ရွှေဘိုသူ မခင်ဦး
ခင်ဆွေဦး
ခင်ဆွေဦး
၁။
ခြံဝိုင်းကြီးထဲ မန်ကျည်းပင်၊ သီးပင်များ၊ မရမ်း၊ သရက်ပင်များ အပြင် သပြေညိုပင်တို့ အုံ့အုံ့ဆိုင်းဆိုင်းနှင့် ညိုမှိုင်းကာ အားလုံး ပွင့်ခိုင်သီးမှည့် လေအလာ သီးကင်းတွေ တဖြုတ်ဖြုတ် ကျကြွေလေသည်။
တော်သလင်းနေ ပုဇွန်သေ ပူအိုက်လှတဲ့ အချိန်တွင် အညာမိုးခေါင်းဆဲပေမယ့် အသီးအပွင့်များနှင့် သစ်ရိပ်တို့မှာ အအေးဓာတ် ဆောင်လာလေသေးလို့ ခံသာပါသေးသည်။ သည်အချိန်၊ သည်ကာလ၊ သည်နေရာဒေသမှာ မခင်ဦးအတွက် “ညီမလေး” မွေးဖွားခဲ့သည်။ သူ့အစ်မလို အသားမဖြူလှ၊
ညိုရင့်နီမောင်းတဲ့ အသားအရေ၊ ဆံပင်ပါးပါးလေးနှင့် အကြီးမ မခင်ဦးလို အသံကျယ်ကျယ် မငိုတတ်ခဲ့။ အသံတိတ် ပါးစပ်လေး “ဟ” လို့ ကြောင်မမားလေးလို အသံအက်အက်လေးနဲ့ ငိုတတ်သူ။ နို့ဆာလျှင် သူ့ပါးစပ်ထဲ လက်ကလေး ဆုပ်ထည့်ကာ စုပ်နေတတ်သူ။ “သိပ်အေးတဲ့ ကလေး။ အကြီးမက ခင်ဦးဆိုတော့ သူက ခင်အေးပေါ့”“ဟဲ့ သူလေးကလည်း မျက်လုံးပြူးလေးနဲ့ ချစ်စရာ လေးဟဲ့။ မခင်ဦးရေ ဒီမှာ ကြည့်စမ်း ညည်းညီမလေး” ၀မ်းဆွဲအမျိုးသမီးက ပြောသည်။
“မီညလေးလား”
မခင်ဦးက သူ့ညီမ လေးကို မီညလေး ခေါ်သည်။ ၁၀ လနှင့် စကားစတင် ပြော ပြီး စကားစပြောကတည်းက ပီပီပြောတတ်ပြီး ညီမလေးတော့ နွဲ့တာလား မသိ။ မီည လေးတဲ့။ မခင်ဦးထက် ၁ နှစ်နှင့် ၈ လတိတိ ငယ်ရွယ် သူသုံးရက်အရ သမီးလေးကို သူ့မေမေက မြှောက်ပြပြီး
“ချီမလား သမီး။ လာ ရှေ့တိုးခဲ့လေ”
မခင်ဦးက နောက်ဆုတ် သွားပြီး မျက်နှာရှုံ့၊ ခေါင်းခါ ကာ
“ဟင့်အင်၊ မချီချင်ပါ ဘူး။ ရွံတယ်”
ဖေဖေက ရယ်လို့
“ဘာလို့ ရွံတာလဲ။ ပေါင်ဒါနံ့လေးမွှေးလို့။ နမ်း ကြည့်စမ်း”
“နမ်းချင်ပေါင်”
“ချစ်စရာလေး ခင်ဦးရယ်။ မချစ်ဘူးလား” မေမေ ကပြောလည်း
“မချစ်ပါဘူး။ မေမေ့ကို ပဲ ချစ်တယ်”
“အေး အေး မေမေ ကလည်း မခင်ဦးကို ချစ်တာပေါ့”
“တကယ်လား”
“တကယ်ပေါ့”
မခင်ဦးက ၀မ်းပန်းတသာ ခုန်ပေါက်ပြီး မေမေနား က ထွက်သွားလေသည်။ မသွားခင်ကလေး ကလေး၏ ပါးပြင်ဖောင်းဖောင်းလေးကို အသာလက်နှင့်တို့သွားပြီး “အရုပ်နဲ့တူတယ်နော်” ပြောသွားသေးသည်။ မခင်ဦး၏ ဖေဖေက ရုတ်တရက် ပြုံးလျက် “ကလေးကို မချစ်ဘူးသာ ပြောတာ စိတ်ဝင်စားပုံရပါ တယ်”
