ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Monday, July 25, 2011

အချစ်နှင့်ဝိပဿနာ

အချစ်နှင့်ဝိပဿနာ
ရဝေနွယ်(အင်းမ)

.

ထွက်ပေါက်မှန်ပါစေ


ပိယတော ဇာယတီ သောကော၊

ပိယတော ဇာယတီ ဘယံ။
ပိယတော ၀ိပ္ပမုတ္တဿ၊
နတ္ထိသောကော ကုတောဘယံ။
(ဓမ္မပဒ)
ဒီဂါထာလေးက အားလုံးရဖူးကြားဖူးတဲ့ ဂါထာလေးပါ။မြန်မာလိုအဓိပ္ပါယ်ကတော့-
အချစ်ကြောင့် သောကဖြစ်ရပါတယ်၊
အချစ်ကြောင့် ဘေးဖြစ်ရပါတယ်၊
အချစ်မရှိရင် အချစ်မှကင်းလွတ်ရင် သောကမဖြစ်ဘူး၊ဘေးလည်းမဖြစ်တော့ပါဘူးတဲ့။
ဒီဂါထာလေးရဲ့ အဓိပ္ပါယ်ကိုကြည့်ပြီး ပထမဆုံး သတိရဖြစ်လိုက်တာက မြို့ကလေးတစ်မြို့ကအမျိုးသမီးကြီးတစ်ယောက်ရဲ့ အကြောင်းပါ။
တစ်ခါတုန်းကပဲ ဆိုပါတော့။မြို့ကလေးတစ်မြို့မှာ အမျိုးသမီးကြီးတစ်ယောက်ရှိပါတယ်။အမျိုးသမီးကြီးလို့ဆိုပေမယ့် အသက်က လေးဆယ့်ငါးနှစ်လောက်ပဲရှိပါသေးတယ်။
နည်းနည်းဝနေလို့ အမျိုးသမီးကြီးလို့ သုံးလိုက်တာပါ။
သူ့မှာလင်ယောင်္ကျားရှိသလို သားသုံးယောက်လည်းရှိပါတယ်။ သားသုံးယောက်လုံးက ကျောင်းနေပါတယ်။ အလုပ်ကတော့ ဈေးထဲမှာ ဈေးရောင်းပါတယ်။ ဈေးနဲ့စာသင်
ကျောင်း နီးနေတဲ့အတွက် သားတွေကိုကိုယ်တိုင်ကျောင်းပို့ပြီးမှ ဈေးထွက်လေ့ရှိပါတယ်တဲ့။
ပြောလိုတာက အိမ်ရဲ့ စီးပွားရေးကို ဇနီးဖြစ်သူအမျိုးသမီးကြီးက ဦးဆောင်လုပ်ကျွေးနေတယ်ဆိုတာပါပဲ။
တစ်နေ့မှာတော့ ယောင်္ကျားလုပ်သူက အမျိုးသမီးငယ်ငယ်တစ်ယောက်နဲ့ နောက်အိမ်ထောင်ပြုသွားပါတော့တယ်။
ဒီတော့ အမျိုးသမီးကြီးလည်း အချစ်ကြောင့် သောကဖြစ်ရတယ်ဆိုတဲ့အတိုင်း မစားနိုင်,မသောက်နိုင်,မအိပ်နိုင်, အလုပ် မလုပ်နိုင်နဲ့ သောက်ကတွေဖြစ်ရပါတော့တယ်။ဈေးဆိုင်
ကို ကိုယ်တိုင်မထွက်နိုင်တော့သလို သားတွေကိုလည်း ကျောင်းကိုကိုယ်တိုင် မပို့နိုင်တော့ပါဘူး။ ဆိုင်ကို အမျိုးမကင်းတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လွှဲထားပြီး ကိုယ်တိုင်ကတော့ တဆင့် တဆင့် ပွားပွားလာတဲ့သောကတွေနဲ့ပဲ ရင်ဆိုင်နေရပါတော့တယ်။

