ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Saturday, June 19, 2010

လွမ်းတွေး

မဟေသီမဂ္ဂဇင်း (ဇွန်လ၊ ၂၀၀၆) 
လွမ်းတွေး
ဇော်ဇော်အောင်

အရည်မရအဖတ်မရ၊ အကြောင်းလည်းမထူး။ကိုယ်နှင့်ဆိုင်ဆိုင် မဆိုင်ဆိုင် အတိတ်က အကြောင်းအရာတွေကို လွမ်းလွမ်းဆွေးဆွေး ပြန်တွေးတတ်သည့်သတ္တ၀ါသည် ဤဘုံတွင် လူတမျိုးသာ ရှိသည်ဟု ပြောသံ ကြားဖူးသည်။ အခြားဘယ်သတ္တ၀ါမှ အတိတ်ကို လွမ်းလွမ်းဆွေးဆွေး ပြန်မတွေးတတ်ဟု ထင်သည်။ ကျနော်သည် ကိုယ့်ကိုယ်ကို လူမဟုတ်တော့ဟုထင်နေသည်မှာ နှစ်အတော်ကြာပါပြီ။ သို့သော် အသေအခြာ ပြန်စဉ်းစားတော့ ငါ့ လူ ဟုတ်ပါသေးတယ်ဟု အားတင်းအတည်ပြုလိုက်မိပါသည်။ အဘယ့်ကြောင့် ဆိုသော် ကျနော်သည် ကိုယ်နှင့် မဆိုင်ဘဲ အတိတ်ကအကြောင်းတွေကို ပြန်တွေးနေမိသောကြောင့် ဖြစ်ပါသည်။
ကားလ်မာ့စ်ဆိုသောပုဂ္ဂိုလ်ကြီးသည် ၁၈၁၈ ခုနှစ်၊မေလ(၅)ရက်နေ့တွင်ဖွားမြင်သည်။ ၁၈၈၃ ခုနှစ်၊မတ်လ(၁၄) ရက်နေ့တွင်ကွယ်လွန်သည်။ လန်ဒန်မြို့ ဟိုင်းဂိတ် (HIGHGATE) သုဿန်တွင် မြှုပ်နှံသည်။ အသုဘ အခမ်းအနားတွင် သူ့ရဲဘော်ရဲဘက် ဒဿနပါရမီဖြည့်ဖက်ကြီး ဖရက်ဒရစ်အိန်ဂျယ် မြွက်ကြားသော ဈာပန မိန့်ခွန်းထဲမှာ ဤသို့ပါသည်။

‘မတ်လ(၁၄) ရက်နေ့ မွန်းလွဲသုံးနာရီ မတ်တင်းအချိန်တွင် (ဤကမ္ဘာမြေ၏) သက်ရှိ ထင်ရှား အကြီးကျယ် အမြင့်မြတ်ဆုံးသော တွေးခေါ်ရှင်ကြီး တွေးခေါ်မှု ရပ်ဆိုင်းသွားပေပြီ’ (ON THE 14th OF MARCH,AT A QUARTER TO THREE IN THE AFTERNOON, THE GREATEST LIVING THINKER CEASED TO THINK)


အကြီးကျယ်အမြင့်မြတ်ဆုံးသော တွေးခေါ်တယောက် ဆိုရုံမျှနှင့် လုံလောက်မည် မထင်ပါ။ ကြီးမြတ်သော နိုင်ငံရေးဒဿန ပညာရှင်ကြီး၊ စီးပွားရေး ဘောဂဗေဒပညာရှင်ကြီး၊ ကြီးမြတ်သော တမန်တော် (PROPHET)ကြီး ဟုပင် ခေါ်ဆိုရန် ထိုက်တန်ပါလိမ့်မည်။ (မှတ်ချက်။ ကားပေါ့ပါး ကတော့သူ့ကို လွဲမှားသော တမန်တော်(THE FALSE PROPHET)ဟု ခေါ်ခဲ့ပါသည်။ ’THE OPEN SOCIETY AND ITS ENEMIES’ ဒုတိယတွဲ စာ-၈၂)မာ့က္စ ကြီးကျယ်မြင့်မြတ်မှုကို လူ့သမိုင်းနှင့်ချီ၍ လေးစားဦးညွှတ်ရမည်သာ ဖြစ်သည်ဟု သဘောရပါ၏။

