာအိမ်ကြီးဆီသို့ ကြီးဆီသို့၊ မောင်လာချိန်နီးပြီမို့၊ ရွှေကျီးလေးညိုပြာ၊ ဆောင်တော်စွန်းမှာ ကျွမ်းထိုးလို့သာ’ ဟူသော တေးကဗျာလေးပင် ရှိခဲ့၏။ ဇီးကွက်များကိုလည်း လာဘ်ကောင်များအဖြစ် မှတ်ယူကြလေရာ ဂျပန်လူမျိုးတို့၏ ဈေးဆိုင်များတွင် ကြောင်ရုပ်များထားသလို မြန်မာလူမျိုးများ၏ ဈေးဆိုင်တို့တွင်လည်း ဇီးကွက်ရုပ်များ ထားရှိသည်ကို မကြာခဏ တွေ့ရတတ်လေသည်။ သူ့လူမျိုးထုံးစံနှင့် သူ့ဓလေ့အစွဲဟုပင် ဆိုရပေတော့မည်။

အနောက်နိုင်ငံ ရှေးခေတ် အယူအဆတွင် ဂျူနို (JINO) အမည်ရှိ နတ်ဘုရားမ၏ အချစ်တော်ငှက်မှာ ဥဒေါင်းငှက်ဖြစ်ရာ ဟိန္ဒူနတ်ဘုရားများထဲမှ သူရဿတီဟု မြန်မာများ ခေါ်ဝေါ်နေသည့် ဆွရတီနတ်ဒေဝီ၏ အနီးအပါးတွင်လည်း ဥဒေါင်းငှက်ရှိတတ်ခြင်းမှာ သတိပြုစရာ အချက်တစ်ချက်ပင် ဖြစ်၏။

(က) ကြိုးကြာငှက်

တရုတ်လူမျိုးတို့၏ အယူအဆတွင် ကြိုးကြာငှက်သည် အသက်ရှည်ခြင်း၏ သရုပ်ကိုဆောင်၏။ နေမင်းဆီသို့ ကြိုးကြာနှစ်ကောင် ပျံသန်းနေသော ရုပ်ပုံကို လက်ဆောင်ရသူသည် ဘဝတွင် တိုးတက် ကြီးမြင့်လာရသည်။ နောက်သရုပ်တစ်ခု အနေဖြင့်ကား ကြိုးကြာငှက်သည် ပညာ၏သရုပ်ဖြစ်သည် ဆို၏။

(ခ) လင်းယုန်ငှက်


တရုတ်လူမျိုးများကပင် လင်းယုန်ငှက်လည်း အင်အား၏ သရုပ်သင်္ကေတ ဖြစ်သည်ဟု ဆို၏။ အသက်ကြီးရင့် အိုမင်းသူအား ထင်းရှူးပင်ပေါ်၌ နားနေသော လင်းယုန်ငှက်ရုပ်ပုံကို လက်ဆောင်ပေးလျှင် သူအားအင်ရှိပြီး အသက်ရှည်စေရန် ဆုတောင်းပေးရာ ရောက်လေသည်။ လင်းယုန်ငှက်သည် ရှေးဟောင်း ဘာလီလုန်နှင့် ပါရှားဘုရင်များ၏ တော်ဝင်အမှတ်တံဆိပ် ဖြစ်ခဲ့၏။ ရောမလူမျိုးများ၏ ဘုရင်ဧကရာဇ်တို့ နတ်ရွာစံခဲ့သော် အလောင်းစင်ပေါ်မှနေ၍ လင်းယုန်ငှက်ကို လွှတ်ပေးကြသည်။ အနောက်တိုင်းတွင် ရှေးပဝေဏသီ ကာလကပင် လင်းယုန်ငှက်များကို အလေးထားကြသည်။ တအံ့တသြ ရှုမြင်ကြသည်။ ကြောက်ရွံ့ကြသည်။ အိန္ဒိယ၊ ပါရှား၊ အဆီးရီးယား ဟူသော ရှေးခေတ်နိုင်ငံများနှင့် ဟစ်တိုက်အင်ပါယာမှ ဒေဝတာပုရာဏ်များတွင် လင်းယုန်ငှက်ကို ဂုဏ်ပြုနေရာထားခဲ့ကြ၏။

ခေါမ(ခေါ်) ဂရိလူမျိုးတို့၏ ဒေဝတာပုရာဏ်တွင် ကောင်းကင်ဖခင်ကြီးဖြစ်သော ဇီယုစ် (ZEUS) နှင့် နီးစပ်စွာ ပေါင်းသင်းဆက်ဆံ ခဲ့သည်မှာ လင်ယုန်ငှက်ဖြစ်သည် ဆို၏။ ရောမနိုင်ငံတွင်လည်း တပ်မတော်၏ အမှတ်တံဆိပ်အဖြစ် ထားရှိခဲ့သော အဓိကရငှက် ဖြစ်လေသည်။

အနောက်တိုင်းတွင် လင်ယုတ်ငှက်ကို မိုးကောင်းကင်၏ ဘုရင်၊ လေမုန်တိုင်းနှင့် မိုးကြိုးများကို ဆောင်ကြဉ်းလာသူ နေမင်းကို မျက်စိကျိန်းခြင်း မရှိဘဲ စိုက်ကြည့်နိုင်သော နေငှက်အဖြစ် လက်ခံ ယုံကြည်ထားခဲ့၏။ ရောမလူမျိုး သဘာဝဓမ္မ ပညာရှင်ဖြစ်သူ ပလီနီ (PLINY) ၏ အဆိုအရ နေကို စိန်းစိန်းကြည့်နိုင်သော စွမ်းအားသည် မရှိမဖြစ် လိုအပ်သည် ဖြစ်သောကြောင့် လင်းယုန်ငှက် ပေါက်စများသည် နေကိုစူးစူးရဲရဲ မကြည့်နိုင်ပါက အသိုက်ထဲမှ ပစ်ချ၍ သေဆုံးစေသည်ဟု ဆို၏။

