ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Tuesday, May 18, 2010

ကျွန်မဖတ်ခဲ့သောစာအုပ်များ

ကျွန်မဖတ်ခဲ့သောစာအုပ်များ
ဂျူး
[ကလျာမဂ္ဂဇင်း၊ ၁၉၉၄ မတ်လ]
ဂျူး ၏ "ကျွန်မဖတ်ခဲ့သောစာအုပ်များ" မှ

ကျွန်မသည် စာအုပ်များဖြင့် ကြီးပြင်း လူလားမြောက်ခဲ့သူ ဖြစ်ပါသည်။

ကလေးဘဝ အရွယ်ကတည်းက ကျွန်မသည် ထိခိုက်ဒဏ်ရာ၊ မတော်တဆမှုများကို ကြောက်ရွံ့ခဲ့သည်။ ထိုအခါ ကျွန်မသည် အားကစားကို မုန်းတီးသူ ဖြစ်လာခဲ့သည်။ အများ တကာ ကလေးသူငယ်များ ထုပ်ဆီးထိုးတမ်း၊ ဖန်ခုန်တမ်း ကစားနေကြနေချိန်တွင် ကျွန်မက အိမ်ခန်းထဲတွင် ကျောင်းစာများကို ကျက်မှတ်ရင်းသော်လည်းကောင်း၊ ပုံပြင်စာအုပ်များ ဖတ် ရှုရင်းသော်လည်းကောင်း၊ အချိန်ကုန်ခဲ့သည်။ အကစားမမက်သော ကျွန်မအတွက် စာအုပ် များသည်သာ တန်ဖိုးထားရာ ဖြစ်ခဲ့သည်။
ကျွန်မ၏ မေမေသည်လည်းကောင်း၊ ကျွန်မ၏ အစ်မသည်လည်းကောင်း စာအုပ်ဖတ် ရန်၊ စုဆောင်းရန် ဝါသနာကြီးကြသည်။ သို့သော် မေမေတို့ စုဆောင်းရာ စာအုပ်များမှာ အများအားဖြင့် ဝတ္ထုစာအုပ်များသာဖြစ်သည်။ ကျွန်မအတွက် စာစီစာကုံးစာအုပ်များ၊ ပုံပြင် စာအုပ်များလည်း ပါဝင်သည်။ ကျွန်မ တတိယတန်း အရွယ်အထိ ဝတ္ထုစာအုပ်တအုပ်မျှ အဆုံးထိအောင် ဖတ်မကြည့်ခဲ့ဖူးပါ။ မေမေတို့ဖတ်သော ဝတ္ထုစာအုပ်တွေက ထူထဲလေး လံလှသည်လေ။ ထို့ပြင် ပုံပြင်များလို တပုဒ်ပြီး တပုဒ် ချက်ချင်းကုန်သွားသည် မဟုတ်ဘဲ ဝတ္ထု အစမှအဆုံးထိ ဇာတ်လမ်း တမျိုးတည်း ဇာတ်ကောင်တွေ မပြောင်းလဲဘဲ ရှည်လျားစွာရေး ဖွဲ့ထားသော ဝတ္ထုစာအုပ်များကို ကျွန်မ သိပ်စိတ်ဝင်စား၍ မရခဲ့ပါ။

စတုတ္ထတန်း၏ တခုသော ကျောင်းပိတ်ရက်ရှည် နေ့တနေ့တွင် မေမေက ကျွန်မကို ဝတ္ထုစာအုပ်တအုပ်ပေး၍ ဖတ်စေပါသည်။ ကျွန်မတို့ မောင်နှမများ စကားပြောလျှင် ယဉ်ကျေးသိမ်မွေ့အောင် ထိုစာအုပ်ကို ဖတ်သင့်သည်ဟု ဆိုပါသည်။ စာအုပ်မှာ ဓူဝံ၏ 'မာလာ' ဝတ္ထုဖြစ်၏။ အလွန်ထူထဲသော စာအုပ်ကြီးကို မကြာခဏ လှန်လှော ကြည့်ဖူးသော်လည်း အဆုံးထိဖတ်ရန် စိတ်မဝင်စားလှပါ။ သို့သော် မေမေက ဖတ်စေချင်လှသည် မဟုတ်လား။ ကျွန်မ ကြိုးစား၍ ဖတ်ပါသည်။

ပထမဆုံး အခန်းမှာပင် ကျွန်မ စိတ်တိုင်းမကျစရာ တခုတွေ့လာသည်။

ဝတ္ထုစအဖွင့်မှာ နိုင်ငံတခု၏ ထောင်တခုအတွင်း မြင်ကွင်းဖြစ်သည်။ သူပုန် ကိုနန္ဒနှင့် နောက်လိုက် အပေါင်းအပါများကို အချုပ်ခန်းထဲတွင် သံခြေကျင်း တချွင်ချွင်ဖြင့် ဖတ်ရှုရသည်။ သူပုန်ဆိုသော စကားလုံးနှင့် ကျွန်မ မစိမ်းပါ။ မေမေ မကြာခဏ ပြောပြောပြသော ဒုတိယ ကမ္ဘာစစ် အတွေ့အကြုံများအရသော်လည်းကောင်း၊ ဗိုလ်မင်းရောင်နှင့် ဆရာစံတို့၏ အဖြစ် အပျက်များအရသော်လည်းကောင်း သိနေပြီးသား ဖြစ်ပါသည်။ သို့သော် ဝတ္ထုထဲတွင် သီဟရာဇာဘုရင်ကြီးမှာ မြန်မာလူမျိုးဖြစ်ပြီး ဗိုလ်နန္ဒကလည်း မြန်မာလူမျိုး ဖြစ်သည်။ ထိုအခါ ဗိုလ်နန္ဒကဲ့သို့သော သူသည် ဘယ်နည်းနှင့်မျှ သူရဲကောင်းဇာတ်လိုက်မဖြစ်နိုင်ဟု ကျွန်မ တွေးသည်။ သို့သော် သူ့တပည့်များ စိတ်ဓာတ်ကျနေသည်ကို နှစ်သိမ့်နိုင်ရန် သူက အနန္တသူရိယ၏ အမျက်ဖြေလင်္ကာကို ရွတ်ပြ၏။ 'အောင်မြင်လှသော အသံဝါကြီးဖြင့်' ဟု ကြိယာကို အထူးပြုထားရာ၊ ၎င်းသည် ဇာတ်လိုက် ဖြစ်ရမည်ဟု ကျွန်မ တွေးမိပြန်သည်။ သို့သော် တောင်စွယ်မှာနေကွယ်လျှင် ကြိုးပေးသတ်မည်ဟု အမိန့်ထုတ်ပြန်သည်ကို ဖတ်ရပြန် တော့ ဇဝေဇဝါ ဖြစ်သွားပြန်သည်။ မေမေ့ကို ကျွန်မ မေးကြည့်မိပါသည်။

"မေမေ..... ဗိုလ်နန္ဒက ဇာတ်လိုက်လား"

"ဟုတ်တယ်လေ၊ သူ ဇာတ်လိုက်ပဲ"