ပြီးတော့ “မနာလိုဖြစ်ပုံ မရဘူး” အဖေက ကျေနပ်စွာ မှတ်ချက်ချနေသည်။
မခင်ဦး ငယ်ဘ၀က ကံဆိုး ကံကောင်းပါပဲ။ သူ့ ဖခင် ကျောင်းဆရာ ကိုဘရှိန် (နောက်ဖြစ်လာမည့် စာရေး ဆရာ မဟာဆွေ)မှာ ကျောင်း သားဘ၀တည်းက တိုင်းရေး၊ ပြည်ရေး၊ နိုင်ငံရေး စိတ်ဝင်စားပြီး ဆောင်ရွက်နိုင်သမျှ ဆောင်ရွက်ချင်တာမို့ ကိုလိုနီ စနစ်ဆိုး၏ ဖိနှိပ်မှု၊ နိုင်ထက် စီးနင်း ပြုမူမှုတွေကို အမြဲ တမ်း အတိုက်အခံ ပြုနေသည်သာ ဖြစ်သည်။ ဥပမာ ပညာဝန် မျက်နှာဖြူလာလျှင် ပြောသည့် စကားအဆုံး ရက်စ် ဆာ၊ နိုးဆာ စသည်ဖြင့် “ဆာ”ကို တမင် မပြောဘဲနေ ခြင်း၊ ရုံးခန်းထဲ သူက ဘွတ်ဖိနပ် မချွတ်ဘဲ ကုလားထိုင်မှာ ထိုင်နေသော်လည်း ၀င်လာသူ ကျောင်းဆရာ၊ ဆရာမတွေ ဖိနပ်ချွတ်ဝင်ရသည်ကို ဆရာ ကိုဘရှိန်က ဖိနပ်စီးဝင်ခြင်း၊ အချိန် အတော်ကြာ မေးမြန်း စကားပြောသော်လည်း ကုလားထိုင်ပေါ် ပေးမထိုင်။ ဆရာမလေးတချို့ ညောင်းရှာ သဖြင့် ဘယ်ခြေ၊ ညာခြေ ပေါ် တစ်လှည့်စီအားပြု၍ ရပ်ရခြင်း၊ သည်အခြေအနေကို ကိုဘရှိန်က ခပ်တည်တည်နှင့် ကုလားထိုင် ဆွဲထိုင်ခြင်း၊ ကိုလိုနီယန္တရား လှည့်ပညာဝန် နှင့် ပညာအုပ်တို့ မျက်စိ နောက်စရာ ဖြစ်ခဲ့သည်။
ထို့ပြင် ကိုဘရှိန်ကို မျက်စိနောက်စရာတစ်ခုက ကလောင်နာမည် အမျိုးမျိုး နှင့် ဆောင်းပါးတွေရေးရာ တွင် ရပ်ကွက်တွင် ဗိုလ်ကျ နေသော ဒိစတြိတ်ကောင်စီ လူကြီး(District Council Member) တွေကို ဒုစရိုက် ကောင်စီလူကြီးဟု သရော်စာ ဆောင်းပါးတွေ ရေးခဲ့ခြင်းပင် ဖြစ်သည်။ မြို့နယ်တွင် သခင်လူငယ်စုတွေကို တော် တော့်ပုဂ္ဂိုလ်တွေက အိမ်မှာ လက်မခံကြ။ သခင်သိန်း မောင်၊ သခင်ဘသောင်း၊ သခင်ဘစိန်၊ သခင်ထွန်းရွှေ တို့လာရောက်ကြရာ အသိ မိတ်ဆွေလည်းမရှိ၊ လက်ခံ မည့်သူ နတ္တိ။ ဒါကို ကိုဘရှိန် က သူ့နေအိမ်တွင် ရွပ်ရွပ်ချွံချွံ လက်ခံ။