ဒီလိုနဲ့ လ, နည်းနည်းကြာလာတော့ ယောင်္ကျားရဲ့  နောက်အိမ်ထောင်အမျိုးသမီးငယ်လေးမှာ ကိုယ်ဝန်ရလာပါတယ်။
ဒီသတင်းကြားရတော့ မယားကြီးဖြစ်သူ အမျိုးသမီးကြီးက ပိုလို့သောကရောက်ရပြန်ပါတယ်။
ကြာလာတော့ဖြစ်ပေါ်နေတဲ့သောကကို မခံစားနိုင်တော့ပါဘူး။ ဒါကြောင့် ရေနွေးကျွတ်ကျွတ်ဆူနေတဲ့ရေနွေးတွေကို ရေပုံးတစ်လုံးထဲထည့်ပြီး ကိုယ်ဝန်သည် အမျိုးသမီးလေးလာ
တတ်တဲ့ တံတားအလယ်လောက်က သွားစောင့်နေပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အဲဒီနေ့မှာပဲ ကိုယ်ဝန်သည် အမျိုးသမီးငယ်လေးက တံတားပေါ်ကိုဖြတ်လာပါတယ်။အမျိုးသမီး
ငယ်လေးက အမျိုးသမီးကြီးကို ကျော်အသွားမှာ နောက်ကနေ ရေနွေးပူတွေနဲ့ လောင်းချလိုက်တော့တာပါပဲ။ အမျိုးသမီးငယ်လေးလည်း နေရာမှာတင် ပုံလျက်သားလဲကျသွားပါတယ်။
အမှတ်မထင်တဲ့ဖြစ်စဉ်ကြောင့် လူတွေလည်း ၀ိုင်းအုံလာကြပါတယ်။ ရောက်လာတဲ့ ပရိသတ်ကပဲ အမျိုးသမီးငယ်လေးကို ဆေးရုံဝိုင်းတင်ပေးကြပါတယ်။ အားလုံးကတော့"၂ သက် ကို
သတ်လိုက်တာ၊၂ သက်ကိုသတ်လိုက်တာ"ဆိုပြီး ပြောဆိုနေကြပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ထဲက ကလေးပဲ ပျက်စီးသွားပြီး မိခင်ကတော့ အသက်မသေလိုက်ပါဘူး။
နောက်ဆုံးတော့ ရေနွေးပူနဲ့ လောင်းလိုက်သူ အမျိုးသမီးကြီးလည်း ဥပဒေရဲ့  အရေးယူမှုကိုခံရပြီး ထောင်ကျသွားရပါတော့တယ်။
အထက်က ဂါထာလေးကိုရွတ်ဖြစ်တိုင်း အမျိုးသမီးကြီးရဲ့ ဖြစ်စဉ်ကို သွားသွားသတိရမိလို့ပါ။
အမျိုးသမီးကြီးဟာ အချစ်ကြောင့် သောကတွေလည်းဖြစ်ရသလို ထောင်ကျခြင်းဆိုတဲ့ ဘေးလည်းဖြစ်သွားရတာပါ။မြတ်စွာဘုရားရှင် ဟောထားတဲ့ဂါထာလေးနဲ့ကွက်တိပါပဲ။
စာရေးသူကတော့ အမျိုးသမီးကြီး အချစ်ကြောင့်သောကဖြစ်နေရတဲ့အချိန်, ဘေးမဖြစ်သေးခင်မှာ ဦးဇင်း အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)ရဲ့  "အချစ်ကံခေပေမယ့် အနှစ်ကျန်စေ
ရမယ်"ဆိုတဲ့ စာအုပ်ကို ပေးဖတ်လိုက်ချင်တာပါ။
အဲဒီစာအုပ်ထဲမှာ အချစ်ကံခေပေမယ့် အနှစ်ကျန်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ၀တ္ထုလေးတစ်ပုဒ်နဲ့အကျယ်ညွှန်ပြထားလို့ပါ။
မြတ်စွာဘုရားရှင်လက်ထက်တော်က အမျိုးသမီးငယ်လေးတစ်ယောက် ရှိပါတယ်။သူ့ကို သူ့ရဲ့ ခင်ပွန်းက တစ်စက်မှ မချစ်ပါဘူး။ ဒါကြောင့် တခြားအမျိုးသမီးတစ်ယောက်နဲ့
ဖောက်ပြန်နေပါတယ်။
ဒီတော့ အမျိုးသမီးငယ်လေးက "သူက မချစ်လည်း ကိစ္စမရှိပါဘူး"ဆိုပြီး တရားဘက်ကိုပဲ အဓိကထားလုပ်ပါတော့တယ်။
အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ကို အိမ်ကိုပင့်ပြီး ဆွမ်းကပ်၊ တရားနာယူပါတယ်။ ဟောတဲ့တရားတွေကို အခြေခံပြီး ၀ိပဿနာရှုမှတ်လိုက်တာ အိမ်မှာ သောတပန်
တည်သွားပါတယ်။
နောက်ဘိက္ခုနီမပြုပြီး ဆက်တရားအားထုတ်လိုက်တာ ရဟန္တာဖြစ်သွားပါတော့တယ်။
အမျိုးသမီးငယ်လေးအနေနဲ့ အိမ်ထောင်ရေး အဆင်ပြေနေမယ်ဆိုရင် အခုလို တရားအားထုတ်ဖြစ်မှာ မဟုတ်ပါဘူး။ အဆင်မပြေတဲ့ အိမ်ထောင်ရေးက တရားအားထုတ်ဖြစ်ဖို့
ကျေးဇူးပြုလိုက်တာပါ။ တချို့  ဆိုးကျိုးတွေဟာ တစ်ဖက်မှာ ကောင်းဖို့ဆိုးလာတာပါ။
ဒါပေမယ့် အမျိုးသမီးကြီး သောကတွေရောက်နေတုန်းက ဦးဇင်းအရှင်ဆန္ဒာဓိကရဲ့ စာအုပ်က မထွက်ရသေးပါဘူး။