"ဟင်..... မေမေ့ ဝတ္ထုကြီးကလဲ၊ သူပုန်က ဇာတ်လိုက်ဖြစ်ရတယ်လို့၊ ဒါဆို ဘယ်ကောင်းတော့မလဲ"

ကျွန်မ ဆင်ခြေတက်တော့ မေမေက ရယ်လေသည်။

"သူက လူကောင်း သမီးရဲ့၊ ဖြောင့်မှန်တယ်၊ ရိုးသားတယ်၊ ညှာတာတယ်။ ဆက်ဖတ်ကြည့်ပါ သမီးရယ်၊ တဖြေးဖြေး သမီးနားလည်သွားမှာပါ"

မေမေပြောသည့်အတိုင်း ဆက်ဖတ်ကြည့်သောအခါ အလွန်စိတ်ဝင်စားဖွယ်ကောင်း သော အဖြစ်အပျက်များကို တွေ့လာရသည်။ ဗိုလ်နန္ဒသည် အလွန်တော်သောပုဂ္ဂိုလ် ဖြစ်သည်။ သူတပါး ဒုက္ခရောက်နေသည်ကို ကူညီလိုသူဖြစ်သည်။ ဘုရားတရား ကြည်ညိုသည်။ သတ္တိလည်း ကောင်းသည်။ အံ့သြဖွယ်ရာ အကောင်းဆုံးအချက်မှာ သူသည် မိမိ၏အသက်ကို စွန့်လွှတ်၍ပင် ကတိတည်ကြည်သူ ဖြစ်သည်။ ဇာတ်သိမ်းခန်းမှာ အလွန်ရင်နင့် ကြေကွဲဖွယ်ကောင်းပါသည်။ ကျွန်မမှာ ဝတ္ထုဖတ်ရင်း မျက်ရည်ပင်ကျခဲ့မိသည်။ နောက်ဆုံးမှာ သီဟရာဇာဘုရင်ကြီးကလည်း သူတော်ကောင်းဖြစ်ရာ ပေးထားသော အမိန့်ကို ပြန် ရုပ်သိမ်းပြီး ဗိုလ်နန္ဒနှင့် တခြား(သူပုန်ဖြစ်ခဲ့ဖူးသော) ဘုရင်မကို လက်ထပ်ထိမ်းမြား ပေးလိုက်သည်။ (ဗိုလ်နန္ဒ လုပ်ပုံကတော့ ထိုဘုရင်ကြီးသာ သဘောပြည့်ဝသူ မဟုတ်ပါလျှင် ခေါင်းဖြတ် အသတ်ခံရမလား၊ ကြိုးပေး၍ အသတ်ခံရမလား မသိ။)

ထိုဝတ္ထု ဖတ်ပြီးသောအခါ ဝတ္ထုကပေးသော ရသကို ကျွန်မ ခံစား တတ်ခဲ့ပြီဖြစ်သည်။ ဝတ္ထုကပေးသော ရသမှာ ပုံပြင်ကပေးသော ရသထက် တနင့်တပိုး နိုင်လှသည်။ အကျဉ်းချုပ် မဟုတ်ဘဲ အကျယ်ကိုဖြန့်ပြထားသဖြင့် ဇာတ်ကောင်တိုင်း၏ စရိုက်ကို ပီပြင်အောင် ဖော်ညွှန်းရန် အခွင့်အရေးရသည်။ ထိုအခွင့်အရေးကို ကောင်းကောင်း အသုံးချတတ် ရန်သာ အရေးကြီးပါသည်။

နောက်ပိုင်းတွင် အိမ်မှ ရှိသမျှစာအုပ်များသာမကတော့ဘဲ ဦးကြီးဝမ်းကွဲ၏ အိမ်မှ မဂ္ဂဇင်းများ၊ ဝတ္ထုများကိုပါ ဖတ်မိလေသည်။ ကျွန်မ ဖတ်ဖူးခဲ့သော စာအုပ်များကို စာရင်းပြုလုပ်မထားမိသဖြင့် မည်မျှ များပြားကြောင်း မသိနိုင်သော်လည်း အလွန်များပြား လှကြောင်းတော့ သေချာ၏။ အသက်ကြီးမှ ခင်မင်ရသော (အစ်ကိုတယောက်သဖွယ် ရင်းနှီးလှသော) မိတ်ဆွေတယောက်ကတော့ သူ့ဘဝမှာ သူဖတ်သမျှစာအုပ်များကို စာရင်း ပြုစုထားတာ တွေ့ရသည်။ ဘယ်လောက် အားကျဖို့ကောင်းသော အကျင့်စရိုက်လဲနော်။

ဝမ်းကွဲအစ်ကို အစ်မများ၏ အိမ်မှာ ကျွန်မတို့ အိမ်ထက်ပင် စာအုပ်များ စုံလင်လှသည်။ ကျွန်မမှာ စနေ၊ တနင်္ဂနွေနှင့် ကျောင်းပိတ်ရက် နေ့ခင်းများတွင် သူတို့အိမ်မှ စာအုပ်များကို သွားဖတ်၍ မအားလပ်နိုင်အောင် ရှိတော့သည်။ ရှုမဝမဂ္ဂဇင်း၊ သွေးသောက်မဂ္ဂဇင်း အထပ်လိုက် အပုံလိုက်။ တက္ကသိုလ်ဘုန်းနိုင်၏ဝတ္ထုများ၊ ခင်နှင်းယု၏ဝတ္ထုများ၊ ဂျာနယ်ကျော် မမလေး၏ဝတ္ထုများ၊ ခင်ဆွေဦး၏ဝတ္ထုများ။ နောက်ပိုင်းတော့ ညစာစားချိန်အထိ အိမ်မပြန်ဘဲ စာဖတ်နေသဖြင့် ဦးကြီးအိမ်ကပင် ကျွန်မကို ညစာကျွေးရလေ့ရှိပါသည်။ အိမ်ဝေးလှသည် လည်းမဟုတ်။ မျက်နှာချင်းဆိုင်ဖြစ်၍ လမ်းသာခြားပါသည်။ သို့သော် တောနယ် အိမ်များဖြစ်၍ ခြံဝင်းများ ကျယ်ဝန်းလှသောကြောင့် အိမ်ပြန်ရတာ ခရီးလှမ်းသလို ထင်ရလေသည်။

