ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Friday, June 18, 2010

ရာဇကုမာရ် ပြဿနာနှင့် ကျွန်တော်

from ရွှေအမြုတေ June 2010 


ရာဇကုမာရ် ပြဿနာနှင့် ကျွန်တော်
မောင်သန်းဆွေ (ထားဝယ်)




ပုဂံခေတ်က ခရစ်နှစ် ၁၀၈၄ ခု၌ မင်းဖြစ်သော ထီးလှိုင်မင်း (ကျန်စစ်သား)သည် ခရစ်နှစ် ၁၁၁၃ ခုနှစ်၌ နတ်ပြည်စံတော်မူသည်။ ၁ နှစ်ခန့် အကြာတွင် ရာဇကုမာရ်သည် မိမိ၏ ကောင်းမှုနှင့် ပတ်သက်၍ ကျောက်စာ တိုင် ၂ တိုင် စိုက်ထူခဲ့သည်။ ကျောက်စာကို ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ ဟူသော ၄ ဘာသာဖြင့် ရေးထိုးထားသည်။
ယင်းကျောက်စာပါ အကြောင်းအရာကို ပညာရှင်များ ထုတ်ဖော် ရေးသားကြသဖြင့် ကျောက်စာရှင် ရာဇကုမာရ်သည် လူသိများ၍ ထင်ရှားလေ သည်။ ကျွန်တော်တို့ ခေတ်တွင်လည်း စာရေးဆရာများက ရာဇကုမာရ် အကြောင်း ရေးကြပြန်သည်။ ထို့ကြောင့် ရာဇကုမာရ် အကြောင်းကို လူသိများလာ ပြန်သည်။ ယင်းကျောက်စာကို အမှီပြု၍ ရာဇ၀င် ကျမ်းလာ ဇေယျခေတ္တရာ အကြောင်းသည်လည်း ခိုင်မာသကဲ့သို့ ဖြစ်လာသည်။ ထိုမှတစ်ဆင့် ရာဇကု မာရ်သည်ပင် ဇေယျခေတ္တရာဖြစ်သည် ဟု ယူဆဖွယ်ဖြစ်လာသည်။

ထိဝ်ပါယ်မယာသာ တမုလေယ် ရာဇကုမာရ်မည်ဧအ် ဟူသော ကျောက်စာက ထိုအယူအဆကို ထောက်ခံ သကဲ့သို့ ရှိသည်။ မိမိ ကေိဝ်မုယ်သောမင်ဂြီ ဟူသော ကျောက်စာ အပိုဒ်ကလည်း ပိုမိုခိုင်မာ စေသကဲ့သို့ ရှိသည်။ ရာဇ၀င်ကျမ်းများ အရ ဇေယျ ခေတ္တရာသည် ထီးလှိုင်မင်း၏ သားတော် ရင်းဖြစ်သော်လည်း အလာ နှောင်းသဖြင့် ထီးမွေ နန်းမွေနှင့် လွဲခဲ့ရသည်။ သို့ကြောင့် ဇေယျခေတ္တရာ အပေါ် ကရုဏာ သက်ကြသည်။ ကျောက်စာ အရ ရာဇ ကုမာရ်သည် နတ်ပြည်စံလု ဆဲဆဲ ဖြစ်သော ထီးလှိုင်မင်း၏ မွေးကျေးဇူးကို အောက်မေ့ သတိရသဖြင့် ရွှေဆင်းတု သွန်းလုပ်ကာ၊ မင်းကြီးအား ပေးအပ်သည်။ ထီးလှိုင်မင်းသည် ၀မ်းမြောက် ကျေနပ်လျက် မထေရ်မြတ်တို့ မျက် မှောက်၌ ရေစက်သွန်းချ လှူဒါန်းသည်။ ထို့ကြောင့် ရာဇကုမာရ်သည် လိမ္မာ၍ ကျေးဇူးသိတတ်သော သားကောင်း တစ်ယောက်ဖြစ်သည်။

ရာဇ၀င်ကျမ်းနှင့် ကျောက်စာ အဆို ၂ ရပ်ကို ပေါင်းစပ်သော အခါ ရာဇကုမာရ် မည်သော ဇေယျခေတ္တရာသည် ကရုဏာသက်ဖွယ် ဖြစ်သည်နှင့် အမျှ၊ ချီးကျူးဖွယ်လည်း ဖြစ်သည်။ တိုင်းပြည် အုပ်ချုပ် မင်းလုပ်နိုင်ရေး အတွက် ဖခင် အရင်းကိုပင် သတ်ဖြတ်ကြသော ခေတ်ဝယ် ရာဇကုမာရ် မည်သော ဇေယျ ခေတ္တရာ၏ အပြုအမူသည် ထူးဆန်း နေပေသည်။ သားအရင်း ဖြစ်ပါလျက် မိမိအား ထီးမွေ မပေးသည့် ခမည်းတော် မင်းကြီးအပေါ် အမျက် ရန်ငြိုးမထားသည့် အပြင် မွေးကျေးဇူးပင် တတ်နိုင်သမျှ ပေးဆပ်သေးသည်။ “ဤရွှေဘုရားကား ငါ့သခင် အဖို့ အတို့ ကျွန်ပြုသောတည်း” ဟု ကျေကျေနပ်နပ် လျှောက်ထားခဲ့ သေးသည်။