ကိုလိုနီ အုပ်ချုပ်သူတို့ အကြောင်းရှာပြီး ရှစ်လကျော်၊ ၉ လနီးပါး မတရား အလုပ် ဖြုတ်ခံရသည်။ မခင်ဦး ကိုယ်ဝန်ကို ကိုဘရှိန်ဇနီး မကြည်ကြည် လွယ်ထားရသူ မို့ ဂျပါတီ(ဂျုံကြမ်းမုန့်)ကို ကိုယ်ဝန်ဆောင် သက်တမ်း တစ်လျှောက် ကလေးအမေက စားပြီး အားဖြည့် ရရှာသည်။ နောင်မှာ “စာရေး ဆရာ မဟာဆွေ” နာမည်နှင့် ကိုဘရှိန်မှာ ဂျပါတီမလေး၊ ငတ်ဖူးတယ်၊ ကြုံဖူးတယ် ခေါင်းစဉ်နှင့် သူရိယ မဂ္ဂဇင်းတွင် ၀တ္ထုရှည်တွေ ဆက်တိုက် ရေးခဲ့ဖူးသည်။ ဇနီးကိုယ်ဝန် အရင့်အမာနှင့် စစ်ကိုင်း ကိုဘရှိန် မိဘများရှိရာ ခေတ္တ ပို့ထားရသည်။ ကိုဘရှိန်က ပညာဝန်၏ ရုံးခန်းဝင်ကာ ပညာဝန်ကို တည့်တည့် မျက်နှာချင်းဆိုင်လျက်...“ဒီမယ် ခင်ဗျားစိတ်ထဲ မှာ ကျွန်တော့်ကို သာမန်မြန်မာ ကျောင်းဆရာ တစ်ယောက် အနေနဲ့ မြင်ပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားမကွယ်လွန် မီအတွင်းမှာပဲ ခင်ဗျား မြင် ထားတဲ့ အခြေအနေထက်နှိုင်း ယှဉ်မရ ကွာခြားတိုးတက်အောင် ကြိုးစားနေတဲ့ လူ တစ်ယောက်ဆိုတာ မြင်တွေ့ ရပါလိမ့်ဦးမယ်” ပြတ်ပြတ်သားသား ပြောဆိုပြီး စိန်ခေါ်ခဲ့လေသည်။
၂။
မခင်ဦးကို စစ်ကိုင်းမြို့တွင် မွေးဖွားသော ဒီဇင်ဘာ လ ၁ ရက်နေ့တွင် ရွှေဘို ဒီစတြိတ် ခင်ဦးမြို့မှအလုပ် ခန့်စာ ထွက်လာသည်။
“ကလေးကံကောင်း တယ်ဟေ့။ သမီးကို မခင်ဦး နာမည်ပေးမယ်”
“မခင်ဦး နာမည်လေး လှသားပဲ” ကြီးကြီးက ပြောသည်။
ရန်ကုန် သူရိယမဂ္ဂဇင်း မှ အယ်ဒီတာ ဦးသိန်းမောင်၊ ကြီးပွားရေး မဂ္ဂဇင်းမှ ဦးလှ (ယနေ့ လူထုဦးလှ)ဆီသို့ သမီးလေးမွေးကြောင်း ကြေး နန်းရိုက်လိုက်တော့ ချက်ချင်း စာပြန်လာကြသည်။ နှစ်ဦး စလုံးက “မခင်ဦး”ဆိုတာ ရိုး တယ်။ ကနေ့ခေတ်အလိုက် “ခင်ခင်ဦး” မှည့်ပါ့လား အကြံပေးကြသည်။ ဘယ်လို ပဲဖြစ်စေ မခင်ဦးကတော့ စကား ပြောတတ်လာသော အခါ သူ့ကိုယ်သူ “မခင်ဦး” သို့မဟုတ် ခင်ဦးသာလျှင် ထည့်ပြောနေသည်။ အသက် ၃၁ နှစ်ကျကာမှ အိမ်ထောင် ပြုသူ လူပျိုကြီး ကိုဘရှိန်မှာ ကလေးကို တုန်နေအောင်ချစ်သည်။ ဖူးဖူးမှုတ်ထားပြီး လူ့ လောက လူမှန်း သိစ အရွယ်တည်းက လွတ်လပ်စွာ၊ ပျော် ရွှင်စွာ ကြီးပြင်းစေသည်။