ဝတ္ထု၊ အပြင်စာဖတ်လျှင် အတန်းစာ နောက်ကျတတ်သည်ဟု တချို့ လူကြီးသူမများ လက်ခံထားကြပြီး သူတို့သားသမီးများကို အပြင်စာဖတ်ခွင့်မပေးကြပါ။ ကျွန်မကတော့ ဤအချက်အတွက် မိဘများကို အထူးကျေးဇူးတင်လှပါသည်။ ကျွန်မ မိဘများသည် ပညာတတ်များ မဟုတ်သော်လည်း သားသမီးများ၏ အရည်အချင်းကို မှန်ကန်စွာ အကဲဖြတ် တတ်သူများ ဖြစ်ကြသည်။ ကျွန်မ လေးငါးတန်းအရွယ် ကတည်းက ကျွန်မကို သူတို့ အကဲ ဖြတ်ခဲ့ကြသည်မှာ ဇွဲကောင်းပြီး ဝိရိယရှိသည်။ ဘဝတွင် အောင်မြင်ထူးချွန် လိမ့်မည်တဲ့။ အပြင်စာဖတ်သော ကျွန်မသည် အတန်းထဲတွင် ပဉ္စမတန်းအထိ ထိပ်ဆုံးသုံးယောက်တွင် တယောက်အပါအဝင် ဖြစ်ခဲ့၏။ ပထမရလိုက်၊ ဒုတိယ ရလိုက်၊ တတိယ ရလိုက်။ အများအား ဖြင့်တော့ ပထမရသည်က များပါသည်။

ဆဌမတန်းမှစ၍ နောက်ပိုင်းမှာတော့ အတန်းခွဲတခုထဲမှာ ပထမရရုံ နှင့် အားမရတော့ ဘဲ အတန်းခွဲအားလုံး၏ ပထမများထဲမှာ ပထမဖြစ်အောင် ယှဉ်ပြိုင်ချင်စိတ်တွေ များလာခဲ့ ပါသည်။ တက္ကသိုလ်ဘုန်းနိုင်၏ ဇာတ်လိုက်များက အလွန်စာကြိုးစား၍ တော်ကြသည် မဟုတ်လား။

တက္ကသိုလ်ဘုန်းနိုင်၏ ဇာတ်လိုက်များက အားကျဖို့ကောင်းသည်။ ကိုယ်ကျင့်တရားနှင့် ပြည့်ဝသည်။ သိက္ခာရှိသည်။ ကြိုးစားသည်။ မိဘများ ပြည့်စုံသည်ဖြစ်စေ၊ ချို့တဲ့သည်ဖြစ်စေ၊ သူတို့အားလုံးစာကြိုးစား၍ ရိုးသား ဖြောင့်မတ်သူများဖြစ်ကြသည်။ သူ့ဇာတ်လိုက်များထဲတွင် ကျွန်မသဘောအကျဆုံးမှာ ဆရာဝန်ဇာတ်လိုက်များဖြစ်သော ဒေါက်တာနှင်းငွေ နှင့် ဒေါက်တာနှင်းမောင် ဖြစ်သည်။ ဒေါက်တာနှင်းငွေက လူမှုဆက်ဆံရေး ညက်ညောပြေပြစ် သည်။ ခွဲစိတ်ကုသရာတွင် စေ့စပ်သေချာသည်။ သူ့ အချစ်ဦး နုနုငယ်အပေါ်တွင် အလွန် သစ္စာကြီး၍ မြတ်နိုးတမ်းတသည်။ နုနုငယ်နှင့် မျက်နှာအနေအထား ဆင်တူသော စစ္စတာ ဒေါ်မိုးသူအပေါ် ရင်းနှီးစွာ ဆက်ဆံသော်လည်း စိတ်ထားဖြူစင်သန့်ရှင်းသည်။

ဒေါက်တာ နှင်းငွေကို ကျွန်မ ပို၍ သဘောကျသောအချက်မှာ တောင်ပေါ်သူ အဖွားကြီးတဦးအား နား ဖောက်ပေးရန် လက်ခံသဘောတူလိုက်ခြင်းပင် ဖြစ်ပါသည်။ ဆရာတက္ကသိုလ် ဘုန်းနိုင်တို့များ ဘယ်လောက်တော်သလဲ ဆိုလျှင် ပထမဝတ္ထုမှာ သေပြီးသွားသော ဇာတ်လိုက်မကလေးအား ဒုတိယဝတ္ထုနှင့် ပြန်လည်အသက်ရှင်စေရာတွင် အလွန်တရာ စေ့စပ် သေချာလှသည်။ သေပြီဟု အများလက်ခံထားသော မိန်းကလေး တယောက် မသေပါ..... ဟု လက်ခံပျော်ရွှင် လာအောင် ဆရာအစွမ်းထက်လေသည်။ နောက်ပြီးဆရာက အချစ်ကိုဖွဲ့ရာတွင် အလွန်နူးညံ့ သိမ်မွေ့သည်။ ကျွန်မ သတိထားမိသောအချက်မှာ နှင်းငွေနှင့် နုနုငယ် အချစ်ခန်း ဖြစ်သည်။ နှင်းငွေက ဆေးတက္ကသိုလ်ကျောင်းသားဖြစ်နေပြီ။ နုနုငယ်က ရွာမှာပဲနေခဲ့ရသည်။ နှင်းငွေက နုနုငယ်တို့အိမ်သို့ တိတ်တခိုး လာတွေ့သည်။ ခြံနောက်က တောအုပ်ခင်တန်းလေး ထဲမှာ နှစ်ယောက်တွေ့ကြရာ နှင်းငွေက နုနုငယ်ကို နမ်းပါသည်။ သို့သော် ဆရာက နမ်းသည်ဟု တိုက်ရိုက်မရေးဘဲ ပန်းကလေးများ မွှေးသလိုပင် 'မွှေးသည်' ဟု ရေးခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူတို့ အချစ်သည် အလွန်သိမ်မွေ့စွာ ရင်ခုန် စရာ ဖြစ်ခဲ့ပါသည်။

ဒေါက်တာနှင်းမောင် ("ချစ်သောဤကမ္ဘာ") ကတော့ လူတောထဲ သိတ်မတိုးသော၊ သီးသန့်နေတတ်သော သုတေသန ဆရာဝန်တဦး ဖြစ်သည်။ ရှက်တတ်သည်။ သိမ်မွေ့သည်။ အလုပ်ထဲ စိတ်ရောက်နေလျှင် ထမင်းစားဖို့ပင် မေ့တတ်သူဖြစ်သည်။ သတ္တဝါ၏ ပြတ်တောက် သွားသော တစ်သျှူးများ၊ အပိုင်းအစများမှ နောက်တဖန် တစ်သျှူးများ ပြန်လည်ပွါးများ ရှင်သန်လာအောင် တီထွင်ဖို့ကြိုးစားနေသည့် သုတေသန ဆရာဝန်တဦးဖြစ်သည်။ ဟိုး ကလေးဘဝအရွယ်က ဖတ်ခဲ့ရသော စာအုပ်ဖြစ်၍ ထိုအယူအဆ ဖြစ်နိုင် မဖြစ်နိုင် ထိုအချိန်က ဝေဖန်ဆုံးဖြတ်ခဲ့သလား ကျွန်မ မမှတ်မိပါ။ ကျွန်မ အမှတ်မိဆုံးနှင့် ကျွန်မ ရင်နင့်ကြေကွဲရဆုံး အခန်း နှစ်ခန်းရှိသည်။ တခုက ဒေါက်တာနှင်းမောင်၏ အမ မမသန့် (ဒေါက်တာ မလေး သန့်ဟုထင်သည်) က နှင်းမောင်ကို ဓမ္မပဒ ဇာတ်တော်လာ ဇာတ်ကွက်ခန်းတခု ပြောပြခန်း ဖြစ်ပြီး၊ နောက်တခန်းမှာ ဒေါက်တာ နှင်းမောင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခါနီး အခန်းဖြစ်ပါ သည်။

