ယဉ်သင်းအိ မဂ္ဂဇင်း မှ လှိုက်လှဲစွာကြိုဆိုပါ၏။



ယဉ်သင်းအိ မဂ္ဂဇင်းပါ ဝထ္ထု၊ ဆောင်းပါး၊ စာပေ၊ ဟောပြောချက်များမှာ ၀ါသနာအလျောက် စုဆောင်းထားရှိသော အဟောင်းထဲမှ အကောင်းများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စုစည်းပေးထား ခြင်းဖြစ်ပါသည်။ အချိန်ရသလို စုဆောင်းထားရှိသော စာကောင်းများ ဆက်လက် တင်ပေး သွားမည်ဖြစ်ပါသည်။ အချို.သော စာမူများကို ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခံရသေးပါက ဤစာဖြင့်ပင် ခွင့်ပြုပါရန် လေးစားစွာဖြင့် ခွင့်တောင်း မေတ္တာရပ်ခံအပ်ပါသည်။ ( သဘောတူညီမှုမရှိပါက အီးမေးပို့ အကြောင်းကြား ပေးပါရန်။ e-mail: yinthinnei@gmail.com )

Monday, May 16, 2011

ဂီတလုလင်ကြီးကို နှုတ်ဆက်ခြင်း

ဂီတလုလင်ကြီးကို နှုတ်ဆက်ခြင်း
မောင်မိုးသူ



ဂီတလုလင် ဦးကိုကိုဟာ (၁၀.၁၀.၀၇) ရက်နေ့မှာ ကွယ်လွန်သွားရှာပါတယ်။ သူကွယ်လွန်သွားတာကို ဈာပန ကျင်းပမယ့်ရက်မှသိရပါတယ်။ ဈာပနကိုလည်း မောင်မိုးသူ လိုက်မပို့နိုင်ခဲ့ပါဘူး။ မောင်မိုးသူရဲ့ အခြေအနေကလည်း သိပ်လွယ်တာ မဟုတ်ပါဘူး။ ရန်ကုန်က ရင်းနှီးသူများ ကွယ်လွန်တဲ့အခါမှာ ရေဝေးသုဿန်နဲ့ ထိန်ပင်သုဿန် တွေကို ပို့ဆောင်ကြရပါတယ်။ ထိန်ပင်သုဿန်ဆိုရင်တော့ မောင်မိုးသူ လိုက်မပို့ ဖြစ်တော့ပါဘူး။ ရေဝေးဆိုရင်တောင် မှ မော်တော်ကား စီစဉ်ပေးနိုင်ပါမှ လိုက်ပို့နိုင်ပါတယ်။


ဦးကိုကို ရဲ့ဈာပနကိုတော့ သိတာလည်း နောက်ကျ၊ရုတ်တရက်မော်တော်ကား စီစဉ်ဖို့လည်း မလွယ်တော့ လိုက်မပို့ဖြစ်တော့ပါဘူး။ ဂီတနယ်နဲ့(အထူးသဖြင့်) မြန်မာသံဂီတနယ်နဲ့ မောင်မိုးသူအဆက်အသွယ် အတော်ပြတ်နေ တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။သူငယ်ချင်းတွေဖြစ်ကြတဲ့ စန္ဒရားလှထွတ်တို့၊ စန္ဒရားချစ်ဆွေတို့မရှိကြတော့တာလည်း ပါနိုင်တာပေါ့လေ။သူငယ်ချင်းဆိုလို့သတိရမိသေး။၂၀၀၂ ခုနှစ်ကရုပ်ရှင်သစ္စာမဂ္ဂဇင်းကိုနိုင်ကြီးက တာဝန်ခံထုတ်တော့ မောင်မိုးသူတစ်ယောက် ရုပ်ရှင်နောက်ခံတေးနဲ့ ပတ်သတ်ပြီး ဦးကိုကိုနဲ့ တွေ့ဆုံမေးမြန်းခဲ့ဖူးပါတယ်။ ကက်ဆက်နဲ့ အသံဖမ်းထားတဲ့တိတ်ခွေကို သူများကို ပြန်ကူးခိုင်းပြီး စာစီရတာဖြစ်တဲ့အတွက် ဦးကိုကိုက မောင်မိုးသူကိုသူငယ်ချင်း သူငယ်ချင်းနဲ့ခေါ်ပြီး ပြောတာဆိုတာတွေ စာထဲမှာ ပါသွားတယ်။ ဒီတော့ စာဖတ်သူအချို့က ဦးကိုကိုနဲ့ မောင်မိုးသူတို့ သက်တူရွယ်သူ၊သူငယ်ချင်းတွေလား လို့အမေးခံရဖူးပါတယ်။ တကယ်တော့ ဦးကိုကိုက မောင်မိုးသူထက် ၉နှစ်၊၁၀နှစ်ကြီးပါတယ်။ဒီလိုပါပဲ။ ဖိုးမြတ်(ရုပ်ရှင်မင်းသား ဦးမြတ်လေး) ကလည်းမောင်မိုးသူထက်၁၀နှစ်ကြီးတာပါပဲ။ သူကလည်း မောင်မိုးသူကို သူငယ်ချင်းလို့ခေါ်ခဲ့တာပဲလေ။