ပြဿနာတိုင်း ပြဿနာတိုင်းမှာ ထွက်ပေါက်ဆိုတာရှိပါတယ်။ ကိုယ်က ထွက်ပေါက်ရှာတတ်ဖို့ပဲ အရေးကြီးပါတယ်။
ဘာပဲပြောပြော ပြဿနာတိုင်း ပြဿနာတိုင်းမှာ ထွက်ပေါက်ဆိုတာ ရှိစမြဲဆိုတော့ နောက်ဆုံး သေချင်လောက်အောင် ဖြစ်ရတဲ့ ပြဿာနာမျိုးမှာတောင် ထွက်ပေါက်ဆိုတာရှိပါ
တယ်။
အထက်က ၀တ္ထုဖြစ်စဉ်လေးနှစ်ခုနဲ့ ယှဉ်ပြောရရင် အမျိုးသမီးကြီးက ထွက်ပေါက်မှားသွားတာပါ။ တစ်ခုဖြစ်လာပြီဆိုရင် ယောနိသောမနသိကာ ရရှိတဲ့သူက အကုသိုလ်တွေ ဖိပြု
ပါတယ်။ အယောနိသောမနသိကာအသိက ကွာသွားတော့ အပြုအမူပိုင်းပါ ကွာသွားတော့တာပါ။
ဘယ်လိုပြဿနာမျိုးပဲကြုံကြုံ တရားသဘောနဲ့ ဖြေရှင်းနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားရပါမယ်။ တချို့  ပြဿနာတွေကို ဒါနပေးကမ်းစွန့်ကြဲပြီး ဖြေရှင်းရပါတယ်။ တချို့  ပြဿနာ
တွေကိုမေတ္တာနဲ့ဖြေရှင်းရပါတယ်။ တချို့  ပြဿနာတွေကို သနားကရုဏာနဲ့ ဖြေရှင်းရပါတယ်။ တချို့  ပြဿနာတွေကို ဥပေက္ခာနဲ့ ဖြေရှင်းရပါတယ်။တချို့  ပြဿနာတွေကို သည်းခံပြီး ဖြေ
ရှင်းရပါတယ်။ တချို့  ပြဿနာတွေကို သည်းခံတာမဟုတ်ဘဲ တုံဏှိဘာဝေ=ဆိတ်ဆိတ်နေပြီး ဘာစကားမှကို ပြန်မပြောဘဲ ဖြေရှင်းပစ်ရပါတယ်။ တချို့  ပြဿနာတွေကို သစ္စာဆိုပြီးဖြေ
ရှင်းရပါတယ်။ တချို့  ပြဿနာတွေကျတော့ ၀ိပဿနာနဲ့ ဖြေရှင်းပစ်လိုက်ရပါတယ်။
ပြဿနာတစ်ခုဖြစ်လာပြီဆိုရင် ခုတင်ပေါ်လှဲ,နဖူးပေါ်လက်တင်,စိတ်ကောရုပ်ကောလျော့ထားပြီး"ငါတရားသဘောနဲ့ ဖြေရှင်းနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားမယ်"ဆိုတဲ့ အသိကို
ထပ်ကာ ထပ်ကာ ဆင်ခြင်နေလိုက်ပါ။ ရင်ထဲကို ကိုယ်ဆင်ခြင်တဲ့ `အသိ´ ရောက်လာပြီဆိုရင် သင့်တော်ရာ တရားသဘောတစ်ခုခုနဲ့ ဖြေရှင်းရမှာပါ။
အားတဲ့အခါလေးတွေမှာလည်း တရားသဘောလေးတွေကို ဆင်ခြင်ဆင်ခြင်နေသင့်ပါတယ်။ ဆင်ခြင်ရင်း ဆင်ခြင်ရင်းနဲ့ "တရားအသိ"လေးတွေ ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့
"တရားအသိ"လေးတွေကို အခြေခံပြီးဖြစ်ပေါ်နေတဲ့ ပြဿနာကို တရားသဘောနဲ့ ဖြေရှင်းသွားဖို့ပါပဲ။
ဖြစ်ပေါ်လာတဲ့ ပြဿနာကို မတရားတဲ့သဘောနဲ့ ဖြေရှင်းလိုက်ရင် နောက်ဆက်တွဲ ပြဿနာတွေကလည်း ပေါ်လာရဦးမှာပါ။
တကယ့်ကို ကိုယ်ကဖြစ်ပေါ်လတဲ့ ပြဿနာကို တရားသဘောနဲ့ ဖြေရှင်းချင်တယ်၊ မဖြေရှင်းတတ်ဘူးဖြစ်နေရင် ဆရာတော်တွေ၊ မိတ်ကောင်းဆွေကောင်း လူပညာရှိတွေကို
တိုင်ပင်ပြောပြ အကြံဥာဏ်ယူသင့်ပါတယ်။ နောက်ဆုံး ဘယ်လိုမှ မဖြေရှင်းတတ်တော့ဘူး။ သိပ်စိတ်ဆင်းရဲနေပြီဆိုရင် ရိပ်သာဝင်ပြီး(၁၀)ရက်လောက် တရားအားထုတ်ပစ်လိုက်ပါတော့
အချစ်ဆိုတာ အနာဂါမ်ရောက်မှ ပယ်လို့ရမှာပါ။ အနာဂါမ်မဖြစ်သရွေ့ တော့ အချစ်ဆိုတာ ရှိနေဦးမှာပါ။ အချစ်ရှိနေသေး သရွေ့ တော့ အချစ်နဲ့ယှဉ်တဲ့ နောက်ဆက်တွဲ ပြဿနာ
တွေနဲ့လည်း ရင်ဆိုင်နေရဦးမှာပါ။
ကဲ....... စာဖတ်သူ၊ အောက်ကစာပိုဒ်ကလေးကို နှစ်ခေါက်လောက် တိုးတိုးလေး ဆိုကြည့်ရအောင်နော်။
"ဘယ်လိုပြဿနာမျိုးပဲကြုံကြုံ တရားသဘောနဲ့ ဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားလိုက်စမ်းပါ။ ဒါဆိုရင် စိတ်ချမ်းသာပါလိမ့်မယ်" ။..