ဇာတ်တော်ထဲမှာ အမျိုးသမီးတဦးက အကျဉ်းကျ၍ အသတ်ခံ ရတော့မည့် လူသုံးယောက်အတွက် အသနားခံရာတွင် သူမအား ထို သုံးယောက်ထဲမှ တယောက်ကိုသာ ရွေးချယ်ခွင့် ပေးခဲ့သည်။ ထိုသုံးယောက်မှာ သူမ၏ ယောက်ျား၊ သူမ၏သား နှင့် သူမ၏မောင် ဖြစ်သည်။ အသက်သုံးခုအနက် အသက်တခုသာ ချမ်းသာရာ ရမည်ဖြစ်ရာ ထိုအမျိုးသမီးက သုံးယောက်ထဲမှ တယောက်ကိုသာ ရွေးချယ်ရယူနိုင်မည်ဖြစ်သည်။ ထိုအမျိုးသမီးသည် ရင်နှစ် သည်းချာ သားကိုလည်း မရွေး၊ ခင်ပွန်းလင်ကိုလည်း မရွေးဘဲ၊ မောင်ဖြစ် သူကိုသာ ရွေးချယ်လိုက်လေသည်။ မမသန့်က မောင်ဖြစ်သူ ဒေါက်တာ နှင်းမောင်အား ထိုပုံပြင်ကို သိမ်မွေ့စွာ ပြောပြခြင်းဖြင့် သူ၏မောင်ကို နှစ်သိမ့်ခြင်း ဖြစ်ဟန်တူပါသည်။

"ယောက်ျားဆိုတာ အရွယ်ကောင်းတဲ့ မိန်းမတယောက်အတွက် အစားရနိုင်တယ်။ သားဆိုတာလည်း အစားရနိုင်သေးတယ်။ ကျွန်မမှာ မိဘတွေ ဆုံးပြီဖြစ်လို့ မောင်ဆိုတာတော့ မရနိုင်တော့ပါ၊ ဒါကြောင့် ကျွန်မဟာ မောင် ကိုသာရွေးချယ်ပါတယ်"

ဤစကားသည် ဒေါက်တာနှင်းမောင်၏ ရင်ထဲသို့ ထိခိုက်စွာဝင်ရောက် သွားသလို ကျွန်မ၏ ရင်ထဲသို့လည်း ထိခိုက်စွာ ဝင်ရောက် လာပါသည်။ ဆုံးရှုံးမှုတွေများပြီး ရွေးချယ်ရန် လိုအပ်လာသောအခါ အစားထိုး၍ရနိုင်သော ဆုံးရှုံးမှုကို လက်ခံပြီး အစားထိုး၍မရသော ဆုံးရှုံးမှုကို တန်ဖိုးထား ကာကွယ်ရန် ကျွန်မကို ဤစာအုပ်က သင်ပေးခဲ့ပါသည်။ ဘဝတွင် လူတို့သည် အရာများစွာကို ဆုံးရှုံးရနိုင်သည်။ ရွေးချယ်ရန် အကြောင်းများစွာ ပေါ်ပေါက်လာ နိုင်ပါသည်။ ထိုအထဲမှ ဘာကို ရွေးချယ်မလဲ။ ထိုအချက်သည် လူ့ဘဝတွင် အလွန်အရေးကြီး သောအချက်ဖြစ်ပါသည်။ လူတယောက်သည် သူ့ဘဝတွင် အရေးကြီးဆုံးအရာ၊ အဆုံးရှုံး မခံနိုင်သောအရာကို ကျိုးကြောင်းဆင်ခြင်တတ်စွာ သိတတ်ဖို့လိုသည်ဟု ကျွန်မ ထင်ပါသည်။

စာအုပ်များသည် ကျွန်မကို ကြောင်းကျိုးဆင်ခြင်ဆက်စပ်မှုပေးခဲ့ရုံသာမကဘဲ ခွန်အား များစွာကိုလည်းပေးခဲ့သေး၏။ ဂျာနယ်ကျော် မမလေး၏ "သူမ" ဝတ္ထုကို ကျွန်မ ခုနှစ်တန်း အရွယ်တွင် ဖတ်ရပါသည်။ ထိုဝတ္ထုထဲမှ ဇာတ်ကောင်အမျိုးသမီး သက်သက်ကို ကျွန်မ အားရ ကျေနပ်ခဲ့ရသည်။ မိန်းမဆိုတာ ဒီလိုမျိုးဖြစ်ရမယ်ဟူသော မာန်ကလေးတခု ယခင်ကထက် သိသာစွာ ဝင်ရောက်လာခဲ့သည်။ မိန်းမတွေဟာ ယောက်ျားတွေလောက် ဥာဏ်မရှိဘူး ဟူသော ဆိုရိုးစကားတခုကိုလည်း ကျွန်မလက်မခံနိုင်ပါ။ လက်မခံနိုင်ရုံမျှ သာမကဘဲ မိန်းမ တွေဟာ ယောက်ျားတွေ ထက်မသာရင်တောင်၊ အသိဥာဏ်အရာ၊ အားမာန် အရာမှာ မနိမ့်ကျပါဘူး..... ဟု အံကြိတ်၍ တယောက်တည်း ကောက်ချက်ချခဲ့ဖူးသည်။ ဖြစ်ချင်တာတခု ကို ဖြစ်အောင်လုပ်ရန် ကျွန်မ အားတင်းခဲ့ပါသည်။ ကျွန်မသည် ဝတ္ထုများစွာ၏ ရသစွမ်းအားကို ချီးကျူးလေးစားစွာ ဖတ်ခဲ့သော်လည်း ပျော့ညံ့တွေဝေသော မိန်းမများကိုတော့ သနားကြင်နာရုံ သာဖြစ်၍ မနှစ်သက်ခဲ့ပါ။