အများ ယူဆသည့် အတိုင်း ရာဇကု မာရ်သည် အမှန်ပင် ဇေယျခေတ္တရာ ဖြစ်ပါက ဤမျှ သိတတ်၍ စိတ်နှလုံး ကောင်းမွန်မြင့်မြတ်သော သားတော်သည် လေးစားထိုက်၊ ချီးကျူး ထိုက်သည်သာ ဖြစ်ပေသည်။ ထို့ကြောင့်
၁။ ရာဇကုမာရ်သည် ဇေယျ ခေတ္တရာပင် ဖြစ်ပါသလော၊
၂။ ရာဇကုမာရ်သည် ထီးလှိုင်မင်း၏ သားလည်း ဖြစ်ပါသလော ဟူသော ပြဿနာကို ရာဇကုမာရ် ကျောက်စာဖြင့် ဆရာကြီး ဦးကျော်ရှိန်(မဟာဝိဇ္ဇာ၊ သကျသီဟ၀ဋံသကာ၊ အငြိမ်းစား လက်ထောက် ကထိက)က ဆွေးနွေးတင် ပြဖူးသည်။ ဤဆွေးနွေး တင်ပြချက်ကို ပညာပဒေသာ စာစောင် (အတွဲ-၅ ၊ အပိုဒ်-၁ ၊ ၁၉၇၀ )တွင် ဖော်ပြဖူးသည်။ ဆရာကြီးသည် ကျွန်တော်တို့ မြို့တွင် ကျွန်တော့်အိမ်နှင့် တစ်လမ်းတည်း၊ ၁၀ အိမ်ကျော်လောက်တွင် နေထိုင်ပါသည်။ အသက် ၈၆ နှစ်ရှိပြီး၊ ပါဠိနှင့် ပတ်သက်လျှင် ဆရာကြီးကိုသာ မေးနေရပါသည်။ ကျွန်တော်နှင့် လမ်းလျှောက်ဖက်လည်း ဖြစ်သည်။ သို့ဖြစ်၍ ရာဇကုမာရ် ပြဿနာကို ဆရာကြီးနှင့် မကြာမကြာ ဆွေးနွေးဖူးသည်။

ရာဇကုမာရ် ပြဿနာ၏ အခြေခံ ဖြစ်သော ဇေယျခေတ္တရာ အကြောင်းကို အကျဉ်း ဖော်ပြပါမည်။ ဇေယျခေတ္တရာနှင့် ပတ်သက်၍ ရာဇ၀င်ကျမ်းလာ အဆို အမိန့်နှင့် ပညာရှင်တို့၏ အယူအဆ ဟူ၍ ၂ မျိုးရှိသည်။ မဟာရာဇ၀င်ကြီး (ပထမတွဲ)နှင့် မှန်နန်းရာဇ၀င် (ပထမတွဲ) တွင် ဇေယျခေတ္တရာ အကြောင်းကို အကျယ် ဖော်ပြထားရာ၊ အကျဉ်းမှာ -
ကျန်စစ်သားသည် အနော်ရထာမင်း အမျက်တော် ရှိသဖြင့် ထွက်ပြေး တိမ်းရှောင်ရင်း ကြောင်ဖြူ အရပ်၌ မထီး တူမ သမ္ဘူလနှင့် ပေါင်းသင်းနေထိုင် လျက်ရှိသည်။ ထိုအတွင်း အနော်ရထာ နတ်ပြည်စံသဖြင့် သားတော် စောလူးမင်း ထီးနန်းကို ဆက်ခံသည်။ ကျန်စစ်သားကိုလည်း ဆင့်ခေါ်စေသည်။ ထိုအခါ ပဋိသန္ဓေ ရှိနေသော သမ္ဘူလကို သမီးမွေးက လက်စွပ်ရောင်းချ မွေးမြူရန်နှင့် သားယောက်ျားမွေးက လက်စွပ်နှင့် အတူ လိုက်လာရန် မှာကြားခဲ့၍ ကျန်စစ် သားသည် ပုဂံသို့ ထွက်ခွာခဲ့သည်။ စောလူးမင်းလည်း ငရမန် လုပ်ကြံ၍ ကံကုန်ပြန်ရာ ကျန်စစ်သားခေါ် ထီး လှိုင်ရှင်သည် ပုဂံ၌ မင်းအဖြစ်သို့ ရောက်သည်။
မင်းဖြစ်၍ ၂ နှစ် အကြာတွင် သမ္ဘူလသည် ၇ နှစ်ရှိသော သားနှင့် အတူ ပုဂံသို့ လိုက်လာသည်။ ထီးလှိုင် မင်းသည် သမ္ဘူလနှင့်သားတော်ကို မြင် လျှင်“ဤမိန်းမ ကျေးဇူးကား ငါ့၌ကြီးစွ” ဟု မှူးမတ်တို့ အလယ်တွင် ချီးကျူးပြီး နောက် “သားကားအရင်း၊ မြေးကား အဖျားဟု လူတို့ဆိုစကုန်သည်။ ယခု ငါ့မြေးတော်ကို ဘိသိက်သွန်း၍ မင်း မြှောက်ခဲ့ပြီ ဖြစ်၍ မြေးကားအရင်း၊ သားကားအဖျား ဖြစ်ပြီ” ဟု မိန့်ကြားကာ သမ္ဘူလကို ဦးဆောက်ပန်းဟူသော အမည်ဖြင့် မိဖုရား မြှောက်တော်မူသည်။ သားတော်ကိုလည်း ဇေယျခေတ္တရာ ဟူသော ဘွဲ့နှင့် ဓည၀တီနှင့်တကွ တောင် စဉ် ၇ ခရိုင်ပေးတော်မူ၍ မင်းပြုရသည် ဟူ၍ဖြစ်သည်။