လင်းယုန်ငှက်နှင့် ပတ်သက်သော အနောက်တိုင်းမှ အယူအစွဲပုံပြင်များသည် စိတ်ဝင်စားဖွယ် ကောင်း၏။ ထိုငှက်သည် အိုမင်းခြင်းမရှိဘဲ အသက်ပြန်၍ ငယ်နိုင်သည်ဆို၏။ ယင်းငှက်သည် နေနှင့် အလွန်နီးကပ်စွာ ပျံသွား၍ အတောင်ပံများ မီးစွဲလောင်သောအခါတွင် ပင်လယ်ထဲ ထိုးဆင်း၍ မီးကို ငြိမ်းသတ်သည်။ ထို့နောက် အသိုက်ထဲတွင် ခိုအောင်းနားနေရာ အမွှေးအတောင်များ အသစ်ပေါက်လာ၍ ပြန်လည်ပြီး ငယ်ရွယ်လာသည်ဟု ဆိုသည်။ နောက်ပုံပြင်တစ်ခုမှာ ထိုငှက်သည် အခြားသောငှက်များကဲ့သို့ အိုမင်း၍သော် လည်းကောင်း၊ ဖျားနာ၍ သော်လည်းကောင်း သေဆုံးသည်ဟူ၍ မရှိချေ။ အစာငတ်၍သာ သေရသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ နှုတ်သီးသည် တဖြည်းဖြည်းနှင့် အတွင်းသို့ ကောက်ကွေးဝင်လာပြီး ပါးစပ်ကို ဖွင့်၍မရသောကြောင့်ဟု ဆို၏။

ဝေလပြည်နယ် အထူးအားဖြင့် စနိုးဒွန်ခရိုင်၌ အယူအဆရှိခဲ့သည်မှာ လင်းယုန်ငှက်များ၏ အော်သံသည် ကပ်ဆိုးတစ်ခုခု ဖြစ်စရာရှိသည်ဟု နိမိတ်ဆောင်လည်း ဖြစ်ရာ၏။ သို့တည်းမဟုတ် သူရဲကောင်းတစ်ဦး မွေးဖွားခြင်း၊ မင်းဆက်တစ်ခု ပျက်သုဉ်းခြင်း စသော ဖြစ်ရပ်ကြီးတစ်ခုခု ဖြစ်ပွားနိမိတ်သော်လည်း ဖြစ်ရာ၏ဟု ယူဆကြသည်။ ထိုငှက်များသည် ကွင်းပြင်၌ နိမ့်နိမ့်ပျံသန်းခဲ့သော် ရောဂါဖြစ်ပွားခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းတို့၏ နိမိတ်ဟု ဆို၏။ သို့သော် တောင်များထက်တွင် မြင့်မားစွာ ဝဲပျံနေခဲ့သော် ကောင်းသောနိမိတ်ဟု ယူဆကြ၏။ တစ်ကောင်တည်းသော လင်းယုန်ငှက်သည် ကျောက်စွန်းတွင် ကင်းစောင့်သဖွယ် နားနေပါက ရန်သူရောက်လာမည့်နိမိတ် ဖြစ်သော်လည်း တစ်ကောင်မက အများအပြား နားနေကြသည်ဆိုပါက ငြိမ်းချမ်းရေးနိမိတ် ဖြစ်သွားလေတော့သည်။

လင်းယုန်ငှက်၏ အသိုက်ကို လုယက်ဖျက်ဆီးခြင်းသည် အလွန်ပင် ကံဆိုးစေသောအမှု ဖြစ်သည်ဆို၏။ ထိုသို့ ပြုလုပ်သူသည် ဘဝတွင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းနေ၍ မရနိုင်တော့ဟု ယူဆကြသည်။ လင်းယုန်တို့၏ အသိုက်ကို ရှာဖွေလုယက်ကြခြင်း အကြောင်းရင်းမှာ လင်းယုန်ကျောက်ကို လိုချင်၍လည်း ဖြစ်၏။ လင်းယုန်ငှက်ဥသည် မှော်တန်ခိုးရှိသည်ဟု ယူဆကြသည်။ လင်းယုန်ငှက်ဥတစ်ဥကို လူနှစ်ယောက် ခွဲဝေစားခဲ့သော် သူတို့နှစ်ယောက်စလုံးကို မကောင်းသော ပယောဂမကပ်နိုင်ဘဲ အထူသဖြင့် စုန်းကဝေများ၏ ပြုစားခြင်းမှ ကင်းပလာနိုင်သည်ဟု စွဲမှတ်ထားကြသည်။ ထိုငှက်များသည် မျက်စိအမြင် အားကောင်းလှသောကြောင့် ထိုငှက်၏ သည်းခြေရည်ကို ပျားရည်ဖြင့် ရောစပ်သောက်သုံးလျှင် လူတို့၏ မျက်စိမွဲခြင်းကိုလည်း ပျောက်ကင်းစေနိုင်သည်ဟု ယူဆကြသည်။ တကယ်တော့ ထိုငှက်များသည် သိမ်းငှက်ပေါင်းမြက်ပင် (HAWKWEED) ဟု ခေါ်သည့်အပင်များကို စားကြသည်ဖြစ်ရာ ထိုအပင်မျိုးသည် မျက်စိအကြည်ဓာတ်ကို အားကောင်းလာစေသော အကျိုးအာနိသင် ရှိသည်ဟု ဆိုထားကြပေ၏။