ဂျာနယ်ကျော်မမလေး၏ "မုန်း၍မဟူ" ဝတ္ထုကို ကျွန်မ အလွန်သဘောကျပါသည်။ ဆရာမကြီး၏ လူ့စရိုက်အဖွဲ့များကိုလည်း ကျွန်မ လေးစားစွာ ချီးကျူးပါသည်။ ဇာတ်သိမ်းခန်း တွင် ဖြစ်မှဖြစ်ရလေဟု မျက်ရည်ဝိုင်းရလောက်အောင် ရင်နင့်ကျေကွဲရပါသည်။ သို့သော် ကျွန်မ "ဝေ" ကို မချစ်ပါ။ အားလည်းမရပါ။ ကျွန်မသာ ဝေဆိုလျှင်ဟု တွေးကြည့်မိသောအခါ ဝေ့လောက် သည်းညည်းခံနိုင်မည်လည်း မဟုတ်ကြောင်း သေချာသွားပါသည်။ ထိုစဉ်က ကျွန်မအသက် ၁၃ နှစ်သာ ရှိသေး၏။ အိမ်ထောင်တခုတွင် စရိုက်မတူသော အိမ်ထောင်ဖက် များ စိတ်ဆင်းရဲရသည်ဟု သိထားသော်လည်း ခင်ပွန်းအပေါ် သည်မျှသိတတ်ရမလားဟု ကျွန်မ မချင့်မရဲ ဒေါသဖြစ်မိပါသည်။ ကျွန်မသာ ဆိုလျှင်...... ဤကဲ့သို့ တွေးလိုက်မိသည့်အခါ ခင်ပွန်းအပေါ်တွင် အစစအရာရာ မှီခိုအားကိုးပြီး ခင်ပွန်းလုပ်စာထိုင်စား၊ ထားရာနေ စေရာသွား ဇနီးတယောက်၏ဘဝကို ကျွန်မ မလိုချင်ကြောင်းသိလာရပါသည်။ လောကမှာ ဘယ်သူ့ကိုမျှ အားမကိုးပဲ မိမိကိုသာ အားကိုးနိုင်ရန် ကျွန်မ ကြိုးစားမှဖြစ်မည်ဟု ဆုံးဖြတ်ခဲ့ပါသည်။

အမျိုးသမီးသူရဲကောင်းများကို အားကျတတ်သော ကျွန်မသည် "ရင်နင့်အောင်မွှေး" ဝတ္ထုထဲက 'မော်' ကိုတော့ အံ့သြတကြီးလေးစားခဲ့ရုံသာဖြစ်၍ 'မော်' ဖြစ်အောင် ကြိုးစားရန် စိတ်မပေါ်ခဲ့မိပါ။ ကျွန်မသည် မော်လို ဗိုင်းကောင်းကျောက်ဖိ မိန်းမတယောက် ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဟု ကြိုတင်တွေးမိသောကြောင့် ဖြစ်ဟန်တူပါသည်။ ထိုဝတ္ထုတွင် မော်၏ ကိုယ် ကျင့်သိက္ခာမှာ မိန်းကလေးအားလုံအတွက် 'စံ' ဖြစ်သည်။ သားသမီးအား လုံးအတွက်လည်း 'စံ' ဖြစ်သည်။ အမျိုးသားဇာတ်ကောင် (နာမည်မမှတ်မိပါ။ ကိုလှမြင့်ဟုထင်သည်) ကတော့ mediocre ပဲဟုထင်သည်။ မော်တို့ အိမ်က မီးဖိုဆောင်မှာ အလွန်သန့်ရှင်းသည်။

ငါးပိအိုး၊ ဆားအိုးတို့မှာ အမြဲဖုန်သုတ် တိုက်ချွတ်ထားသဖြင့် ပြောင်လက် နေလေသည်။ ဘုရားသောက် တော်ရေချမ်း၊ ဆီမီး၊ ပန်းတို့ကို အမြဲကပ်လှူသည်။ ကျွန်မတို့ အိမ်မှ ငပိအိုး၊ ဆားအိုး အဖုံးတို့မှာ ဖုန်တက်နေသည်။ ကျွန်မမှာ ဝတ္ထုထဲကလို အားကျကာ မီးဖိုဆောင်ကို သန့်ရှင်းလိုက်သေး၏။ နောက်တော့ ကျွန်မ တာဝန်ပျက်ကွက် ပြန်သည်။ ကျွန်မနှင့် မော် ဘယ်တော့မျှ တူမှာမဟုတ်။ ကျွန်မက မော့်လောက်လည်း အရှက်အကြောက်ကြီးလှသူ မဟုတ်။ မော့်ဆီက ရလိုက်သော အကျင့်စရိုက်တခုကတော့ ယနေ့ထိ စွဲမြဲစွာ ကျွန်မဆီမှာ ကျန်ရစ်သေး၏။ ထိုအကျင့်မှာ ဘတ်စ်ကားနှင့် သွားသည်ပဲဖြစ်ဖြစ်၊ မီးရထားနှင့် သွားသည် ပဲဖြစ်ဖြစ်၊ ခရီးလမ်းဘေးမြင်ကွင်းတွင် ဘုရားစေတီကို မြင်တွေ့ပါက ကြည်ညိုစိတ်ပေါ်လာလျှင် လက်အုပ်ချီ ကန်တော့မိသောအကျင့် ဖြစ်လေသည်။

ခင်နှင်းယု၏ စာအုပ်များကိုတော့ ကျွန်မ အစဉ်အလိုက် ဖတ်ရတာမဟုတ်။ ရှေ့နောက် ပြောင်းပြန်တွေဖြစ်နေသည်။ "အောင်မြင်သောနေ့" ကို အရင်ဖတ်ပြီးမှ "မွှေး" ကိုဖတ်ရသည်။ introvert type, extrovert type ဟု ခွဲခြားမသိခဲ့သော်လည်း မွှေး၏ ဝတ္ထုဇာတ်အိမ် တည်ဆောက်ပုံကို ထိုအရွယ်မှာကတည်းက ကျွန်မ အတုယူခဲ့မိပုံ ပေါ်ပါသည်။ အတွတ်ကို ကျွန်မက introvert type ဟုမြင်သည်။ ဖရက်ဒီကိုတော့ extro vert type ဟု မြင်သည်။ မွှေး ကတော့ ချစ်ခင်ဖွယ်ရာ၊ သနားကြင်နာဖွယ်ရာ မြင်တွေ့ရပါသည်။ "ကုသိုလ် ကြမ္မာမမှီပါခဲ့" ဝတ္ထုကိုတော့ မွှေးဝတ္ထု၏အဆက်အဖြစ်ဖတ်သည် မဟုတ်ဘဲ ဝတ္ထုခေါင်းစဉ်ကို သဘောကျ လွန်း၍ ဖတ်လိုက်ခြင်းဖြစ်သည်။ ပြီးမှ မွှေး အဆက်မှန်းသိလေသည်။ ဘာပဲဖြစ်ဖြစ် အတွတ်ကို ကျွန်မ အစွဲကြီး စွဲခဲ့သည်။ ရတုပိုဒ်စုံ အချပိုဒ်တခုဖြစ်သော "မြင်လျှင်ပင်ကို၊ ကြိုးပါလိုလည်း၊ ကုသိုလ်ကြမ္မာမမှီပါခဲ့" ဟူသောစာကြောင်းကို အလွတ်ရသည်အထိ ထိုဝတ္ထုကို စွဲလန်းခဲ့ ပါသည်။