ထီးလှိုင်မင်းသည် ခရစ်နှစ် ၁၀၈၄ တွင် နန်းတက်သည် ဖြစ်ရာ ရာဇ၀င် ကျမ်းအရ သမ္ဘူလနှင့် သားတော် ရောက်လာချိန်သည် ၁၀၈၆ ခုနှစ်တွင် ဖြစ်ရာသည်။ ထိုအချိန်တွင် အလောင်းစည်သူလည်း ဖွားမြင်ပြီး ဖြစ်ရမည်။ ဤအတိုင်းမှန်က သားတော်၏ အခြေအနေသည် ဖော်ပြပါ အတိုင်းသာ ဖြစ်နိုင်ဖွယ် ရှိသည်။ သို့ရာတွင် ခရစ်နှစ် ၁၁၀၅ တွင် ရေးထိုးသော ကျောက်စာကို ပညာရှင်များ တွေ့ရှိလေ့လာသော အခါ ရာဇ၀င် ကျမ်းလာ ဇေယျခေတ္တရာ ထီး မွေမရနိုင်သော အကြောင်းသည် မခိုင်လုံ ဖြစ်လာသည်။ ယင်းကျောက်စာ အရ အလောင်းစည်သူသည် ခရစ်နှစ် ၁၀၈၉ ခုနှစ်တွင် မွေးဖွားသည် ဖြစ်၍ သမ္ဘူလနှင့် သားတော်တို့ ရောက်လာသော ၁၀၈၆ ခုနှစ်တွင် “ယခု ငါ့မြေးတော် ကို ဘိသိက်သွန်း၍ မင်းမြှောက်ခဲ့ပြီ”ဟု ဆိုဖွယ် မရှိသေးပေ။

ထိုကြောင့် ပါမောက္ခဒေါက်တာ သန်းထွန်းက မြေးတော်သည် အေဒီ ၁၁၀၅ ခု ရေးထိုးသော ကျောက်စာ (ဓာတ်ပုံ-၁၁၃) အရ ၁၀၈၉ တွင်မှ မွေးဖွားသူ ဖြစ်ရာ စည်သူ ၁ (အလောင်းစည်သူ) ထီးနန်းရဟန်ကား မတော်တဆ ဖြစ်ရ သည်ဟု ဆိုခြင်းကို ယုံမှတ်ရန် ခဲယဉ်း လှပါသည်။ ဟုမှတ်ချက်ချထားပါ သည်။
ဤကိစ္စနှင့် ပတ်သက်ပြီး ဆရာကြီး ဦးကျော်ရှိန်နှင့် ကျွန်တော်တို့ ဆွေးနွေးဖူးသည်။ ဆရာကြီးက
“ကျွန်တော့ အထင်တော့ ကျန်စစ် သား လက်စွပ် ပေးခဲ့ပြီးမှ ရာဇကုမာရ် မွေးဖွားလာတယ်လို့ မထင်ဘူး။ ပြေးရင်း လွှားရင်းနဲ့ ကျန်စစ်သားဟာ သမ္ဘူလနဲ့ ပေါင်းသင်းနေမယ်။ ဒီတော့ ကလေးလည်း ရနေမယ်။ နန်းတော်က ဆင့်ခေါ်လို့ လိုက်သွားရတဲ့ အခါမှာ ရာဇကုမာရ် မွေးပြီးပြီ။ လက်စွပ် ပေးထားခဲ့တယ် ဆိုတဲ့ ဇာတ်လမ်းဟာ ရာဇ၀င် ရေးသူများရဲ့ ဖန်တီးချက်သာ ဖြစ်မယ်” ဟု ပြောပြ ခဲ့ပါသည်။

ရာဇ၀င်ကျမ်းလာ အကြောင်းသည် ယင်းသို့ မရေမရာ ဖြစ်လာသော အခါ သမိုင်း ပညာရှင်တို့သည် ဖြစ်နိုင်သော အကြောင်းကို စူးစမ်းကြသည်။ အထောက်အထား ရှာဖွေကြသည်။ ထိုအခါ အောက်ပါအကြောင်း တစ်ရပ်ကို တွေ့ရှိလာသည်။ ထီးလှိုင်မင်းသည် အနော်ရထာမင်း တည်ထောင် စည်းရုံးခဲ့သော နိုင်ငံတော်ကို ဆက်လက် ထိန်းသိမ်းလျက် ရှိသည်။ မြန်မာများ နည်းတူ မွန်တို့ကို ချီးမြှောက်သည်။ မွန်ယဉ်ကျေးမှုကို ထောက်ခံ ကျင့်သုံးသည်။ ကျောက်စာကိုလည်း မွန်ဘာသာဖြင့်ပင် ရေးထိုးစေသည်။ မွန်တို့ ဒေသရှိ ပျက်စီး ယိုယွင်းနေသော စေတီ ပုထိုးများကို ပြုပြင်ပေးသည်။ ယင်းသို့ မွန်-မြန်မာ ချစ်ကြည်ရေးကို ရှေးရှု ဆောင်ရွက်သော မင်းကြီးသည် မိမိတို့ နောက်တွင် နိုင်ငံတော် ဆက်လက် တည်တံ့ရေးကို မြော်တွေးဆင်ခြင် သောအခါ မြေးတော် အလောင်းစည်သူကို မြင်လာဟန် ရှိသည်။