လင်းယုန်ကျောက်

အင်္ဂလိပ်ဘာသာဖြင့် (EAGLE STONE) ဟု ခေါ်သည်။ ထိုကျောက်များမှာ အညိုရောင်ဖျော့ဖျော့ အရောင်ရှိ၍ ကျောက်မျက်ရတနာပညာအရ LAPIS ACQUILARIS ဟု ခေါ်သည်ဆို၏။ ထိုကျောက်ကို ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် အန္တရာယ်ကင်းစွာ မွေးဖွားနိုင်အောင် ဆောင်ထားကြသည်။ အင်္ဂလန်နိုင်ငံသို့ အရှေ့တိုင်းမှ တင်သွင်းလာသည်ဟု ဆိုသည်။ ထိုကျောက်များတါင် မှော်တန်ခိုးရှိသည် ဆိုကာ ဆောင်ထားရုံဖြင့်ပင် ကံကောင်းစေနိုင်သည်ဟုလည်း ယုံကြည်ကြ၏။ ၁၇ ရာစုနှစ်များနှင့် ၁၈ ရာစုနှစ်များ စောစောပိုင်းတွင် အင်္ဂလန်နိုင်ငံ၌ ထိုကျောက်ရှိသူများက သူတို့ခင်မင်သူများအား လိုအပ်သည့်အခါတွင် ငှားရမ်း၍ ဆောင်ထားခွင့် ပေးသည်ဟု သိရသည်။ ဆောင်သောအခါ အိတ်ကလေးဖြင့် ထည့်၍ ဆောင်ကြရ၏။ ကိုယ်ဝန်ဆောင် မိန်းမများသည် အိတ်ဖြင့်ထည့်၍ လည်ပင်းတွင် ဆွဲထားကြသော်လည်း ကလေးမျက်နှာမြင်သောအခါ ပေါင်တွင် ချည်နှောင်ထားရသည် ဟူ၍လည်း ပြောကြ၏။

ထိုကျောက်များကို လင်းယုန်ငှက်တို့၏ အသိုက်များထဲတွင်မှ တွေ့ရသည် ဆို၏။ လင်းယုန်ငှက်များသည် သားပေါက်ရ ခက်ခဲတတ်ကြသောကြောင့် ထိုကျောက်တို့၏ အကူအညီ အမအစကို ခံယူကြရသည်ဟုလည်း ယုံမှတ်ထားကြလေသည်။ ထိုမျှသာမက ငှက်သိုက်ကို အဆိပ်သင့်ခြင်းမှလည်း ကာကွယ်ပေးသည်ဟု ဆို၏။

(ဂ) တောကျီးကန်း


တရုတ်လူမျိုးတို့၏ အယူတွင် ယုန်သည် လနှင့် ပတ်သက်သကဲ့သို့ပင် တောကျီးကန်း သို့တည်းမဟုတ် ကျီးကန်းသည် နေနှင့် ပတ်သက်နေ၏။ မြန်မာတို့ကမူ နေကို ဒေါင်းငှက်နှင့် ဆက်စပ်ထားကြ၏။ တရုတ်လူမျိုးတို့၏ ရှေးဟောင်းပါးစပ် သမိုင်းတစ်ခုထဲတွင် နေထဲ၌ တောကျီးကန်းဆယ်ကောင် ရှိနေရာ လူအများ သေကျေပျက်စီးတော့မည့် ဆဲဆဲ၌ လေးသည်တော် ဟိုယီဆိုသူက လေးဖြင့် တောကျီးကန်း ကိုးကောင်ကို ပစ်ချရာ ယခုအခါ နေထဲတွင် တောကျီးကန်း တစ်ကောင်တည်းသာ ရှိတော့၏။ ထူးဆန်းသည်မှာ ထိုတောကျီးကန်းမှာ ခြေထောက်သုံးချောင်း ပါရှိသည်။ တရုတ်တို့က တောကျီးကန်းသည် ကြည်ညိုစရာ ငှက်ဖြစ်၍ ဘုရားဝတ်ကျောင်းများတွင် တွေ့ရတတ်သည်။

ကျီးအော်သံကို အချိန်နာရီနှင့်တွဲ၍ နိမိတ်ကောက်ကြ၏။ ညဘက် ရှစ်နာရီနှင့် သန်းခေါင်ယံကြား ဆိုလျှင်ကား  သေခြင်း၏ နိမိတ်ဟု တရုတ်တို့က ဆိုကြပြန်သည်။ မြန်မာတို့၏ အယူအစွဲတစ်ရပ်မှာလည်း ကျီးများပြိုလျှင် အများအတွက် မကောင်းသော ရှေ့ပြေးနိမိတ်ဟူ၍ မှတ်ယူခဲ့ကြလေသည်။

(ဃ) ဥဒေါင်းငှက်


ဥဒေါင်းငှက်သည် အရှေ့တိုင်း အယူအဆတွင် ကျက်သရေနှင့် လှပခြင်းကို သရုပ်မူသည်။ မကောင်းမိစ္ဆာကို မောင်းနှင်ပစ်နိုင်၏။ အိန္ဒိယအမှတ်အစွဲတွင် စစိတိုက်မှုဆိုင်ရာနတ်သည် ဥဒေါင်းကို စီး၏။ သို့သော် တစ်ဖက်တွင်လည်း သူရဿတီမည်သော ကဗျာနတ်ဘုရားမနှင့်လည်း ဥဒေါင်းသည် ဆက်စပ်နေပြန်ပါ၏။ လက်ရုံးရည်၊ နှလုံးရည် နှစ်အင်စုံရသည်ဟု ဆိုရမည်ကဲ့သို့ ရှိ၏။ ဣနြေ္ဒနတ်ဘုရားသည်ပင် ဒေါင်းရုပ်ခံပလ္လင်ပေါ်တွင် စံပယ်သည်။ တရုတ်နိုင်ငံတွင်ကား ဥဒေါင်းနှင့် ပတ်သက်၍ အမှတ်အသား ထည်ထည်ဝါဝါ မတွေ့ရပါ။ လှပမှု၊ ကျက်သရေရှိမှု တို့ကြောင့်လား မဆိုနိုင်။ ဥဒေါင်းငှက်သည် အနောက်တိုင်း အယူအစွဲများတွင် ထင်ရှားသော နေရာကို ယူထားသည်ကို တွေ့မြင်နိုင်ပါ၏။