ဦးကိုကို ကွယ်လွန်တော့ အသက်၈၀ရှိပါပြီ။ အသက်၈၀ဆိုတာ လူသား သက်တမ်းအရ မငယ်လှတော့ပါဘူး။ အသက် ၉၀အထိကျန်းမာရေးကောင်းရင် လှုပ်ရှားဖန်တီးနေကြသေးတာပဲဟာ။ ဦးကိုကို ရဲ့အစ်ကို အစ်ကိုလေး (ဘိုကလေးတင့်အောင်) တောင် လှုပ်လှုပ်ရှားရှား ရှိနေတုန်းပဲဟာ။ ပြောရရင် တော့ငယ်ငယ်ကတည်းက အစ်ကိုလေးဟာ ဦးကိုကိုထက်အကြီးဖြစ်ပေမဲ့ ပိုပြီး ကျန်းမာပုံရတယ်၊ ရောဂါဘယလည်း နည်းပါးပုံရပါတယ်။ မောင်မိုးသူဖြတ် သန်းခဲ့တဲ့

အနုပညာခရီးမှာ အစ်ကိုလေးနဲ့ ဦးကိုကိုတို့က အရေးပါတဲ့ နေရာမှာပါခဲ့ပါတယ်။ သူတို့ညီအစ်ကိုကလည်း မောင်မိုးသူ ကို သံယောဇဉ် အတော်ကြီး ကြပါတယ်။ မောင်မိုးသူမှာ ရှိတာထက် သာသာထိုးထိုးပိုပြီး အထင်ကြီးကြပါ တယ်။ အထူးသဖြင့် စာပေဘက်မှာ တောင်မှ ဘာသာပြန်တဲ့ဘက်မှာ အမှတ် တွေအများကြီးပေးထားပြီး ဘာသာပြန်ရမယ့်ကိစ္စ တွေပေါ်ရင် အမြဲသတိရတတ် ပါတယ်။ ပြီးတော့ ဂီတ အကြောင်း၊ ဂီတကိစ္စတွေကို တိုင်ပင်ကြမယ် ဆိုရင်လည်း
ကိုလှထွတ်၊ ကိုချစ်ဆွေတို့ဖိတ်ရင် တစ်နွယ်ငင်တစ်စင်ပါဆို သလို မောင်မိုးသူကိုလည်း ဖိတ်လေ့ရှိပါတယ်။ အဲ..တစ်ခုတော့ရှိလေရဲ့၊ ဦးကိုကိုရဲ့ အိမ်က အတော်ဝေးတယ်။ ၉မိုင်မှာ၊ပြည်လမ်းမကြီးကနေ လမ်းသွယ်ထဲ အတော်ဝင်ရတယ်။ ကိုယ်တိုင်ကားနဲ့ကိုအတော်ဝင်ရတာ။ ကိုယ်ပိုင်ကားနဲ့ကို အတော်ဝင်ရတာ။ ဦးကိုကိုတို့အိမ်ရောက်ရင်လည်း ပြန်ဖို့တော့ စိတ်မကူးနဲ့တော့ ဆိုသလိုမျိုးလေ။ဦးကိုကိုတို့ဇနီးမောင်နှံက ကျွေးတာစား၊ပြောစရာစကားတွေ ကလည်းကုန်မှ မကုန်နိုင်ဘဲကိုး။ ဒါပေမဲ့ ဦးကိုကိုအိမ် သွားဖို့ ရောက်ဖို့ အတော်မလွယ်တာ။