အလောင်းစည်သူသည် သမီးတော် ရွှေအိမ်သည်မှ မွေးဖွားသူ ဖြစ် သည်။ အဖမှာ အနော်ရထာ၏ မြေး တော် စောယွမ်း မဟုတ်ဘဲ မကုတ (မနူဟာမင်း)၏ မြေးတော် နာဂသမန်း ဖြစ်သည်။ ထို့ကြောင့် မြေးတော်သည် အမိဘက်က မြန်မာဖြစ်၍ အဖဘက်က မွန်ဖြစ်သည်။ မွန်-မြန်မာ ဖြစ်သော မြေး တော်ကို မင်းမြှောက်လျှင် မြန်မာတို့ ကြည်ဖြူ၍ မွန်တို့လည်း ကျေနပ်မည်။ ထိုအခါ မွန်နှင့် မြန်မာ ညီညွတ်၍ နိုင်ငံတော်လည်း အဓွန့်ရှည်မည်။
ဤအရေးကို မြင်တော်မူသော ထီးလှိုင်မင်းသည် သားတော်အရင်းကို ကျော်လွန်၍ မြေးတော် စည်သူကို မင်းမြှောက်ခဲ့ဟန် ရှိသည်
ဤသည်မှာ သားတော် ထီးမွေ မရခြင်း၏ အကြောင်း ဖြစ်ရာသည်။ ဤ အကြောင်းသစ်ကို ဦးစွာ လေ့လာ တင်ပြသူမှာ ပါမောက္ခလုစ် ဖြစ်သည်။ ၎င်းင်း ကို ဗိုလ်မှူး ဘရှင်က လက်ခံသည်။ ပါမောက္ခ ဒေါက်တာ သန်းထွန်းကလည်း သဘောတူသည်။ ပါဠိကထိက ဦးတင် လွင်ကလည်း ကြိုက်ညီပါသည်။

ယင်းသို့ပညာရှင်များ သဘောတူ မျှသော အကြောင်းရင်းများနှင့် အညီ အလောင်းစည်သူအား ထီးမွေပေးရန် ဆုံးဖြတ်ရာ၌ ထီးလှိုင်မင်းသည် ကြီးမားသော အခက်အခဲတစ်ခုကို ရင်ဆိုင်ခဲ့ရမည်ထင်သည်ဟု ဆရာကြီး ဦးကျော်ရှိန်က ဆိုသည်။ ယင်းအခက် အခဲမှာ “သားတော်အား ချစ်ခြင်းပြင်း ပြသည်နှင့် အမျှ နန်းမွေကို ဆက်ခံစေ လိုသောဆန္ဒပင် ဖြစ်ရာသည်” ဤ သဘော ဆင်ခြင်မိသော အခါ ပါမောက္ခ ဒေါက်တာ သန်းထွန်းက-
ဤတွင် မွန်-မြန်မာ ဆက်ဆံရေးကို ပြေပြစ်စေကြောင်းဖြစ် နိုင်ငံရေး အရ လိုအပ်သောကြောင့် အစစအရာရာ အလိုက်သိလျက် လိမ္မာ၍ ချစ်စွာသော မိဖုရား တိလောက၀ဋံသိကာ၏ သားလည်း ဖြစ်သော ရာဇကုမာရ်ကို ထီးမွေ မပေးခဲ့နိုင်ခြင်းမှာ မင်းကြီး၏ စိတ်တော်၌ များစွာ တိုက်ခိုက်သည်ဟု ထင်ရပါ သည်” ဟု ဖော်ပြထားခဲ့သည်။

နိုင်ငံရေး အရ လိုအပ်၍ မြေးတော်အား မင်းမြှောက်ခဲ့သော ထီးလှိုင်မင်းသည် ချစ်စွာသော သားတော်အား “ဇေယျခေတ္တရာ”ဟူသော ဘွဲ့ဖြင့် ပုဂံမှ ဝေးကွာသော မြ၀တီနှင့် တောင်စဉ်ခုနစ် ခရိုင်ကိုပေး၍ မင်းပြုစေသည်။ ဤတွင် ကျောက်စာရှင် ရာဇကုမာရ်သည်လည်း ထိုတောင်စဉ် ခုနစ်ခရိုင်၌ မင်းပြုရသော ဇေယျ ခေတ္တရာပင် ဖြစ်သည်ဟု ယူဆ ဖွယ်ဖြစ်လာသည်။ ထို့ကြောင့် ဗိုလ်မှူး ဘရှင်က စင်စစ်အားဖြင့် ဆိုသော် ကျန်စစ်သားအား တရားသဖြင့် ဆက်ခံထိုက်သူကား ရာဇကုမ္မာမင်းသား ဇေယျခေတ္တ ရာပင်တည်း ဟု ရေးသားပြီး နောက်အထက်ပါ နိုင်ငံရေး အကြောင်းကို ညွှန်းပြုကာ
သားတော်အရင်း ဖြစ်ရှာသော ရာဇကုမ္မာ မင်းသားကိုကား ရခိုင်ပြည် တောင်စဉ် ခုနစ် ခရိုင်ကိုသာ ပေးတော်မူ၏ဟု ဖော်ပြထားသည်။ ဒေါက်တာ ထင်အောင်ကလည်း သူ(မင်းကြီး)သည် မိမိ၏ သားတော်အား ရာဇကုမာရ် ဟူသော ဘွဲ့ကို အပ်နှင်းလျက် ရခိုင် တောင်တန်းနှင့် ဧရာဝတီမြစ် အကြားရှိ တောင်စဉ် ခုနစ်ခရိုင်တို့ ဘုရင်ခံ ခန့်အပ်တော်မူသည် ဟု ပြဆိုထားသည်။