ထိုအချိန်မှာ ကျွန်မ စာရေးဆရာ ဖြစ်ချင်စိတ်တွေ တဖြည်းဖြည်း အင်အားကောင်း လာသည်။ တခါတရံ ဝတ္ထုတွေဖတ်ပြီး ငါသာဒီဝတ္ထု ရေးရရင် ဇာတ်သိမ်းကို ဒီလိုမသိမ်းဘူး၊ ဟိုလိုသိမ်းမယ်ဟူသော ကလေးတွေးမျိုးဖြင့် စိတ်ကူးထဲမှာ ဝတ္ထုများရေးခဲ့သည်။ ယုဝတီ ကြည်ဝေ၏ ယောက်ျားဇာတ်လိုက်များ မိန်းမပိုးပုံကို သဘောကျ၏။ သူတို့ စကားပြောတာ သွက်လက်ပြီး ချစ်စရာကောင်းအောင် ရိုးသားကြလေသည်။ ငါဝတ္ထုရေးရင် ငါ့ဇာတ်လိုက် တွေကို အဲလိုပိုးခိုင်းမယ်။ ဒါဆို အမျိုးသမီးက ချစ်သွားမှာအမှန်ပဲဟု စိတ်ကူးယဉ်ကာ ဇာတ်လမ်းတွေအများကြီး စဉ်းစားပေးခဲ့သည်။ စိတ်ထဲမှာ တွေးသော အတွေးအဖြစ် "ဟာ...... မဟုတ်ဘူးခင်ဗျ" ဟု တွေးနည်းမျိုး။ "ကောင်းကွာ၊ ကျုပ်ကတော့ စိတ်ကူးတွေ ယဉ်လို့ဗျို့" ဟုတွေးနည်းမျိုး။ "ကျောင်းအမရဲ့" ဟူသော မချင့်မရဲအတွေးနာမ်စားမျိုးကို ကျွန်မ အလွန်သဘောကျခဲ့သည်။

ခပ်သွက်သွက် ချစ်စရာယောက်ျားဇာတ်လိုက်ကို ဖွဲ့ရာတွင် ပရိသတ်ကို ဆွဲဆောင်နိုင်မည့် အရေးအသားမျိုး ဟုထင်ပါသည်။ အစ်မကြီးတယောက်၏ တာဝန်ကျေမှု၊ သိတတ်မှု၊ ညှာတာမှုများကို ယုဝတီကြည်ဝေ၏ "တပွင့်ရွှေကြာ" ဝတ္ထုများတွင် တွေ့ရတတ်သည်။ ကျွန်မသည် အစ်မကြီးတယောက် မဟုတ်သော်လည်း တတိယ မြောက်သမီးဖြစ်ပြီး ကျွန်မအောက်တွင် ညီမလေး နှစ်ယောက်ရှိသဖြင့် အစ်မကြီးတယောက် သဖွယ် ခံစားခဲ့ရပါသည်။ အနစ်နာခံစိတ်၊ ကိုယ်ကျိုးစွန့်စိတ်များကို အားကျအတု ယူခဲ့ပြီး ဝတ္ထုထဲမှာ မောင်ငယ်များက စေတနာကို စော်ကားတာဖတ်ရပြန်တော့ ရင်နာကြေကွဲရ ပြန်သည်။ ယုဝတီကြည်ဝေ၏ "ခရီးကြုံလေ၊ လေးခင်ခင်၊ ကျေရာကျေကြောင်းတောင်းပန်ချင်၊ နားခိုရာ၊ အနီးနှင့်အဝေး၊ အပြေးနှင့်အလိုက်" စသောအချစ်ဝတ္ထုများသည် ကျွန်မကို အချစ်ဝတ္ထု စာရေးသူတယောက်ဖြစ်လာအောင် တွန်းအားပေးခဲ့ရာတွင် မျှဝေပါဝင်ခဲ့ပါသည်။

ခင်ဆွေဦး၏ ဇာတ်ကောင် ယောက်ျားများကိုတော့ ဝတ္ထုထဲတွင် သဘောကျရုံမျှ သာကမဘဲ အပြင်လောကမှာပါ စံအဖြစ်ထားခဲ့သည်။ ထိုကြောင့်လည်း တော်ရုံတန်ရုံ ယောက်ျားကို အထင်မကြီးသော စိတ်ဓာတ်တွေ ဝင်လာခဲ့ခြင်းဖြစ်ပါသည်။ "တို့တိုင်းဌာနီ" ထဲက ကိုသူရ၊ "မိုးနှင့်ရေ" ထဲက ကိုငွေခိုင်၊ "သရဖီဦး" ထဲက ကိုသူရိန်၊ "နေကြာ မျက်နှာနေမျက်နှာ" ထဲက ကိုဝေလင်း...... ထိုယောက်ျားများသည် ကိုယ်ကျင့် သိက္ခာကောင်းသည်။ ပညာတော်သည်။ ကြိုးစားသည်။ ချုပ်ထိန်းနိုင်စွမ်းအားမြင့်မားသည်။ အားကိုးဖွယ်ရာ သဘောထား မြင့်မြတ်သည်။ သူတို့နှင့် ယှဉ်ကြည့်လိုက်တိုင်း ကျွန်မ တွေ့သော ယောက်ျားများက နိမ့်ကျနေခဲ့သည်ချည်းဖြစ်သည်။ ကျွန်မ သတ်မှတ်စံက မြင့်ပြီး သူတို့က နိမ့်သောအခါ ကျွန်မအတွက် သူတို့သည် အရေးစိုက်စရာ ယောက်ျားများ မဟုတ်တော့ဘဲ သာမန်လူတွေထဲမှာ ရောနှော ရောက်သွားတော့သည်။ သည်အတွက်လည်း ကျွန်မလုံးဝ စိတ်မကောင်း မဖြစ်ခဲ့ပါ။ ဒေါ်ခင်ဆွေဦးနှင့် ကျွန်မ ဆုံတွေ့ဖြစ်သည့်အခါမှာတော့ "ဒီလောက်နှစ်ရှည်လများ အပျိုကြီးဖြစ်နေခဲ့တာ မေဦးကြောင့် သိလား" ဟု ရယ်စရာဖွဲ့၍ လေးစားချီးကျူးခဲ့မိပါသည်။

ဆယ်တန်းစာမေးပွဲဖြေအပြီး ကျောင်းပိတ်ရက်မှာတော့ ကျွန်မ အတွက် စာအုပ်များကို အားရပါးရ အတိုးချဖတ်ခဲ့ရသော ကြည်နူးဖွယ်ရာ အတွေ့အကြုံကို ရရှိခဲ့တော့သည်။

သိန်းသန်းထွန်း၏ အချစ်ဝတ္ထုများမှာ အလွန်ချစ်စရာကောင်းသော စကားလုံးများဖြင့် လှပစွာ ရေးဖွဲ့ထားသည်။ "ဘယ်ပန်းချီရေးလို့မမှီ" ကို ပထမဆုံး ဖတ်ရသည်။ ထိုဝတ္ထုမှ အဖေကိုမုန်းလျက် သားကို ကျွန်မချစ်ခဲ့သည်။ သို့သော် သား၏နာမည်ကို ကျွန်မ မမှတ်မိတော့ပါ။ အဖေ၏ နာမည်မှာ ကျောင်းစိတ္တဟု မှတ်မိနေသည်။ နာမည်မှာ ကျွန်မအတွက် ဆန်းပြားသောကြောင့် မှတ်မိနေခြင်း ဖြစ်ပါလိမ့်မည်။ သားကတော့ စံပြဇာတ်ကောင် ဖြစ်၏။ အဖေ၏ အမှားကို သား၏အမှားဖြစ်အောင် တာဝန်ရဲရဲယူလိုက်၏။ အဖေ၏ ဂုဏ်သိက္ခာညစ်နွမ်းမှုကို သူ၏ညစ်နွမ်းမှုအဖြစ် တာဝန်ယူလိုက်၏။ ချစ်စရာကောင်း ပြီး အလွန်လေးစား ဂုဏ်ယူဖို့ ကောင်းသောသားဖြစ်သည်။