                                                                     အချစ်စတင်ဖြစ်ပုံ


အချစ်အကြောင်းပြောပြီဆိုရင် အချစ်စတင်ဖြစ်ပုံလေးပါပြောပြမှ ပြည့်စုံသွားမှာပါ။ အချစ်စတင်ဖြစ်ပုံအကြောင်းလေးကို အကျဉ်းချုပ်လောက် ပြောပြရအောင်ပါ။
ကမ္ဘာကြီးပျက်တော့ ကမ္ဘာသစ်တစ်ခု ပြန်တည်တဲ့အခါမှာ ဘယ်သူတွေ အရင်ရောက်လာသလဲဆိုတော့ ဗြဟ္မာတွေ ဗြဟ္မာ့ပြည်ကနေစုတေပြီး လူ့ပြည်မှာ ဥပပတ်ပဋိသန္ဓေစိတ်နဲ့
လူလာဖြစ်ကြပါတယ်။ အဲလိုလူလာဖြစ်တဲ့အချိန်မှာ ယောင်္ကျားမိန်းမဆိုတဲ့ ဣတ္ထိဘ၀ရုပ်၊ ပုရိသဘာဝရုပ် ထင်ထင်ရှားရှား မဖြစ်သေးပါဘူး။ ပြီးတော့ ကိုယ်ရောင်ကိုယ်ဝါတွေနဲ့ဆိုတော့
နေတွေလတွေလည်း မလိုအပ်သေးပါဘူး။
အဲဒီမှာ တစ်ခုသတိထားရမှာက ဗြဟ္မာတွေ လူ့ပြည်ကိုဆင်းလာတာ မဟုတ်ပါဘူး၊စုတေပြီး လူ့ပြည်မှာ လူလာဖြစ်ကြတာပါ။ တချို့ က ကမ္ဘာဦးအစမှာ ဗြဟ္မာတွေ ဗြဟ္မာ့ပြည်က
ဆင်းလာတယ်လို့ ပြောပြောနေကြလို့ပါ။
ဗြဟ္မာ့ပြည်က စုတေစဆိုတော့ ပီတိလေးတွေနဲ့ပဲ နေနေကြပါတယ်။ ဘာမှမစားကြသေးပါဘူး။
ကမ္ဘာပြုမိုးရွာထားပြီး တဖြည်းဖြည်းနဲ့ ရေတွေခန်းခြောက်သွားတာဆိုတော့ မြေအထက်မှာ အပေါ်ယံမြေဆီတွေ ကျန်နေခဲ့ပါတယ်။ အဲဒီ မြေဆီတွေက နို့ရည်အထက်မှာ တက်
နေတဲ့ မလိုင်လို ချိုဆိမ့်တဲ့ အနံ့အရသာ ရှိနေတယ်လို့ဆိုပါတယ်။
အဲဒီအထဲကမှ တစ်ယောက်က မွှေးကြိုင်နေတဲ့မြေဆီလေးတွေကို "ဘယ်လိုအရသာရှိမလဲ" ဆိုပြီး လက်နဲ့တို့ပြီးလျက် ကြည့်လိုက်ပါတယ်။ "ဟာ...တော်တော်ကောင်းတာပဲ"ဆို
ပြီး ဆက်စားပါတော့တယ်။ ကျန်တဲ့သူတွေကလည်း သူစားသလို လိုက်စားပါတော့တယ်။ဒီတော့ ရသတဏှာဝင်လာပြီး ကိုယ်ယောင်ကိုယ်ဝါတွေလည်း ပျောက်သွားရောဆိုပါတော့။
အဲဒီမှာ တချို့ အဆိုတော်တွေက"ဗြဟ္မာတွေ မြေသင်းစားလို့ ထူးဆန်းတဲ့အချစ်ဖြစ်ပေါ်သည်......"စသည်ဖြင့် သီချင်းလုပ်ဆိုကြပါတယ်။တကယ်တော့ အဲဒီအချိန်မှာ အချစ်မဖြစ်ကြသေးပါဘူး။ သူတို့ရဲ့ သန္တာန်မှာရသတဏှာပဲ ၀င်လာသေးတာပါ။ နောက်တစ်ခုက ဗြဟ္မာတွေစားတာမဟုတ်ပါဘူး၊ဗြဟ္မာပြည်က စုတေပြီးလူတွေဖြစ်နေပြီဖြစ်လို့ လူတွေစားတာပါ။
ဒီလိုနဲ့ မြေဆီတွေစားရင်း စားရင်း ကုန်သွားတော့ ကံအားလျော်စွာ သလေးဆန်တွေ ပေါ်လာပါတယ်။ ဒီသလေးဆန်တွေဟာ အိုးထဲထည့် မီးကျောက်ပေါ်တင်လိုက်တာနဲ့ အလို
လိုမီးတောက်ပြီး ထမင်းကျက်တာနဲ့ မီးလည်းငြိမ်းသွားပါတယ်။
မြေဆီမြေလွှာတွေ စားနေတုန်းကတော့ စားသမျှ အဆီအသားတွေဖြစ်ပြီး အဖတ်အကာ တချို့ သာ ကျန်တယ်လို့ဆိုပါတယ်။ အဲဒီအဖတ်အကာတစ်ချို့ ကိုလည်း ၀မ်းမီးက
လောင်လိုက်တဲ့အတွက် ကုန်ခန်းကုန်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျင်ကြီး ကျင်ငယ်ဆိုတာ မဖြစ်သေးပါဘူး။ သလေးဆန်တွေ စားလာတဲ့အခါမှာတော့ ကျင်ကြီးကျင်ငယ်ဆိုတာဖြစ်
လာပြီး ကျင်ကြီးကျင်ငယ် ထွက်ရာအပေါက်တွေလည်း ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။
ဒီတော့မှ ယောင်္ကျား၊ မိန်းမပုံသဏ္ဌာန်ဖြစ်တဲ့ ဣတ္ထိဘာဝရုပ်၊ ပုရိသဘာဝရုပ်တွေလည်း ထင်ထင်ရှားရှား ဖြစ်လာပါတော့တယ်။
ဗြဟ္မာ့ပြည်မရောက်ခင်က မိန်းမဖြစ်ခဲ့တဲ့သူက ဣတ္ထိဘာဝရုပ်ပေါ်လာပြီး ယောင်္ကျားဖြစ်ခဲ့တဲ့သူက ပုရိသဘာဝရုပ်ပေါ်လာတယ်လို့ ဆိုပါတယ်။
နားနဲ့မနာ ဖ၀ါးနဲ့နာဆိုတဲ့အတိုင်း နားနဲ့မဖတ် ဖ၀ါးနဲဖတ်လို့ ပြောရတော့မလား မသိပါဘူး။ တစ်ယောက်နဲ့တစ်ယောက်အင်္ဂါတွေမတူလို့ တစ်ယောက်အင်္ဂါတစ်ယောက်ကြည့်ပြီး
တပ်နှစ်သက်တဲ့ တဏှာရာဂတွေဖြစ်လောပြီး စိတ်ကိုမချုပ်တည်းနိုင်တော့ဘဲ ကာမကိစ္စကို စတင်မှီဝဲကြပါသတဲ့။
ဒီတော့ ကျန်တဲ့သူတွေက မပြုကောင်းတာ ပြုရပါ့မလားဆိုပြီး ခဲနဲ့ဝိုင်းပေါက်ကြပါသတဲ့။ ကာမကိစ္စကို ပြုတဲ့သူတွေဟာ ပုန်းအောင်းရင်း အိမ်ရာများ သီးခြားတည်ထောင်ကြပါသ
တဲ့။ ဒီခေတ် မင်္ဂလာဆောင် ခဲပေါက်တဲ့ဓလေ့ဟာ ကမ္ဘာဦးကတည်းက စခဲ့တာလို့ဆိုပါတယ်။
ဒါဟာ ကမ္ဘာဦးအစအချစ်စတင်ဖြစ်ပေါ်ပုံ အကျဉ်းပါပဲ။ အကျယ်သိချင်တယ်ဆိုရင်တော့ သုတ်ပါထေယျပါဠိတော်မြန်မာပြန် အဂ္ဂညသုတ်နဲ့ ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ 