ရှေးဟောင်းလူမျိုးတို့၏ ဒေဝတာပုရာဏ်တွင် ဥဒေါင်းငှက်သည် ဟီရိနတ်ဘုရားမ၏ အချစ်တော်ငှက်ဖြစ်၍ ရောမငှက်ဟု ဆိုသည်။ ထိုငှက်၏အသားသည် မပျက်စီးနိုင်ဟူ၍လည်း ယူဆကြသဖြင့် ရှေးဦး ခရစ်ယာန်တို့က ဥဒေါင်းကို မသေခြင်း၏ သရုပ် သတ်မှတ်ထားကြသည် ဆို၏။ ထိုငှက်၏ မူလဒေသဖြစ်သော အာရှတိုက်တောင်ပိုင်းတွင် အလွန် တန်ဖိုးထားကြသည်။ ကျးများ၊ မြွေများလာလျှင် သတိပေးတတ်ရုံမက မိုးကြီးစွာ ရွာတော့မည်ဆိုလျှင်လည်း သတိပေးတတ်သေးသည် ဆို၏။ အင်္ဂလန်နိုင်ငံတွင်မူ ဒေါင်းတွန်လျှင် မိုးရွာမည့်နိမိတ်ဟု မှတ်ယူတတ်ကြသေးသည်။

မြန်မာတို့က ကျက်သရေရှိသည်ဆိုသော ဒေါင်းမြီးများကို ဧည့်ခန်းတွင် မွမ်းမံထားကြ၏။ အင်္ဂလိပ်လူမျိုးတို့က အိမ်တွင် ဒေါင်းမြီးထားလျှင် လာဘ်မကောင်း၊ ကံမကောင်းဟု ဆိုပြန်သည်။ အိမ်ထောင်ဦးစီးသည် ကံဆိုးမှုနှင့်သော်လည်း တွေ့ဖွယ်ရာ ရှိသည်။ အိမ်က မိန်းမပျိုများ အိမ်ထောင်မကျဘဲလည်း ရှိတတ်သည်ဟု ယူဆကြသည်။

လင်ကွန်းရှိုင်းယားဒေသတွင်ကား အလုပ်ရှာဖွေသူသည် ဦးထုပ်တွင် ဒေါင်းတောင်ကို ထိုးသွားလျှင် အလုပ်ရလွယ်သည်ဟု ဆိုပြန်၏။ ဇာတ်သဘင်သမားများကမူ ဒေါင်းတောင်ကို ဇာတ်ရုံထဲတွင် လက်သင့်မခံချေ။

မည်သို့ပင်ဖြစ်စေ မြန်မာ့အစဉ်အလာတွင်လည်း ဘီလူးမများ ဒေါင်းတောင်ကို ကိုင်စွဲတတ်ခြင်းကို သတိရစရာ ဖြစ်ပါ၏။ အယူအစွဲ၊ ဓလေ့ထုံးစံ၊ အစဉ်အလာ အစရှိသည်တို့ကို လေ့လာဖော်ထုတ် ဆွေးနွေး တွေးတောစရာတွေ များစွာ ရှိနေချေတော့သည်။

ငှက်အမျိုးမျိုးနှင့် ဂန္ဓာရီဆန်သည့် အယူအဆများ (၂)


သက်လုံ

ရှေးခေတ် ရောမဘာသာရေး အယူဝါဒတွင် အသိပညာနှင့် အတတ်ပညာတို့ကို စိုးမိုးသော နတ်ဘုရားမဖြစ်သူ မီနာဗွား (MINERVA) ၏ငှက်မှာ ကြက်ဖ သို့တည်းမဟုတ် ဇီးကွက် ဖြစ်သည်။ ဤသည်မှာ ဇီးကွက်ကို ပညာရှီအဖြစ် ဖော်ပြပေးလေ့ရှိခြင်း၏ သဲလွန်စဖြစ်နိုင်ပါ၏။ ရောမမှ မီနာဗွားမှာ ခေါမမှ အသီးနား(ATHENA) နှင့် တူညီပါသည်။ ဖီးနစ် (PHOENIX) ဟုခေါ်သော ငှက်ကို မြန်မာလို အချို့က ဖိုဝင်ငှက်ဟု ဆိုကြသည်။ ရှေးဟောင်း အီဂျစ်လူမျိုးတို့၏ ပါးစပ်သမိုင်းတွင်လာသော ဒဏ္ဍာရီဆန်သည့်ငှက် ဖြစ်သည်။ သူ့အသက်မှာ နှစ်ပေါင်းငါးရာပြည့်ပြီဆိုလျှင် မီးသင်္ဂြိုဟ်သည့် ထင်းပုံပေါ်တွင် သူ့ကိုယ်သူ မီးရှို့ပစ်၏။ ထိုမီးကျွမ်းသွားသောပြာပုံမှ ဖီးနစ်ငှက်တစ်ကောင် ပေါက်ဖွားလာသည်ဟု ဆို၏။ သေခြင်းနှင့် ရှင်သန်ထမြောက်ခြင်းသရုပ် ဖြစ်၏။ အာရပ်လူမျိုးတို့၏ အယူအစွဲတွင်လည်း ထိုငှက်ပါရှိသည်။ တရုတ်နှင့် ဂျပန်တို့တွင်လည်း ဖီးနစ်ငှက် ပါရှိသော်လည်း ထပ်တူထပ်မျှ မတူညီကြပါ။

သိမ်းငှက်သည် ရှေးခေတ် အီဂျစ်လူမျိုးတို့က သူတို့နတ်ဘုရားများ ဖြစ်ကြသော ရာ(RA) နှင့် ဟောရပ်စ် (HORUS) တို့က အသွင်ယူသောငှက် ဖြစ်သဖြင့် အလေးအမြတ်  ပြုကြသည်။ အိုင်းဘစ်(IBIS) ခေါ် ဗျိုင်းအကြီးစားငှက်တို့ကိုလည်း သော့သ်နတ်ဘုရားက တိုင်ဖွန်၏လက်မှ လွတ်အောင်ပြေးရာတွင် ဤငှက်၏ အသွင်ကိုယူသဖြင့် အလေးအမြတ်ပြုကြ၏။