တဘ၀လုံး၊ တသက်တာလုံး ဆင်းရဲမွဲတေမှုကို ဘေးဖယ်(ဥပေက္ခာပြု)၍ အပြင်းအထန် အလုပ်လုပ် သွားခဲ့သည်။ သူ့အလုပ်မှတပါး အခြားဘာကိုမှစိတ်မ၀င်စားသော မာ့က္စ၏ကိစ္စအ၀၀(အထူးသဖြင့် ငွေရေး ကြေးရေး ကိစ္စတွေ)ကို သူ့ရဲဘော်ကြီးအိန်ဂျယ်က လုံးဝတာဝန်ယူခဲ့သည်။ အိမ်မှုကိစ္စ၊ ကိုယ်ရေးကိုယ်တာ ဘ၀အရေးအခင်း (အိမ်ထောင်ရေး၊ အိမ်တွင်းရေး ကိစ္စများ အပါအ၀င်)အားလုံးကို အိန်ဂျယ်က တာဝန်ယူဖြေရှင်းပေးခဲ့သည်။ ထိုမျှသာမက ပညာရပ်ဆိုင်ရာ၊ ဒဿနဆိုင်ရာ၊ အတွေးအခေါ် မြော်မြင်မှုဆိုင်ရာ ကိစ္စများမှလည်း မာ့က္စကို ကူညီထောက်ပံ့ ဖြည့်ဆည်းပေးခဲ့ရသည်။ ရဲဘော်ရဲဘက် ပါရမီဖြည့်ဖက်ဟု လေးစား ဦးညွတ်ဖွယ် ကောင်းလှပါသည်။ အချို့ဆရာတို့က အိန်ဂျယ်ကို မာ့က္စ၏ ပထမဆုံးသော သာဝကကြီး DISCIPLE မှတ်ချက်ချ ခေါ်ဝေါ်ကြပါသည်။ မာ့က္စ၏နာမည်နှင့်တွဲလျက် အိန်ဂျယ်၏နာမည်သည် ကမ္ဘာအရှည် တည်ပါလိမ့်မည်။

လူဆိုသော သတ္တ၀ါသည် မဆိုင်တာကိုပြန်လည်တွေးတတ်ရုံမျှမက အတွေးတခုသို့ခုန်ကျော်၍လည်း အဆက်အစပ်မရှိ တွေးတတ်သေး၏။ လူ့သဘာဝပေပဲလား၊ အတွေးတွေက တောင်ရောက်မြောက်ရောက်၊ လေးချိုးဘုရင်ကြီးက သူ့တပည့်ကြီးနှစ်ယောက်ကို တမ်းတလွမ်းဆွတ်ပြီး ဤသို့ တခါကရေးဖွဲ့ခဲ့ဖူးပါသည်။

‘ဟိုယမန် ထမ်းပိုးတည့်တည့် ထမ်းခဲ့ကြတဲ့
စိုးနဲ့သန်းကို တမျိုးကွဲ့လွမ်းသူ ဆရာအဖေက
မာပါစေ၊ သာပါစေ၊ လာပါစေ
ဆုမွန်တောင်းလိုက်ရဲ့ ’

ယခုတော့ ဆရာကြီးလည်း မရှိတော့။သူချစ်သောတပည့်နှစ်ဦ်းတို့လည်း မရှိတော့ပြီ။တကယ်တမ်း
စဉ်းစားလိုက်တော့ နှမြောဖို့၊လွမ်းဖို့ အလွန်ကောင်းလှပါသည်။သို့သော် အတိတ်ဖြစ်ခဲ့ပြီ။

ကျနော်ငယ်ငယ်က ရူးကြောင်ကြာင်အလုပ်တွေ အတော်များများလုပ်ခဲ့ဖူးသည်။ အများကြီးပါပဲ။ ပမာအားဖြင့် ကျနော်ရှစ်တန်းကျောင်းသားဘ၀ မုံရွာမြို့ ဗုဒ္ဓဘာသာအထက်တန်းကျောင်း(အခု အမှတ်(၁) အထက)မှာတုန်းက အင်္ဂလိပ်အဘိဓာန် တအုပ်လုံး အလွတ်ကျက်ဖို့ ကြိုးစားခဲ့ဖူးသည်။ကျောင်းအုပ်ဆရာကြီး ဦးသာဒင်(ယခု မရှိရှာတော့ပြီ)က ရယ်ရယ်မောမောနှင့် တားမြစ်၍ ရပ်ဆိုင်းလိုက်သည်။ နှုတ်တက်အာဂုံဆောင်ခြင်းသည် ပညာဥာဏ် ကိစ္စမဟုတ်၊ မှတ်ဥာဏ် ကိစ္စဖြစ်ကြောင်း ဟိုတုန်းက မသိခဲ့။ တခါလည်း ကျနော် မြန်မာစာဂုဏ်ထူးတန်း နောက်ဆုံးနှစ်မှာ ဒုတယအကြိမ် ရူးကြောင်ကြာင်လုပ်မိပြန်သည်။ ထိုစဉ်က ထိုအတန်းမှာ မြန်မာကဗျာဖွဲ့ထုံး သင်ရသည်။ သံပေါက်၊ သံချပ်ကစပြီး ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ တေးထပ်အထိ သင်ရသည်။ ကိုယ်တိုင်၊ ကိုယ်ပိုင် စပ်ရသည်။ သင်ကြားပေးသော ဆရာကြီးမှာ ပါမောက္ခဆရာမကြီး ဒေါ်ခင်စောဖြစ်သည်။ ယခုအငြိမ်းစားယူပြီး မန္တလေးနန်းရှေ့မှာ နေသည်ဟုသိရပါသည်။ တပည့်များက သိပ်ကြောက်ရပေမယ့် မိခင်လို အချစ်ခဲ့ရတဲ့ ဆရာမကြီးပါပဲ။ သို့သော်လည်း ဟိုတုန်းက အလွန်စိတ်ညစ်ရသည်။ ဒွေးချိုး၊ လေးချိုးစပ်ရတုန်းက သိပ်ပြသနာမဖြစ်။

