"အိုမင်းရင့်ရော်တော့ အမေ့မေ့အလျော့လျော့နဲ့ပါ"
လူထု ဒေါ်အမာ
လူထု ဒေါ်အမာ
အမေ့ကိုတနေ့က လူငယ်တဦးက အမေဒီတသက်ဒီအရွယ်ထိအောင် စာတွေရေးနေတာကို ကျနော်ဖြင့်အားကျလိုက်တာ၊ ကျနော်ဖြင့် အမေ့လို ရေးနိုင်ချင်လိုက်တာလို့ပြောတော့ အမေကသူ့စကားကြောင့် ၀မ်းသာရမလိုလို၊ စိတ်ကြီးဝင်ရမလိုလို ဖြစ်မိသေးတယ်။ ဒါပေ မယ့်အမေက စာကို မနေနိုင်သေးလို့သာရေးနေတာပါ။ စာကလူချင်းတူတူ၊ သူချင်းမျှမျှ ထိုက်ထိုက်တန်တန်စာမျိုး မထွက်တော့ပါဘူး။ အမေအသက်က ကြီးလှပြီဟုတ်လား။ အဲဒီတော့ မေ့တာလျော့တာတွေက သိပ်များလာပြီပေါ့။
အမေ ဒီဇင်ဘာလထဲတုန်းက သေကောင်ပေါင်းလဲဖြစ်လို့ ဆေးရုံတက်ခဲ့ရတဲ့အခါ အမေ့အသက်ကို သေမင်းလက်က၀ိုင်းလုရတယ်။ ဆ ရာဝန်ကြီးတွေကို အမေကကျေးဇူးတင်စကား ရေးသားခဲ့တယ်။ အဲဒီအထဲမှာအမေ ဆေးရုံပေါ်တုန်းက ချောင်းကလည်းဆိုးနေလို့ ရင် ခေါင်းအထူးကု ဆရာဝန်ကြီး ဦးဝင်းနိုင်လည်း ကုပေးရရှာတယ်။ ဒါကိုအမေက သူ့နာမည်မေ့ကျန်ထားခဲ့မိလို့ အမေ့မှာ စိတ်မကောင်း လိုက်တာ၊ အာနာလိုက်ရတာ။
သူကတခြားဆရာဝန်ဆိုရင်လည်း တော်သေးရဲ့။ ခုတော့အိမ်ချင်းကပ်နေတဲ့ ဆရာဝန်ဖြစ်ပြီး၊ သူ့သားလေးနှစ်ယောက်က အမေ့တို့အိမ် ကို မိုးလင်းတာနဲ့လာကစားကြတာ။ သူ့ဇနီးကဆိုရင် (မန္တလေးသူ၊ မန္တလေးသားများ) ဆိုတဲ့ အမေရေးသားတဲ့ စာအုပ်ထဲမှာပါတဲ့ မိုက် သူကြီး ဦးမောင်ကြီးရဲ့မြေးပါ။ ကိုယ်နဲ့ဒီလောက်နီးစပ် ရင်းနှီးနေတာဖြစ်ပေမယ့် သူ့ကိုမေ့ထားခဲ့တယ်လေ။ အဲဒီတော့ အမေပြောချင် တာက ငါ့သားတို့သမီးတို့ လုပ်ချင်တာရှိရင် ငယ်ရွယ်တုန်းမှာ ပြီးမြောက်အောင်လုပ်ကြ၊ အသက်ကြီးလာပြီဆိုရင် ၆၀ ကျော်လောက်က စပြီး ဇရာကဖိစီးလာတယ်။ ငြင်းမရလောက်အောင် သိသာလာတာတွေက ဆံပင်စဖြူလာတာ၊ မျက်စိမှုန်လာတွေ ဖြစ်လာတယ်မဟုတ် လား။ နို့ပေမယ့် ကိုယ်ကဆံပင်လေးဆိုးလို့ မျက်မှန်လေးတပ်လို့ ဇရာကိုအန်တုပါတယ်။ အဲဒီလိုတုသာတုတယ် ဇရာကတော့မှန်မှန်ကြီး ၀င်လာတာပါပဲ။
မျက်စိတို့ဆံပင်တို့သာမက နားကပါအကြားချို့တဲ့လာတယ်။ လူရဲ့သတိ၊ အမှတ်အသားကလည်း နည်းနည်းချင်းလျော့ပါး ပျက်စီးလာ တယ်။ အဲဒီချို့ယွင်းချက်တွေဟာ ရပ်တယ်မရှိ။ နားတယ်မရှိ ကိုယ့်ခန္ဓာထဲမှန်မှန်ကြီး ၀င်လာနေတာပါ။ လူက လူအိုလူမင်းဖြစ်လာတာ နဲ့အမျှ လွှင့်မပစ်ရသေးတာကလွဲလို့ ဘာကမှ ဟုတ်တိပတ်တိမကောင်းတော့ပါဘူး။ ဒါ့ကြောင့်အမေက သားတို့သမီးတို့ကို လုပ်စရာရှိ တာ အရွယ်ကောင်းတုန်း အရွယ်ရှိတုန်း မအိုမင်းခင်လုပ်ကြဖို့ ပြောရတာပေါ့။