ရှမ်းပြည်နယ်မှ လိမ္မော်သီးများ၊ မိတ္ထီလာမှ စပျစ်သီး၊ ရန်ကုန်မှ သြစတြေးလျ ပြည်ထွက် ပန်းသီးတွေခြင်း လိုက်မှာကျွေးသည်။ ဘီစ ကွတ်မုန့် သေတ္တာတွေလည်း မှာသည်။
“မခင်ဦး မငတ်တော့ ဘူးနော်”
မခင်ဦးက ခေါင်းကို နောက်လှန်လိုက်၊ ရှေ့ငိုက်လိုက် အကြိမ်ပေါင်းများစွာ ညိတ်ပြနေသည်။ မခင်ဦးမှာ အတော်ဆော့သော ကလေး၊ လိမ္မော်သီးတွေ၊ ပန်းသီးတွေကို ဘောလုံးကန်ရုံမက၊ ဘီ စကွက်မုန့်ချပ်တွေကို ထွေပစ် တမ်းကစားနေသည်။
“တော်တော့လေ။ ဘာလို့ ဖြုန်းတီးရတာလဲ” အိမ်နီးနားချင်း အဒေါ်ကြီးတွေက ဟန့်တားသည်။
“ဘာလဲ ဖြုန်းတီးတာ”
“ခုလို ဆော့တာ ပြောတာ”
“ဆော့ပါဘူး။ ဘောလုံး ကန်နေတာ”
ဒါတွေအားလုံး မခင်ဦး မေမေက မှတ်မိနေသည်။ မခင်ဦးအတွက် ၁၀ လ သမီးမှာ ကံဆိုးပြန်သည်။ သူ့မေမေ ညီမလေးကို ကိုယ်ဝန်ရှိစ အချိန်မှာ ၁၀ လ သမီးပဲ ရှိ သေးသည်။ တမက်တစွဲ စို့နေ သော မိခင်နို့ မလွဲမသွေ ဖြတ်ရတော့ပေမည်။ သည်တော့ ဖေဖေနှင့် မေမေတို့ မခင်ဦးကို သနားကြသည်။ သူက နို့မှုန့်ကို မကြိုက်၊ မအေ့နို့ပဲ စွဲသည်။ နို့ဘူးတိုက်လျှင် ထွေးထွေး ထုတ်ပစ်သည်။
ထမင်းလည်း ကောင်းကောင်းမစား၊ ထွေးထုတ်ပစ်သည်။ အသီးအနှံတော့ ကြိုက်သည်။ လိမ္မော်သီးဆိုလျှင် လေး၊ ငါးလုံးအထိ တောင်းနေသည်။ ဒါလည်း မဖြစ်သေး။ မခင်ဦး ကံတစ်ချက် ကောင်းလာပြန်သည်။ တစ်ဖက်ခြံမှ ကလေးအမေ မခင်ဦးကို သူ့အိမ်ခေါ်၍ နို့တိုက်သည်။ ကလေးအမေ ဒေါ်အုန်းမယ်တွင် မခင်ဦးနှင့် ရွယ်တူသားလေး တစ်ယောက် ရှိသဖြင့် အဆင်ပြေသည်။ ဒေါ်အုန်းမယ်သည် သားနှောင်းကလေး မွေးထားပေမယ့် နို့အားသန်သည်။ ကလေး နှစ်ယောက်ကို တစ်ပြိုင်နက်တည်း နို့တိုက် သည်။ ဒေါ်အုန်းမယ် ကလေးက သူ့အမေနို့ကို မခင်ဦးစို့ ရကောင်းလား ငိုနေသည်။ ကလေးက မခင်ဦးကို လက် ညှိုးထိုးပြီး ငိုရုံမျှသာ။ မခင်ဦးက ဗိုလ်ကျသည်။ သားလေးကို ခြေထောက်နှင့် ကန်ထုတ်ပြီး သူ့အမေနို့ကို စို့သည်။ သားလေးကလည်း ငိုမဆုံး။ မခင်ဦးကို လက်နှင့် တွန်းဖယ်သည်။ သူ့အမေက “သားလေးရယ် မခင်ဦးက ညတစ်ညလုံး နို့မစို့ရဘူး သားရဲ့။ သနားပါတယ်။ နေ့ခင်းလေး လာစို့တဲ့ဟာ အဲသလို မလုပ်ရဘူး”