မိဘချစ်ခြင်းမေတ္တာကိုဖွဲ့သော ဝတ္ထုများကိုသာ ရင်းနှီးကျွမ်းဝင်ခဲ့သော ကျွန်မအတွက် ဤဝတ္ထုသည် ထူးခြားပြီး စွဲမက်စရာ ဇာတ်လမ်း ဖြစ်နေသည်။ ထို့အပြင် ဆရာသိန်းသန်းထွန်း၏ အလွန်ညက်ညော ပြေပြစ်သော စကားပြေ၊ လှပဆန်းသစ်သော စကားလုံးများသည် ကျွန်မကို ပြင်းပြစွာ ဆွဲဆောင်လေသည်။ "အချစ်ရူးလေးရဲ့အချစ်ဦး" ကို ကျွန်မ သုံးလေးကြိမ်လောက် ပြန်ဖတ်သည်။ "လမင်း ငယ်ငယ်အပြုံးရှင်" ဝတ္ထုမှာ ဆန်းကြယ်သော ဝတ္ထုဇာတ်လမ်းကို တွေ့ရပြန်သည်။

နောက်တော့ နာမည်ကြီးလှသော ဒဂုန်တာရာ၏ "မေ" ကို ဖတ်သည်။ မေ၏ဘဝကို ကျွန်မ မနှစ်သက်ပါ။ မေ၏ စရိုက်ကိုလည်း ကျွန်မ မနှစ်သက်ပါ။ သို့သော် မေ၏မာန်ကို ကျွန်မ ခံစားရသည်။ ဖွဲ့နွဲ့ထားသော စကားလုံးများ၊ ဝါကျများကို ကျွန်မ အတုယူဖို့ကြိုး စားသည်။ မေကို ဖတ်ပြီးသည့်အခါ ကျွန်မ ရင်ထဲမှာ တခုခုကို မကျေနပ်စိတ်(သို့မဟုတ်) အားမရစိတ်တွေ ကျန်နေခဲ့သည်။ မေသည် ကျွန်မကို ကောင်းကောင်း ညှို့ယူထားနိုင်ခဲ့သည်။

ဒဂုန်တာရာ၏ မေကို သိပြီးမှ ကျွန်မ ကြည်အေး "မီ" ကိုသိခဲ့ရသည်။ မီသည် မေ့လိုပင် ကျွန်မကို ကောင်းကောင်းနှိပ်စက် နိုင်ခဲ့ပါသည်။ မီကို ကျွန်မ အားမကျပါ။ ဆန့်ကျင်လိုသည့် စိတ်များဝင်နေခဲ့ပါသည်။ ဘဝကို ရေစုန်မျှောပစ်သည့် မိန်းကလေးပဲဟု မချင့်မရဲ ခံစားရ သော်လည်း မီကို ကျွန်မ သနားနေခဲ့သည်။ မီ၏ 'လေး' သည်လည်း သနားဖွယ်ရာ။ လောကတွင် စံဇာတ်ကောင်တွေချည်း ရှိတာမဟုတ်ပါ ပဲလား။ အပြင်လောကလိုပင် အားမရစရာ၊ ဒေါသဖြစ်စရာ၊ သနားစရာ ဇာတ်ကောင်တွေလည်း ရှိနေသေးသည်။

ဝတ္ထုထဲမှ ကျွန်မတို့ ဘာကိုယူမည်နည်း။ ဒါကတော့ ကျွန်မတို့ ခွဲခြား သိနိုင်ရလိမ့်မည်။

ငယ်စဉ်ကတော့ ဇာတ်လမ်းထဲမှာ မျောပါပြီး ခံစားခဲ့သည်။ ပျော်စရာတွေ့လျှင် ပျော်၍ ဝမ်းနည်းစရာတွေ့လျှင် ငိုခဲ့ရသည်။ ဇာတ်သိမ်းသည်အထိ ဇာတ်လမ်းထဲမှာ အနှောက်အယှက် မရှိ မျောပါနေခဲ့သည်။ အသက်အရွယ် ရလာပြီး စာရေးဆရာဖြစ်ဖို့ ကြိုးးစားလာ ချိန်မှာတော့ ဇာတ်လမ်းထဲမျောပါ မနေတော့ပဲ စာရေးသူနေရာကို ချောင်းကြည့်ဖို့ ကြိုးစားလာခဲ့သည်။ ဝတ္ထုစ အဖွင့်မှာ ပရိသတ်ကို ဘယ်လိုဆွဲဆောင်နိုင်ဖို့ ကြိုးစားခဲ့သလဲ။ အခန်းခွဲတဲ့အခါ ဘယ်နည်းတွေ သုံးခဲ့သလဲ။ ဇာတ်ကောင်စရိုက်ကို စကားထဲမှာဖော်သွားသလား၊ စာရေးဆရာက ပြောပြသွားသလား။ (စာရေးဆရာက ဖွင့်ဟပြောပြသော ဇာတ်ကောင်စရိုက် ဖော်နည်းကို ကျွန်မ မကြိုက်တတ်ပါ) ဝါကျတွေကို ဘယ်လိုသုံးသွားသလဲ။ ကြိယာဝိသေသန ဘယ်နှစ်လုံးပါသလဲ။ အများအားဖြင့် သူ သုံးနေကျ စကားလုံးတွေက ဘာလဲ။ ဇာတ်ကောင် စရိုက် နှင့် သူပြောသော စကားတွေ တထပ်တည်းကျရဲ့လား စသည်ဖြင့် အတုယူစရာရှိလျှင် ယူတတ်ရန် ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ အမြဲကြိုးစား ခဲ့ပါသည်။

ဆွဲဆောင်မှု သိပ်ကောင်းသော ဝတ္ထုမျိုးဆိုလျှင် ကျွန်မ ဘယ်လောက်ပဲ အပြင်က ချောင်းကြည့်စေကာ ဇာတ်လမ်းထဲသို့ မသိမသာ ပါသွားတတ်သည်ချည်းဖြစ်၏။ နိုင်ဝင်းဆွေ၏ "နွေတည" ထဲက ဇာတ်ကောင် ခင်ဝေကို နိုင်ဝင်းဆွေ၏ နေရာမှ ချောင်းကြည့်နိုင်ရန် သုံးကြိမ်လောက် ကြိုးစားယူခဲ့ရသည်။ (ပထမတကြိမ် နှစ်ကြိမ်က ကျွန်မ ကိုယ်တိုင် ခင်ဝေ၏ ဆွဲဆောင်မှု၊ ကိုကို၏ ဆွဲဆောင်မှု နောက်သို့ ပါပါ သွားခဲ့ရသည်။) ခင်ဝေကို ချစ်လည်း ချစ်၍ မုန်းလည်း မုန်းသည်။ တခါတခါ ဒေါသဖြစ်၍ တခါတခါ သနားသည်။ ခင်ဝေသည် ဝတ္ထုထဲက ဇာတ်ကောင် မဟုတ်တော့ဘဲ အပြင်လောက,က လူသားတယောက် ဖြစ်နေသည်။