စောစောကပြောထားသားပဲ။ရုပ်ရှင်သစ္စာကိုနိုင်ကြီးတာဝန်ယူစဉ် ၂၀၀၂နှစ်ဦးမှာ’ဂီတလုလင်မောင်ကိုကိုနှင့် တွေ့ဆုံခြင်း’ ဆိုတဲ့ ဆောင်းပါးကို မောင်မိုးသူသုံးလ ဆက်ရေးဖြစ်ပါတယ်။ ဦးကိုကိုအိမ်ကိုလည်း နှစ်ခေါက် ရောက်ဖြစ်ပါတယ်။ တစ်ခေါက် တစ်ခေါက် ရောက်ရင်လည်း တစ်နေကုန်တော့ တာပါပဲ။

ဦးကိုကိုဆီကို ရုပ်ရှင်နောက်ခံတေးဂီတ အကြောင်း၊ရေးဖို့ ပေးဖို့သွားမယ်ဆိုတော့ အစ်ကိုလေး(ဗိုလ်ကလေး တင့်အောင်)က’ကောင်းတားပေါ့ကွာ၊မင်းလည်းတို့ ရှိတုန်း မင်းရှိတုန်း မေးမြန်းရေးသားထားလိုက်တာပေါ့’ လို့ပြောဖူးတယ်လေ။ဦးကိုကိုဆီကို အဲဒီလို အင်တာဗျူးလုပ်ချင်တယ်ဆိုတော့ ဦးကိုကိုက’မိုးသူ သူငယ်ချင်း၊မင်းကိုယ်တိုင်လာနော်၊တိုက်ကလူငယ်တွေ မလွှတ်လိုက်နဲ့၊မင်းလာမှ ငါပြောမှာ’ လို့ပြောတာ။ ဒါကြောင့် ကိုယ်တိုင်သွားရ၊ ရေးရ၊မေးရတာ။ဟိုရောက်တော့ကြုံတုန်း ဆိုပြီး ရုပ်ရှင်ခေတ်ဦး အသံတိတ်ရုပ်ရှင်၊နောက်ခံ တီးဝိုင်း တွေအကြောင်းက စမေးလိုက်မိရာက ဦးကိုကို မှာလည်းပြောစရာတွေက အများကြီး၊မိုးသူမှာလည်း မေးစရာတွေက အများကြီးဆိုတော့ ပြောမဆုံးပေါင် တောသုံးတောင်ဖြစ်ပြီးသွားတွေ့တာက နှစ်ခေါက်၊သုံးခေါက် မပို့နိုင်တော့ တာနဲ့ အဲဒီဆောင်းပါးလည်းအပြည့်အစုံ မရေးဖြစ်ခဲ့ပါဘူး။တကယ်တော့နှစ်မြောစရာကောင်းပါတယ်။



ဦးကိုကိုဟာ ၁၉၂၈ ခုနှစ်၊ဘိုကလေးမြို့၊အဘ ဦးဘသင်၊အမိဒေါ်ဖွားသိန်းတို့က မွေးဖွားပါတယ်။ ၁၉၃၄မှာ စာပေပညာသင်ကြားပါတယ်။ ၁၉၃၉ခုနှစ်၊အစိုးရပန်းချီ နှင့်တူရိယာကျောင်း မြန်မာညွန့်ဦးချစ်မောင်ရဲ့’ပတ္တလား နှင့်အဆိုသင်တန်း’ မှာတက်ရောက်ခဲ့ပါတယ်။ ၁၉၄၁ခုနှစ်မှစပြီး ဗုဒ္ဓဟူးနေ့တိုင်း မြန်မာသီချင်းကြီးများကို မြန်မာညွန့်ဦးချစ်မောင်၊ဘာဂျာ ဆရာစိုး၊၀ဏ္ဏကျော်ထင် မောင်မောင်ကြည်၊တယောကိုကိုကြီးတို့နဲ့ အတူအသံလွှင့်ခဲ့ပါတယ်။