ဒေါ်အုန်းမယ်က သဘောထားကြီးစွာ ပြောရှာ သည်။ သည်အဖြစ်ကို မခင် ဦး၏ ဖေဖေ ဟိုဘက်အိမ်ကို လှမ်းမြင်ရသည်နှင့် နောက်နေ့ ကလေးကို မလွှတ်တော့။ ကစားစရာတွေ၊ သစ်သီးတွေ၊ ချောကလက်တွေ ကလေး ပတ်လည် ပုံချထားကာ ချော့ မော့ထားရသည်။ ဒေါ်အုန်း မယ်သည် တစ်ဖက်အိမ်မှ လှမ်း၍ ဆရာရှိန်ရယ်၊ ဒီလို မဟန့်ပါနဲ့။ လွှတ်သာ လွှတ်လိုက်ပါ။ မခင်ဦးကို လွှတ်တစ်လှည့်၊ မလွှတ်တစ် လှည့်။ မခင်ဦးဖေဖေ အိမ်ရှေ့ စားပွဲတွင် စာရေးနေစဉ် မခင်ဦး သူ့နားမှာ မရှိတော့။ ပျောက်ပျောက်သွားသည်။ မေမေ့ကို ပြောတော့ မေမေက အော်ခေါ်သည်။
“ခင်ဦးရေ”
“ရှင်”
“ဘယ်မှာလဲ”
“ဒီမှာ” ပါးစပ်မှာ နို့တွေ ပြည့်နေဟန် တူသည်။ ဟိုဘက်ခြံကို ခွေးတိုးပေါက်က ကူးသွားတာဖြစ်သည်။ မတ်တတ် သေသေချာချာ မသွား နိုင်သေး။ လေးဖက်လှေကား မှ ဆင်းပြီး ကူးသွားတာကို ဒေါ်အုန်းမယ် မြင်သဖြင့်
“ဟယ်တော့ ဟယ် တော့”
မခင်ဦး လှေကားကို မတက်ခင်တွင်ပင် ပြေးဆင်း ကာပွေ့ချီသွားသည်။ နောင် အခါတွင် မခင်ဦးဖေဖေက ပင် မခင်ဦးကို ပွေ့ချီပြီး ဒေါ်အုန်းမယ်အိမ်သို့ ပို့ပေးရ လေသည်။ မခင်ဦးမှာ နို့ဖြတ် စကလေးတွေ အကြိုက် ဖီးကြမ်းငှက်ပျောသီး မီးဖုတ်ကို ပင် မကြိုက်ချင်တော့။ နည်း နည်းအရွယ်လေးရလာတော့ သရေစာ ဟိုဟာဒီဟာ စားတတ်လာသည်။
၃။
မခင်ဦး၏ ဖေဖေသည် အလုပ် ကိစ္စများသည်ထက် များလာသည်။ ကျောင်းသားတွေ စာသင်ရာမှာ ဂရုတစိုက် ရှိသဖြင့် အောင်ချက်တွေ ကောင်းသည်ထက် ကောင်း လာသည်။ တစ်ဖက်မှလည်း သခင် နိုင်ငံရေးသမားတွေကို အတတ်နိုင်ဆုံး ကူညီပြီး သခင်သိန်းမောင်တို့ကို ထမင်း၊ ကော်ဖီ၊ လက်ဖက်ရည်၊ မုန့် များတိုက်ကာ တာဝန် ကျေပွန်စွာ ပြုစုသည်။
ကျောင်းဆရာ အလုပ်ကို အချိန်ပြည့် မလုပ်နိုင်တော့။ “ဆရာ အလုပ်ထွက် မယ်ဆိုတာ အဟုတ်လား၊ ဆရာ”
မိတ်ဆွေ၊ သူငယ်ချင်း တွေက မေးကြသည်။
“ဇန်န၀ါရီလ ကုန်ရင် ထွက်ဖို့ စာတောင်ရေးထား ပြီးပြီ”