ကြက်ဖ (ဝါ) ကြက်ထီး

တရုတ်တို့၏ (၁၂) ရာသီခွင်တွင် ဆယ်ခုမြောက် ရာသီခွင်၏ ရုပ်ပုံဖြစ်သည်။ ရှေးက တရုတ်နိုင်ငံတွင် ကြက်ဖ၏အသားကို မစားရဟု ဆို၏။ နှစ်ဆန်းတစ်ရက်နေ့တွင် ကြက်ဖကို မသတ်ရဟု ဆိုသည်။ ကြက်ဖအနီရောင် ရုပ်ပုံကို ချိတ်ထားလျှင် မီးကွင်းနိုင်ပြီး ခေါင်းတလားပေါ်တွင် ကြက်ဖအဖြူရောင်ကို တင်ထားပါက မကောင်းဆိုးဝါးများကို နှင်ထုတ်နိုင်သည်ဟုလည်း ယုံကြည်ကြ၏။ အချို့က နေထဲတွင် ခြေသုံးချောင်းနှင့် တောကျီးကန်းရှိသည်ဟု ယူဆ၍ အချို့ကမူ ကြက်ဖရှိသည်ဟု ယူဆကြသည်။ ကြက်ဖသည် ရဲရင့်ခြင်း၏ သရုပ်ဖြစ်ရုံမက အချိန်မှန်မှန် တွန်တတ်သဖြင့် ယုံစားအားထားရမှု၏ သရုပ်လည်းဖြစ်ရာ ကောင်းကျိုးဆောင်သည်ဟု ဆိုရပေတော့မည်။

ကြက်ဖနှင့်ပတ်သက်သည့် တရုပ်လူမျိုးတို့၏ အယူအဆကို သိရပြီးနောက် အနောက်တိုင်းဘက်သို့ လှည့်လည်သည်ရှိသော် ဤသို့ မှတ်သားရပြန်၏။ ကြက်ဖသည် နေထွက်ချိန်တွင် တွန်ကျူးတတ်သဖြင့် နေနှင့်ပတ်သက်သောငှက် (ဝါ) နေငှက် ဟူ၍ အနောက်တိုင်းသား အများအပြားက ယူစွဲခဲ့ကြသည်။ ကြက်ဖသည် တစ္ဆေများ၊ မကောင်းဆိုးဝါးများ၏ ရန်သူဖြစ်၍ လူသားတို့ကို စောင့်ရှောက်သည်။ နေ့ဘက်တွင်သာမက ညဘက်မှာလည်း တွန်ကျူးတတ်သဖြင့် သတိဖြင့် စောင့်ရှောက်ကြသူများအဖြစ် မှတ်ယူခဲ့ကြသည်။ တိုက်ကြက်များတွင် တွေ့ရသည့်အတိုင်း ကြက်ဖသည် ရဲရင့်သည်ဖြစ်ရာ ဒေဝတာပုရာဏ်များတွင် စစ်နတ်ဘုရားများနှင့် ဆက်စပ်နေတတ်ကြ၏။ ထို့ပြင် ဆန်းပြားစွာပင် ကောက်ပဲသီးနှံများနှင့်လည်း ဆက်စပ်နေ၏။ ထို့ကြောင့် တောင်သူလယ်သမားများ၏ အိမ်ခေါင်မိုးတို့တွင်လည်း ကြက်ဖရုပ်ကလေးများကို တွေ့ရတတ်လေသည်။

အင်္ဂလန်နိုင်ငံ ကျေးလက်ဒေသများမှ အယူတွင် ကြက်ဖသည် တံခါးပေါက်နားကပ်၍ တွန်နေလျှင်သော် လည်းကောင်း၊ အိမ်ထဲဝင်လျှင်သော် လည်းကောင်း သူစိမ်းဧည့်သည် သို့တည်းမဟုတ် မမျှော်လင့်သော ဧည့်သည် ရောက်လာမည့်နိမိတ်ဟု ယူမှတ်ကြ၏။ ရှေးခေတ်က သူခိုးဖော်နည်း တစ်နည်းမှာ ကြက်ဖကို မှောက်ထားသော အိုးထဲထည့်ထား၍ သင်္ကာမကင်း ဖြစ်ခံရသည့်လူများက အိုးကို တစ်လှည့်စီ ထိကြရသည်။ သူခိုးက အိုးကို ထိလိုက်မိသည့် ခဏတွင် ကြက်ဖက ထ၍တွန်သည်ဟု ဆို၏။ ဤသို့ ဖော်ထုတ်နည်းနှင့် ပတ်သက်၍ သဘာဝကျပြီး စိတ်ဝင်စားဖွယ် ဖြစ်ရပ်တစ်ခု၏ မှတ်တမ်းကို ဖတ်ရသည်။

(၁၉) ရာစုက ဒေသတစ်ခုတွင် မှောင်နေသော အခန်းတစ်ခန်းထဲ၌ မြေအိုးတစ်လုံးကို မှောက်ထား၍ အထဲတွင် ကြက်ဖတစ်ကောင် ထည့်ထားသည်။ သူခိုးဖော်ထုတ်သည့် ပညာရှိသည် အိုးအပြင်ဘက်ကို ဆီများ၊ မီးသွေးများ လိမ်းကျံထားသည်။ ပစ္စည်းပျောက်ခြင်းနှင့် ပတ်သက်၍ သင်္ကာမကင်း ဖြစ်ရသူများကို တစ်လှည့်စီ အခန်းတွင်းသို့ ဝင်၍ အိုးကို လက်ဖြင့် ထိစေသည်။ တစ်ယောက်ချင်းစီ ဝင်သွားလိုက်၊ ပြန်ထွက်လာလိုက်နှင့် လူစေ့သွား၏။ ကြက်ဖကား လုံးဝမတွန်ချေ။

ထိုအခါ ပညာရှိက လူတိုင်း၏ လက်တွေကို ကြည့်ရှုစစ်ဆေးရာ လူတစ်ယောက်ကလွဲ၍ လူတိုင်း၏ လက်တို့တွင် အိုးမဲများပေနေရာ အိုးမဲမပေသော လက်ပိုင်ရှင်သည် သူခိုးအစစ်ဖြစ်ကြောင်း ပညာရှိက ဖော်ထုတ်နိုင်တော့သည်။ ထိုသူသည် မဝံ့မရဲဖြစ်နေသဖြင့် အိုးကို လက်ဖြင့်မတို့ထိခဲ့ခြင်း ဖြစ်သည်။ ကြက်က မတွန်လိုက်ရဘဲနှင့် သူခိုးပေါ်သွားတော့၏။