၁၉၄၆ခုနှစ်ကစပြီး ကန်တော်ကြီးတစ်ဝိုက်ရှိ ကန်တော်မင်္ဂလာရုပ်ရှင်ရုံ၊ကန်တော်မိတ်ရုပ်ရှင်ရုံ၊ ရန်ကုန်ရုပ်ရှင်ရုံ စတဲ့ရုံတွေမှာ အသံတိတ် ကားကောင်းကားသစ် တွေပြခဲ့တုန်းက အေ၀မ်းရုပ်ရှင် အသံထွက်ကားများ ရိုက်ကူးရာမှာလည်း တူရိယာအဖွဲ့ခေါင်းဆောင် အဖြစ်တာဝန်ယူခဲ့တယ်။

၁၉၅၀ခုနှစ်မှာ အောင်ဇေယျာ်ရုပ်ရှင်ရဲ့ မင်းသမီးစန်းစန်းမြင့်နဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ ၀င်းဝင်းပြဇာတ် မှာ တူရိယာအဖွဲ့ခေါင်းဆောင်၊နောက် ဒါရိုက်တာ အဖြစ်ပြဇာတ်တွေ ကပြခဲ့ပါတယ်။ ထင်ရှားတဲ့ ပြဇာတ်တွေကတော့ ‘ဂီတလုံမေ’ ‘ချစ်ကမ္ဘာဆီသို့’ ဖြစ်ပါတယ်။၁၉၉၅ခုနှစ်ကစပြီးရုပ်ရှင်နောက်ခံ တေးဂီတ တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ‘မေမြတ်နွယ်’ ဇာတ်ကားမှာဒါရိုက်တာ အဖြစ်ရိုက်ကူးခဲ့ပါတယ်။ဂီတကောင်စီဗဟို ရဲ့ဥက္က္လ္လဠအဖြစ် တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။၁၉၉၁ ခုနှစ်မှာ’မယ်သီတာလိုမိန်းကလေး ’ ဇာတ်ကားနဲ့ ရုပ်ရှင် တေးဂီတထူးချွန်ဆု(အကယ်ဒမီ)ရခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာ’ တိုက်ပွဲခေါ်သံ’ ဇာတ်ကားနဲ့ထပ်ဆင့်တေးဂီတမှူး အကယ်ဒမီ ဆုကိုဆွတ်ခူးခဲ့ပါတယ်။ မြန်မာရုပ်ရှင်သက်တမ်း နှစ် ၇၀ အတွင်းမှာဂီတနဲ့ ပတ်သတ်ပြီး ပထမဆုံးပေးတဲ့ဆုဖြစ်ပါတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀ လောက်ကတည်းကအကယ်ဒမီ ပေးမယ် ပေးမယ်နဲ့ ချိန်လာခဲ့ကြတာလေ။ ဦးကိုကိုဟာပထမဆုံးရတဲ့ ပုဂ္ဂိုလ် ဖြစ်တဲ့အပြင် ထပ်ဆင့်ရသူလည်း ဖြစ်လာတယ်။ရုပ်ရှင်နောက်ခံ တေးဂီတလုပ်ငန်းကို အစောဆုံး လုပ်ကိုင်ခဲ့သူဖြစ်ပြီး မကွယ်လွန်မီအထိလုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဦးကိုကိုဟာ တေးဂီိတအရာမှာ နှံစပ် ကျွမ်းကျင်သူဖြစ်ပြီး သေတစ်ပန် သက်တစ်ဆုံး ဂီတမှာပဲ နှစ်မြှုပ်ပျော်ရွှင်နေသူ တစ်ဦးဖြစ်ပါတယ်။ဦးကိုကို အိမ်ရောက်တုန်းက (အမေရိကမှာ) သူတီးခတ်ခဲ့တာတွေကို ဖွင့်ပြလို့ မောင်မိုးသူ နားထောင်ခွင့်ရခဲ့ပါသေးတယ်။ တစ်ကြိမ်တော့ သူ့ဆီ မှာ သီချင်းကြီးတီးခတ်တာကို လာပြီး သင်ယူနေတဲ့ နိုင်ငံခြားသူ (ပြင်သစ်သူ)တစ်ဦးနဲ့ ဆုံပါတယ်။ အဲဒီတုန်းက ဆရာတပည့်နှစ်ဦး တီးခတ်ကြတဲ့ ‘မှုန်ရွှေ ရည်’ ကိုမောင်မိုးသူ ကြည်ကြည် နူးနူး နားထောင်ခဲ့ရသေး။