အံ့သြပြီး နှမြောသူတွေက နှမြောကြသည်။ ကျောင်းဆရာ အလုပ်ရပါမည့် အကြောင်း ငွေပေး၍ ရှာနေရတဲ့ အချိန် ဆောင်းလယ် ညတစ်ည ငွေနှင်းမှုန်တွေ ဝေမှိုင်းပြီး ဆီးနှင်းပေါက်လေးတွေ တဖြုတ်ဖြုတ် ကျနေဆဲ။ ကိုဘရှိန်သည် မိတ်ဆွေတွေနှင့်စုဝေး မီးလှုံဆဲ သူ့လက်ထဲမှ စာရွက် လိပ်တစ်စောင်ကို ဖျတ်ခနဲ ဆွဲဆုတ်ပြီး မီးတောက်ထဲသို့ ရုတ်ခြည်း ပစ်ထည့်လိုက်လေ သည်။
“ဟာ ဆရာ”
“ဆရာ ဆရာရယ်။ နှမြောစရာ”
ဆရာဖြစ် အောင်လက်မှတ်၊ မြန်မာစာနှင့် သချာင်္ ဂုဏ်ထူးရတဲ့ အောင်လက်မှတ်။
“သူများလက်အောက် ကျွန်ဇာတ်သိမ်းတာပေါ့ဗျာ”
မခင်ဦးက မအိပ်သေး။ဘုမသိဘမသိ လက်ခုပ် လက်ဝါးတီးလျက်...
“ကောင်းတယ် ကောင်းတယ်။ ဒါမှ ရန်ကုန် သွားရတော့မှာ”
လူကြီးသူမ စကားဝိုင်း ထဲဝင်လေသည်။ ကိုဘရှိန် တပည့်လေးတွေက ရယ်မောကြသည်။
လူငယ်တွေ စာကြည့်တိုက်၊ လူငယ်တွေ စကားရည်လုပွဲ၊ ဟောပြောပွဲများ စီစဉ်သည့် အပြင် သခင် သိန်းမောင်တို့ သခင်လူစုလည်း ရွှေဘို နယ်စည်းရုံးဆဲ၊ မခင်ဦးနေထိုင် ရာအိမ်၌ ကျောင်းတစ်မျိုး၊ သခင် အဖွဲ့တစ်မျိုး အစည်း အဝေး အဆက်မပြတ်။ ၀ါးပင်များ လေယူတိမ်းရာ ယိမ်းနွဲ့နေသည်။ မြန်မာပြည်မှာ ပန်းပြားပင်လို လူမျိုးတွေ များမလာဖို့ အရေးကြီး တယ်။ တစ်ယောက်သောသူ က ပြောနေသည်။ အစည်း အဝေးထိုင်နေသူများ အနီးတွင် မခင်ဦးသည်လည်း ၀င်ထိုင်သည်။ သူနားမလည် လှသောစကားတွေကို ခေါင်း တညိတ်ညိတ်။ မခင်ဦး မေမေက ကလေးတစ်ဖက်၊ အိမ်မှုဝေယျာဝစ္စ တစ်ဖက် အထိန်းခက်မည်ကြောင့် အိမ်ရှေ့သို့ လွှတ်လိုက်တာ ဖြစ်သည်။ ဖေဖေကလည်း မခင်ဦးကိုလှမ်း၍ “ခင်ဦး လာခဲ့လာ။ ဒီမှာမြေပဲလှော် စားရအောင်” လှမ်းခေါ် သည်။ မခင်ဦး မေမေက မခင်ဦးကို သင်ချောဖျာဝိုင်း လေးတစ်ချပ် အနားကွပ်ပြီး မခင်ဦး ထိုင်ဖို့ ပေးထားသည်။ မခင်ဦး အိမ်ရှေ့လာလျှင် သင်ဖြူးလေးတကိုင်ကိုင် နှင့်။ သူ့ဘာသာသူ သဘော ကျနေသည်။ တစ်ရက်တော့ မခင်ဦးသင်ဖြူး ဘယ်ရောက် နေသည် မသိ၊ စကားဝိုင်း ထဲမှာ ထိုင်နေသော လူတွေ ကြည့်ပြီး အနီးမှ လူတစ်ယောက်ဘေးချထားသော ဖော့ဦးထုပ်ကို လှမ်းယူဆွဲကာ မခင်ဦး တင်ပါးအောက် ခုထိုင်လိုက်လေသည်။ ဦးထုပ်ရှင် မဟုတ်သူတချို့ ကြိတ် ရယ်ကြသည်။
“ဟင် သမီး၊ ဦးထုပ်ပေါ် မထိုင်ရဘူးလေ။သွား မေမေ့ဆီက ထိုင်ဖို့ အခင်းသွားယူ”
နောက်နေ့...