သဂြိုဟ်ဘာသာဋီကာ၊ အခြေပြုပဌာန်းတရားတော် စာအုပ်တို့မှာ မြန်မာလို အကျယ်ရေးပြ ထားပါတယ်။ ဒီမှာတော့ လိုရင်းခပ်ကျဉ်းကျဉ်းပဲ ရေးပြ လိုက်တာပါ။
အချစ်ဆိုတဲ့ တဏှာရာဂ၊ ကာမဂုဏ် ကိစ္စတွေကို ခံစားတာကို စာမှာဘယ်လို ဥပမာပေးထားသလဲဆိုတော့ နူနာရောဂါသည်ဟာ ကိုယ့်ရဲ့ နူနာရောဂါ ယားယံလာတဲ့အခါ
သက်သာလိုသက်သာငြား မီးကင်တာနဲ့တူပါတယ်။
မီးကင်နေတုန်းမှာ အယားတဒင်္ဂ သက်သာသွားတယ်လို့ ထင်ရပေမယ့် နောက်-ပိုးတွေ ပြန်ထိုးတော့ပြန်ယားပြီး ပြန်ကင်ရတာပါပဲ။ နူနာရောဂါကို အမြစ်ပြတ်အောင်
ဆေးသောက်လိုက်မှပဲ မကင်ရတော့မှာပါ။
အာရုံငါးပါးကာမဂုဏ်တရားတွေကို ခံစားတာဟာ နူနာမီးကင်တာနဲ့ တူတယ်ဆိုတော့ ကိုးရီးယားကားလေး ကြည့်နေတာလည်း မီးကင်နေတာပါပဲ။ ဘောလုံးပွဲတွေ ကြည့်နေ
နေတာလည်း မီးကင်နေတာပါပဲ။ ကာရာအိုကေဆိုင် သွားတာလည်း မီးကင်နေတာပါပဲ။ အလှပြင်ဆိုင်မှာ ဆံပင်သွားဖြောင့်တာလည်း မီးကင်နေတာပါပဲ။ ချောင်းသာသွားတာလည်း မီး
ကင်းနေတာပါပဲ။
ဆိုင်ရာမဂ်အဆင့်ဆင့်ကို အရသေးသရွေ့ တော့ မီးကကင်ကင်နေရဦးမှာပါ။ ဆိုင်ရာ မဂ်တွေမရသေးရင်တောင် ကိုယ်မီးကင် နေတာလေးကို မီးကင်နေတယ်လို့ သိနေရင်ပဲ မဆိုး
လှပါဘူး။ ဒီတော့ ကိုးရီးယားကားလေးကြည့်နေရင်လည်း "ဩော် ငါ မီးကင်နေတာ၊ ငါ မီးကင်နေတာ" လို့ သူများမကြားအောင်တိုးတိုးလေးဆင်ခြင်လိုက်ပါ။ ဆံပင်ဖြောင့်နေရင်လည်း
"ဩော် ငါမီးကင်နေတာ၊ ငါမီးကင်နေတာ" လို့ တိုးတိုးလေးဆင်ခြင်လိုက်ပါ။ ဆင်ခြင်နေတဲ့သူဟာ ကိုယ့်မှာဖြစ်နေတဲ့ နူနာရောဂါကိုကုဖို့ သတိပေးနေတာနဲ့တူပါတယ်။ ဒီတော့ အလွန်အ
ကျွံတွေလည်း မဖြစ်တော့ပါဘူး။
မီးကင်နေတဲ့သူချင်းတူပေမယ့် ကိုယ်က မီးကင်နေတာလေးကို သိနေတော့ ဘာပဲပြောပြော သူတို့နဲ့စာရင် ကိုယ်ကသူတို့ထက် မသိမသာလေးတော့ သာနေတာပါပဲ။
ဆင်ခြင်ရင်း ဆင်ခြင်းရင်းနဲ့ကြာလာရင် သံဝေဂဥာဏ်တွေ များများလာပါလိမ့်မယ်၊ သံဝေဂဥာဏ်တွေများလာတဲ့ တစ်နေ့မှာ ကိုယ့်ရဲ့ နူနာကိုလည်း အမြစ်ပြတ် ကုချင်စိတ်ပေါက်
လာပါလိမ့်မယ်။
အနာရှိရင် ဆေးရှိတာပါပဲ။ နူနာရောဂါ ပျောက်ဖို့အတွက် ဆေးကတော့ သတိပဌာန်ဝိပဿနာဆေးပါပဲ။ သတိပဌာန်ဝိပဿနာတရား ရှုမှတ်နေတဲ့အချိန်ဟာ တဒင်္ဂအားဖြင့် အကု
သိုလ်ကိလေသာတွေ ငြိမ်းနေတာပါ။ တဒင်္ဂ အကုသိုလ်ကိလေသာငြိမ်းနေတဲ့ အချိန်လေးဟာ သိပ်ပြီးချမ်းသာနေတာပါ။ အဲဒီချမ်းသာမှုဟာ လောကီချမ်းသာတွေနဲ့နှိုင်းယှဉ်လို့ကို မရပါ
ဘူး။ ဒါတောင် အမြစ်ပြတ် အကုသိုလ်ကိလေသာ ငြိမ်းသေးတာမဟုတ်ပါဘူး။ အမြစ်ပြတ်ငြိမ်းသွားတယ်ဆိုရင်တော့ အထူးပြောစရာမလိုတော့ပါဘူး။
ကိုယ်က ဒီသဘောလေးကို အာရုံပြုပြီး သတိပဌာန် ၀ိပဿနာဆေးလေးကို မကြာခဏ သောက်သောက်ပေးဖို့ပါ။ လူ့လောကမှာက မီးကင်စရာ ခပ်များများရယ်။ ပုထုဇဉ်သဘာ
ဝအရ ကိုယ်ကမကင်းနိုင်သေးလို့ မီးကင်နေရရင်လည်း ကိုယ်မီးကင်နေတယ် ဆိုတာလေးကို သိနေဖို့ပါပဲ။
ကာမဂုဏ်အာရုံတွေနောက်ကို လိုက်နေသရွေ့တော့ ဘယ်တော့မှာဆုံးမှာမဟုတ်ပါဘူး။ တိုးလို့တိုးလို့သာ ခံစားနေချင်မှာပါ။ ဒီကာမဂုဏ်အာရုံတွေကြောင့်ပဲ စိတ်ဆိုးရ၊
စိတ်ကောက်ရ၊ နာကြည်းခဲ့ရ၊ လွမ်းရ၊ ဆွေးရ၊ မိတ်ပျက်ရ၊ နောက်ဆုံး ထောင်ကျရ၊ ငရဲကျသွားရတဲ့ အထိပါပဲ။ ကိုယ့်ဝန်းကျင်မှာ ဒါတွေက နေ့စဉ်တွေ့နေရတာပါ။
တကယ်လို့ ကိုယ်က ကိုယ်ရဲ့  နူနာရောဂါကို အမြစ်ပြတ်အောင် မကုချင်သေးဘူးဆိုရင်တောင် တဒင်္ဂအားဖြင့် ရောဂါသက်သာဖို့ သတိပဌာန်ဝိပဿနာဆေးလေးကို တစ်နေ့ကို
ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက်တော့ သောက်သောက်နေသင့်ပါတယ်။ သောက်ရင်းသောက်ရင်း ဆေးရဲ့ အာနိသင်ကို သိသိလာပြီး တိုးတိုးသောက်ချင်လာမှာပါ။
ဘာပဲပြောပြော စာဖတ်သူရယ်၊ နူနာရောဂါ တဒင်္ဂသက်သာဖို့ သတိပဌာန် ၀ိပဿနာဆေးလေးကို တစ်နေ့ကို ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက်တော့ သောက်ဖြစ်အောင်
ကြိုးစားလိုက်ပါနော်။