ဤကိစ္စနှင့် ပတ်သက်၍ ဆရာကြီး ဦးကျော်ရှိန်နှင့် ကျွန်တော်တို့ ဆွေးနွေးဖူးသည်။ ဆရာကြီးက
“ဇာတ်တော်တွေထဲမှာ သားအကြီးကို လွန်ပြီး သားအငယ်ကို ထီးနန်း ပေးချင်ရင် သားအကြီးကို တခြားလွှတ် လိုက်တာမျိုး သာဓကတွေ ရှိတယ်” ဟု ပြောသည်။ ကျွန်တော်က “ရာမဇာတ်ထဲကလိုပေါ့ ဆရာရယ်။ မိဖုရားငယ်က သားတော်ကို ထီးနန်း ပေးချင်တော့ မိဖုရားကြီးက မွေးတဲ့ ရာမနဲ့ လက္ခဏဟာ မှော်ရုံတောကို သွားကြရတယ် သဘောပေါ့။ “မင်းတုန်းမင်း တရားကြီး နတ်ရွာ စံခါနီးမှာ ဆင်ဖြူမရှင်နဲ့ ၀န်ကြီး မှူးကြီးတို့က သီပေါမင်းသားကို အိမ်ရှေ့နှင်းပြီး ဖြစ်တယ်လို့ သိရတဲ့ အခါ သားတော်ကြီးများ ဖြစ်တဲ့ သုံးဆယ် မင်းသား၊ မက္ခရာ မင်းသားနဲ့ ညောင်ရမ်းမင်းသား တို့ကို ဘုရင်ခံ ခန့်လိုက်တယ်” ဟု ပြန် ပြောခဲ့ပါသည်။

စာရေးဆရာ ချစ်ဦးညို၏ ရာဇ ကုမာရ ၀တ္ထုသည် ပထမအကြိမ် ၁၉၉၃ ခုနှစ်က ထွက်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင်လည်း ဒုတိယ အကြိမ် ထုတ်ဝေသည်။ ထိုဒုတိယ အကြိမ်မှာ ဆရာ မောင်စွမ်းရည်နှင့် ဆရာ မောင်သွေးချွန် တို့၏ ထင်မြင်ချက်နှင့် ဆရာ ချစ်ဦး ညို၏ သူ့သဘောထားရှင်းလင်းချက် တို့ကိုပါ မဂ္ဂဇင်းများတွင် ရေးသားထားသော ဆောင်းပါးများကို ဖတ်ရှုရ၍ ပိုမို စုံလင်ပါသည်။ ဆရာ မောင်သွေးချွန်က ဆရာချစ်ဦးညို အပေါ် “ရာဇကုမာရ်ကို ရေး၍ ရာဇ၀င်ကြွေးတင်ပြီ ” ဟု ဆိုခဲ့သည်။ ဆရာ မောင်စွမ်းရည်က “ဆရာ ချစ်ဦးညိုသည် ရာဇကုမာရ်ကို ကုန်းရုပ် အဖြစ် သရုပ်ဖော်သည်” ဟုတင်ပြလာ ကြသည်ကို ပြန်လည် ဆွေးနွေးရာ၌ သုံးယောက်လုံး ရေးသားချက်များမှာ စိတ်ဝင်စားစရာ ကောင်းပါသည်။

ဆရာမကြီး ခင်နှင်းယုကလည်း ဆရာ ချစ်ဦးညို၏ ရာဇကုမာရ ၀တ္ထု ရေးသားချက် အပေါ် ဘ၀င်မကျပါ။ ဆရာမကြီးက
ရာဇကုမာရသည် ချစ်ဦးညို မွေးထုတ်သော ကိုယ်ပိုင်ဇာတ်ကောင် မဟုတ်။ သူသည် ရာဇ၀င်ပါ လူသား ခမည်းတော် ကျန်စစ်သား မင်းကြီးနှင့် မယ်တော် သမ္ဘူလခေါ် ဦးဆောက်ပန်း တို့မှ မွေးဖွားလာသူ ဖြစ်သည်။ ထိုကြောင့် မိရင်းဖရင်းမှ သွေးဗီဇပါလာ သူဖြစ်ရာ ဆရာချစ်ဦးညိုသည် ရာဇကု မာရကို ဇာတ်ကောင် အဖြစ် ကိုင်တွယ်ရာ၌ ၀တ္ထု ရေးသကဲ့သို့ နှလုံးသားမှ မွေးထုတ်သော သားရင်း ဇာတ်ကောင်ကို ကိုင်တွယ်သလို စိတ်တိုင်းကျ ခြယ်လှယ်၍ မရပေ။ မွေးစားသား ရာဇကုမာရကို ကြည့်တိုင်း သူ၏ မိနှင့်ဖကို ပြန်လည်ကြည့်ရမည်။

ဒါကြောင့် ဆရာ မောင်သွေးချွန်က ဆရာ ချစ်ဦးညိုအား ရာဇ၀င် ကြွေးတင်ပြီဟု ဆိုခြင်း ဖြစ်နိုင်သည်ဟု ရေး သားခဲ့လေသည်။
ဆရာ ချစ်ဦးညို သမိုင်း ၀တ္ထုရေး ရာ၌ သူ၏ အခြေခံ သဘောတရားကို ဆရာဝင်းငြိမ်းနှင့် သူ၏ အင်တာဗျူးတွင် ဤသို့ပြောခဲ့သည်။
၁။ ကိုယ့်အတွက် လူ့အဖွဲ့ အစည်း အတွက် နောင်တစ်ချိန်မှာ ဘာအသုံးချလို့ ရမလဲ ဆိုတဲ့ အသုံးချ အမြင်နဲ့ ကျွန်တော် သမိုင်းကို ကြည့်ရမယ်။
၂။ အကောင်းဆုံးကတော့ ရာဇ၀င် ဖြစ်ရပ်မှန်ကိုလည်း မထိခိုက်ရအောင် ၀တ္ထုကြောင်းလည်း ပေါ်အောင် ရသဂုဏ်လည်း မြောက်အောင် ရေးနိုင်ရင်တော့ ရာဇ၀င်ရေး ဆရာတွေရဲ့တာဝန် ကျေပွန်တယ်လို့ ကျွန်တော်ထင်တယ်။