တေးထပ်တွေ စပ်ရတော့မှ ရွာလည်တိုင်ပတ်တော့တာပါပဲ။ စိတ်ပေါက်ပေါက်နဲ့ မြန်မာစာပေမှာ ရှိသမျှတေးထပ် မှန်သမျှ အကုန်အလွတ်ကျက်မည်ဟု ကြိုးပမ်းခဲ့ဖူးပါသည်။ တေးထပ်အတော်များများ အလွတ်ရခဲ့ပါသည်။ သို့သော် စာမေးပွဲပြီးသည်နှင့် အကုန်မေ့ကုန်သည်။ အခုဆို နှစ်ငါးဆယ်လောက် ကြာပြီ။မမေးနှင့်တော့။ သို့သော်လည်း တခါတရံ အကြောင်ဆုံလာလျှင် တေးထပ် အပိုင်းအစကလေးများ ဖျတ်ခနဲ ဖျတ်ခနပေါ်လာတတ်သည်။ ဦးပုည ဟု ထင်သည်။ အသေအချာ မမှတ်မိလို့ မပြောတတ်ပါ။

နှစ်ပြည်ထောင်တည်စ
အလည်ကကျောင်းဆောင့့်  စတည်ကတည်းက တပြည်တည်းမတည်၊ နှစ်ပြည်တည်ပြီး အလယ်မှာ ကျောင်းဆောင်ခွဲခြားလိုက်သည်။ (ရုပ်သေးနယ်မှ ဝေါဟာရ အကြာင်းအရာများ ဖြစ်လိမ့်မည် ထင်ပါသည်။)ပြည်က နှစ်ပြည် အလယ်က ကျောင်းဆောင်ခြားလိုက်တော့ ဟိုဘက်နဲ့ သည်ဘက်၊သူ့ဘက်နဲ့ ကိုယ့်ဘက် ဖြစ်လာကြသည်။ ကျနော်ဆယ်တန်းမအောင်ခင် (၁၄) နှစ် (၁၅)နှစ်သားလောက်က စလောင်ခဲ့သော ရင်ထဲကမီးသည် အခုခြောက်ဆယ်ကျော် ခြောက်ဆယ့်ခုနှစ်၊ ရင်ထဲကမီး ‘ဂိုဏ်းမီး၊ ဂဏမီး’ ငြိမ်းသင့်ပြီ။ငြိမ်းပါပြီ။ သမိုင်းစာမျက်နှာများ ၀ါကျင်စပြုလာပါပြီ။ ကျနော့်ရင်ထဲက ‘ဂိုဏ်းဂဏ’ မီးတွေ ငြိမ်းပြီဟု ကျနော်ထင်ပါသည်။ အင်မတန်လည်း လွမ်းဆွတ်ကြေကွဲ ရပါသည်။

မာ့က္စသည် ၁၈၈၃တွင်ကွယ်လွန်သည်။ အိန်ဂျယ်သည် မာ့က္စ၏နောက် (၁၂)ကြာမှ ၁၈၉၅ တွင် ကွယ်လွန်သည်။ ကွယ်လွန်ခါနီး(အိပ်ရာထဲတွင် ဗုန်းဗုန်းလဲနေသည်အထိ) သူ့ရဲဘော် ရဲဘက်၊ သူ့ဒဿနပါရမီဖြည့်ဖက် သူ့ဆရာ မာ့က္စ၏ အရေးကိစ္စများကို အပြီးသတ် ရှင်းလင်းပေးသွားသည်ဟု သမိုင်းဆရာများက မှတ်တမ်းတင်ကြပါသည်။ ကျနော် ခန့်မှန်း စိတ်ကူးကြည့်မိသည်မှာ (့ ခန့်မှန်းစိတ်ကူးကြည့်တာလည်း လူ့သဘာဝပါပဲ) အိန်ဂျယ်သည် ကွယ်လွန်လုဆဲဆဲ ကွယ်လွန်လုနီးနီး အချိန်ထိ သူ၏ ချစ်လှစွာသော ရဲဘော်ကြီး မာ့က္စကို သတိရ တမ်းတသွားလိမ့်မည် ထင်ပါသည်။

ဇော်ဇော်အောင်

မဟေသီမဂ္ဂဇင်း (ဇွန်လ၊ ၂၀၀၆)

မာတိကာ


statistics

web tracker