ကြက်ဖအဖြူသည် လာဘ်ကောင်းသော တိရစ္ဆာန်ဖြစ်၍ သူတို့ မွေးမြူထားသောအိမ်ကို ကာကွယ် စောင့်ရှောက်ပေးရာ ထိုကြက်ဖမျိုးကို သတ်သူသည် ကံဆိုးမှုများနှင့် ကြုံရတတ်သည်။ ကြက်အနက်များသည် ဂန္ဓာရီလောကတွင် အရေးပါလှ၏။ စုန်းအတတ်ကျင့်သုံးခြင်းများတွင် တွေ့ရတတ်ရုံမက ခရစ်ယာန်သာသနာ မရောက်မီ ရှေးယခင်က လောကီအစီအရင်များ၌ ကြက်ဖနက်များကို အသုံးပြုခဲ့ကြသည်။ ပြင်သစ်နိုင်ငံတွင်လည်း ညသန်းခေါင်းယံတွင် ကြနက်ကို လမ်းဆုံလမ်းမ လမ်းလေးခွအလယ်သို့ ယူသွားပြီး ပြင်သစ်ဘာသာစကားဖြင့် ‘ကြက်ရောင်းမည်’ ဟု သုံးကြိမ်အော်လျှင် နတ်ဆိုးပေါ်လာပြီး ကြက်ကိုယူသွားကာ ငွေကြေးများကို လက်ဖြင့်ဆုပ်၍ ပေးခဲ့သည်ဟု အဆိုရှိဖူးလေသည်။

ကျွန်ုပ်တို့ မြန်မာလူမျိုးများတွင်လည်း ခမဲပေးရာတွင် ကြက်ကို အသုံးပြုခြင်းကို တွေ့ရဖူးပါသဖြင့် ဂန္ဓာရီလောကတွင်လည်း ကြက်သည် တစ်နည်းနည်း ဆက်စပ်ပါဝင်နေသော တိရစ္ဆာန်ဖြစ်သည်ဟု ယူဆရပါသည်။ တရုတ်လူမျိုးများ၏ အယူအစွဲတွင် ကြက်မသည် အကောင်လိုက် မဆိုထားနှင့် ရုပ်ပုံကပင် မကောင်းဆိုးဝါးများကို နှင်ပစ်နိုင်သည် ဆို၏။ တရုတ်နိုင်ငံ တောင်ပိုင်းနှင့် ဗီယက်နမ်တို့တွင် ကြက်ဥများ၊ ကြက်ရိုးများဖြင့် ဗေဒင်ဟောသည် ဆို၏။ (ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်လည်း ကြက်ရိုးထိုး၍ ရှေ့ဖြစ်ဟောသော အတတ်ပညာ ရှိခဲ့ပါ၏။) ရှေးဟောင်းတရုတ်တို့၏ အယူအဆတွင် သွေးသည် တစ္ဆေသရဲများကို နိုင်နင်းသည်ဟု ဆို၏။

တွန်သောကြက်မ သို့တည်းမဟုတ် ကြက်ဖ၏ အမွေးအတောင်မျိုးနှင့် ကြက်မသည် လာဘ်မကောင်းသော ကြက်မ ဖြစ်သည်။ အချို့သောအရပ်များတွင် မွေးထားသောကြက်များ၌ ထိုသို့သော ကြက်မမျိုးပါလျှင် ပိုင်ရှင်၏ မိသားစုဝင်တစ်ဦးဦးအတွက် သေဆုံးမည့်နိမိတ်ဟု ယူဆကြ၏။ မည်သို့ပင်ဖြစ်စေ ထိုသို့သော ကြက်မမျိုးသည် တစ်နည်းနည်းအားဖြင့် မကောင်းသောနိမိတ်ဟူ၍ကား ယူဆကြသည်ချည်းပင် ဖြစ်သည်။ အကယ်၍ ကြက်မများသည် ထုံးစံမဟုတ်သောအချိန်တွင် အထူးသဖြင့် နေ့ခင်းဘက်များတွင် အိပ်တန်းတက်လျှင် မိသားစုဝင်တစ်ဦးဦး သေဆုံးတတ်၍ အိမ်ထောင်ဦးစီးကိုယ်တိုင်ပင် သေဆုံးတတ်သည်ဟု အယူရှိကြလေသည်။ အချို့သော ဒေသများတွင် စွဲနေသော အယူကား ကြက်မများ သို့တည်းမဟုတ် ကြက်ဖများသည် အိမ်ထဲဝင်လာခဲ့သော် မကြာမီ ဧည့်သည်လာမည့်နိမိတ် ဟူ၍ မှတ်ယူကြခြင်း ဖြစ်၏။

ဖော်ပြခဲ့ပြီးသော အယူအစွဲများကို ထောက်ရှု၍ လည်းကောင်း၊ ‘ကျီးစောင့်ကြက်နှင်’ ဟူသော မြန်မာစကားကို ထောက်ရှု၍ လည်ကောင်း ကျီးနှင့်ကြက်တို့သည် နီးစပ်လျက်ရှိသည်ကို တွေ့ရသည်။ အယူအစွဲအနေနှင့်ကား ထိုတိရစ္ဆာန်နှစ်မျိုးစလုံးပင် ဧည့်သည်နှင့် ဆက်စပ်နေပေသည်။


ဖီးနစ်ငှက် (PHOENIX)


ဤငှက်ကို အချို့က ဖိုဝင်ငှက်ဟု ဘာသာပြန်၍ အချို့က ဇာမနီငှက်ဟု ဘာသာပြန်ဆိုကြသည်။ တကယ်တော့ မြန်မာဘာသာတွင် မရှိသောငှက်ဟု ထင်ပါသည်။ ရှေးဟောင်း အီဂျစ်တို့၏ အယူအရ ဖီးနစ်ငှက်သည် မီးပုံထဲဆင်း၍ အသက်ပြန်ဆက်သည်ဟု ဆိုသည်။ ဖုန်းဝှမ်ဟု ခေါ်သော တရုတ်တို့၏ ဖီးနစ်ငှက်ကား ဤသို့မဟုတ်ပါ။ ထူးဆန်း၍ နိမိတ်ကောင်းသောငှက် ဖြစ်ပါသည်။ ငှက်တို့၏ဘုရင်ဟုလည်း ဆိုကြ၏။ နဂါးဖြင့်တွဲ၍ ပုံရေးလျှင်ကား နဂါးသည် ဘုရင်ဖြစ်၍ ဖုန်းဝှမ်သည် မိဖုရားသရုပ်မူသည်။