၃။ ရာဇ၀င်ရေး ဆရာ အနေနဲ့ ရာဇကုမာရကို ရေးရာ၌ ကျွန်တော် ရရှိ ထားသော လိုင်စင်ကို အရမ်းမသုံးပါ။
ဆရာမကြီး ခင်နှင်းယုက ဆရာ ချစ်ဦးညိုသည် သမိုင်းဝတ္ထု ရေးရာတွင် သူ၏ အခြေခံ သဘောတရားနှင့် သူ၏ စိတ်ရင်းမှ အထက်ပါ အချက် သုံးချက်ကို အရင်းခံ ထားသော်လည်း ရာဇကု မာရ ၀တ္ထုကို ရေးရာ၌ ဤသဘောထား အတိုင်း ရေးပါသလောဟု မေးခွန်း ထုတ်ခဲ့သည်။ ဆရာ ချစ်ဦးညို၏ ရာဇကုမာရ ၀တ္ထု စာမျက်နှာ (၆၂-၆၃)တွင်
“တောင်စဉ် ခုနစ်ခရိုင်မှာပဲ သားနန်းစိုက်မယ်။ ဓည၀တီမှာပဲ မြို့သစ်နန်းသစ် တည်မယ်။ ရခိုင်မျိုးနွယ်တွေရဲ့ ဓလေ့ဘာသာတွေ၊ ယဉ်ကျေးမှုတွေနဲ့ သားကိုယ်သား တစ်ထပ်တည်းဖြစ်အောင် လုပ်မယ်။ ဓည၀တီ ဖွံ့ဖြိုးစည်ပင်အောင် လုပ်မယ်။ ဓည၀တီမှာ ဘိသေက သဘင် ထပ်ခံမယ်။ အဲဒီလို စည်ပင် ဖွံ့ဖြိုး လာပြီးနောက်...”

ရှေ့ဆက်ရမည့် စကားအတွက် ကျွန်ုပ် တုံ့ဆိုင်း ဆွံ့အရသည်။ စင်စစ်ရှေ့ ဆက်မည့် အစီစဉ်တစ်ရပ်ကို ကျွန်ုပ် ကိုယ်တိုင် ရှင်းရှင်းလင်းလင်း မတည် ဖွဲ့ရသေး။
ထိုအရာသည် လျှို့ဝှက်၍ ကြောက်မက်ဖွယ်ရာ ကောင်းသည်။ ပြင်းထန်သည်။ ကြီးမားကျယ်ပြန့်၍ ရှုပ်ထွေးသော အစီအမံအားဖြင့် အတိပြီး သည့် ဆင်မြင်းရထား လူသူလက်နက် ..... ဆရာမကြီးက ရာဇကုမာရ သူ့မိခင်အား လျှောက်ထားချက် ဖြစ်သော ထိုစကား ထိုစာပိုဒ်များအရ
ရာဇကုမာရသည် သူအပိုင်စား ရသော ဓည၀တီတောင်စဉ် ခုနစ်ခရိုင်ကို ပုဂံပြည်မမှ ခွဲထွက်၍ သီးခြားထီးနန်း တည်ထောင်ကာ ဘိသိက်ခံလိုသည့် သဘော ထင်ရှားသည်။

ဆင်မြင်းလူသူ လက်နက် စုဆောင်းရန် အစီစဉ် ရှိနေသည် ဤဆန္ဒသည် နိုင်ငံရေး အမြင်အားဖြင့် ဆိုးရွားသော ခွဲထွက်လိုမှု ဖြစ်သည်။ ဆရာချစ်ဦးညို၏ စိတ်ရင်း ဖြစ်သော စကားများနှင့် ၀တ္ထုထဲမှ ရာဇကု မာရ လုပ်ရပ်သည် ညီပါသလော။ အကယ်၍သာ ရာဇကုမာရသည် ဓည ၀တီကို ခွဲထွက်၍ ဘိသိက်ခံခဲ့ပါလျှင် အနော်ရထာ မင်းကြီးနှင့် တကွ ကျန်စစ် သားတို့တည်ထောင်ခဲ့သော ပထမ မြန်မာ နိုင်ငံတော်ကြီးကို ပြိုကွဲ၍ ခွဲထုတ် လိုသူအားသမိုင်းတွင် ဘယ်သို့မြင်ရပါ မည်နည်း။ သင်ခန်းစာမည်ကဲ့သို့ ယူမည်ကို စဉ်းစားသင့်ပါသည်။ စည်းလုံး ညီညွတ်သော ပထမ မြန်မာနိုင်ငံတော် ကြီးမှာ ခွဲထုတ်လိုသူ ရာဇကုမာရ မင်းသား အဖြစ် ဆရာ ချစ်ဦးညိုက ဖန်တီး ထားသည်မှာ သင့်လျော်ပါသလောဟု မေးခွန်းထုတ် ထားလေသည်။