အလွန်ချစ်စရာကောင်းသော မိန်းကလေး၊ အလွန်မချင့် မရဲဖြစ်စရာ ကောင်းသော မိန်းကလေးဖြစ်ပြီး သူမကို ကျွန်မဘယ်လိုမှ အကဲခတ်လို့ မရအောင် ခံစားရသည်။ ဇာတ်သိမ်းခန်းသို့ ရောက်သည့်အခါ ကျွန်မကိုယ်တိုင် ရထားတွဲ မှောင်မှောင်ထဲရောက်နေကာ ခင်ဝေနှင့် ကိုကို,ကို မြင်တွေ့နှုတ်ဆက်ခွင့်ပေးချင်လာသည်။ သို့သော် ဤဇာတ်သိမ်းထက် ကောင်းမွန်သင့်တော်မည့် "နွေတည" ၏ဇာတ်သိမ်းခန်း ရှိတော့မည်မဟုတ်ဟု ကျွန်မ အံ့သြချီးကျူးမိသည်။

ဝတ္ထုရေးရာတွင် စာရေးဆရာက ဝင်ပြီးပြောသော စကားများ၊ ဝါကျများကိုတော့ ကျွန်မ မနှစ်သက်ပါ။ (ဝတ္ထုတပုဒ်ကို တတိယ လူနေရာတွေချည်း ရေးသွားပြီး ထိုတတိယလူကို သရုပ်ဖော်ရာတွင် စာရေးဆရာက သိသိသာသာ ဝင်ရောက်ခြင်းမျိုးကို ဆိုလိုပါသည်။) သူ့ခမျာ မျှော်လင့်တကြီး စောင့်စားနေရှာတော့သည်ဟူသော အရေးအသားမျိုးကို ကျွန်မ မနှစ်သက်ပါ။ မိမိ မနှစ်သက်သော အရေး ဝါကျမျိုးတွေ့လျှင် အင်း...... ငါရေးရင်တော့ ဒီလို ဝါကျမျိုး မရေးဘူးဟု ဆင်ခြင်သုံးသပ်သော အလေ့အကျင့်ကို ရခဲ့သည်။ သိပ်ကြိုက်သော ဝါကျမျိုး စားလုံးမျိုးတွေ့လျှင်တော့ ကျွန်မအတွက် တကယ့် အန္တရာယ်ဖြစ်၏။ နှစ်ရှည်လ များ စွဲနေသည့်အခါ တခါတရံ စကားလုံးတခုသည် မိမိပိုင်စကားလုံးဟု ထင်ရလောက်အောင် ရင်းနှီးသွားလေ့ရှိပါသည်။ ထိုအချိန်မှာ မိမိက စာတပိုဒ်ကို ရေးချလိုက်လျှင် ထိုစကားလုံး ပါ သွားတတ်သည်။

၎င်းမှာ စာရေးသူတယောက်အတွက် အလွန်အရေးကြီးသော အန္တရာယ်တခု ဖြစ်ပါသည်။ ထိုအဖြစ်မျိုး မဖြစ်ပေါ်အောင် ရှောင်နိုင်ဖို့ လိုအပ်ပါသည်။

ဝတ္ထု၏သဘောသဘာဝကိုက ဆွဲဆောင်မှု အားလုံးကို အသုံးပြု ထားသည်ဖြစ်ရာ ဝတ္ထုသည် လူများကို ဆွဲဆောင်လေ့ရှိသည်မှာ သဘာဝကျပါသည်။ လူငယ်များသည်၊ စာဖတ်သက် အတွေ့အကြုံ၊ သဘာဝ အတွေ့အကြုံ နုနယ်သေးသည်ဖြစ်ရာ ဝတ္ထုတပုဒ်ကို ဖတ်ပြီးလျှင် အကောင်းအဆိုး ဝေဖန်နိုင်စွမ်းထက်၊ ကြိုက်မကြိုက်ဝေဖန်နိုင်စွမ်း သာရှိပါသည်။ ဝတ္ထုသည် ရာနှုန်းအနည်းငယ်ဖြစ်စေ တွန်းအားပေးတတ် သည်မှာလည်း အမှန်ဖြစ်သည်။ လူငယ်တဦး၏ ဗီဇကိုတော့ ဝတ္ထုကြောင့် ပြောင်းလဲယူ၍ မရနိုင်ပါ။ သို့သော် "အညွှန်းခံ" လွယ်သူများစာရင်းတွင် လူငယ်များပါဝင်ကြောင်းကိုတော့ စာရေးသူတိုင်း သတိထားသင့်သည် ဟု ထင်ပါသည်။

ကံကောင်းသော လူငယ်များသည် သူ့ဘဝတွင် "ဘယ်စာကိုဖတ်၊ ဘယ်စာကို မဖတ်နဲ့" ဟူသော အကြံပေးချက်မျိုး ရရှိခဲ့၏။ ကံဆိုးသော လူငယ်များသည် ဘာအကြံပေးချက်မှ မရှိပါ။ ထိုအမျိုးအစားထဲမှ စိတ်ဓာတ်အင်အား ပြည့်စုံသော လူငယ်များ၊ ကြိုးစားလိုသော လူငယ်များ၊ ရှာဖွေစူးစမ်းလိုသော လူငယ်များသည် မည်သူ့အကူအညီမျှ မပါဝင်ဘဲ မိမိတို့ဘာသာ သင့်တော်ရာရာကို ရွေးချယ် သွားတတ်ကြသည်။ တချို့ကတော့ သူတို့ ဘာကိုလိုချင်မှန်း သူတို့ကိုယ်တိုင် မသိသူများ ဖြစ်ကြပါသည်။ လောကတွင် မိမိဘာ လိုချင်သည်ဟု မှန်ကန်စွာသိ၍ မိမိ လိုချင်သော အရာကို ရအောင်ယူနိုင်သော လူငယ်များလည်း ရှိကြသည်။

လူတယောက် မိမိဘဝတွင် ဘာလိုချင်သည် ဟု အတိအကျ သိလာ ရန် စာအုပ်များစွာက တွန်းအားပေးနိုင်သည်ဟု ကျွန်မ ထင်ပါသည်။

ဂျူး
[ကလျာမဂ္ဂဇင်း၊ ၁၉၉၄ မတ်လ]
ဂျူး ၏ "ကျွန်မဖတ်ခဲ့သောစာအုပ်များ" မှ

မာတိကာ


statistics

web tracker