အချစ်ဈာန်ဝင်စားပုံ


အချစ်အကြောင်းပြောပြီဆိုရင် အချစ်ဈာန်ဝင်စားပုံအကြောင်းလေးကိုလည်း ထည့်ပြောမှ ပြည့်စုံမယ်ထင်ပါတယ်။ ဒါကြောင့် အချစ်ဈာန်ဝင်စားပုံလေးပါ ပြောပြရအောင်ပါ။
"စိုက်စိုက်စူးစူး အထူးမြဲမြဲ ရှအားသန်ဈာန်ဟုခေါ်သတတ်"ဆိုတဲ့အတိုင်း ဈာန်ဆိုတာ အာရုံတစ်ခုအပေါ်မှာ စိုက်စိုက်စူးစူး ရှုနေတာပါပဲ။
ဥပမာ - ဖောင်းတယ် ပိန်တယ်မှတ်နေတဲ့အခါ ဒီဖောင်းမှု ပိန်မှုအာရုံကိုပဲ ကြံနေမယ်၊ ဒါက ၀ိတက်ပါ။ ဒီဖောင်းမှု ပိန်မှုအာရုံ ပျောက်မသွားရအောင်ထပ်ကာ ထပ်ကာ အာရုံပြု
နေမယ်၊ ဆင်ခြင်နေမယ်၊ ဒါက ၀ိစာရပါ။ ဖောင်းတာ ပိန်တာမှတ်ပြီး နှစ်သက်မှုဖြစ်နေမယ်၊ ဒါကပီတိပါ။ ပြီးတော့ ဖောင်းတာ ပိန်တာမှတ်ရတာ သိပ်ချမ်းသာနေမယ်၊ ဒါက သုခပါ။
နောက် ဖောင်းမှု ပိန်မှုအပေါ်မှာပဲ စိတ်စိုက်ပြီး တည်ငြိမ်နေမယ်၊ စိတ်ကအပြင်ကို ထွက်မသွားဘူး၊ ဒါက ဧကဂ္ဂတာပါ။ အဲဒီလို ဖောင်းတယ် ပိန်တယ်မှတ်တဲ့အခါ ၀ိတက်, ၀ိစာရ, ပီတိ, သုခ, ဧကဂ္ဂတာဆိုတဲ့ ဈာန်အင်္ဂါ ငါးပါးဖြစ်နေတာဟာ ပထမဈာန်ဖြစ်နေတာပါ။ ဒါက ကောင်းတဲ့ဘက်က ကုသိုလ်ဈာန်ဖြစ်နေတာကို ပြောတာပါ။ ဒီလိုပါပဲ၊ ကုသိုလ်ဈာန်ရှိ
သလို အကုသိုလ်ဈာန်လည်း ရှိပါတယ်။
ဥပမာပဲ ထားပါတော့။ ကိုယ့်အိမ်က ခင်ပွန်းဖြစ်သူ "ကိုကို"က အပြင်ထွက်ပြီး အလုပ်သွားလုပ်နေမယ်။ ဒါကိုပဲ ကိုယ်က ကိုယ့်ရဲ့ ကိုကိုကို စူးစူးစိုက်စိုက် သတိရနေပြီး ကိုကို့
အကြောင်းကိုပဲ တွေးနေမယ်၊ ကြံနေမယ်၊ ဒါက ၀ိတက်ပါ။
ကိုကိုဆိုတဲ့အာရုံပျောက်မသွားရအောင် ထပ်ကာ ထပ်ကာ အာရုံပြုနေမယ်၊ ဆင်ခြင်နေမယ်၊ ဒါက၀ိစာရ ပါ။ ကိုကို့အကြောင်းတွေးပြီး နှစ်သက်နေမယ်၊ ဒါက ပီတိပါ။ ပြီးတော့ကိုကို့အကြောင်းတွေးရတာ သိပ်စိတ်ချမ်းသာနေမယ်၊ ဒါကသုခပါ။
စိတ်ကဘယ်မှထွက်မသွားဘဲ ကိုကို့ဆီမှာပဲ တည်နေမယ်၊ ဒါက ဧကဂ္ဂတာပါ။
အဲဒီလို ၀ိတက်, ၀ိစာရ, ပီတိ, သုခ, ဧကဂ္ဂတာဆိုတဲ့ အင်္ဂါငါးပါးညီနေတာဟာ (အကုသိုလ်ဈာန်ဝင်စား နေတာလို့ပြောရင်း နားကြားရတာခက်နေမှာစိုးလို့) အချစ်ဈာန်ဝင်စားနေတာပါပဲ။
ဒီတော့ ကိုယ့်ရဲ့  "ကိုကို" ကို စူးစူးစိုက်စိုက် သတိရနေတာဟာ အချစ်ဈာန်ဝင်စားနေတာပါ။ အဲဒီလို အချစ်ဈာန်ဝင်စားနေရ တာကလည်း တစ်မျိုးအရသာရှိနေမှာပါ။ လောကီ
ထဲမှာ နေနေကြတာဆိုတော့ ဒီအာရုံ ဒီသဘောတွေကတော့ ကင်းလို့မရပါဘူး။ သဘောဝတရား တစ်ခုအနေနဲ့ ရှိနေမှာပါ။ဒီနဲ့ ပတ်သတ်ပြီး ဆရာတော် အရှင်ဇနကာဘိဝံသက အခြေပြု
ပဌာန်းတရားဒေသနာတော် ဈာနပစ္စည်းအဖွင့်မှာ -
"ဘုန်းကြီးကတော့ ရှိပါစေပဲ၊ ပြီးတော့မှ တရားနဲ့လိုက်ပါ။ ထမင်းဟင်းကောင်းစားတဲ့ဟာ စားပါစေ၊ ပြီးတော့မှ အစာကြေဆေးကလေးနဲ့ ဖြေပါ။ မစားနဲ့လို့ မပြောလိုက်ပါနဲ့ သူစားချင်တာ စားပါစေ၊ ဒီသဘောမျိုးပဲ လူတွေဟာ လောကကြီးထဲမယ် သမီးခင်ပွန်းလိုဖြစ်နေရင် စိုက်စိုက်စူးစူးပြီးတော့ နေသလိုပဲ တစ်ယောက်နဲ့တစ်ယောက် အင်မတန် ကြင်နာမှ