တစ်ဖန် ဆရာမကြီးက ဆရာ ချစ်ဦးညို၏ ရေးသားချက် အရ ၀တ္ထုထဲမှ ရာဇကုမာရသည် အလောင်းစည်သူကို အမုန်းကြီး မုန်းနေသည်။ ခမည်းတော် ကျန်စစ်မင်းကြီးကိုပင် တရားခံ အဖြစ် စွပ်စွဲကာ အာဃာတမီးဖြင့် လောင်ကျွမ်းနေသူ ဖြစ်သည်။ ကျွန်မသည် ရာဇကုမာရကို ဖတ်ရင်း “ရာဇ ကုမာရရေ ရုပ်ပျက်ဆင်းပျက် မရှုမလှ နဲ့ ချစ်ဦးညိုလက်မှာ သေရစ်လော့” ဟု ကြွေးကြော် ချင်လာပါသည်။ ကျွန်မ ချစ်ခဲ့သော ရာဇကုမာရသည် ချစ်ဦးညို လက်တွင် အဖျက်ခံရသည်။ ဆရာ မောင်စွမ်းရည်၊ ဆရာ မောင်သွေးချွန်တို့ ဆိုလိုသကဲ့သို့ မင်းသားက လူဆိုးရုပ် ဖြစ်သွားသည်ဟု ကျွန်မ မဆိုချင်ပါ သော်လည်း ရာဇကုမာရသည် အာဃာတတွေ၊ ၀န်တိုမှုတွေ၊ လိုချင် ရမ္မက်တို့ဖြင့် နှလုံးသားတွင် လောင်ကျွမ်းနေသော မင်းသားတစ်ပါး အဖြစ် တွေ့ရသည် ဟူ၍ ရေးသားခဲ့ပါသည်။

ဆရာ ချစ်ဦးညိုကလည်း မရှိကို အရှိလုပ်ကာ ဘယ်စာအုပ်ထဲမှာမှလည်း မပါ၊ ဘာအထောက် အထားမှ မရှိတဲ့ ရာဇကုမာရ ကောက်ကြောင်းမှာ ကျွန်ုပ်လက်ထဲ ရောက်လာ ပါသည်။ မောင်စွမ်းရည်နဲ့ မောင်သွေး ချွန်က ကျောက်စာတိုင်ကနေ ရာဇကုမာရကို ကြည့်တယ်။ ကျွန်တော်က ရာဇကုမာရကနေ ကျောက်စာတိုင်ကို ကြည့်တယ် ဟု ပြန်ချေပထားသည်။

အထက်ပါ ဖော်ပြချက်တို့ကား ဆရာ ချစ်ဦးညို အစွမ်းကြောင့် ရာဇကုမာရ် အကြောင်းသည် ပို၍ပို၍ စိတ်ဝင်စားစရာ ဖြစ်လာကာ စာရေးဆရာတို့ အကြား ခံစားမှုများ ဘ၀င် မကျမှုများဖြင့် ပြဿနာ တစ်ရပ် ဖြစ်ခဲ့လေသည်။ ကျွန်တော်နှင့် ဆရာကြီး ဦးကျော်ရှိန်တို့ ကလည်း ရာဇကုမာရ်ကို ကျောက်စာ အရသာ ကြည့်သည်။ ရာဇကုမာရ်သည် ဇေယျခေတ္တရာ ဖြစ်နိုင် မဖြစ်နိုင်။

ကျောက်စာပါ အတိုင်း အသေးစိတ် ဆွေးနွေးလျှင် စာဖတ်သူ ငြီးငွေ့သွားပေလိမ့်မည်။ ကျမ်းတစ်စောင်ပေ တစ်ဖွဲ့ပင်ဖြစ်သည်။ ဆရာကြီး ဦးကျော်ရှိန်နှင့် ကျွန်တော်တို့ ဆွေးနွေးကြသည်
“ရာဇကုမာရ် ဆိုတာက သူ့အမည်ဗျ။ ဇေယျခေတ္တရာ ဆိုတာက သူရတဲ့ဘွဲ့ လို့ ကျွန်တော် ယူဆတယ်”

“ဆရာကြီးက ပါဠိသမားဆိုတော့ ကျောက်စာက ပါဠိ မျက်နှာကိုသာ ကြည့်တာပေါ့။ မွန်နဲ့ ပျူစာတွေကို ကြည့်ရင် ထူးခြား မလာဘူးလား ဆရာ”

“မထူးခြားဘူး။ ပျူစာဖတ်တဲ့ လူနဲ့ မွန်စာဖတ်တဲ့ လူတို့ ပြောတာက မြန်မာစာကို ဘာသာ ပြန်ထားတာပဲလို့ ပြောကြတယ်။ ဒါကြောင့် ကျောက်စာမှ ပါဠိကိုပဲ အဓိက ထားပြီး ကျွန်တော် ရေးခဲ့တာ” ဟုပြောပါသည်။

အချုပ် ဆိုရသော် ထိုခေတ်တွင် မြန်မာစာ ရေးစရှိသေးသည်ဟု ဆိုရ စေကာမူ ကျောက်စာပါ မြန်မာမူ၌ကား ဝေါဟာရ အသုံးအနှုန်းများ တိကျသည်။ အရေးအသား ရှင်းလင်းသည်။ ဆိုလိုသော အကြောင်းကို အကွေ့အကောက် အသွယ်အ၀ိုက် မရှိဘဲ ဖော်ပြသည်။ ပါဠိမူ၌လည်း သဒ္ဒါ နည်းလှ၍ဆန်းနည်း ကျနသည်။ အဖွဲ့ဆို ပြေပြစ်၍ အသုံးအနှုန်း တိကျသည်။ ဆိုလိုသော အကြောင်းကို တင်စားခြင်း နှိုင်းယှဉ် ခြင်းမပြုဘဲ ဖြောင့်ဖြောင့် စင်းစင်းရေး သည်ဟုလည်း ဆရာကြီးက ပြောပြပါသည်။