နောက်တစ်နေ့မှာ မခင်ဦး သင်ဖြူးလေး ပျောက်နေ ပြန်သည်။ သူ စကားဝိုင်းထဲက လူတွေကြား ထိုင်စရာ ရှာပြန်သည်။ မတွေ့။ ဦးထုပ် တစ်လုံးမှ ရှာမတွေ့။ မခင်ဦး မျက်လုံးတောက်တောက် လေးများဟိုကြည့်သည်ကြည့်။ နောက်ဆုံးလူကြီးတစ်ယောက် ၏ လက်ဝါးတစ်ဖက် ဆွဲယူကာ ဖင်ခုထိုင်ပါတော့သည်။
“ဟာ ဆရာ”
ထိုလူ၏ အာမေဋိတ်သံ၊ ကျန်လူတွေက ရယ်ကြသည်။ လက်ဝါးပေါ် အထိုင်ခံရသူ သည် မခင်ဦး၏ ပါးမို့မို့ကို ဆွဲလိမ်ကာ...
“ထိုင်စရာ ဒါလောက် ရှားသလားဟင်”
“ရှားတယ်”
မခင်ဦးက ရုတ်ခြည်း အဖြေပေးလိုက်သည်။
၎။
မခင်ဦးဖေဖေက သမီး လေးကို ငေးကြည့်ရင်း သမီး ၏အနာဂတ်ဘ၀ကို မျှော်တွေး ကြည့်သည်။
ကိုဘရှိန် “မဟာဆွေ” နာမည်နှင့် မနန်းဝါ ၀တ္ထုရှည် ရေးပြီးသည့်နောက်များ မကြာမီ နှစ်များ အတွင်းတို့ မေမေ၊ သူပုန်ကြီး၊ စစ်ထွက်သူ၊ ဈေးချိုသူ၊ အကျိုးဆောင်ကြီး ထွက်ပေါ်လာတော့မည်။ သမီးကို ဘယ်လိုကြီး ပြင်းစေမည်လဲ။ တစ်ဖို့တည်း စိတ်နှင့် တစ်ကိုယ် ကောင်းဆန်စွာ ကြီးပြင်းတော့ မည်လား။ ကိုဘရှိန်ငယ်ရွယ် သူဘ၀ အသက် ၁၀ နှစ်သား တည်းက စာကြီးပေကြီးတွေ စတင် ဖတ်ခဲ့သည်။ မခင်ဦးသည် အများအကျိုး အတွက် “စွန့်လွှတ်မှု”တွေ အနစ်နာခံ မှုတွေ မရှိလာနိုင်ဘူးလား။ မဟတ္တမဂန္ဒီ၏ အစွမ်းကုန် မြင့်မြတ်စွာ စွန့်လွှတ်မှု (Renunciation) အကြောင်းကို သူတက္ကသိုလ် အရောက် စတင် သိလာလိမ့်မည်။ ၀မ်းနည်းကြေကွဲစရာပါပဲ။ မခင်ဦး အသက် ၃၀ ကျော် အရွယ်မှာ တိမ်နီလာ ဆိုသော ၀တ္ထုလုံးချင်းမှာ Renunciation စွန့်လွှတ်ခြင်း အလေးအနက်ထား ရေးလာသော တစ်နေ့ မခင်ဦး၏ ဖခင် ကိုဘရှိန် (စာရေးဆရာ မဟာဆွေ) ကွယ်လွန်ရှာပြီဖြစ်ပါ သတည်း။
ခင်ဆွေဦး