သဘောကျတယ်၊ လောကကြီး ဒါမှစိတ်ချမ်းသာတယ်၊ အဲဒီဟာမှ အိမ်မှာ ချမ်းသာတယ်" လို့ဟောပြထားပါတယ်။
နောက် - မဟာစည်ဆရာတော်ဘုရားကြီးကလည်း ဓမ္မစကြာတရားဒေသနာ စာအုပ်မှာ - " အဖျားရောဂါ ပျောက်ခါစ နာလန်ထ ပုဂ္ဂိုလ်မှာ မသင့်တော်တဲ့ အစာတွေကို ရှောင်ရတယ်၊ မရှောင်နိုင်လို့စားချင်ရင် အဲဒီအစာကို စားပြီးတဲ့အခါ အစာမှား အစာကြေဆေးကို စားရတယ်၊ အဲဒီလိုဆိုတော့ အဖျားရောဂါ မတက်ဘူး၊
ကိုယ်စားချင်တာစားရလို့ အားအင်လည်းပြည့်ဝတယ်၊ အဲဒါလိုပါပဲ။ ပစ္စဧ၀က္ခဏာ ဆင်ခြင်တာ၊ ရှုမှတ်တာဟာ သုံးစွဲတဲ့ပစ္စည်းအားလုံးတို့နှင့်စပ်ပြီး ကိလေသာမဖြစ်ရ
အောင် ကာကွယ်တားမြစ်လိုက်တာပဲ" လို့ ဟောပြထားပါတယ်။
ကာမဂုဏ် အာရုံတွေကိုထမင်းနဲ့ ဥပမာပေးထားပြီး ၀ိပဿနာတရားကိုတော့ အစာကြေဆေးနဲ့ ဥပမာ ပေးထားပါတယ်။ စာရေးသူကတော့ဆရာတော်ကြီးနှစ်ပါးရဲ့ အဖြေ
ဥပမာစကားလေးကို သိပ်သဘောကျတာပါ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေဟာ ထမင်း ဟင်းနဲ့ကင်းလို့ မရပါဘူး။ ကင်းလို့မရတဲ့ ထမင်းနဲ့ဟင်းကို မစားပါနဲလို့ မမိန့်ဘဲ ထမင်းဟင်း
ကောင်းတွေလည်း စာပါ။ ပြီးတော့ အစာကြေဆေးလေးလည်း စားပါလို့ စားနည်း သောက်နည်းလေးကိုညွှန်ပြထားလို့ပါ။
လောကီထဲမှာ နေနေတဲ့သူတွေကို "မချစ်ပါနဲ့၊ မချစ်ပါနဲ့ ဒါတွေဟာ ကာမဂုဏ်တရားတွေ" လို့သွားပြောလို့မရပါဘူး။ မကင်းနိုင်တဲ့ အချစ်တွေထဲမှာ ကိုယ်က၀ိပဿနာတရား
အစာကြေဆေးလေး အမြဲဆောင်ထားဖို့ ပါပဲ။ ဒါဆိုရင် အချစ်ရဲ့ ဆိုးကျိုးတွေဖြစ်တဲ့ သောကတွေဘေးတွေ လွမ်းရဆွေးရတာတွေ မဖြစ်တော့ပါဘူး။
ကိုယ်က ၀ိပဿနာအစာကြေဆေးလေးကို အမြဲဆောင်ထားတော့ အချစ်နဲ့ပတ်သတ်တဲ့ ဒုက္ခဝေဒနာတွေ ခံစားရဦးတော့ ကိုယ်က၀ိပဿနာ အစာကြေဆေးလေးကိုထုတ်
စားလိုက်ရုံပါပဲ။ အချစ်နဲ့ပတ်သတ်တဲ့ ဒုက္ခဝေဒနာတွေကလည်း အများသားရယ်ပါ။
ရှင်ကွဲကွဲရတဲ့ဒုက္ခ၊ သေကွဲကွဲရတဲ့ဒုက္ခ၊မချစ်ခင် မနှစ်သက်တဲ့သူနဲ့ ပေါင်းသင်းနေရတဲ့ဒုက္ခ၊ ချစ်ခင်သူနဲ့ကွေကွင်းရတဲ့ဒုက္ခ စသည်ဖြင့်အများကြီးပါပဲ။
အသိအမျိုးသမီးတစ်ယောက်က မေးဖူးပါတယ်။ သူဟာ မချစ်ခင်မနှစ်သက်တဲ့သူနဲ့ ပေါင်းသင်းနေရတဲ့အတွက် သိပ်စိတ် ဆင်းရဲနေရပါတယ်။ နောက်အဲဒီလို ဒုက္ခတွေက
ကင်းလွတ်အောင် ဘယ်လိုလုပ်ရမလဲလို့ မေးဖူးပါတယ်။ "တရားနဲ့ကွာမနေပါနဲ့" လို့ တိုတိုပဲ ဖြေပေးရပါတယ်။ တရားနဲ့ကွာမနေပါနဲ့ဆိုတာ အရာအားလုံးကို လျစ်လျူရှုပြီး တရားချည်းဖိ
အားထုတ်နေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။
တရားနဲ့ကွာမနေနဲ့ဆိုတာ ဇနီးမယားတစ်ယောက်အနေနဲ့ လိုက်နာရမယ့် မယားဝတ္တရားငါးပါးအပြင် ၀ိမာန၀တ္ထုတို့မှာ ထပ်မံပြထားတဲ့ -
ပုဗ္ဗုဌာယီ - လင်ရဲ့  အရင် အိပ်ရာကထရမယ်။
ပစ္ဆာနိပါတီ - လင်အိပ်ပြီးမှ အိပ်ရမယ်။
မနာပစာရီ - လင်နှစ်သက်တဲ့အပြုအမူအတိုင်း ပြုမူနေထိုင်ရမယ်။
ပိယ၀ါဒိနီ - လင်နှစ်သက်မဲ့စကားကိုပဲ ပြောရမယ်။