ရှင်းလင်း ပြတ်သားသော ကျောက်စာတို့ကို ထောက်၍ ရာဇကုမာရသည် ထီးလှိုင်မင်း ချစ်မြတ်နိုးသော တိလောက ၀ဋံသကာဒေ၀ီ မိဖုရား၏သား ဖြစ်သည်။ မိမိ၏ အမှုကိစ္စတို့ ဂရုတစိုက် ရွက်ဆောင် ခြင်း၊ သတိရှိခြင်း၊ ဥာဏ်အမြော်အမြင် ရှိခြင်း ဟူသော အရည်အချင်းများနှင့် ပြည့်စုံသည့် ပညာရှင် လူရည်ချွန် ဖြစ် သည်။ မိမိကိုမွေးမြူ စောင့်ရှောက်သော ထီးလှိုင်မင်း၏ ကျေးဇူးကို သိတတ်၍ ကျေးဇူးလည်း ဆပ်တတ်သော လူမွန် လူကောင်းဖြစ်သည်။ သူသည် မင်းမှု ရေးရာ (၀ါ) နိုင်ငံတော်၏ အရေးကိစ္စ များကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင် သဖြင့် အမတ်အဖြစ်မှ အမတ်ကြီးအဖြစ် ကြီးမြင့်တိုးတက်ခဲ့သည်။

ယင်းသို့အမတ် အမတ်ကြီးအဖြစ် နိုင်ငံတော် တာဝန်ကို ထမ်းဆောင်လျက် ရှိသော ရာဇကုမာရ်သည် ပုဂံ နေပြည်တော်၌သာ အစဉ် နေထိုင်မည်ဖြစ်သည်။ ပုဂံမှ ဝေးကွာလှသော တောင်စဉ်ခုနစ် ခရိုင်၌ သွားရောက် နေထိုင်မည် မဟုတ်ပေ။ ဤသို့ဆိုလျှင် ရာဇကုမာရ်ကိုယ် တိုင်စိုက်ထူခဲ့သော ကျောက်စာလာ အချက်အလက်များကို ထောက်ထား၍
၁။ ကျောက်စာရှင် ရာဇကုမာရ် သည် ဇေယျခေတ္တရာ မဟုတ်ဟု ဆိုလိုသည်။
၂။ ရာဇကုမာရ်သည် တိလောက ၀ဋံသကာဒေ၀ီ၏ သားဖြစ်ကြောင်း ပွင့် ပွင့်လင်းလင်း ဖော်ပြထားသော်လည်း ထီးလှိုင်မင်းသည် ရာဇကုမာရ်၏ ခမည်းတော်ဖြစ်သည်ဟု လည်းကောင်း၊ ရာဇကုမာရ်သည် ထီးလှိုင်မင်း၏ သားတော်ဖြစ်သည်ဟု လည်းကောင်း၊ အတိအကျ ဆိုနိုင်ရန် ခိုင်လုံသော အထောက်အထားများကိုမူ ကျောက်စာ၌ မတွေ့ရပါဟုတင်ပြလိုကြောင်း ဆရာကြီး ဦးကျော်ရှိန်က သူ၏စာတွင် နိဂုံးချုပ်၌ ရေးသား ဖော်ပြထားပါသည်။
သို့ကြောင့် မရှိကိုအရှိဟု ရေးရ ရှာသော ဆရာ ချစ်ဦးညို။ ရာဇကုမာရ ကနေ၍ ကျောက်တိုင်ကို ကြည့်၍ ရေးရရှာသော ဆရာချစ်ဦးညို။ ရာဇကုမာရ ကိုဝတ္ထု အဖြစ်သာ ရေးသားခဲ့သော ဆရာချစ်ဦးညို အပေါ် “စာရေးကောင်း သူများရဲ့အန္တရာယ်ကလည်း မသေးပါ လား”ဆိုသည့်စကားနှင့် ပတ်သက်၍ ကျွန်တော် အပြစ် မမြင်တော့ပါ။


မောင်သန်းဆွေ၊ထားဝယ်၊


ကိုးကားချက်။ ။
၁။ ဦးကျော်ရှိန် (ပါဠိလက် ထောက်ကထိက မော်လမြိုင် ကောလိပ်) “ရာဇကုမာရ်ပြဿနာ” တက္ကသိုလ် ပညာပဒေသာ စာစောင်အတွဲ (၅) အပိုင်း (၁) (၁၉၇၀)။
၂။ ဦးတင်လွင် “ရာဇကုမာရ် ကျောက်စာနိဒါန်း” တက္ကသိုလ်ပညာ ပဒေသာစာစောင် အတွဲ (၁) အပိုင်း (၁) (၁၉၆၆) မတ်လ။
၃။ ဦးတင်လွင် “ရာဇကုမာရ် ကျောက်စာ လေ့လာချက်” တက္ကသိုလ် ပညာပဒေသာ စာစောင် အတွဲ (၃) အပိုင်း (၁) (၁၉၆၈) ဇန်န၀ါရီ။
၎။ ဘရှင်၊ ဗိုလ်။ မြန်မာနိုင်ငံ တော်သမိုင်း။ ရန်ကုန်ပြည်သူ့အလင်း (၁၉၆၃)။
၅။ သန်းထွန်း။ ခေတ်ဟောင်း မြန်မာ ရာဇ၀င်။ ရန်ကုန်မဟာဒဂုံ (၁၉၆၄)။

မာတိကာ


statistics

web tracker