လူဆိုတာ စကားပီနားကြား လူတယောက်ရယ်လို့ဖြစ်လာတယ်ဆိုရင် ပညာရှာတဲ့အရွယ်မှာ ပညာကိုမရအရရှာတယ်။ ပြီးတော့ဒီလူ့ လောကမှာ ငါကြီးလာရင်ငါဘာဖြစ်ချင်တယ်။ ငါဘာလုပ်ချင်တယ်ဆိုတဲ့ စိတ်ကူးရည်မှန်းချက် ရှိရမယ်။ အဲဒီအတိုင်းလည်း မဖြစ်မနေ ကြိုးစားလုပ်ရတယ်။ လုပ်တဲ့အခါမှာ အခက်အခဲတွေတော့ရှိမှာပေါ့။ ဒါပေမယ့် အဲဒီအခက်အခဲတွေကို ရင်ဆိုင်ရတယ်။ ကျော်လွှားရ တယ်။ တိုက်ပွဲဝင်ရတယ်။ ရှုံးတဲ့အခါလည်း ရှုံးတယ်၊ ကိုယ်ကနိုင်တဲ့အခါလည်း နိုင်တယ်။ နို့ပေမယ့်ဘ၀ဆိုတာဒါပဲ။ ကိုယ်သွားချင်တဲ့ ဆီရောက်အောင် ဒီလိုဒရွတ်ဒသီနဲ့ သွားရတာပဲ။
ဘ၀ဆိုတာ တိုက်ပွဲလို့ကြီးတဲ့လူတွေက ပြောလေ့ရှိတယ်။ သိပ်ဟုတ်တာပေါ့။ အမေတို့များ အသက်ကကြီးလို့ထင်ပါရဲ့။ တိုက်ပွဲပေါင်း လည်းမရေတွက်နိုင်ခဲ့ဘူး။ ကိုယ်ရှုံးနိမ့်ခဲ့တာတွေလည်း အများကြီးမှအများကြီးပါ။ ခုနေပြန်စဉ်းစားရင်မှတ်တမ်းတင် လို့တောင်ကုန် မယ်မထင်ဘူး။ အမေ့ကိုတချို့က ခေါင်းမာတယ်လို့ဆိုတယ်။ ဟုတ်လေသလားလို့ မပြောတတ်ဘူး။ နို့ပေမယ့် ခေါင်းမမာရင်ဖတ်ကနဲ ဖတ်ကနဲ လန်ကျတဲ့အခါပြန်မထနိုင်ရင် လူတကာကနင်းချေသွားလို့ လူ့နင်းပြားဘ၀နဲ့ပဲ ရှိတော့မှာပေါ့။
ငါ့သားတို့ ငါ့သမီးတို့ကိုအမေ ပြောချင်တာကဘ၀ကို ရင်ဆိုင်ရတဲ့အခါ အဲဒီတိုက်ပွဲကိုလည်း မင်းတို့တွေ့ကြကြုံကြမှာ အမှန်ပဲ။ တိုက်ပွဲ မှာကိုယ်ကရှုံးရင်း၊ ရှုံးရလေခြင်း မအောက်မေ့ပါနဲ့။ ငါလိုလူတွေအများကြီး ဒီလိုရှုံးရာကလူးလဲထရတာပဲလို့ သိလိုက်ပါ။ ပြီးတော့ဆက် လျှောက်ပါ။ အမေဖြင့်အသက်ရှည်လွန်းလို့ တိုက်ပွဲတွေကပိုများသလား။ ငါကခေါင်းမာလို့ပဲ ပိုခံရသလားလို့တောင် အောက်မေ့မိပါရဲ့။ ဒါပေမယ့်လည်း အဲဒါလည်းမဟုတ်ပါဘူး။ အမေ့လောက်အသက်မကြီးသေးပေမယ့် အမေ့ထက်ပိုများတဲ့ တိုက်ပွဲတွေကို ရင်ဆိုင်နေရ၊ ကျော်လွှားနေရတဲ့လူတွေ အများကြီးရှိတာပါ။ ဒါဟာလူ့ဘ၀ပါပဲ။ ဒါ့ကြောင့်အမေက နောက်ဆုံးစကားအနေနဲ့ လုပ်စရာရှိတာတွေကို သတ္တိနဲ့ပဲလုပ်ကြ၊ ကိုယ်ကရှုံးရင်လည်း ပြန်ထကြ။ ငယ်တုန်းရွယ်တုန်းကိုယ့်မှာ အားမာန်အပြည့်ရှိတုန်း လူ့ဘ၀ရဲ့အခက်အခဲမှန်သမျှကို ရင်ဆိုင်ကြ၊ ကျော်လွှားကြပါ။
ဒါဟာဘာမှမဆန်းပါဘူး။ လူတိုင်းလူတိုင်းဟာ တမျိုးမဟုတ်တမျိုး ကြုံတွေ့နေကြရတာချည်းပါပဲ။ အဲ....အိုလာရင်လူစွမ်းလူစ ပိုပိုပြီး တုံးလာတယ်။ နောက်ဆုံးကျတော့ အားလုံးကိုလက်မြှောက်လိုက်ရတဲ့ဘ၀ ရောက်လာလိမ့်မယ်။ ဒါ့ကြောင့် အချိန်အရွယ်ရှိတုန်းလုပ်စ ရာရှိတာတွေကို လုပ်ကြပေရော့လို့ အမေပြောလိုက်ပါရစေ။
လူထုဒေါ်အမာ
(အမေ့ရှေးစကား)
(ပိတောက်ပွင့်သစ် စာပေအနုပညာ မဂ္ဂဇင်း အမှတ် (၂၈) နိုဝင်ဘာလ၊ ၂၀၀၉ )