ကိံကာရပတိဿဝီ - ဘယ်လိုလုပ်ရမလဲလို့ လင်ကိုတိုင်ပင်ပြီးမှ လုပ်ရမယ်။ ကိုယ့်သဘောနဲ့ကိုယ် မလုပ်ရဘူး။
မုခုလ္လောကိသာ - လင့်မျက်နှာကိုကြည့်ပြီး သူ့အလိုတိုင်းနေရမယ်။
ဒါတွေကိုလည်း လိုက်နာရပါမယ်။
တကယ်လို့ ကိုယ့်မှာအဆင်မပြေမှုတွေနဲ့ ကြုံနေရရင် အဓိကအချက်သုံးချက်ကို အာရုံပြုရမှာပါ။
၁။ မယားဝတ္တရား ကျေရမယ်။
၂။ အားကြီးတဲ့ ကာမာဝစရကုသိုလ်ကို ပြုရမယ်။
၃။ ဆုတောင်းရမယ်၊ ဒီသုံးချက်ပါပဲ။
အားကြီးတဲ့ ကာမာဝစရကုသိုလ်ဆိုတာက ကိုယ်ပြုတဲ့ကုသိုလ်အပေါ်မှာ ၀မ်းမြောက်ရမယ်၊ ဥာဏ်ယှဉ်ရမယ်၊ ဥာဏ်ယှဉ်တယ်ဆိုတာက ငါတို့ဟာ ရှိလို့လှူတာမဟုတ်ဘူး၊သိလို့
လှူတာ၊ သိလို့လှူတယ်ဆိုတာကလည်း ကောင်းတာလုပ်ရင် ကောင်းကျိုးဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးဖြစ်မယ်လို့သိတာပါ။ ပြီးတော့ သူတစ်ပါးတိုက်တွန်းလို့လုပ်တာ
မဟုတ်ဘဲ ကိုယ့် သဘောနဲ့ကိုယ် လုပ်တာဖြစ်ရပါမယ်၊ဒါဟာ အားကြီးတဲ့ကာမာဝစရကုသိုလ်ပါပဲ။
(၃) ဆုတောင်းရမယ်ဆိုတာက ကုသိုလ်ပြုပြီးတိုင်း"တွေ့ကြုံနေရသော ဒုက္ခဝေဒနာမှ ကင်းလွတ်ရပါလို၏" လို့လည်းဆုတောင်းရပါမယ်။ဒါကို ဓမ္မပဒကလာတဲ့ ပတိပူဇိကာဆို
တဲ့ ၀တ္ထုလေးနဲ့ အာရုံပြုကြည့်လို့ရပါတယ်။
တာဝတိံသာနတ်ပြည်မှာ မာလဘာရီဆိုတဲ့ နတ်သားဟာ နတ်သမီးတစ်ထောင်နဲ့ ပန်းခူးနေပါတယ်။ သူက ကိုယ်တိုင် ခူးနေတာတော့မဟုတ်ပါဘူး။ နတ်သမီး ငါးရာက
ပန်းပင်ပေါ်တက်ပြီး ပန်းတွေခူးပြီး အောက်ပစ်ချ၊ အောက်မှာရှိတဲ့ နတ်သမီးငါးရာကကောက်ပြီး နတ်သားကို တန်ဆာဆင်ကြတာပါ။
သစ်ပင်ပေါ်မှာ ပန်းခူးနေတဲ့ နတ်သမီးတွေထဲက နတ်သမီးတစ်ပါးက နတ်သက်ကြွေပြီး လူ့ပြည်သွားဖြစ်ပါတယ်။ လူ့ပြည်မှာဖြစ်ပေမယ့် သူက ဇာတိဿရဥာဏ်ရပြီး လင်နတ်
သားကို ပြန်သတိရနေပါတယ်။
ဒီတော့ ကုသိုလ်ပြုတိုင်း"နတ်သားနဲ့ပြန်ပေါင်းရပါလို၏"လို့ပဲ ဆုတောင်းပါတယ်။ ၁၆ နှစ်အရွယ်ရောက်လို့ အိမ်ထောင်ကျပြန်တော့လည်း သူက မယားဝတ္တရားနဲ့လည်း
ညီအောင်နေတယ်၊ ကြီးမားတဲ့ကာမာဝစရကုသိုလ်တွေကိုလည်း နေ့စဉ်ပြုတယ်၊ ကုသိုလ်ပြုတိုင်းလည်း"ဤကုသိုလ် ကောင်းမှုကြောင့် ချစ်လင်နတ်သားနဲ့ ပြန်ပေါင်းရပါလို၏"လို့ပဲ
ဆုတောင်းပါတယ်။
ဒီလိုနဲ့ သားလေးယောက်ရလာပါတယ်။ သားလေးယောက်ရပြီး တစ်နေ့မှာတော့ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်သွားတော့ သူဆုတောင်းတဲ့အတိုင်း တာဝတိံသာနတ်ပြည်
မှာ နတ်သမီးပြန်ဖြစ်ပြီး ချစ်လင်နတ်သားနဲ့ ပြန်ပေါင်းသွားရပါတော့တယ်။အားလုံးကြားဖူးတဲ့ ၀တ္ထုလေးပါ။
ဒီဝတ္ထုလေးကို အာရုံပြုပြီး မယားဝတ္တရားနဲ့လည်းညီမယ်၊ ကြီးမားတဲ့ကာမာဝစရကုသိုလ်ကိုလည်းပြုမယ်၊ ဆုလည်း တောင်းမယ်ဆိုရင် ကိုယ်ဖြစ်ချင် မျှော်လင့်တဲ့အတိုင်းဖြစ်မှာ
ပါပဲလေ။



ရဝေနွယ် ( အင်းမ ).

အလင်းတန်းဂျာနယ်


credited to  ..mgsan မြန်မာဆိုင်ဘာမီဒီယာ
.

မာတိကာ


statistics

web tracker