တရုတ်ရှေးဟောင်းပညာ လေ့လာသူများက ‘ဖုန်း’ ဟူသည်မှာ ‘လေ’ ဟူသောစကားမှ လာသည်ဖြစ်၍ ‘ဖုန်းဝှမ်’ သည် ဝါယောနတ်များ အနွယ်ဖြစ်သည်ဟု ကောက်ယူကြသည်။ အချို့ကမူ ဤငှက်သည် ‘ယန်း’ သဘောဆောင်၍ တောင်အရပ်မျက်နှာနှင့် ပတ်သက်သည် ဆို၏။ လူသား၏ အရည်အချင်း ငါးရပ်ကို ကိုယ်စားပြု၏။ ဦးခေါင်းသည် ‘တယ်’ ခေါ် ကောင်းသောအရည်အသွေး၊ အတောင်ပံများက တာဝန်၊ ကျောက အစီအရင်ပြုမူချက် မှန်ကန်မှု၊ ရင်ဘတ်သည် လူသားဆန်ခြင်း၊ ဝမ်းဗိုက်သည် အားထားရမှုတို့ ဖြစ်၏။ သို့ဖြစ်၍ ဤငှက်၏ အမွေးများသည် အရောင်ငါးမျိုး ရှိလေသည်။

အချို့သော တရုတ်ကျမ်းများတွင် ဟင်္သာပဒါးရောင်ရှိသော ဖီးနစ်ငှက်သည် တောင်ဝင်ရိုးစွန်းတွင်ရှိသည့် ဟင်္သာပဒါးဂူထဲတွင် အနီရောင်ရှိ၍ အရပ်မျက်နှာနှင့် ဆက်စပ်သည်။ တောက်ဝါဒီတို့၏ အဂ္ဂိရတ်ပညာတွင် ဟင်္သာပဒါးသည် အခြေခံဓာတ်တစ်ခု ဖြစ်၏။ ဤသို့ဖြင့် ဖီးနစ်ငှက်သည် အရေးပါလာပေတော့သည်။

ဇီးကွက်

ဇီးကွက်အကြောင်းမပြောမီ ကျွန်ုပ်တို့ မြန်မာလူမျိုးများ၏ အယူအစွဲကို ဖော်ပြလိုပါသည်။ ‘ဇီးကွက်နှစ်ကောင် လာဘ်ကိုဆောင်’ ဟူသည်နှင့်အညီ မြန်မာတို့သည် ဇီးကွက်ကို နိမိတ်ကောင်းသောငှက် အဖြစ် ယူဆကြသည်။ ကျွန်ုပ်သည် ရေကျော် ဝတ်ကျောင်းလမ်းထဲတွင် နေခဲ့စဉ်က ညဘက် သန်းခေါင်းယံ နားတစ်ဝိုက်တွင် ဇီးကွက်ကလေးတစ်ကောင်သည် ခေါင်မိုးပေါ်မှ ဖြတ်ပျံ၍ အော်မြည်သွားတတ်သည်။ သူက‘ဇီး … ကွက်’ ဟု အော်မြည်ပုံရသော်လည်း ကျွန်ုပ် ကြားရသော အသံမှာ ‘ကွက် … ကွက်’ သာ ဖြစ်၏။ ညတိုင်းတော့ မဟုတ်ပါ။ သို့သော် သူဖြတ်ပျံ၍ အော်မြည်သွားပြီး နောက်နေ့ သို့တည်းမဟုတ် နောက်နှစ်ရက်လောက်တွင် ကျွန်ုပ်မှာ ငွေကြေး ထိုက်ထိုက်လျောက်လျောက်ကလေး ဝင်ပါ၏။ ထို့ကြောင့် ဇီးကွက်ကို နိမိတ်ကောင်းသောငှက်အဖြစ် ကျွန်ုပ်ကလည်း လက်ခံချင်ပါ၏။

သို့ရာတွင် ဇီးကွက်ပုံသဏ္ဌာန်ရှိသော်လည်း တစ်ကိုယ်လုံး အဖြူရောင်နှင့် ငှက်သည်ကား ဇီးကွက်မဟုတ်ဘဲ လင်ကောင်ပိုးငှက်သာဖြစ်၍ ဒုနိမိတ္တဖြစ်သော ငှက်ဆိုးထဲတွင် ပါဝင်သည်ဟု မှတ်သားဖူးပါသည်။ ညဥ့်ငှက်များ အထူးသဖြင့် ကြောက်စရာအသံ ပြုတတ်သည့် ငှက်များကို ကြောက်တတ်ကြသည့် အားလျော်စွာ ဇီးကွက်ကိုလည်း ကြောက်စရာ ဒုနိမိတ္တငှက် တစ်ကောင်အဖြစ် အနောက်နိုင်ငံများတွင် ယူမှတ်ထားကြ၏။

ရှေးခေတ်က ရိုမန် (ခေါ်) ရောမလူမျိုးများက ဇီးကွက်ကို ရွံမုန်းကြသည်။ ထိုငှက်ကို သေဆုံးခြင်းနှင့် ကပ်ဆိုက်ခြင်းတို့ဖြင့် တွဲစပ်မှတ်ယူထားကြသည်။ သို့သော်ငြားလည်း ရှေးခေတ်က ခေါမ (ခေါ်) ဂရိလူမျိုးများကသော်ကား ဇီးကွက်ကို ရိုသေလေးစားကြသည်။ ပညာကိုစောင့်သော နတ်ဘုရားမဖြစ်သည့် အသီးနီး (ATHENE) ၏ အချစ်တော်ငှက် ဖြစ်သောကြောင့်တည်း။ စစ်ပွဲတွင် ခေါမစစ်သားများ၏ ရှေ့ကဖြစ်စေ၊ အပေါ်ကဖြစ်စေ ပျံသန်းသွားလျှင် စစ်အောင်မည့်နိမိတ်ဟူ၍ ယူဆထားကြသည်။