‘မှုန်ရွှေ ရည်’ ဆိုလို့မြန်မာ့ရုပ်ရှင်မှာ တေးဂီိတကို အစွမ်းပြရိုက်ကူးခဲ့တဲ့ ‘မှုန်ရွှေ ရည်’ ဇာတ်ကားကို သတိရမိပါတယ်။ ‘မှုန်ရွှေ ရည်’မှာဦးကိုကိုလက်ကုန်ဖွင့်ခဲ့တာကိုလည်း ပြန်လည်သတိရမိပါသေးတယ်။ အဲဒီတုန်းကလည်း တေးဂီိတအကယ်ဒမီပေးဖို့ ချိန်ဆခဲ့ဖူးတာကိုသတိရမိပါတယ်။ ဦးကိုကိုဟာ ရုပ်ရှင်နောက်ခံ တေးဂီတမှာ အစောဆုံး၊အကြာဆုံးနဲ့ အများဆုံး လုပ်ကိုင်ခဲ့ သူဖြစ်ပြီး သူ့ကိုအချိန်ပေးပြီး လက်ကုန်နှိုက်ခိုင်းရင် မကုန်နိုင် မခန်းနိုင်တဲ့ ဂီတဖန်တီးမှုတွေ ထွက်ပေါ်လာတတ်တာကို သတိရမိပါတယ်။ ဦးကိုကိုဟာတကယ်ပဲ ရှေ့မီ၊နောက်မီ ပုဂ္ဂိုလ် ဖြစ်လေတော့ မြန်မာ့ဂီတကို ထဲထဲဝင်ဝင် သိတဲ့လူ၊ဖန်တီးထီထွင် နိုင်စွမ်းရှိတဲ့သူဖြစ်ပါတယ်။

အခုတော့ဖြင့် အသက်၈၀အရွယ်မှာ ဦးကိုကိုကွယ်လွန်သွား ရှာပါပြီ။ အသက်၈၀အတွင်း နှစ်ပေါင်း၆၀ကျော် အချိန်တွေဟာ ဂီတမှာ နှစ်မြှုပ်သွားခဲ့သူ၊ဂီတ တွေကိုဖန်တီးသွားခဲ့သူဖြစ်ပါတယ်။ အဲဒီလို ပညာရှင်တစ်ယောက်ရဲ့


သူ့ဂီတ၊ သူ့အလုပ်၊သူ့ဖန်တီးမှုတွေကို မောင်မိုးသူ တို့တစ်တွေ ဘာမှ စနစ်တကျ ပြုစုနိုင်ခဲ့တာ မရှိပါဘူး။ မောင်မိုးသူ ကိုယ်တိုင် ရုပ်ရှင်နောက်ခံ တေးဂီတနဲ့ပတ်သတ်ပြီး ဦးကိုကိုနဲ့ တွေ့ဆုံမေး မြန်းမှုလုပ်ရာမှာ နှစ်ကြိမ်ပဲ ဦးကိုကိုအိမ်သွားခဲ့၊ တွေ့ဆုံနိုင်ခဲ့ ပါတယ်။ ဦးကိုကိုကလည်း မောင်မိုးသူကို သူ့အိမ်မှာတစ်ခါ ဖိတ် ပြီးဂီတသမားနဲ့ ဆုံစည်း၊ နောက်တစ်ခါ ပန်ဒါမှာတစ်ကြိမ်ဆုံနိုင် ခဲ့ပေမဲ့ အနေကဝေး၊ တွေ့နေရ တဲ့အကြိမ်ကနည်းပါး တာကြောင့် ဦးကိုကိုနဲ့သူ့ရဲ့ဂီတအကြောင်းကို မောင်မိုးသူ ဘာမှ ဖြစ်ဖြစ် မြောက်မြောက် မရေးနိုင်ခဲ့ပါဘူး။

ခုတောဖြင့် ဦးကိုကို ကွယ်လွန်သွားရှာပါပြီ။နှုတ်ဆက်လိုက်ပါတယ် ဂီတလုလင်ကြီးရေ..လို့သာပါပဲ။

မောင်မိုးသူ



http://perfectmagazineonline.com/  မှ

မာတိကာ


statistics

web tracker