ဥရောပတိုက်နိုင်ငံ အများအပြားနှင့် ဗြိတိန်နိုင်ငံတွင်ကား လာဘ်မကောင်းသော ငှက်အဖြစ် ယူစွဲထားကြရာ ညဘက်တွင် ထိုငှက်အော်မြည်သံကိုကြားလျှင် မုန်းတီးသူများ ယခုထက်တိုင် ရှိသည်ဆို၏။ တောင်ပိုင်းကလူများ၏ အယူ၌ ဇီးကွက်သည် ဘုရားရှိခိုးကျောင်းများထဲတွင်နေကာ ဆီမီးခွက်မှဆီကို သောက်၏။ ထိုသို့မှ မဟုတ်လျှင်လည်း အဆောက်အုံပျက်များတွင် နေကြ၏။ ယင်းသို့ နေကြခြင်းကား သူတို့သည် အိုင်ဗွီ (ခေါ်) တိုက်ကပ်နွယ်ပင်ကို ခိုလှုံချင်ကြသောကြောင့် မဟုတ်။ ထိုနေရာများသည် မသန့်လည်းမသန့်၊ တစ္ဆေလည်း ခြောက်တတ်သောကြောင့် သူတို့နေချင်ကြသည်ဟု မှတ်ယူထားကြသည်။

နေ့ဘက်တွင် ဇီးကွက်ကိုတွေ့မြင်ရလျှင် ကံဆိုးသည် ဆို၏။ ကျွန်ုပ် ငယ်စဉ်က နေ့ဘက်တွင် ကျီးကန်းတွေလိုက်၍ ဝိုင်းထိုးနေကြသော ဇီးကွက်ကလေးကို တွေ့ဖူး၏။ ကံမကောင်းခြင်း ဘာမှ မဖြစ်ခဲ့ပါ။ သူတို့နိုင်ငံတွင် ဇီးကွက်ကို ချိုးငှက်၊ ခိုငှက်များနှင့် ရောထွေး၍ ယူစွဲမှုများ ရှိနေသဖြင့် သူတို့၏ အယူအဆများကို ဤမျှသာ တင်ပြလိုပါသည်။

ယခုခေတ် တရုတ်နိုင်ငံတွင် ဇီးကွက်ကို ကံကြမ္မာဆိုးကို ဆောင်ကြဉ်းလာသောငှက်ဟု စွဲမှတ်ကြရာ ပျော်ရွှင်မှုနှင့် ကံကောင်းမှုတို့ကို ဆောင်ကြဉ်းတတ်သော ဖီးနစ်ငှက်နှင့် ဆန့်ကျင်ဘက် ဖြစ်တော့သည်။ သို့ရာတွင် ရှေးခေတ် တရုတ်နိုင်ငံတွင် ဇီးကွက်ကို အကောင်းမြင်ခဲ့ကြပုံ ရ၏။ ခေါင်အုတ်ပေါ်တွင် ဇီးကွက်ရုပ်များ ထုထားခြင်းဖြင့် မိုးကြိုးနှင့် မီးအန္တရာယ်မှ ကင်းလွတ်သည်ဟု အယူရှိခဲ့ကြောင့်း မှတ်တမ်းများကိုလည်း တွေ့ကြရသည်။


ရစ်ငှက်


ရှေးခေတ်က တရုတ်လူမျိုးတို့သည် လည်းကောင်း၊ ဂျပန်လူမျိုးတို့သည် လည်းကောင်း၊ တိရစ္ဆာန် တစ်ကောင်သည် အခြားသော အသွင်သဏ္ဌာန်ဖြင့် ပြောင်းလဲနိုင်ကြောင်းကို အယူအမှတ် ရှိကြသည်။ သူတို့၏ ရိုးရာပုံပြင်များ၊ ဒဏ္ဍာရီများတွင် တွေ့မြင်ကြရလေ၏။

ရစ်ငှက်နှင့် ပတ်သက်၍လည်း ရှေးခေတ်တရုတ်လူမျိုးများ၏ အယူအစွဲတွင် ရစ်ငှက်သည် ဆောင်းရာသီ ပထမလတွင် ကမာကောင်အဖြစ် ပြောင်းသွားသည် ဆို၏။ အချို့ကမူ မြွေဖြစ်သွားသည်ဟု ဆိုကြပြန်သည်။ မည်သို့ပင်ဖြစ်စေ တရုတ်အယူအဆတွင် ရစ်ငှက်သည် ယေဘုယျအားဖြင့် မင်္ဂလာမရှိသော ဒုနိမိတ္တငှက်မျိုး ဖြစ်၏။ ဆယ့်နှစ်လမြောက်လ၏ အစတွင် ရစ်ငှက်များ အော်မှ ကောင်းသည်။ မအော်မြည်လျှင် ရေကြီးမည့်နိမိတ် ဖြစ်၏။ ထိုလ၏ လဝက်တိုင်အောင် မအော်မြည်ကြဟုဆိုလျှင် မိန်းမများ ရာဂစိတ် ပြင်းထန်၍ ယောက်ျားများကို ခိုးယူမည်ဟု ဆိုသည်။ ပထမဆုံး မိုးခြိမ်းသံဖြစ်ပေါ်လျှင် ဖြစ်စေ၊ ကြယ်တံခွန် ထွက်ပေါ်လာလျှင် ဖြစ်စေ ရစ်ငှက်များ အော်မြည်ကြသည်ဟု ပြောစမှတ်ရှိ၏။ ဤကား ရှေးဟောင်း တရုတ်လူမျိုးတို့၏ အယူအစွဲဖြစ်သည်။ ရစ်ငှက်နှင့် ပတ်သက်၍ အနောက်တိုင်းမှ အယူအစွဲများကိုမူ မမြင်တွေ့မိပါချေ။
သက်လုံ
မေလ၊ ၂၀၁၁၊ သူရဇ္ဇမဂ္ဂဇင်း။
 
 
credit to

ငွေဇင်ယော်

  • မြန်မာဆိုက်ဘာ-စာအုပ်စင်

မာတိကာ


statistics

web tracker